တကယ့်ရန်စွယ်
Vol. 28 Ch. 360
"သခင်လေးယွမ် မင်းက ပြန်လည်ဝင်စားလာတဲ့ အင်မော်တယ်ဆိုတာ ငါ သံသယမရှိပေမယ့် ကံဆိုးတာက အချိန်ကောင်း မဟုတ်ဘူး"
မိုကျန်းကျီ၏ မျက်နှာက ပြုံးယောင်သန်းလာပြီး တစ္ဆေတစ်ကောင်ပမာ မျက်မှောင်ကြုတ်၍ နားလည်ရခက်သော စကားတစ်ခွန်း ပြောလိုက်သည်။
"ဘာကြောင့်လဲ"
ယွမ်ရှောင်သည် နားခိုရာဂိုဏ်းခရီးစဥ်က ပန်းခြံအတွင်း လမ်းလျှောက်သကဲ့သို့ ချောမွေ့မည်မဟုတ်ကြောင်း အလိုလို သိနေသည်။
"ဘာကြောင်လဲဆိုတော့ သူက အင်မော်တယ်တွေကို စားသောက်ခဲ့လို့ ချုပ်နှောင်ခံထားရတယ်။ အခု သူက ဒီအရသာကို ပြန်လည် တမ်းတနေပြီ ဟီး ဟီး"
ရှန်ရှောင်ချန်း၏ အသံက သရဲတစ်ကောင်ပမာ ထွက်ပေါ်လာသောအခါ ထိပ်တန်းကျင့်ကြံသူများ မျက်နှာထားပြောင်းလဲ၍ အစပိုင်းတွင် မည်သူ့ကို ရည်ညွှန်းကြောင်း မသိသော်လည်း ကြားနေရသော သားရဲဟိန်းသံများသည် မကောင်းသော နိမိတ်တစ်ခုဖြစ်ကြောင်း သိလိုက်ရ၏။
"ရောက်လာပြီ"
ယွမ်ရှောင်၏ စကားအဆုံးတွင် သစ်ခေါက်ကို ပွတ်တိုက်နေသကဲ့သို့ နားဝင်ဆိုးလှသော ထူးထူးဆန်းဆန်း ရယ်သံများ ထွက်ပေါ်လာကာ လူတိုင်းကို ကြက်သီးထစေသည်။ အမှောင်ထဲမှ ခါးကိုင်းကိုင်း ပုံရိပ်များသည် အိပ်မက်ဆိုးအလား ထွက်ပေါ်လာကြပြီး အဝေးမှ ကြည့်လျှင် ပိုးဟပ်တစ်အုပ်ဟု ထင်မှတ်ရသော်လည်း အနီးကပ်ရောက်သောအခါ တစ်ဦးနှင့် တစ်ဦး ချွတ်စွပ်တူသည့် အဘိုးအိုများ ဖြစ်ကာ ရွံရှာဖွယ် မျက်လုံးများ ပြူးထွက်နေ၍ လင်းတပင် အော့အန်သွားစေလောက်မည့် အပြုံးမျိုး ထုတ်ဖော်ထားသည်။
"သန့်ရှင်းရေး အဘိုးကြီးတွေ"
အရေအတွက် တစ်ထောင်ခန့် ထွက်ပေါ်လာမည်ဟု မည်သူမျှ မထင်ထားသော်လည်း လူအများက ချက်ချင်း မှတ်မိခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ နားခိုရာဂိုဏ်းက ဘာလုပ်ချင်နေတာလဲ"
ထောင်ချီသော ပရိသတ်များအကြား စိတ်ရှုပ်ထွေးကုန်ပြီး နှလုံးသားထဲတွင် မကောင်းသော နိမိတ်ပြ ခံစားချက်များ ဖြစ်ပေါ်လာသည်။
"နီအန် မင်းက ငရဲကိုးထပ် တိုက်ပွဲကို ရှေ့တိုးလိုက်တယ်။ ငါတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီး အလောင်းတွေကို မျိုချရင်း သံကြိုးတွေဆီကနေ လွတ်မြောက်ချင်နေတာမလား"
