← Chapters

ထိပ်တန်းကျင့်ကြံသူများနှင့် တိုက်ပွဲ

Vol. 28 Ch. 357

ထိပ်တန်းကျင့်ကြံသူများနှင့် တိုက်ပွဲ

Vol. 28 Ch. 357

အကုန်လုံးကို သတ်ပစ်ရန် ယွမ်ရှောင်က အမိန့်ပေးလိုက်သောအခါ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားကာ တိုက်ပွဲကွင်းအတွင်း ပိတ်မိနေသော မဟာမိတ်အဖွဲ့သား တစ်ရာကျော်ထံ ကြည့်လိုက်မိသည်။

"ဒီထိပ်တန်းကျင့်ကြံသူတွေ အကုန်သေရင် ငရဲကိုးထပ်အခြေအနေ သေချာပေါက် ပြောင်းပြန်လန်သွားမှာပဲ။ ငါတို့က နေမင်းငရဲကို ဝါးမျိုနိုင်လိမ့်မယ်"

ဦးလေးနှစ်သည် စိုးရိမ်နေခြင်းမဟုတ်ဘဲ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေကာ ယင်မိစ္ဆာဘုရင်နှင့် တိုင်ပင်လိုက်သည်။ ယင်မိစ္ဆာမျိုးနွယ်က နေမင်းငရဲကို သိမ်းပိုက်မည်ဟူသော အကြံသည် ဘိုးဘေးများပင် စိတ်မကူးရဲခဲ့ပေ။ သူက ယွမ်ရှောင်ကို လေးစားမှုနှင့် အံ့သြမှုဖြင့် ကြည့်နေစဥ် ယင်မိစ္ဆာဘုရင်သည် တုံ့ပြန်လာခဲ့၏။

"ဒါက ရူးသွပ်စရာ အောင်မြင်မှု ဖြစ်လာလိမ့်မယ်။ အိပ်မက်ကြီးကြီး မက်ဖို့က စောလွန်းတယ်။ အခုတော့ သတ်ပစ်ဖို့ အာရုံစိုက်ထား။ သူသာ ဟိုနှစ်ကောင်ကို သတ်နိုင်ရင် ရန်သူတွေ စိတ်ဓာတ်ကျသွားလိမ့်မယ်။ ငါတို့အနေနဲ့ နောက်က လိုက်ရုံပဲ"

သူ၏ သွေးများက ပွက်ပွက်ဆူနေပြီး ယင်မိစ္ဆာမျိုးနွယ် ဘုရင်ဖြစ်သည့်တိုင်အောင် တစ်ချိန်လုံး ယန်မိစ္ဆာများ၏ နှိမ့်ချမှုကို ခံစားခဲ့ရသဖြင့် အငြှိုးအတေးများ ပြောမကုန်နိုင်ပေ။ ယင်မိစ္ဆာမများ၏ အဖြစ်ဆိုးများက အမုန်းတရားကို ပိုမို တောက်လောင်စေကာ အခွင့်အရေး ရလာသောအခါ ရူးရူးမူးမူး တိုက်ခိုက်သတ်ဖြတ်နေ၏။ တည်ငြိမ်အေးဆေးပုံပေါ်သော်လည်း သူက ယွမ်ရှောင်၏ အမိန့်ကို ပထမဆုံး လိုက်နာသူဖြစ်ကာ ယင်မိစ္ဆာများကို ဦးဆောင်ချီတက်သွားရာ ထိတ်လန့်နေသော ယန်မိစ္ဆာများကို ပိုမို ကြောက်လန့်သွားစေသည်။

"ယင်မိစ္ဆာဘုရင် အကျိုးဆက်ကို မင်း သိရဲ့လား။ ရှုံးနိမ့်သွားရင် အဆုံးမဲ့ငရဲပြည်က ငါတို့ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး"

