အိမ်အပြန်
Vol. 58 Ch. 868-Final
~ယွီယွမ်ဝူနှင့် အချို့မှာ အတူတကွ ရှိနေကြပြီး၊ သူတို့နှင့် မနီးမဝေးတွင် အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီးဖြစ်သော ယွီဟန်ကွမ်း ရှိနေသည်။ ယွီဟန်ကွမ်းသည် တာအို
အင်မော်တယ် အခင်းအကျင်းပြားကို ကိုင်စွဲထားပြီး၊ ရံဖန်ရံခါ ယွီယွမ်ဝူနှင့် အခြားသူများကို ကူညီပေးလေသည်။
ယွီဟန်ကွမ်း၏ စောင့်ရှောက်မှုကြောင့်ပင်
ယွီယွမ်ဝူနှင့် အခြားသူများမှာ ကောင်းမွန်စွာ ရှင်သန်နိုင်ခဲ့ကြပြီး မသေဆုံးခဲ့ကြခြင်း ဖြစ်သည်။
“ဂျူနီယာညီလေးလုရီ ဘယ်လိုနေလဲ မသိဘူး။”
ရွှေအင်မော်တယ် ကျိုယိုမိစ္ဆာတစ်ကောင်ကို တိုက်ခိုက်မှုတစ်ချက်ဖြင့် တွန်းလှန်ပြီးနောက်၊ ကျန့်ဖန်မှာ အသက်ကိုမောဟိုက်စွာရှူရင်း၊ သူ၏လက်များမှာ တုန်ယင်နေ၏။ သူ၏ပတ်လည်မှ ရေနိယာမအင်းကွက်များမှာ အနည်းငယ် မှိန်ဖျော့နေပြီး၊ သူ မည်မျှကြာအောင် တောင့်ခံထားနိုင်မည်ကို မသိနိုင်တော့ပေ။
“အစ်ကိုလုက သေချာပေါက် အဆင်ပြေမှာပါ။ သူက အံ့ဩဖွယ်ရာတွေ အများကြီး ဖန်တီးခဲ့ပြီးပြီ။ ဒီတစ်ခါလည်း ခြွင်းချက်မရှိ သေချာပေါက် ဖြစ်မှာပဲ။”
လေ့ယင် သူတော်စင်သမီးတော်က ပြတ်သားစွာ အခိုင်အမာ ဆိုသည်။
အခြားသူများ၏ မျက်လုံးများမှာလည်း ထပ်တူထပ်မျှ ပြတ်သားနေကြပြီး၊ အားလုံးမှာ လုရီသည် လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာ
နတ်ဘုရားကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြသည်။
သို့သော်လည်း၊ သူတို့ မသေချာသည်မှာ သူတို့ ထိုအချိန်အထိ ရှင်သန်နိုင်မည်လား ဆိုသည်ကိုပင်။
ထိုအခိုက်အတန့်မှာပင်၊ စစ်မြေပြင်ပေါ်မှ နေရာလပ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး၊ လုရီနှင့် အခြားသူများ ပျံထွက်လာကြသည်။
သူတို့ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊
လုရီ၏ အကြည့်က ဖြန့်ကျက်သွားရာ၊ သူ မြင်တွေ့လိုက်ရသော ကျိုယိုမိစ္ဆာများမှာ ချက်ချင်းပင် အငွေ့ပျံသွားကြသည်။ သူတို့၏နေရာတွင် ရွှေရောင်မီးတောက် အစအနများသာ ချန်ထားခဲ့သည်။ ၎င်းမီးတောက်တို့က ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။
အစစ်အမှန်စကြဝဠာထဲတွင် တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ မှင်သက်သွားကြပြီး၊ ရွှေရောင်မီးတောက်များကို အနည်းငယ်
နားမလည်နိုင်စွာ ကြည့်ရင်း၊ ခဏတာမျှ မည်သို့ မည်ပုံ ဖြစ်ပျက်သွားသည်ကို ဉာဏ်မမီဖြစ်သွားရ၏။
အဝေးတွင်၊ ယွီချန်နှင့် အခြားသူများမှာ အခင်းအကျင်းပြားများဖြင့် အင်မော်တယ်ဘုရင်အဆင့် ကျိုယိုမိစ္ဆာများကို ဖိနှိပ်နေကြသည်။
