နောက်တစ်ယောက် လာခဲ့စမ်း
Vol. 28 Ch. 354
ဘုန်း
ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူ နှစ်ရာကျော်သည် တပြိုင်နက်တည်း တိုက်ခိုက်မှုကို စတင်လိုက်ပြီး အချို့မှာ အသက်တံဆိပ်များ ထုတ်ဖော်၍ အချို့က သွေးပညာရပ်များ ဖော်ထုတ်ကာ နတ်ဆိုးများမှာမူ ရုပ်ခန္ဓာအားကိုးဖြင့် တဟုန်ထိုး ပြေးတက်လာကြသည်။ တိုက်ပွဲ၏ ဆူညံသံသည် နီအန်သားရဲကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကိုပင် ကျော်လွန်သွားသော်လည်း အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုကြောင့် ငရဲကိုးထပ်တိုက်ပွဲမှာ အခြေအနေ ပြောင်းလဲသွား၏။ ယင်မိစ္ဆာဘုရင် နှင့် ဖီးနစ်ဧကရီ ဦးဆောင်သော ယင်မိစ္ဆာနှင့် ကုန်းနတ်ဆိုး ငါးဆယ်ကျော်သည် တိုက်ပွဲစစချင်း ယန်မိစ္ဆာနှင့် တမလွန်နတ်ဆိုးများကို တိုက်ခိုက်ခဲ့ကြသည်။
ရုတ်တရက်ဆန်လွန်းသောကြောင့် မူလက စီစဥ်ထားသော တိုက်ပွဲမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ယင်မိစ္ဆာများ သစ္စာဖောက်မည်ဟု ကြိုတင်ခန့်မှန်းထားသော်လည်း ပေါ်တင် တိုက်ခိုက်ရဲမည်ဟု ထင်မထားပေ။ ပို၍ မမျှော်လင့်ထားသည်မှာ ဓားကျင့်ကြံသူများနှင့် ရန်ငြှိုးကြီးမားသော ကုန်းနတ်ဆိုးများ၏ လုပ်ရပ်ဖြစ်ကာ ကမ္ဘာမကြေ ရန်သူများဘက်မှ ပြတ်ပြတ်သားသား တိုက်ခိုက်ပေးနေကြ၏။
"ဖီးနစ်ဧကရီ"
အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာသည် ဒေါသတကြီးဖြစ်နေကြပြီး အော်ဟစ်လိုက်သော်လည်း တစ်ဖက်လူက လျစ်လျူရှုကာ ဖီးနစ်အသွင်ဖြင့် ပျံသန်းရာလမ်းတလျှောက် တမလွန်နတ်ဆိုးများကို ပြာချပစ်နေ၏။
"ဒီနတ်ဆိုးမ သေရမယ်။ ယွမ်ရှောင်ကို မင်းအတွက် ထားလိုက်မယ်"
မူလဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်နိုင်စွမ်းက ကြီးမားလှပြီး မီးမိစ္ဆာကိုယ်တိုင် ဝင်မပါလျှင် သူမကို မည်သူမျှ တားမြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူက အဆောင်ဧကရာဇ်ကို အကြောင်းကြားကာ နဂါးတံဆိပ် ဆွဲကိုင်၍ ဥက္ကာပျံပမာ ပြေးထွက်သွား၍ ဖီးနစ်ဧကရီကို ပစ်မှတ်ထားလိုက်သည်။ အဆောင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ စဥ်းစားနေစဥ် ရှေ့တည့်တည့်သို့ အသားအရေ ဖြူရော်ရော်နှင့် ခြေဗလာ မိန်းကလေးတစ်ယောက် ရောက်ရှိလာ၏။ သူမ၏ လက်တွင် ဆွဲကိုင်လာသော ရုန်းကျင့်ကြံသူနှစ်ယောက်၏ အလောင်းများကို ကြီးမားသော ပါးစပ်ကြီးဖြဲကာ မျိုချလိုက်ရင်း တီးတိုးရေရွတ်နေသည်။
