ကြီးထွားလာသော ပါရမီရှင်
Vol. 28 Ch. 353
ကတုံးယန်မိစ္ဆာ အသတ်ခံလိုက်ရသောအခါ နေမင်းငရဲ၏ ပြန်ပေးဆွဲမှုသည် ဟာသတစ်ခုဖြစ်သွားပြီး ပို၍ အရှက်မကွဲစေရန် ရပ်တန့်လိုက်ရုံမှအပ ရွေးစရာ မရှိတော့ပေ။ မီးမိစ္ဆာ ကျရှုံးခဲ့ရသောအကြောင်းအရင်းမှာ သူကိုယ်တိုင် ဖန်တီးခဲ့သည့် သွေးကျိန်စာကြောင့်ဖြစ်၍ စစ်မင်းသမီးကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ နောက်လိုက်ယန်မိစ္ဆာများလည်း အလိုက်တသိ နောက်ဆုတ်သွားကြသည်။ မဟာမိတ်များကို ညွှန်ကြားနေသော အဆောင်ဧကရာဇ်ပင် မျက်နှာအရောင်ပြောင်းသွားပြီး မျက်လုံးများ အေးစက်နေ၍ စစ်မင်းသမီးထံမှ ယွမ်ရှောင်ကဲ့သို့ ကြောက်မက်ဖွယ် အငွေ့အသက်မျိုး ခံစားနေရ၏။ ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူများသည်လည်း ထိုခံစားချက်ကို ရလိုက်ပြီး မောက်မာသော ယင်မိစ္ဆာမလေးထံ လေးနက်စွာ ကြည့်နေရင်း နှလုံးသားများ ဂယက်ထနေခဲ့သည်။
"ညီအစ်ကို စစ်မင်းသမီးရဲ့ ပါရမီက မိစ္ဆာဘိုးဘေးတွေကိုတောင် ကျော်တက်သွားပြီ။ တစ်ခေတ် တစ်ယောက် ပေါ်ထွက်လာတဲ့ ပါရမီရှင်ကြောင့် ဂုဏ်ယူပါတယ်"
မီးမိစ္ဆာက ဘာမှမဖြစ်သလို ဟန်ပန်မျိုးဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး စကားလုံးများ ချိုသာသော်လည်း ယန်မိစ္ဆာအားလုံးသည် မုန်းတီးစိတ်နှင့် မနာလိုမှုကြောင့် မျက်နှာထား ပျက်နေကြ၏။ ကတုံးပြောင် ယန်မိစ္ဆာ၏ ပုံပျက်ပန်းပျက် အလောင်းက မုန်းတီးစိတ်ကို ပိုမို ဆိုးရွားစေပြီး ယင်မိစ္ဆာများထံ ခုန်အုပ်သတ်ပစ်ချင်နေကြသည်။
"ဂုဏ်ယူတယ် ဟုတ်လား။ နေမင်းငရဲ အုပ်စိုးသူက ငါ့ကို ပေါ်တင် တိုက်ခိုက်တယ်။ အားနည်းသူကို အင်အားနဲ့ အနိုင်ကျင့်ပြီး ဒီလိုလေချိုသွေးလိုက်ရုံနဲ့ အဖြစ်မှန်ကို ဖုံးကွယ်နိုင်မယ် ထင်နေတာလား"
မီးမိစ္ဆာသည် ထွက်ပေါက်တစ်ခု ပေးလိုက်လျှင် ယင်မိစ္ဆာဘုရင် နောက်ဆုတ်သွားမည်ဟု ထင်ထားသော်လည်း စစ်မင်းသမီးက ဦးအောင် ဖြတ်ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့က ဘာအမှားလုပ်ခဲ့လို့လဲ။ ရေသူပင်လယ်လို ယင်မိစ္ဆာတွေ သစ္စာဖောက်တာကို စောင့်ကြည့်နေရမှာလား"
မီးမိစ္ဆာ၏ စကားကြောင့် မဟာမိတ် ကျင့်ကြံသူများမှာ တုန်လှုပ်သွား၍ ယင်မိစ္ဆာမျိုးနွယ်ထံ အကြည့်ပြောင်းလိုက်ကြ၏။