မဟာအခင်းအကျင်းကြီးထဲမှ ကျိုယို
အင်မော်တယ်ဘုရင် ရုတ်တရက် အငွေ့ပျံသွားသည်ကို မြင်သောအခါ၊ သူတို့မှာလည်း ထပ်တူထပ်မျှ ရှုပ်ထွေးသွားကြပြီး၊ ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို လုံးဝ မသိရှိကြပေ။
သူတို့၏ အံ့အားသင့်မှုအလယ်တွင်၊ ပုံရိပ်တစ်ခုက သူတို့ဘေးတွင် ရုတ်ချည်း ပေါ်လာခဲ့၏။ ၎င်းမှာ လုရီပင် ဖြစ်သည်။
လုရီကို မြင်သောအခါ၊ ယွီချန်နှင့် အခြားသူများမှာ ရုတ်တရက် အတိုင်းထက်အလွန် ပျော်ရွှင်သွားကြသည်။
“ရီအာ။ မင်း အဲ့ဒီကျိုယိုမိစ္ဆာ
နတ်ဘုရားကို အနိုင်ယူလိုက်ပြီလား။”
“ဟားဟားဟား။ မင်း သေချာပေါက် လုပ်နိုင်မှာပဲလို့ ငါ သိသားပဲ၊ ရီအာ။”
“ကောင်းလိုက်တာ။ ရီအာက ကျိုယိုမိစ္ဆာ
နတ်ဘုရား တစ်ပါးကို အနိုင်ယူနိုင်မှတော့၊ သူက ဒုတိယ၊ တတိယ မိစ္ဆာ နတ်ဘုရားကိုလည်း အနိုင်ယူနိုင်မှာပဲ။ အဲ့ဒီအခါကျရင်၊ ကျိုယိုကမ္ဘာက ငါတို့ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။”
သူတို့ စိတ်လှုပ်ရှားနေကြစဉ်မှာပင်၊ အခြားသော ပုံရိပ်များစွာမှာ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ဤပုံရိပ်များမှာ ရုတ်တရက်ကြီး ပေါ်လာသောကြောင့် ယွီချန်နှင့် အခြားသူများမှာ လန့်သွားကြပြီး၊ သူတို့၏မျက်လုံးများမှာ တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားသည်။
သူတို့သည် အသစ်ရောက်ရှိလာသော ဤပုံရိပ်များ၏ အရှိန်အဝါကို လုံးဝ မခွဲခြားနိုင်ကြောင်း သဘောပေါက်သွားကြသည်။
ထိုအခါ လုရီက ပြုံးလိုက်သည်။
“ဘိုးဘေးတို့… ကျိုယိုမိစ္ဆာ
နတ်ဘုရားတွေ မကျန်တော့ပါဘူး။ သူတို့အားလုံး အသတ်ခံလိုက်ရပါပြီ။”
“…”
လေထုမှာ တစ်ခဏအတွင်း တိတ်ဆိတ်သွားပြီး၊ လူတိုင်း အံ့အားသင့်သွားကြသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ခဏတာမျှ လက်မခံနိုင်ဖြစ်နေကြသည်။
“အားလုံး အသတ်ခံလိုက်ရပြီ ဟုတ်လား။ ကျိုယိုမိစ္ဆာနတ်ဘုရားတွေ မကျန်တော့ဘူး ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျိုယိုကမ္ဘာကနေ ထွက်ပေါ်လာတဲ့ ကျိုယိုမိစ္ဆာနတ်ဘုရားက တစ်ပါးတည်း မဟုတ်ဘူးလေ။”
ယွီချန်က အကြိမ်ကြိမ် မေးခွန်းထုတ်လိုက်ရာ၊ စိတ်လှုပ်ရှားမှုကြောင့် အသံပင် အနည်းငယ် တုန်ယင်နေသည်။
လုရီက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြန်လည်ပြောပြလိုက်သည်။