"အမြင်ကျဥ်းတဲ့ လူမိုက်တွေက စားလို့လည်း မကောင်းဘူး"
"မင်းက တမလွန်ချောက်နက်ကို စွန့်ပစ်ပြီး ပြန်လမ်း မရှိတော့ဘူး။ သေရမယ်"
ကျောချမ်းစရာ မြင်ကွင်းကြောင့် တုန်လှုပ်သွားသော အဆောင်ဧကရာဇ်သည် ဘုရင်တံဆိပ်ကို ဆင့်ခေါ်ကာ သူမအနားမှ ထွက်ပြေး၍ ယွမ်ရှောင်အား သုတ်သင်ရန် ကြံစည်လိုက်သည်။ သို့ရာတွင် နတ်ဆိုးဖြူသည် သရဲတစ်ကောင်ပမာ ဘွားခနဲ ထွက်ပေါ်လာပြီး နူးညံ့ပုံရသော လက်သီးလေးများဖြင့် ထိုးနှက်လိုက်သည်။
"ဘုန်း"
ဘုရင်တံဆိပ် လွင့်ထွက်သွားပြီး တန်ပြန်အားကြောင့် အဆောင်ဧကရာဇ်သည် တိုက်ပွဲကွင်း အစွန်းအထိ ဒလိမ့်ကောက်ကွေး ရောက်ရှိသွား၍ သက်စောင့်စွမ်းအင် ဖရိုဖရဲ ဖြစ်ကုန်သည်။
"သန်မာလိုက်တာ။ ဒါက နတ်ဆိုးတစ်ကောင်ရဲ့ စွမ်းအား မဟုတ်ဘူး"
သူက တုန်လှုပ်နေစဥ် တစ်ဖက်လူမှာ ခြေတစ်လှမ်းတည်းဖြင့် အနားသို့ ရောက်ရှိလာပြီး အားနည်းပြီး နာမကျန်းဖြစ်ပုံပေါ်သော်လည်း ကြောက်မက်ဖွယ် သားရဲကြီးအလား သန်မာပေ၏။
"အားလုံး နားထောင်စမ်း။ ယွမ်ရှောင်ကို သတ်နိုင်ရင် ရုန်းတစ်ထောင်ဓားကို ဆုချမယ်"
မီးမိစ္ဆာရော သူကိုယ်တိုင်ပါ ဟန့်တားခံနေရသဖြင့် အဆောင်ဧကရာဇ်သည် ကပ်ဘေးဓားပြီးလျှင် အကောင်းဆုံး ရတနာဖြင့် မက်လုံးပေးလိုက်သည်။ အရေအတွက် အသာစီးရမည်ဟု ထင်ထားသော တိုက်ပွဲသည် ဖရိုဖရဲ ဖြစ်နေပြီး ဓားကျင့်ကြံသူများနှင့် ရုန်းကျင့်ကြံသူများ၊ ကုန်းနတ်ဆိုးများနှင့် တမလွန်နတ်ဆိုးများ၊ ယန်နှင့် ယင် မိစ္ဆာများ၊ ရေနဂါးများနှင့် ရေသူနတ်ဆိုးများ ထိပ်တိုက်ရင်ဆိုင်နေကာ ခြောက်ဖွဲ့ နှစ်ဖွဲ့ မဟုတ်တော့ဘဲ ညီတူညီမျှ ဖြစ်နေ၏။ အဆောင်ဧကရာဇ်ဘက်တွင် အရေအတွက် တစ်ရာ့ငါးဆယ်ကျော်ပြီး ယွမ်ရှောင်ဘက်၌ အယောက်တစ်ရာကျော် ရှိပြီး အရေအတွက် ကွာခြားသော်လည်း မူလဝိညာဥ်နယ်ပယ် ကျင့်ကြံသူများက မျှခြေကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဒေါသမျက်လုံးသည် မူလဝိညာဥ် တစ်ဝက်အဆင့် ဖြစ်ပြီး အောင်းယွမ်က အခြေတည်အဆင့် ကောင်းကင်ခန်းဆောင်နယ်ပယ် ဖြစ်သောကြောင့် မူလဝိညာဥ် နယ်ပယ်အဖြစ် အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာ နှစ်ယောက်တည်းသာ အဓိကအင်အား ဖြစ်၏။ ဆန့်ကျင်ဘက်တွင် နတ်ဆိုးဖြူ၊ ဖီးနစ်ဧကရီ၊ ဓားအစောင့်အရှောက်၊ ရေသူမဘုရင်နှင့် ယင်မိစ္ဆာဘုရင် ဟူ၍ မူလဝိညာဥ်နယ်ပယ် ငါးယောက်အပြင် အစွမ်းထက်သော စစ်မင်းသမီးနှင့် လနတ်သားကလည်း ရန်သူများကို မွှေနှောက်ဖျက်ဆီးနေသည်။
"ဝုန်း ဝုန်း ဝုန်း"