ယွမ်ရှောင်၏ အေးစက်စက် မေးခွန်းက အမှန်တရားကို မီးမောင်းထိုးပြလိုက်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ ရောက်ရှိလာခြင်းမှာ အလိမ်အညာဖြစ်၏။ နားခိုရာဂိုဏ်းသားများ ၎င်းကို စုံစမ်းရန် ထွက်ခွာသွားသည်ဟူသော အချက်က ဆင်ခြေတစ်ခုဖြစ်ပြီး သနားစရာကောင်းသည့် ထိုကျင့်ကြံသူများမှာ အသားလုံးများ ဖြစ်သွားခဲ့ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ငရဲကိုးထပ်တွင် ထောင်စောင့်တစ်ယောက်မှ မရှိတော့ဘဲ တစ်ပိုင်းတစ လွတ်မြောက်နေသည့် အကျဥ်းသားတစ်ယောက်နှင့် ၎င်း ကြိုးဆွဲရာကသော ရုပ်သေးလေးခုသာ ကျန်ရစ်ခဲ့သည်။
"ဒီအဘိုးကြီးက နီအန်သားရဲလား"
ဖီးနစ်ဧကရီသည် အသက်ရှူမှားမတတ် ဖြစ်သွားကာ နီအန်က ယခင်အခေါက်များတွင် လွတ်မြောက်လာမည့် လက္ခဏာများ မပြဖူးပေ။
"မင်းတို့ အားလုံး ဒီနေရာကို ရောက်နေပြီဆိုမှတော့ စလိုက်အောင်"
အဘိုးအိုများက ပြိုင်တူ ရယ်မောလိုက်ကြပြီး ရူးသွပ်နေသော မျောက်တစ်အုပ်ပမာ ပရိသတ်များထံ ပြေးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသောအခါ သူတို့သည် ကြောက်မက်ဖွယ် ခွန်အားကို ဖုံးကွယ်ထားပြီး ရိုက်ချက်တစ်ချက်ဖြင့် ကျားနတ်ဆိုးတစ်ကောင် ဦးခေါင်း ကွဲထွက်သွားကာ ဦးနှောက်ဖြူဖြူများအား စုပ်ယူစားသောက်နေသည်ကို ထိတ်လန့်စရာ မြင်တွေ့နိုင်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုက သွေးခင်းလမ်းတစ်ခု ဖြစ်တည်လာ၍ ကြောက်မက်ဖွယ် သတ်ကွင်းတစ်ခု ဖြစ်လာကာ မင်သက်နေရာမှ နိုးထလာစေခဲ့သည်။
"အသက်လုတိုက်ခိုက်ကြစမ်း"
မည်သည့်မျိုးနွယ်ဝင်ဖြစ်ပါစေ ငရဲကိုးထပ်၏ ကျင့်ကြံသူများသည် ထိုအဘိုးအိုများကြောင့် ကြောက်လန့်သွားပြီး အလျင်အမြန် စုစည်းလိုက်သည်။
"နေရာမပျက်စေနဲ့။ သတိထားကြ"
"ငါတို့ တိုက်ခိုက်ပြီးတဲ့အထိ စောင့်နေတာဆိုတော့ ဒီကောင်တွေမှာ အားနည်းချက် ရှိရမယ်"
အပြောင်းအလဲက ရုတ်တရက်ဆန်လွန်းသော်လည်း အများစုသည် တုန်လှုပ်မနေခဲ့ဘဲ ရှင်သန်ရေးအတွက် ကြိုးပမ်းရာ၌ ရန်ငြှိုးများကို ဘေးဖယ်ထားလိုက်ကြသည်။ သို့ရာတွင် အဘိုးအိုများသည် ခွန်အား သန်မာပြီး အောက်လမ်းပညာရပ်များ တတ်ကျွမ်းသောကြောင့် ရောက်လေရာရာ သွေးသံရဲရဲ ဖြစ်ကုန်သည်။