"တော်တော်ရွံစရာကောင်းတာပဲ။ မဟာမိတ်အချင်းချင်း တိုက်ခိုက်ပြီး သွေးခွဲစကားတွေနဲ့ စွပ်စွဲအပြစ်တင်နေတယ်။ ကြည့်ရတာ ယန်မိစ္ဆာတွေကမှ ဓားကျင့်ကြံသူတွေဘက်မှာ ခစားပြီး နောက်ဆုံးတိုက်ပွဲမတိုက်ခင် အရာအားလုံးကို ဖျက်ဆီးချင်နေတာပဲ"
သူမက ချက်ကျလက်ကျ ထောက်ပြလိုက်သဖြင့် မဟာမိတ်များမှာ ယန်မိစ္ဆာမျိုးနွယ်အပေါ် မနှစ်မြို့မှုများ တိုးပွားလာခဲ့သည်။ နေမင်းငရဲ၏ လုပ်ကြံမှုကို လူတိုင်း မျက်မြင်ဖြစ်ကာ ငြင်းဆိုမရနိုင်သော အမှန်တရားကြောင့် တစ်ဖက်လူမှာ ဆွံ့အသွားရ၏။
"အဆောင်ဧကရာဇ် ငရဲခြောက်ခုကို စုစည်းထားတာ ရှင်ကိုယ်တိုင်ပဲ။ အခု ယန်မိစ္ဆာတွေက နောက်ဆုံးတိုက်ပွဲ မရောက်ခင် ယုံကြည်မှုပျက်ပြားအောင် သောင်းကျန်နေတာကို အရေးမယူဘူးလား"
သူမသည် အဆောင်ဧကရာဇ်ထံ စူးရှစွာ စိုက်ကြည့်ရင်း ဖိအားပေးလိုက်သည်။ မီးမိစ္ဆာ၏ ရည်ရွယ်ချက်က ထင်ရှားပြီး ယွမ်ရှောင်ကို ဖယ်ရှားပြီးလျှင် စစ်မင်းသမီးကို ထိန်းချုပ်ခြင်းအားဖြင့် ယင်မိစ္ဆာမျိုးနွယ်အား သိမ်းပိုက်ရန် ဖြစ်၏။ ထိုအကြံအစည်မှာ မြင်မကောင်းအောင် ကျရှုံးသွားခဲ့ပြီး အများရှေ့မှောက်တွင် အရှက်ကွဲကာ အဆောင်ဧကရာဇ် မည်သို့ တုံ့ပြန်မည်မှာ မေးခွန်းထုတ်စရာပင်။
"မီးမိစ္ဆာရဲ့ လုပ်ရပ်က တကယ့်ကို မိုက်မဲတယ်။ ကံကောင်းတာက စစ်မင်းသမီး ကြီးကြီးမားမား ထိခိုက်မသွားခဲ့ဘူး။ နောက်ဆုံးတိုက်ပွဲ နီးကပ်နေချိန်မှာ အစစ်ကို ချေမှုန်းဖို့ ငါတို့အားလုံး စည်းလုံးရမယ်။ အများအကျိုးအတွက် ယန်နဲ့ယင်မိစ္ဆာ မျိုးနွယ်တွေက တိုက်ပွဲအပြီးအထိ ရန်ကြွေးကို ဘေးဖယ်ထားဖို့ တိုက်တွန်းချင်တယ်။ သူမကို သေချာ တောင်းပန်လိုက်ပါ"
အဆောင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြောလိုက်ပြီး သူ၏ အပေါင်းအပါဖြစ်သော မီးမိစ္ဆာကို အပြစ်မပေးခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
"ငါ အဆင်အခြင်မဲ့ လုပ်ခဲ့မိတယ်။ တောင်းပန်ပါတယ်။ ဒီကိစ္စကို ဘေးဖယ်ထားပြီး အရေးပါတဲ့ ကိစ္စကို အာရုံစိုက်ရအောင်"
မီးမိစ္ဆာက ဒေါသကို ချုပ်တည်း၍ အေးစက်စက် ပြောလိုက်ပြီး ယင်မိစ္ဆာများ ပြဿနာရှာလျှင် အဆောင်ဧကရာဇ်က ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။ နေမင်းငရဲ၏ ဘုရင်ကိုယ်တိုင် တောင်းပန်နေရသောကြောင့် ယန်မိစ္ဆာများမှာ သွေးကြောများ ဖောင်းကားလာသည်အထိ အံကြိတ်နေပြီး ဒေါသစိတ်များ ပွက်ပွက်ဆူနေသည်။