လုရီ၏ ဘေးမှ ပုဂ္ဂိုလ်လူ အနည်းငယ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျိုယိုကမ္ဘာသို့ ဝင်ရောက်သွားခဲ့သော အင်မော်တယ်အင်ပါယာများဖြစ်ကြောင်းနှင့်၊ လုရီ တစ်ယောက်တည်း ကျိုယိုမိစ္ဆာနတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ် အင်ပါယာများအားလုံးကို သတ်ဖြတ်ခဲ့ကြောင်းကြားသိရသောအခါ၊ ယွီချန်နှင့် အခြားသူများမှာ သူတို့ အိပ်မက်မက်နေသည်ဟုပင် ထင်လိုက်ကြသည်။
၎င်းမှာ အလွန် အံ့ဖွယ်ကောင်းလှသည်။
မူလက၊ သူတို့သည် ဤပြင်းထန်သော တိုက်ပွဲမှာ အချိန်အတော်ကြာ ဆက်လက်ဖြစ်ပွားဦးမည်ဟု တွက်ဆထားခဲ့ကြသည်။ အနက်ရောင်မြူခိုးများထဲမှ ကျိုယိုမိစ္ဆာနတ်ဘုရားများ ပိုမိုထွက်ပေါ်လာဦးမည်ဟု ထင်ထားခဲ့ကြသည်လေ။
ယခုမူ၊ ၎င်းတို့ အမှန်တကယ် သေဆုံးသွားခဲ့ပြီတဲ့လား။
ထိုအခါမှသာ ယွီချန်နှင့် အခြားသူများမှာ အနက်ရောင်မြူခိုးများထဲမှ ကျိုယိုအင်မော်တယ်ဘုရင်များ အဘယ်ကြောင့် ဤမျှနည်းပါးစွာ ထွက်ပေါ်လာရသည်ကို အတိုင်းအတာတစ်ခုအထိ နားလည်သွားကြသည်။ အများစုသော ကျိုယိုအင်မော်တယ်ဘုရင်များမှာ မတူညီသော နေရာလပ်သို့ ဝင်ရောက်သွားခဲ့ကြခြင်းပင်။
ယွီချန်နှင့် အခြားသူများမှာ နားမလည်နိုင်မှု၊ ပျော်ရွှင်မှု၊ နှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသော မျက်နှာအမူအရာများ ရှိနေကြသည်။
အကြောင်းမှာတော့၊ ကျိုယိုမိစ္ဆာများကို နှစ်သန်းပေါင်းများစွာ ခုခံတိုက်ခိုက်ခဲ့ရခြင်းက ဤတာဝန်ကို သူတို့၏အရိုးထဲသို့ ထွင်းထုထားခဲ့ပြီးဖြစ်သည်။
ယခု၊ ကျိုယိုမိစ္ဆာများမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဟု ပြောလာသောအခါ၊ ယွီချန်နှင့် အခြားသူများမှာ ခဏတာမျှ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။
လုရီမှာ များများစားစား မပြောခဲ့ဘဲ၊ ယွီချန်နှင့် အခြားသူများအား တိတ်ဆိတ်သော အချိန်အချို့ ပေးလိုခဲ့သည်။ သူတို့သည် သူတို့၏ဘဝတစ်ခုလုံးနီးပါးကို ကျိုယိုမိစ္ဆာများနှင့် တိုက်ခိုက်ရင်း ကုန်ဆုံးခဲ့ကြသည်။ ယခု ဝန်ထုပ်ဝန်ပိုးများ ပျောက်ကွယ်သွားသောအခါ၊ သူတို့အတွက် လက်ခံရန် ခက်ခဲနေ ရပေမည်။
လုရီက ပေါ့ပေါ့ပါးပါး လက်ဆန့်တန်းလိုက်ရာ သဘာဝ မူလဇာစ်မြစ်များ တဟုန်ထိုး ထွက်ပေါ်လာပြီး၊ အစောပိုင်းက တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော အစစ်အမှန်စကြဝဠာမှ ကျင့်ကြံသူအားလုံးကို ပြန်လည်ရှင်သန်စေခဲ့သည်။
ဤသည်ကို အပြီးသတ်ပြီးနောက်၊ လုရီက သိပ်သည်းသော အနက်ရောင်မြူခိုးများဆီသို့ လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင်၊ ဖရိုဖရဲချီအမျှင်တန်းများ စီးဆင်းနေ၏။ ဖရိုဖရဲချီအစအနမျှသာ ထုတ်လွှတ်လိုက်ရာ၊ အနက်ရောင်မြူခိုးအစုအဝေးကြီးများကို ချက်ချင်း သန့်စင်သွားစေပြီး၊ မူလကြယ်တာရာကောင်းကင် ကြည်လင်စွာ ထွက်ပေါ်လာလေတော့သည်။