ပြင်းထန်သော တိုက်ပွဲအခြေအနေသည် တစ်ဖက်သတ်တိုက်ပွဲနှင့် များစွာ ကွာခြားနေပြီး ဥပမာအားဖြင့် ဓားအစောင့်အရှောက် တစ်ယောက်တည်းက ကောင်းကင်ခန်းဆောင်နယ်ပယ် ဆယ်ယောက်ကျော်ကို ထိန်းထားနိုင်၍ ယင်မိစ္ဆာဘုရင်နှင့် ရေသူမဘုရင်လည်း အလားတူပင်။
"သွေးကျိန်စာကြောင့် ရန်သူတွေ အားနည်းနေပြီ။ သတ်ကြ"
ကြုံးဝါးသံက တိုက်ပွဲကွင်းတစ်ခွင် ပျံ့နှံ့သွားကာ ရုန်းကျင့်ကြံသူများ၊ ရေနဂါးများ၊ တမလွန်နတ်ဆိုးများနှင့် ယန်မိစ္ဆာများကို တုန်ရီသွားစေသည်။ ပုံမှန်ဆိုလျှင် သွေးအဆီအနှစ် ဆယ်ပုံတစ်ပုံ ကုန်ခမ်းသွားခြင်းက မသိသာလှသော်လည်း ပြင်းထန်သော တိုက်ပွဲအတွင်း ကွာခြားချက်မှာ ထင်ရှားနေသည်။ ယန်မိစ္ဆာများသည် အရေအတွက် အသာစီးဖြင့် ယင်မိစ္ဆာများကို တိုက်ခိုက်နေကြသော်လည်း မနိုင်မနင်း ဖြစ်နေကြပြီး အားနည်းသည်ဟု မကြာခဏ လှောင်ပြောင်ခံရသူများ ကြမ်းတမ်းရက်စက်စွာ ပြန်လည်တိုက်ခိုက်လာသောအခါ ခါးသီးသည့် သင်ခန်းစာ ရရှိသွားကြ၏။ ယင်မိစ္ဆာဧကရာဇ်၏ တစ်ကိုယ်လုံး ယန်မိစ္ဆာသွေးဖြင့် ရွှဲရွှဲစိုနေပြီး ဤအခြေအနေမှာ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာကို မျက်နှာပျက်စေခဲ့သည်။
ငရဲလေးထပ်မှ ပရိသတ်များသည် အော်ဟစ်ဆဲဆိုနေသော်လည်း အမှန်တကယ် တိုက်ခိုက်ရဲခြင်း မရှိပေ။ တစ်ဖက်တွင် ယင်မိစ္ဆာများနှင့် ကုန်းနတ်ဆိုးများသည်လည်း မင်သက်နေကြပြီး ယင်မိစ္ဆာဘုရင်နှင့် ဖီးနစ်ဧကရီ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ကြပေ။
"စောင့်နေလိုက်။ ငါတို့မဟာမိတ်အဖွဲ့က မင်းတို့ထက် အရေအတွက် ပိုများတယ်။ ယွမ်ရှောင် သေရင် မင်းတို့အားလုံး ပြီးပြီ"
"ငရဲလေးထပ်က ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရလိမ့်မယ်"
ရူးသွပ်နေသော အော်သံများသည် ပွဲကြည့်စင်ကို ပြည့်နှက်သွားစေပြီး တိုက်ပွဲကွင်းအတွင်းမှ တိုက်ခိုက်သံများကဲ့သို့ ဆူညံနေသည်။ အဆောင်ဧကရာဇ်၏ မက်လုံးကြောင့် ကောင်းကင်ခန်းဆောင် နယ်ပယ်ကျင့်ကြံသူ နှစ်ဆယ်နီးပါးသည် ယွမ်ရှောင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် တိုက်ပွဲအတွင်းမှ ခွဲထွက်လာခဲ့၏။ သူ၏ ကာကွယ်စောင့်ရှောက်သူများ တိုက်ပွဲ ပြင်းထန်နေသဖြင့် အကာအကွယ်မဲ့ ဖြစ်နေရာ မုတရှုံနှင့် ဓားကျင့်ကြံသူများ စိုးရိမ်တကြီး ဖြစ်သွားကြသည်။ သို့ရာတွင် ကြီးကြပ်သူများသည် ကုန်းနတ်ဆိုးများ၏ ကူညီမှုဖြင့် တိုက်ပွဲအတွင်း ရဲရဲရင့်ရင့် အသက်နှင့်ရင်း တိုက်ခိုက်နေသည့်အပြင် အကြီးဆုံး ခြိမ်းခြောက်မှုဖြစ်သော မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်ကို ထိန်းထားနိုင်သဖြင့် ယုံကြည်ပေးလိုက်ရန်သာ တတ်နိုင်၏။