"အမှိုက်ကောင်တွေ"
စစ်မင်းသမီးက ပြဿနာကို လျစ်လျူရှုလိုက်သော်လည်း ကဲ့ရဲ့လိုက်သော စကားသံကြောင့် ယန်မိစ္ဆာများ တိုက်ခိုက်ချင်သည့်တိုင်အောင် မီးမိစ္ဆာအနေဖြင့် တားဆီးထားရန်သာ တတ်နိုင်၏။ နှစ်ပေါင်းများစွာ ကြာမြင့်သော မိစ္ဆာမျိုးနွယ်စစ်ပွဲ၌ ယန်မိစ္ဆာများက အမြဲလိုလို အနိုင်ရခဲ့သောကြောင့် သူတို့၏ အမြင်၌ လိင်ကျွန် ယင်မိစ္ဆာမတစ်ယောက်၏ အရှက်ခွဲခြင်းမှာ သည်းခံနိုင်စရာ မဟုတ်ပေ။
"ယင်နဲ့ ယန် မိစ္ဆာမျိုးနွယ်တွေအကြား တိုက်ခိုက်တာ အဆန်းမဟုတ်တော့ပါဘူး"
ရုန်းကျင့်ကြံသူတစ်ယောက်က ပေါ့ပေါ့ဆဆ မှတ်ချက်ပေးလိုက်၏။
"ဟုတ်တယ်။ ယွမ်ရှောင်ကို ရှင်းပြီးသွားရင် ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်အများကြီး ရှိပါတယ်"
တမလွန်နတ်ဆိုးများနှင့် ရေနဂါးများသည်လည်း တီးတိုးရေရွတ်ရင်း အေးစက်စက် ကြည့်နေသကဲ့သို့ ငရဲခြောက်ခုမဟာမိတ်တွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေကြသည်။ အက်ကြောင်းများ ဖြစ်ပေါ်လာသော မဟာမိတ်ကြောင့် ယင်မိစ္ဆာမျိုးနွယ်အနေဖြင့် ထွက်ပေါက်တစ်ခု ရှာဖွေရန် အခွင့်အရေးများပေသည်။
"နောက်ဆုံးတိုက်ပွဲ စတင်မယ်"
မကြာမီ မိုကျန်းကျီ၊ ရှန်ရှောင်ချန်း၊ ခွန်ကျန်းနှင့် အိပ်မက်နတ်ဆိုးများ ရှေ့ထွက်လာကာ ပြိုင်တူ ကြေညာလိုက်ပြီး သားရဲဟိန်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၍ ကျင့်ကြံသူများအား ခဏတာ နားပင်းသွားစေသည်။
"နီအန်သားရဲက ပိုပြီး ကြမ်းတမ်းလာတယ်"
လနတ်သားက ဖီးနစ်ဧကရီထံ တီးတိုးပြောလိုက်သည်။
"ဟုတ်တယ်"
သူမ၏ နတ်ဆိုးဗီဇစိတ်က ကြောက်မက်ဖွယ် သားရဲကို သတိမထားဘဲ မနေနိုင်ခဲ့ပေ။
"အဆင်သင့်ဖြစ်ပြီလား"
လနတ်သားက မေးခွန်းထုတ်သည်။
"မစိုးရိမ်ပါနဲ့။ အစီအစဥ်အတိုင်းပဲ။ မင်းတို့နှစ်ယောက် စိတ်ချရတဲ့ အကြံမျိုးရှိရင် ကောင်းမယ်။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ကောင်ချောလေးတစ်ယောက်ကြောင့် အပျက်စီးမခံနိုင်ဘူးနော်"