"ဒုက္ခအကြီးအကျယ် ရောက်နေပြီ"
"ငါတို့ အသက်ရှင်နိုင်ပါ့မလား"
"ဒီနေရာမှာ သေသွားတဲ့ အလောင်းတွေကို စားသောက်ပြီး နီအန်သားရဲ လွတ်မြောက်သွားရင် ငရဲကိုးထပ် အကြီးအကျယ် ပျက်စီးရလိမ့်မယ်"
ဤအတွေးများက ခြောက်ချားဖွယ်ရာ ဖြစ်၍ နီအန်သားရဲ လွတ်မြောက်သွားလျှင် သက်ရှိအားလုံးအတွက် အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။
"အစီအရင်ထဲက မထွက်နိုင်ရင် ဒီကောင်က အပြင်က ကျင့်ကြံသူတွေကို သတ်၊ အေးအေးဆေးဆေး စားသောက်ပြီး ငါတို့ဆီ နောက်ဆုံးမှ ရောက်လာလိမ့်မယ်။ ပြီးရင် နားခိုရာဂိုဏ်းကနေ လွတ်မြောက်သွားမှာပဲ"
ယွမ်ရှောင်သည် ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါတို့က ဒီအစီအရင်ကြောင့် ကြွက်တွေလို ပိတ်မိသွားတယ်။ ဘာဆက်လုပ်ကြမလဲ"
ကုန်းနတ်ဆိုးများ အများဆုံး တိုက်ခိုက်စားသောက်ခံနေရသောကြောင့် ဖီးနစ်ဧကရီမှာ စိတ်မထိန်းနိုင်တော့ပေ။ နားခိုရာဂိုဏ်းသည် ကြီးမားသော လှောင်အိမ်ဖြစ်ကာ တိုက်ပွဲကွင်းသည် ၎င်း၏ အကျဥ်းခန်းတစ်ခု ဖြစ်လာခဲ့ပြီး ၎င်းကို မချိုးဖျက်နိုင်လျှင် ပျက်စီးကိန်း ဆိုက်သွားနိုင်၏။
"မိုကျန်းကျီတို့ လေးယောက်က တိုက်ပွဲကွင်းနဲ့ တံခါးတွေကို ထိန်းချုပ်နိုင်တယ်။ ကြယ်ပြာ ဖောက်ထွက်ဖို့ ကူညီပေး။ လွတ်လမ်းက သူတို့နဲ့ သက်ဆိုင်နေတယ်"
"ခနစောင့်ဦး"
"ဘာကြောင့်လဲ"
"မင်းရဲ့ နောက်လိုက်မလေးက သူ့ကိုယ်သူ စတေးပြီး ကူညီတော့မယ်"
ကြယ်ပြာ ညွှန်ပြာရာသို့ ကြည့်လိုက်သောအခါ နတ်ဆိုးဖြူသည် တိုက်ပွဲကွင်း၏ အစီအရင်နံရံများထံ တိုးဝင်သွားကြောင်း ယွမ်ရှောင် မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်က ဖောင်းကားလာပြီး တားမြစ်ကံကြမ္မာကဲ့သို့ ဧရာမအသားလုံး ဖြစ်လာသော်လည်း ရွံရှာဖွယ်ရာမဟုတ်ဘဲ ပုပ်သိုးနေသော အလောင်းအစုအဝေးကြီးထက် ပင်လယ်စာများနှင့်သာ တူညီနေပြီး သန့်စင်မှုကြောင့် ဖြစ်ပုံရ၏။
"ကိုယ့်ကိုကိုယ် သတ်သေချင်နေတာလား"