မကြာမီမှာပင်၊ အနက်ရောင်မြူခိုးများမှာ လုံးဝ ပျောက်ကွယ်သွားပြီး၊ ဧရာမ လေဟာနယ်ကြီးတစ်ခုသာ ကျန်ရှိတော့ကာ၊ တစ်ဖက်ခြမ်းမှ
ကျိုယိုချီများ အဆက်မပြတ် စိမ့်ထွက်နေသည်။ထိုနေရာမှာ ကျိုယိုကမ္ဘာ ဖြစ်သည်။
လုရီသည် အနီးအနားမှ အင်မော်တယ် အင်ပါယာအချို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်၊ ကျိုယိုကမ္ဘာထဲသို့ ခြေချဝင်ရောက်သွားသည်။ ကျိုယိုကမ္ဘာထဲသို့ ဝင်ရောက်သည်နှင့်၊ လုရီ၏ အကြည့်က ဖြန့်ကျက်သွားရာ၊ ဥမင်အနီးမှ ကျိုယိုမိစ္ဆာအားလုံးကို အငွေ့ပျံသွားစေသည်။
ကံကြမ္မာအင်မော်တယ်အင်ပါယာက ညင်သာစွာ သက်ပြင်း ချလိုက်ပြီး၊ ရင်းနှီးသော ကျိုယိုကမ္ဘာကို ကြည့်ကာ ဆိုလိုက်သည်။
“ကျိုယိုကမ္ဘာက အစစ်အမှန်ကမ္ဘာရဲ့ ပုံရိပ်တစ်ခုပဲ။ အစစ်အမှန်ကမ္ဘာသာ တည်ရှိနေသရွေ့၊
ကျိုယိုကမ္ဘာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။”
လုရီလည်း ခပ်ဖွဖွခေါင်းညိတ်လိုက်သည်။
သူ ကျိုယိုကမ္ဘာသို့ ဝင်ရောက်စဉ် ဖရိုဖရဲချီကို စုပ်ယူခဲ့စဉ်ကတည်းက အတိုင်းအတာတစ်ခုအထိ ခန့်မှန်းမိခဲ့ပြီး ဖြစ်လေသည်။
သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ကျိုယိုကမ္ဘာက ပျောက်ကွယ်သွားမှာမဟုတ်ပေမဲ့၊ ကျွန်တော်တို့က ကျိုယိုချီကို အတိုင်းအတာတစ်ခုအထိ သန့်စင်နိုင်ပါတယ်၊ ကျိုယိုမိစ္ဆာအားလုံးကို သတ်ဖြတ်နိုင်တယ်။ ဒီလိုဆိုရင်၊ အချိန်အတော်ကြာအောင်၊ ကျိုယိုမိစ္ဆာတွေက
အစစ်အမှန် စကြဝဠာကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။”
အင်မော်တယ်အင်ပါယာများအားလုံးမှာ ခေါင်းညိတ်လိုက်ကြသည်။
“ငါတို့လည်း အဲ့ဒီလိုပဲ တွေးခဲ့တာ။”
“ဒီလိုဆိုရင်တော့၊ သီးခြားစီ လှုပ်ရှားကြတာပေါ့။”
ကျိုယိုကမ္ဘာသည် အစစ်အမှန် ကမ္ဘာကဲ့သို့ ကျယ်ပြန့်သောကြောင့်၊ ဤအလုပ်ကို ပြီးမြောက်ရန် အတော်ပင် အချိန် ကြာမြင့်ပေလိမ့်မည်။
လူတိုင်း ပြန့်ကျဲသွားကြပြီး၊ ဖရိုဖရဲချီများက
လုရီ၏ ပတ်လည်တွင် တဟုန်ထိုး ထွက်ပေါ်လာကာ၊ ကျိုယိုချီကို စတင်သန့်စင်တော့သည်။
ကျိုယိုချီသည် တာအိုစွမ်းအင်၏ အမှောင်ဘက်ခြမ်းဖြစ်ပြီး၊ လုံးဝသန့်စင်နိုင်ခြင်းမရှိပေ။ သို့သော် လုရီသည် ကျိုယိုချီကို အလွန် နိမ့်ကျသော အဆင့်သို့ ဖိနှိပ်နိုင်သည်။ ထို့ကြောင့်၊
ကျိုယိုချီက ကျိုယိုမိစ္ဆာများကို တစ်ဖန်ပြန်၍ မွေးဖွားပေးရန် မသိနိုင်သော အချိန်ပမာဏ