"ယွမ်ရှောင် မင်းကြောင့် ငရဲကိုးထပ် ငြိမ်းချမ်းရေး ပျက်စီးသွားခဲ့တယ်။ သေစမ်း"
ယန်မိစ္ဆာမ တစ်ကောင်က ခုန်ထွက်လာပြီး အနည်းငယ် ပိန်ပါးသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အသွင်ဖြင့် တစ်ကိုယ်လုံး မီးလျှံတောက်လောင်နေကာ ကင်းမြှီးကောက်အမြှီးတစ်ခုလည်း ပိုင်ဆိုင်ထား၏။ မီးမိစ္ဆာ၏ ညီမ၊ နေမင်းငရဲ၏ မင်းသမီးဖြစ်ကာ သန်မာသူတစ်ယောက်လည်း ဖြစ်သည်။
"နေမင်းသမီး သူ့ကို သတ်ဖို့ ပူးပေါင်းရအောင်"
ကပ်ဘေးတံဆိပ်ငရဲတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာသော ဝါရင့်ကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာကာ စည်းကမ်းထိန်း ဖုကွေ့နှင့် ဘိုးဘေးအကြီးအကဲ ဖုရှန်ဖြစ်ကာ အဆောင်ဧကရာဇ်၏ အစ်ကိုနှင့် ဦးလေး တော်စပ်သည်။ ကောင်းကင်ခန်းဆောင်နယ်ပယ် ကျင့်ကြံသူ နှစ်ဆယ့်ငါးယောက်က ယွမ်ရှောင်ကို ဝိုင်းထားပြီး နောက်ထပ်ရန်သူများစွာလည်း ထိန်းမနိုင်သိမ်းမရ တဟုန်ထိုး ချီတက်လာနေကြ၏။ သူကမူ မုန်တိုင်းကြားမှ လေပြေကဲ့သို့ တည်ငြိမ်နေပြီး ကိုယ်ပိုင်နယ်မြေအတွင်း ရှိနေသည့်အလား အေးအေးလူလူဟန်ပင်ဖြင့် ခန့်ညားစွာ လျှောက်လှမ်းနေသည်။ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် ဓားပျံအသွင်ဖြင့် ခြေထောက်အောက်သို့ ရောက်ရှိလာကာ ညှင်သာစွာ ပျံသန်းလိုက်၏။
"ဘုန်း ဘုန်း ဘုန်း"
မှော်ရတနာများ၊ တာအိုဂါထာများနှင့် သွေးပညာရပ်များ၏ တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်တစ်ခွင် ချီစွမ်းအင် လှိုင်းထန်နေသည်။ ယွမ်ရှောင်က တစ်ချက်ပင် မကြည့်ဘဲ ဓားပျံကို ထိန်းချုပ်ရင်း လျင်မြန်စွာ သွားလာနေသည်။
ဓားပျံသိုင်း သမုဒ္ဒရာဖြတ် ဓားပေါင်းတစ်ထောင်
ဤဂန္တဝင်သိုင်းကွက်သည် ဓားအစောင့်အရှောက်ဟောင်း ယောင်ချန်းထန် လက်ဆင့်ကမ်းခဲ့သော ဓားပျံပညာရပ်ဖြစ်ကာ ပင်လယ်အထက်တွင် ဓားပေါင်းများစွာ ဖြတ်သန်းသွားလာနေသကဲ့သို့ လွတ်လပ်မှုကို ဖော်ဆောင်သည်။ ယွမ်ရှောင် တိုက်ပွဲအတွင်း ခန့်ညားစွာ ပျံသန်းနေသည့် မြင်ကွင်းသည် ကြည့်ရှုနေသူများကို မင်သက်သွားစေကာ အခြားသူများ အသက်လုတိုက်ခိုက်နေရစဥ် အပန်းဖြေခရီး ထွက်လာသည့်အလားပင်။ နဖူးတည့်တည့်တွင် ထောင်စောင့်နဂါးတံဆိပ် အသက်ဝင်လာကာ တာအိုနဂါးအသွင်ဖြင့် တစ်ကိုယ်လုံး ဖြန့်ကျက်သွားပြီး ခန့်ညားမှုနှင့် ကြမ်းတမ်းမှု ပေါင်းစပ်သွား၍ လျင်မြန်သော လှုပ်ရှားမှုအပြင် တိုက်ခိုက်မှုများ ပြင်းထန်လာ၏။