ဖီးနစ်ဧကရီက အာမခံလိုက်ပြီး သူ၏ ပါးပြင်ကို ဆွဲညှစ်ကာ သတ်ဖြတ်လိုစိတ်နှင့် ရေရွတ်လိုက်သည်။ နားခိုရာဂိုဏ်း၏ အတွင်းပိုင်း၌ သန့်ရှင်းရေး အဘိုးအိုသည် ပေခုံကို တရစပ် ထုရိုက်နေသော်လည်း အသွေးအသားများ မရှိတော့ပေ။ ထို့နောက် နောက်ကျောဘက်မှ အက်ကြောင်းတစ်ခုအတွင်း ဟိန်းသံကြီး ထွက်ပေါ်လာကာ အဝတ်အစားများ လွင့်ထွက်ကုန်သည်။
"အချိန်ကျပြီ"
အဘိုးအိုက ကြမ်းပြင်တွင် လေးဘက်ထောက်ပြီး တိရိစ္ဆာန်တစ်ကောင်အလား တွာသွားထွက်သွားပြီး အက်ကြောင်းအတွင်းမှ နောက်ထပ် အဘိုးအိုတစ်အုပ် ထွက်လာခဲ့သည်။ သူတို့က သန့်ရှင်းရေး အဘိုးအိုနှင့် တစ်ပုံစံတည်း တူညီ၍ တဟီးဟီး ရယ်မောကာ လေးဘက်ထောက်သွားနေကြသဖြင့် ထူးဆန်းလှသည်။
"စားမယ် ဝါးမယ်"
သူတို့က ဤစကားလုံးများကိုသာ အော်ဟစ်နေပြီး ပြေးလွှားရင်း ဝင်ဆောင့်မိသဖြင့် မျက်လုံးများပင် မျက်လုံးအိမ်အတွင်းမှ ပြုတ်ထွက်လာကာ သွေးကြောများကြောင့် တွဲလောင်းကျနေ၏။ သူတို့က မျက်လုံးများကို နေရာတကျ ပြန်ထည့်ရန် ကြိုးစားမနေဘဲ လေးဘက်ထောက်၍ အရူးအမူး ပြေးလွှားနေကြသည်။
"ဘာသံတွေလဲ"
တိုက်ပွဲကွင်းအထက်တွင် ရှိနေသော ယွမ်ရှောင်သည် နားခိုရာဂိုဏ်း အတွင်းပိုင်းသို့ လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ထိုနေရာ၌ မြေပြင် တုန်ခါနေပြီး ကျောက်ခဲများ လွင့်ပျံနေသော်လည်း ထူးခြားသော အရာမျိုး ရှိနေပုံမပေါ်ချေ။
"ထိုက်ကျိအစီအရင် စတင် လည်ပတ်စေ"
မိုကျန်းကျီက ကြေညာလိုက်သောအခါ ကြောက်မက်ဖွယ် အစီအရင် အသက်ပြန်ဝင်လာကာ ငရဲရှစ်ထပ်၏ ကျင့်ကြံသူများကို သက်ဆိုင်ရာနေရာများ၌ ပိတ်လှောင်လိုက်သည်။ ယွမ်ရှောင်သည် ကောင်းကင်ခန်းဆောင်နယ်ပယ်နှင့် အထက်အဆင့် ဓားကျင့်ကြံသူများကို ဦးဆောင်ကာ အလင်းနေရာ၌ ရပ်နေကြပြီး အခြားငရဲများမှ ထိပ်တန်းကျင့်ကြံသူများလည်း နေရာယူထားပြီး စုစုပေါင်း အယောက် ၂၅၀ ရှိနေ၏။
"ကျယ်ပြန့်စေ"
မိုကျန်းကျီ၏ အမိန့်သံအောက်တွင် အစီအရင်မှာ ပြန့်ထွက်လာပြီး ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများကို နောက်သို့ ဆုတ်ခွာသွားစေသည်။ တိုက်ပွဲကွင်းက ငါးဆကျော် ကျယ်ပြန့်သွားပြီး ထိပ်တန်းကျင့်ကြံသူများ ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်လောက်အောင် လုံလောက်နေခဲ့သည်။ မုတရှုံ၊ တုကုန်းယွမ်၊ ဓားကျင့်ကြံသူများနှင့် ရေသူနတ်ဆိုးများသည် ထောင့်တစ်ခုတွင် စုဝေး၍ နောက်ဆုံးတိုက်ပွဲကို တင်းမာစွာ စိုက်ကြည့်နေကြ၏။