တစ်ခု ကြာမြင့်ပေလိမ့်မည်။
ကြုံတွေ့ရသော ကျိုယိုမိစ္ဆာများအတွက်မူ၊ အားလုံးမှာ လုရီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
----
အချိန်များ ကုန်လွန်သွားပြီး၊ နှစ်တစ်ရာပြည့်ပြီးနောက်…
လုရီနှင့် အင်မော်တယ်အင်ပါယာများသည် နောက်ဆုံးတွင် ကျိုယိုကမ္ဘာတစ်ခုလုံးကို သန့်စင်ပြီးစီးသွားခဲ့သည်။
ယခု ကျိုယိုကမ္ဘာထဲတွင်၊ အလွန်မှိန်ဖျော့သော ကျိုယိုချီများသာ ယိုစိမ့်ထွက်နေပြီး၊ ထူးဆန်းသော တီးတိုးသံများ မရှိတော့ပေ။
ကျိုယိုကမ္ဘာကို တစ်ချက်ပြန်လှည့်ကြည့်ပြီးနောက်၊ လုရီနှင့် အခြားသူများမှာ အစစ်အမှန်စကြဝဠာသို့ ပြန်လည်ရောက်ရှိလာကြသည်။
နောက်ပိုင်းတွင်၊ လုရီသည် ဥမင်နေရာလပ်ကို လုံးဝ ပြုပြင်ခဲ့ပြီး၊ အခြားသော ကျိုယိုဥမင်များအတွက်မူ၊ သူသည် သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်း ပြုပြင်မှုများကို အပြီးသတ်ခဲ့ပြီးဖြစ်ရာ၊ ဤသည်မှာ အကောင်းဆုံးသော ဥမင်ဖြစ်လာခဲ့သည်။
ဤအရာအားလုံးကို အပြီးသတ်ပြီးနောက်၊ လုရီမှာ စိတ်အေးသွားရ၏။ သူသည် အင်မော်တယ်အင်ပါယာများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး၊ ထို့နောက် သူတို့အားလုံးမှာ သဘောတကျ ရယ်လိုက်ကြ၏။ သူတို့၏ရယ်သံများမှာ ပို၍ကျယ်လောင်လာပြီး ပို၍လွတ်လပ်ပေါ့ပါးလာသည်။
“ဒီလိုဆို ကျိုယိုကနေ လာတဲ့ ခြိမ်းခြောက်မှုကလည်း ပြီးဆုံးသွားပြီလို့ မှတ်ယူရမှာပေါ့။”
ကံကြမ္မာအင်မော်တယ်အင်ပါယာ၏ မျက်နှာအမူအရာမှာ အတော်ပင် ရှုပ်ထွေးနေသည်။
သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ကံကြမ္မာကနေတစ်ဆင့်၊ ငါ ကံကြမ္မာမျိုးနွယ်ရဲ့ အဆုံးသတ်ကို မြင်ခဲ့ရတယ်။ ဒါက ဝမ်းနည်းစရာကောင်းပေမဲ့၊ ငါရှိနေသရွေ့၊ ကံကြမ္မာ
မျိုးနွယ်က ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး လေ”
“ငါတို့မျိုးနွယ်တွေကလည်း မင်းနဲ့အခြေအနေဆင်တူပုံပဲ။”
အင်မော်တယ်အင်ပါယာများမှာ သက်ပြင်းချကာ ခေါင်းခါလိုက်ကြပြီး၊ သူတို့၏မျက်နှာအမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေသည်။
လူသန်ကြီးအင်မော်တယ်အင်ပါယာက သူ၏
ခပ်ဩဩ အသံဖြင့် ဆို၏။
“ငါ ထွက်ခွာတော့မယ်။ အတိတ်က အမွေအနှစ်တွေကို သွားကြည့်ဖို့။”
“ဒီလိုဆိုရင်တော့၊ ထွက်ခွာပါ။”
တစ်ခုတည်းသော အမျိုးသမီးအင်မော်တယ်
အင်ပါယာက ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ လုရီက ပြုံးလိုက်ပြီး ဆို၏။
“လေးစားအပ်ပါသော စီနီယာတို့… ဒါက ဖရိုဖရဲချီပါပဲ။ ကျွန်တော် ခင်ဗျားတို့ကို အရင်က ကတိပေးခဲ့တဲ့အတိုင်းပါ။”