"တည်တည်ငြိမ်ငြိမ်နဲ့ တိုက်ခိုက်ကြ။ ယင်မိစ္ဆာတွေကို သတ်ပြီးရင် ယွမ်ရှောင်ကို ဝိုင်းတိုက်ကြမယ်"

ယန်မိစ္ဆာများက ရဲဆေးတင်၍ ရက်ရက်စက်စက် တန်ပြန်တိုက်ခိုက်လာပြီး နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်အောင် ကြိုးစားနေသည်။

"ငါတို့ကို မေ့နေတာလား"

ဓားအစောင့်အရှောက်နှင့် ကြီးကြပ်များလည်း ဝင်ရောက်လာပြီး ရုန်းကျင့်ကြံသူများကို ပစ်မှတ်ထားလိုက်ပြီး ရန်သူများမှာ အခွံမာသီးပမာ ဖျက်ဆီးရန် ခက်ခဲနေသည်။ တမလွန်နတ်ဆိုးများနှင့် ရေနဂါးများမှာမူ အညံ့ခံခွင့်မရှိတော့သဖြင့် တိုက်ခိုက်နေရသော်လည်း အောင်မြင်မည်ဟု ယုံကြည်ချက် မရှိပေ။ ရေသူမဘုရင်နှင့် ဖီးနစ်ဧကရီသည် အကြည့်ချင်းဖလှယ်၍ ကုန်းနတ်ဆိုးများနှင့် ရေသူနတ်ဆိုးများကို ဦးဆောင်ရင်း တိုက်ပွဲအတွင်း ထပ်မံဝင်ရောက်လာသောအခါ တိုက်ပွဲကွင်းတလျှောက် ဝုန်းဒိုင်းကြဲသွားပြီး ပရိသတ်များပင် ကျောစိမ့်လာ၏။ လူသား၊ မိစ္ဆာ၊ နတ်ဆိုး မျိုးနွယ်တူအချင်းချင်း အနက်ရှိုင်းဆုံး အမုန်းတရားဖြင့် တိုက်ခိုက်နေကြပြီး အဖိနှိပ်ခံ ကျင့်ကြံသူများသည် ယွမ်ရှောင်၏ ဦးဆောင်မှုဖြင့် ကံကြမ္မာကို ပြောင်းပြန်လှန်ရန် အသည်းအသန် ဖြစ်နေကြသည်။

အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာ မဟာမိတ်အဖွဲ့တွင် အရေအတွက်သာသော်လည်း ယွမ်ရှောင်ဘက်တွင် မူလဝိညာဥ်နယ်ပယ် ငါးယောက် ပါဝင်ကာ အထူးသဖြင့် နတ်ဆိုးဖြူနှင့် ဖီးနစ်ဧကရီမှာ တားဆီးမရနိုင်ပေ။ ထို့ကြောင့် သူတို့က တိုက်ပွဲ၌ အသာစီးရနေပြီး ယန်မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများ အစွမ်းထက်သော်လည်း နတ်ဆိုးဖြူနှင့် ရင်ဆိုင်ရသောအခါ ကြေမွကုန်သည်။ နားကွဲမတတ် ကျယ်လောင်သော ဟိန်းသံများအကြားတွင် ထိပ်တန်းကျင့်ကြံသူ ငါးယောက်သည် သတ်ဖြတ်ပွဲကြီး စတင်ခဲ့ပြီး ရန်သူများကို တစ်ကိုယ်တော် ထိန်းထားရင်း နောက်လိုက်များကို အသက်ရှူချောင်စေသည်။ သူတို့က အရူးတစ်ပိုင်း တိုက်ခိုက်နေကြပြီး မျိုးဆက်ပေါင်းများစွာ ခံစားခဲ့ရသော ဒေါသစိတ်များကို ဖောက်ထုတ်ကာ ရန်သူများ၏ ဦးခေါင်းများကို ဖြတ်တောက်သုတ်သင်နေကြ၏။ ထိုက်ကျိအစီအရင်ဖြင့် ပိတ်လှောင်ထားသော တိုက်ပွဲကွင်း၌ ထွက်ပေါက်မရှိသောအခါ အခွင့်ထူးကြီး ဖြစ်ပေသည်။