သူမက အစီအရင်နံရံထံ ဝင်ဆောင့်ပစ်လိုက်သောအခါ ရှန်ရှောင်ချန်းသည် ကဲ့ရဲ့စကားဆိုလိုက်သည်။ အစီအရင်သည် နတ်ဆိုးဖြူ၏ အသားများကို လောင်ကျွမ်းပစ်လိုက်ပြီး ညှင်းပန်းနှိပ်စက်ခြင်း ဖြစ်သော်လည်း ခံနိုင်ရည်ရှိနေကာ ပြန်လည်ကုစားနိုင်စွမ်းမှာ အံ့သြဖွယ်ပင်။ မီးလောင်သွားသော နေရာများတွင် အသားအသစ်များ ချက်ချင်း ဖြစ်တည်လာကာ မီးလျှံများ၏ ဖျက်ဆီးနှုန်းဖြင့် ပြိုင်ဆိုင်နေသည်။
"သခင်လေး ထွက်သွားလို့ရပါပြီ"
ထို့နောက် သူမ၏ ခန္ဓာကိုယ်အလယ်တည့်တည့်မှ လူတစ်ကိုယ်စာ ဝင်နိုင်သော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ တိုက်ပွဲကွင်းမှ ထွက်သွားရန် လမ်းကြောင်းပင်။ စကားသံက နာကျင်မှုကြောင့် တုန်ရီနေသော်လည်း သံမဏိကဲ့သို့ စိတ်ဓာတ်မာကျောသည်။
"ငါနဲ့ အတူ ထွက်ကြ"
နတ်ဆိုးဖြူသည် အစီအရင်ကို အသွေးအသားသက်သက်ဖြင့် တောင့်ခံထားသဖြင့် ယွမ်ရှောင်သည် စဥ်းစားချိန်မရဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။ ဒဏ္ဍာရီများတွင် တမလွန်နတ်ဆိုးများသည် ရက်စက်ကြမ်းကြုတ်မှု၏ သင်္ကေတဖြစ်သော်လည်း သူမက ငရဲကိုးထပ် အနာဂတ်အတွက် အဆုံးအစွန်အထိ စတေးပေးခဲ့သောကြောင့် သူရဲကောင်း ဖြစ်လာခဲ့၏။ ယခုအချိန်တွင် တွန့်ဆုတ်နေလျှင် သူမ၏ စတေးမှုကို ပိုမိုနာကျင်စေနိုင်သဖြင့် ယွမ်ရှောင်က ဦးဆောင်၍ ဓားပျံဖြင့် ခုန်ထွက်သွားခဲ့သည်။
"မြန်မြန်ထွက်ကြ"
မြင်ကွင်းကြောင့် မင်သက်နေသော ထိပ်တန်းကျင့်ကြံသူများလည်း သတိပြန်ဝင်လာကာ အော်ဟစ်ရင်း ပြေးထွက်ခဲ့ကြသည်။ တိုက်ပွဲကွင်းအတွင်း ပိတ်မိနေလျှင် နီပန်သားရဲ၏ သတ်ဖြတ်စားသောက်ခြင်းကို တစ်ကိုယ်တော် ရင်ဆိုင်ရမည်ဖြစ်ရာ နတ်ဆိုးဖြူ၏ လုပ်ရပ်သည် လွတ်လမ်းတစ်ခု ဖြစ်လာ၏။
"နတ်ဆိုးဖြူ"
ယွမ်ရှောင် လွတ်မြောက်သွားသဖြင့် နားခိုရာဂိုဏ်းသားလေးယောက်မှာ ဒေါသတကြီး ဖြစ်နေပြီး သခင်ဖြစ်သူ၏ အစီအစဥ် နှောင့်ယှက်ခံလိုက်ရသည်။ သူမထံ တိုးဝင်လာသော ဓားမြှောင်တစ်လက်ကို ယွမ်ရှောင်က ဓားရှည်ဖြင့် ပက်ထုတ်ကာ ကာကွယ်ပေးလိုက်ပြီး လက်တစ်ချောင်းလုံး ထုံကျင်သွားသဖြင့် ပြင်းထန်မှုကို စဥ်းစားကြည့်နိုင်သည်။
"စိတ်ရှည်ရှည်ထားစမ်းပါ"