တဆက်တည်း၌ လုရီက ဖရိုဖရဲချီ အမျှင်တန်းသုံးတန်းစီကို တစ်ဦးချင်းစီအား ခွဲဝေပေးလိုက်သည်။
ဖရိုဖရဲချီ အမျှင်တန်း သုံးတန်းအပြည့်ကို မြင်သောအခါ၊ အင်မော်တယ် အင်ပါယာများစွာမှာ ခဏတာမျှ မှင်သက်သွားကြသော်လည်း၊ သူတို့သည် မငြင်းဆန်ကြဘဲ ဖရိုဖရဲချီကို စုဆောင်းလိုက်ကြသည်။
ကံကြမ္မာအင်မော်တယ် အင်ပါယာက ခပ်ဟဟရယ်မောလိုက်သည်။
“မင်းက ငါတို့ကို စီနီယာတွေလို့ ခေါ်ပေမဲ့၊ ငါတို့က မခံယူနိုင်ပါဘူး။ မင်းရဲ့စွမ်းအားက ငါတို့ကို ကျော်လွန်သွားပြီ။ ငါ့အထင် မင်း အဆင့်ချိုးဖြတ်ဖို့ သိပ်မကြာလောက်တော့ဘူးကွ”
အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
“တစ်ယောက်ကိုတစ်ယောက် တာအိုရောင်းရင်းတွေအဖြစ် မှတ်ယူကြစို့။ ဖြစ်နိုင်တာက မကြာခင်မှာ ငါတို့က မင်းကို မော့ကြည့်ရတော့မှာပါကွာ၊ ဟားဟား။”
“အို..တကယ်ပဲ မနာလိုစရာကောင်းတယ် နော် ကွ။”
ထိုအခါ လုရီက အသာ ပြုံးလိုက်ပြီးနောက် ဆို၏။
“ဒီလိုဆိုရင်တော့၊ တာအိုမိတ်ဆွေတို့… ခရီးလမ်းသာယာပါစေ။ အားတဲ့အခါ ထျန်းမင်ကြယ်တာရာစနစ်ကို လာလည်နိုင်ပါတယ်ခင်ဗျာ။”
အင်မော်တယ်အင်ပါယာများစွာမှာ ခေါင်းညိတ်လိုက်ကြပြီး၊ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားး၏။ သူတို့သည် ကျယ်ပြန့်သော လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကြ တော့ သည်။
သူတို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း၊
လုရီ၏ နဖူးပြင်ထက်မှ ယင်ယန်တာအိုအင်းကွက်မှာ တဖျပ်ဖျပ်လက်သွားပြီး၊
လျိုနင်ရွှမ်းနှင့် အခြားမိန်းကလေးများအဖြစ်သို့ ပြောင်းလဲသွားသည်။
လုရီက သူမတို့၏ လှပပြီး စွဲမက်ဖွယ်ကောင်းသော မျက်နှာများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးလိုက်သည်။
“ကျွန်တော်တို့ အိမ်ပြန်ကြပါစို့။”
သူတို့အားလုံးမှာ အပြုံးများ ဝေဆာသွားကြသည်။
“ကောင်းပါပြီ။”
……..
ပြီးပါပြီ...။
********
ဆရာမ GOLDEN STAR ရေးသားသည့် ယခုစာစဉ်လေးကို အဆုံးထိ ဖတ်ရှုအားပေးခဲ့သည့် စာဖတ်သူအပေါင်းအား ကျွန်ုပ်တို့ Novel Author Group အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရားအရ စာဖတ်သူများရဲ့ အားပေးမှုဟာ ကျွန်တော်တို့အတွက် ခွန်အားဖြစ်ရပါတယ်။ နောက်နောင် ဆက်လက်တင်ဆက်ပေးမည့် စာစဉ်များကိုလည်း ဆက်လက်အားပေးကြပါဦးလို့ တောင်းဆိုရင်း စာဖတ်သူများအားလုံး ကျန်းမာချမ်းသာခြင်းနဲ့အတူ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးပီး ပျော်ရွှင်ကြပါစေ။