"ဒီကောင်တွေက ငရဲကိုးထပ်မှာ စစ်ပွဲစဖို့တောင် ကြံစည်ခဲ့တယ်။ အပြစ်မဲ့သူတွေကို အသုံးချပြီး သခင်လေးယွမ်ကို အကျပ်ကိုင်ချင်ခဲ့တယ်"

ယင်မိစ္ဆာဘုရင်က အေးစက်စက်ကြေညာလိုက်ပြီး ဓားကျင့်ကြံသူများနှင့် ရေသူနတ်ဆိုးများ ဤအကြောင်း မသိထားခဲ့ကြပေ။

"ငရဲကိုးထပ်ငြိမ်းချမ်းရေးအတွက် ဒီလူယုတ်မာတွေကို အမြစ်ပြတ် သုတ်သင်ရမယ်"

ဓားအစောင့်အရှောက်က ဓားကို မြှောက်ပြရင်း နောက်လိုက်ဓားကျင့်ကြံသူများကို ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သည်။

"ဒီနှစ်ယောက်က တော်တော်ရက်စက်တယ်။ ရှေးဟောင်းနတ်ဆိုးငရဲက အေးအေးဆေးဆေး နေထိုင်ချင်ရုံပဲ။ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ဖို့ သတ်ကြစမ်း"

ဖီးနစ်ဧကရီသည်လည်း ကုန်းနတ်ဆိုးများကို အမိန့်ပေးလိုက်ပြီး အပြစ်မဲ့သူများကို အာဏာလုပွဲအတွင်း ဆွဲသွင်းခြင်းမှာ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာလို ကျင့်ကြံသူမျိုးအတွက် အဆန်းမဟုတ်ပေ။

"သူပုန်တွေကို သတ်ကြ။ သခင်လေးယွမ်နဲ့အတူ ငြိမ်းချမ်းရေးကို ကာကွယ်ကြ"

ရေသူမဘုရင်၏ အော်သံနှင့်အတူ တိုက်ပွဲကွင်းအပြင်ဘက်မှ ကျင့်ကြံသူများပင် သံပြိုင်ကြွေးကြော်နေသည်။ ကုန်းနတ်ဆိုးများပင် ရောယောင်ပါဝင်သွားကာ ရန်သူဖြစ်ခဲ့သော ဓားကျင့်ကြံသူတစ်ယောက်အပေါ် ထောက်ခံအားပေးနေကြသည်။

"သခင်လေးယွမ် သခင်လေးယွမ်"

ပြန်လည်ဝင်စားလာသော အမည်ခံ ဓားအင်မော်တယ် အပေါ် သူတို့က မျက်ကန်းယုံကြည်နေကြပြီး ရန်သူနှစ်ယောက်ထက်ပင် ထောက်ခံမှု ပိုများလာခဲ့သည်။ သို့ရာတွင် စဥ်းစားဆင်ခြင်တတ်သူများက စိုးရိမ်ကြောင့်ကြနေပြီး စိတ်ပူနေကြသည်။

"သခင်လေးယွမ်က ဒေါသမျက်လုံးနဲ့ အောင်းယွမ်ကြောင့် ဒဏ်ရာရထားတယ်။ အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာက မူလဝိညာဥ်နယ်ပယ် အလယ်အဆင့်ကို ရောက်နေပြီ"

"သုံးသပ်မနေနဲ့။ သခင်လေးယွမ်က သာမန်လူဆိုရင် ဘယ်လိုလုပ် ရင်ဆိုင်ရဲမှာလဲ"

"သူက ဒီလူယုတ်မာတွေကို ကိုယ်တိုင် ရှင်းလင်းပေးလိမ့်မယ်"

"အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာ ဆယ်ကွက်အတွင်း အရှုံးပေးလိမ့်မယ်"

ဓားကျင့်ကြံသူများ၊ ယင်မိစ္ဆာများနှင့် ရေသူနတ်ဆိုးများအကြား ငြင်းခုံအော်ဟစ်နေကြ၏။ ယွမ်ရှောင်၏ တိုးတက်မှုက လျင်မြန်သော်လည်း အခြေခံကို တစ်ဆင့်ချင်း တည်ဆောက်ခဲ့ပြီး ဤတိုက်ပွဲမှာ ဒေါသမျက်လုံးနှင့် အောင်းယွမ်ကို ရင်ဆိုင်ရသည်ထက် ခက်ခဲလှသော်လည်း ယုံကြည်မှု မယိမ်းယိုင်ခဲ့ပေ။

"သခင်လေးယွမ် အံ့ဖွယ်ဖြစ်ရပ်ကို ဖန်တီးနိုင်တယ်"

ထောက်ခံသူများက ဟစ်ကြွေးလိုက်ပြီး ရင်တဒုန်းဒုန်းဖြင့် မကြာမီ ထိပ်တိုက်ရင်ဆိုင်မည့် တိုက်ပွဲအား မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။

အဆောင်ဧကရာဇ်သည် ယွမ်ရှောင်ကို အထင်မသေးရဲသောကြောင့် မီးမိစ္ဆာနှင့် တပြိုင်နက် ပူးပေါင်းတိုက်ခိုက်လာသောကြောင့် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာရာ တိုက်ပွဲကွင်းတစ်ခုလုံး တုန်ခါသွားခဲ့၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် ရဲရဲနီနေပြီး ဘုရင်တံဆိပ်ကို ဖြန့်ချလိုက်သောအခါ တောတောင်ရေမြေ ဖိအားသည် ယွမ်ရှောင်အပေါ် ကျရောက်လာ၍ ကံပင်လယ်နယ်ပယ် သာမန်ကျင့်ကြံသူတစ်​ယောက်ဆိုလျှင် အမှုန့်ဖြစ်သွားပေလိမ့်မည်။ လွန်ခဲ့သော ဆယ်ရက်ကဆိုလျှင် ယွမ်ရှောင်သည် တစ်ဖက်လူ၏ တိုက်ကွက်ကို ခုခံရန် သားရဲလေးကို အားကိုးရမည်ဖြစ်ကာ အင်မော်တယ်ကျောက်စိမ်းများစွာ ပြုန်းတီး၍ ကာကွယ်နိုင်သည်ထက် ကျော်လွန်၍ သေဆုံးနိုင်ချေရှိသည်။

"စိတ်မကောင်းဘူး။ မင်း ရင်ဆိုင်နေရတာက သာမန်လူ မဟုတ်ဘူး"

အဆောင်ဧကရာဇ်သည် ပါးပါးနပ်နပ်ဖြင့် တွက်ချက် တိုက်ခိုက်ခဲ့သော်လည်း ယွမ်ရှောင်က တည်ငြိမ်စွာ ရပ်နေခဲ့သည်။ နောက်ကျောဘက်မှ မီးမိစ္ဆာက တပြိုင်နက် ဝင်ရောက်လာကာ နဂါးတံ​ဆိပ်ရတနာဖြင့် မီးနဂါးတစ်ကောင်ကို ထုတ်လွှတ်လိုက်ပြီး လျင်မြန်၍ အစွမ်းထက်သော မီးလုံးကြီး ဝင်ရောက်လာ၏။

"အန္တရာယ်များလိုက်တာ"