"ယွမ်ရှောင် ရောက်နေပြီ"
ဤသတင်းသည် ငရဲခြောက်ခု၏ ကျင့်ကြံသူများကို အရူးအမူး ဖြစ်သွားစေရန် လုံလောက်သည်ထက် ပို၏။
"အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတဲ့ အသက်ကယ်ခေါင်းတလားတစ်ခု ရှိတယ်လို့ ကြားဖူးတယ်။ အခု တိုက်ပွဲအတွက် ပေးထားတဲ့ အချိန်က ခေါင်းတလားကို ဖွင့်ပြီး သတ်ပစ်ဖို့ လုံလောက်တာထက် ပိုတယ်"
"ဒီကောင်.ရတနာနဲ့ ပုန်းအောင်းနေရင် နောက်လိုက်တွေ အသတ်ခံရတာကို ထိုင်ကြည့်နေရလိမ့်မယ်။ ဒီကျင့်ကြံသူတွေ သေကုန်ရင် ထာဝရဓားအကျဥ်းထောင်နဲ့ ရေသူပင်လယ် ဘာအခွင့်အရေးမှ မရှိတော့ဘူး"
"ဒီကောင်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်။ မောက်မာလွန်းတယ်။ ဒီအချိန်မှာ ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းတွေနဲ့ သင်ခန်းစာပေးရမယ်"
ရုန်းကျင့်ကြံသူများ၊ ရေနဂါးများ၊ ယန်မိစ္ဆာများနှင့် တမလွန်နတ်ဆိုးများ သတ်ဖြတ်လိုစိတ် တောက်လောက်နေစဥ် အစီအရင်နံရံများ မြေအောက်သို့ တဝုန်းဝုန်း နိမ့်ဆင်းသွားကာ တိုက်ပွဲကွင်းတစ်ခု ပုံပေါ်လာခဲ့သည်။ ရုန်းကျင့်ကြံသူ အယောက်လေးဆယ်၊ ယန်မိစ္ဆာ လေးဆယ်ကျော်၊ ဒေါသမျက်လုံးနှင့် တမလွန်နတ်ဆိုးလေးဆယ်ကျော်၊ ဖီးနစ်ဧကရီ ဦးဆောင်သည့် ကုန်းနတ်ဆိုး သုံးဆယ်ကျော်၊ ယင်မိစ္ဆာနှင့် ရေနဂါး လေးဆယ်ခန့် ပါဝင်သော မဟာမိတ်နှင့် ဓားကျင့်ကြံသူနှင့် ရေသူနတ်ဆိုး စုစုပေါင်း လေးဆယ်ကျော် မျက်နှာချင်းဆိုင် တွေ့ခဲ့ကြသည်။ အရေအတွက် ကွာခြားလွန်းပြီး ယွမ်ရှောင်အပေါ် ရာနှုန်းပြည့် ယုံကြည်ခြင်းကြောင့်သာ မဟုတ်လျှင် တိုက်ပွဲကွင်းထံ ခြေချရဲမည် မဟုတ်ပေ။
ယွမ်ရှောင်ဘက်တွင် နတ်ဆိုးဖြူနှင့် ဓားအစောင့်အရှောက် ရှိနေသည့်တိုင်အောင် တစ်ဖက်သတ်တိုက်ပွဲ ဖြစ်လာမည်ဟု လူတိုင်း ထင်ထားကြ၏။
"သူ့ကို သတ်ကြ"
အစီအရင် နံရံများ ပျောက်ကွယ်သွားသောအခါ အဆောင်ဧကရာဇ်၊ မီးမိစ္ဆာ၊ ဒေါသမျက်လုံးနှင့် အောင်းယွမ်က တပြိုင်နက် အမိန့်ပေးလိုက်၏။ သူတို့အားလုံးသည် ယွမ်ရှောင်ကို ချက်ချင်း သတ်ပစ်ရန် လက်မနှေးဘဲ လှုပ်ရှားလာကြပြီး တစ်ဖက်လူ အသက်ရှင်နေသမျှ စိတ်နှလုံးများ ငြိမ်းချမ်းခွင့်ရမည် မဟုတ်ချေ။