မျက်တောင်တစ်ခတ်အတွင်း သူက နေမင်းသမီး၏ ခေါင်းအထက်တွင် ရုတ်တရက် ပေါ်လာကာ လက်ညှိုးတစ်ချောင်းဖြင့် ထိကပ်လိုက်သည်။ သူမက ကြုံးဝါး၍ စစ်သုံးတူကြီးတစ်လက်ဖြင့် မျက်နှာတည့်တည့် ရိုက်လိုက်သော်လည်း အောင်ပွဲမခံနိုင်ခင် လေထဲ၌ တန့်ခနဲ ရပ်တန့်သွား၏။ သွေးပညာရပ်တစ်ခု ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသောကြောင့် သူမ၏ မျက်နှာထား ကြောက်မက်ဖွယ် ပြောင်းလဲသွားကာ အတွင်းမှ ခရမ်းရောင် နဂါးများစွာ ပေါက်ကွဲထွက်လာ၏။
"တောက်လောင်နဂါး သွေးဆူပွက်ခြင်း။ နင်က ဘယ်လိုလုပ်ပြီး တတ်နေရတာလဲ"
၎င်းသည် ယင်မိစ္ဆာမျိုးနွယ်၏ ရှုပ်ထွေးသော ပညာရပ်တစ်ခု ဖြစ်ကာ ယန်မိစ္ဆာများ ခိုးယူသင်ကြားခဲ့သော်လည်း မည်သို့မျှ မတတ်မြောက်ခဲ့ပေ။ မီးအဆင့် ထိုပညာရပ်ကို လူသားတစ်ယောက် တတ်မြောက်နေလိမ့်မည်ဟု ထင်မထားသောကြောင့် ယင်မိစ္ဆာများပင် မင်သက်သွားပြီး စစ်မင်းသမီးထံ လှမ်းကြည့်လိုက်သော်လည်း ခေါင်းယမ်းပြလိုက်သည်ကိုသာ မြင်ခဲ့ရ၏။ ထိုအချိန်တွင် နေမင်းသမီးသည် ပေါက်ကွဲသွားပြီး အနားရှိ ရန်သူများကိုပင် ထိမှန်ကာ ယွမ်ရှောင်က တစ်ကိုယ်တော် သတ်ဖြတ်ပွဲ စတင်ခဲ့သည်။ နေမင်းသမီးကို သတ်ပြီးနောက် ထောင်စောင့်နဂါးတံဆိပ်သည် ရုန်းထီးအသွင်ပြောင်းကာ လက်တစ်ဖက်တွင် မိုးပြာရောင်ဓား၊ ကျန်တစ်ဖက်တွင် ခရမ်းရောင်ထီးဖြင့် တိုက်ပွဲအတွင်း တစ်လှမ်းချင်း ဖြတ်သန်းနေသည်။ ထီးဖြင့် ကာကွယ်၍ ဓားဖြင့် တိုက်ခိုက်နေရာ သွေးမိုးရွာလာသော်လည်း အဖြူရောင်ဝတ်ရုံမှာ စွန်းထင်းခြင်း မရှိပေ။ အသည်းအသန် တိုက်ပွဲတစ်ခုကို ခမ်းနားသော ပြကွက်တစ်ခုအဖြစ် မည်သို့ ပြောင်းလဲလိုက်ကြောင်း နားမလည်နိုင်သည့် စစ်မင်းသမီး၏ မျက်ဝန်းတွင် မနာလိုအားကျမှုများ ထင်ဟပ်လာ၏။
ရန်သူများ ပြင်းထန်စွာ တိုက်ခိုက်နေစဥ် သူက ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေပြီး တည်ငြိမ်စွာ ပြုံးနေသော်လည်း ဓားဖြင့် လည်ချောင်းများကို ထိုးဖောက်နေသည်။ ဓားမြှောင်သည် ဖုကွေ့၏ နှလုံးသားကို ထိုးဖောက်ကာ ဓားရှည်တစ်ချက်အယမ်းတွင် ဖုရှန် ခေါင်းပြတ်သွားသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် သွေးစီးကြောင်းများ ကျန်ရစ်ခဲ့သော်လည်း အလောင်းတောင်နှင့် သွေးပင်လယ်၌ ပွင့်လန်းနေသော ကြာဖြူတစ်ပွင့်အလား ယွမ်ရှောင်က တောက်ပနေခဲ့လေသည်။
"သတ်ရတာ မကျေနပ်သေးဘူး။
နောက်တစ်ယောက် လာစမ်း"