ပရိသတ်များ အသက်ရှူမှားမတတ် ဖြစ်သွားကာ ဓားအစောင့်အရှောက်နှင့် ရေသူမဘုရင်သည်ပင် စိုးရိမ်မှုကြောင့် မျက်နှာပျက်သွားသည်။ ဖီးနစ်ဧကရီသည်လည်း မယုံနိုင်ဖြစ်နေကာ သူမကိုယ်တိုင်ပင် ထိုပြိုင်ဘက်နှစ်ယောက်ကို တစ်ကိုယ်တော် မတိုက်ခိုက်ဝံ့ချေ။ အဖြူရောင်ဝတ် လူငယ်၏ ပတ်ဝန်းကျင်၌ သေခြင်းတရား ကြီးစိုးနေကာ ကျင့်ကြံသူများ၏ စိတ်တွင် သံသယအတွေးများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ယွမ်ရှောင်သည် စတင်လှုပ်ရှားလာပြီး အသက်တံဆိပ်ကို တာအိုနဂါးအသွင် ဆင့်ခေါ်လိုက်သဖြင့် တစ်ကိုယ်လုံး ခရမ်းရောင်တောက်ပနေ၏။ ထို့အပြင် အတိတ်တွင် သွေးကျွန်နှင့် ကိုယ်ပွားအား ပေါင်းစပ်ခဲ့သော်လည်း စွမ်းအားချင်း ကွာခြားချက် ရှိနေသဖြင့် ထင်တိုင်းမပေါက်ခဲ့သော်လည်း လက်ရှိ၌ ကိုယ်ပိုင်ခွန်အား မြင့်တက်လာ၍ အစောပိုင်းအဆင့် မူလဝိညာဥ် နယ်ပယ် အလား အစွမ်းထက်စေသည်။

"ဝူကျိတာအိုသိုင်း"

သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ စွမ်းအင်ဝဲ ကိုးခု ဖြစ်တည်လာ၍ သွေးပညာရပ် တောက်လောင်နဂါး သွေးဆူပွက်ခြင်းကို ပေါင်းစပ်ထားသဖြင့် တစ်ခုချင်းစီမှာ အနီရောင်မီးများ တောက်လောင်နေ၏။ ဘုရင်တံဆိပ်နှင့် ထိုဝဲဂယက်များ ထိပ်တိုက်တွေ့သွားသောအခါ လက်ပြန်ရိုက်ချက် တစ်ခုဖြင့် ဘုန်းခနဲ မြည်ဟီးကာ အဆောင်ဧကရာဇ်ရော အသက်တံဆိပ်ပါ လွင့်ထွက်သွားရသည်။ တိုက်ပွဲကွင်း၏ အစီအရင်နံရံကို ဝင်တိုက်မိသည်အထိ လွင့်ပျံသွားသောကြောင့် သွေးမည်းများ အန်ထွက်လာကာ ဘုရင်တံဆိပ်ကိုသာ တိုက်ခိုက်လိုက်သော်လည်း မျက်နှာတည့်တည့် ဖြတ်ရိုက်လိုက်သည့်အလား ပြင်းထန်နေ၏။ အဆောင်ဧကရာဇ်က အသက်ကို ခဲယဥ်းစွာ ရှူနေရသဖြင့် ရင်ဘတ်တစ်ခုလုံး နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး မျက်လုံးတွင် သွေးကြောများ ပေါ်လာသည်အထိ ပြူးကျယ်သွားခဲ့သည်။

"ယွမ်....ယွမ်ရှောင်"

သူက အံကြိတ်ထားပြီး ကိုယ့်လျှာကိုယ် ကိုက်ဖြတ်မိမတတ် အံ့သြနေကာ စိတ်တစ်ခုလုံး ဗလာဖြစ်နေ၏။

"ကောင်းကင်ဘုံ"

ကြည့်ရှုနေသော ပရိသတ်များမှာလည်း ကိုယ်တိုင်အရိုက်ခံလိုက်ရသကဲ့သို့ မင်သက်နေကြပြီး အထိတ်တလန့် တိတ်ဆိတ်သွားကြလေသည်။

All Chapters