ယွမ်ရှောင် ဦးဆောင်သော ထိပ်တန်းကျင့်ကြံသူများသည် ထိုလေးယောက် ရှေ့တွင် ပိတ်ရပ်ထားလိုက်ကြပြီး အနက်ရောင် မျက်ဆံ ကင်းမဲ့သော အဖြူသက်သက် မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် ပြင်းထန်နေ၏။
"သွားကြ။ အပြင်က ကျင့်ကြံသူတွေကို ကူညီပေးလိုက်"
ယွမ်ရှောင်က အမိန့်ပေးလိုက်ပြီး နီအန်သားရဲနှင့် ဆက်နွယ်နေသော အဘိုးအိုများ၏ သတ်ဖြတ်ခြင်းကို ထိန်းချုပ်ရန်နှင့် ဆုံးရှုံးမှုကို လျှော့ချရန် ကောင်းကင်ခန်းဆောင်နယ်ပယ်များ လှုပ်ရှားရန် လိုအပ်ပေသည်။
"နားလည်ပါပြီ"
ဓားအစောင့်အရှောက်နှင့် ထိပ်တန်းကျင့်ကြံသူများသည် မိုကျန်းကျီတို့ လေးယောက်ကို တစ်ချက် စိုက်ကြည့်ကာ တိုက်ပွဲအတွင်း ဝင်ရောက်သွားကြ၏။ ထိုအချိန်တွင် နတ်ဆိုးဖြူသည် အသားတုံးငယ်တစ်ခု အဖြစ် အပြင်သို့ လွင့်ထွက်လာကာ ယွမ်ရှောင်အနားတွင် ပုံရိပ် စုစည်းလိုက်သည်။ သူမက အားနည်းပြီး ဖြူဖပ်ဖြူရော် ဖြစ်ကာ မျက်လုံးများ မှိန်ဖျော့၍ နှုတ်ခမ်းများ သွေးဆုတ်နေသည်။
"သခင်လေးယွမ်"
သူမက ယွမ်ရှောင်နှင့် အကြည့်ချင်းဆုံသောအခါ သစ္စာစောင့်သိမှုဖြင့် ရေရွတ်လိုက်သည်။
"လုပ်တာ ကောင်းတယ်"
သူက ရင်ခွင်အတွင်း သူမကို ထွေးပွေ့ထားလိုက်ပြီး အသံ တည်ငြိမ်နေသော်လည်း နီအန်သားရဲ၏ ထောင်ချောက်ကို ဖောက်ထွက်ရန် မည်မျှခံစားခဲ့ရကြောင်း ကောင်းစွာ နားလည်ထား၏။
"သခင်လေးရဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းပေးဖို့က ငါ့တာဝန်ပါ။ ဒါက မပြောပလောက်ပါဘူး"
နတ်ဆိုးဖြူက အားနည်းစွာ ပြုံးပြလိုက်သည်။
"အခု အနားယူလိုက်ပါ"
ယွမ်ရှောင်သည် သူမကို စောင့်ရှောက်ရန် မုတလုံထံ အပ်ထားလိုက်ပြီး ကာကွယ်ပေးရမည့် စာရင်း၌ နာမည်တစ်ခု တိုးလာခဲ့၏။ ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူများ ရောက်ရှိလာသောအခါ တိုက်ပွဲချိန်ခွင်လျှာက ပြောင်းလဲသွားပြီး သူကမူ နားခိုရာဂိုဏ်းသား လေးယောက်ကို အဆုံးသတ်ရန် စိတ်အားထက်သန်နေသည်။
"ဒီလေးယောက်ကပဲ နားခိုရာဂိုဏ်းရဲ့ တံခါးတွေကို ဖွင့်နိုင်တယ်။ နီအန်သားရဲကိုလည်း ပြန်ပြီး ချုပ်နှောင်နိုင်လောက်တယ်"
နီအန်သားရဲ မည်မျှ တိုးတက်နေကြောင်း မသိနိုင်သဖြင့် ယွမ်ရှောင်သည် နောက်လိုက်နောက်ပါများကို ကာကွယ်ရန် စိုးရိမ်ကြောင့်ကြနေခဲ့လေသည်။