ထာဝရပန်းပင်လယ်
Vol. 28 Ch. 361
ယွမ်ရှောင်နှင့် နားခိုရာဂိုဏ်းသား လေးဦး မျက်လုံးချင်းဆုံမိသည်နှင့် တပြိုင်နက် တိုက်ပွဲသည် ချက်ချင်း စတင်ခဲ့ပြီး ဘက်ပေါင်းစုံမှ ပြင်းထန်သော တိုက်ကွက်များ ဝင်ရောက်လာခဲ့သည်။ ခွန်ကျန်းက ဦးဆောင်တိုက်ခိုက်ပြီး လေထဲတွင် ဝဲပျံနေသည့် အိပ်မက်နတ်ဆိုးမှ ထောက်ပံ့ပေးထားကာ မိုကျန်းကျီနှင့် ရှန်ရှောင်ချန်းသည် ဓားဝိညာဥ်နှင့် အသက်တံဆိပ် ဆွဲကိုင်ရင်း ဘယ်ညာနှစ်ဖက်မှ တိုးဝင်လာသည်။ မျက်ဝန်းများက ငါးသေတစ်ကောင်ပမာ အေးစက် အသက်မဲ့နေပြီး ယွမ်ရှောင်ကို ခုတ်ထစ်သတ်ဖြတ်ရန် အသားတုံးပမာ သဘောထားကြ၏။ တိုက်ကွက်တစ်ခုချင်းစီသည် လျင်မြန်တိကျပြီး ရက်စက်ကြမ်းကြုတ်၍ လှုပ်ရှားမှုတိုင်း သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားသည်။
လူကိုယ်တိုင် ရောက်မလာခင်မှာပင် ဓားအလင်း၊ ရုန်းများ၊ နတ်ဆိုးစွမ်းရည်နှင့် သွေးပညာရပ်သည် ယွမ်ရှောင် ပတ်ဝန်းကျင်ကို ပျက်စီးသွားစေသည်။ အနီးအနားရှိ ကျင့်ကြံသူများသည် ငရဲတံခါးများနှင့် ရင်ဆိုင်တွေ့လိုက်ရသည့်အလား လွင့်စင်သွားသည်။ တိုက်ကွက်တိုင်းသည် ယွမ်ရှောင်၏ သေကွင်းသေကွက်ကို ဦးတည်နေပြီး အရေပြားပေါ်တွင် သွေးစင်းကြောင်းများ ပြဲထွက်ကုန်သဖြင့် ထိုလေးယောက်က အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာထက် များစွာ သာလွန်ကြောင်း သိနိုင်သည်။
ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များအကြား သူ၏ အကြည့် အေးစက်သွားကာ တိုက်ခိုက်ရန် အာရုံစူးစိုက်ထား၏။ စကားနည်းပြီး လုပ်ရပ်ဖြင့် သက်သေပြသော လူတစ်ယောက်၏ ဤအခြေအနေမျိုးမှာ ကြောက်စရာအကောင်းဆုံးပင်။ အိပ်မက်နတ်ဆိုးနှင့် ခွန်ကျန်းထက် မိုကျန်းကျီနှင့် ရှန်ရှောင်ချန်းသည် အရင်ရောက်ရှိလာကာ ဘယ်ဘက်တွင် မျှော်စင်သဏ္ဍာန် မီးခိုးရောင် ဓားဝိညာဥ်က ဓားမြှောင်အသွင်ဖြင့် နားရွက်ထံ ဝေ့ဝဲလာသည်။ ဓားမြည်သံ တရွှီရွှီကြောင့် ကျင့်ကြံသူများ နားပိတ်ထားလိုက်ရသဖြင့် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ ထင်ရှားပေသည်။ ညာဘက်တွင် အသက်တံဆိပ်နှင့် မှော်ယပ်တောင်တစ်ခု ပေါင်းစပ်သွား၍ ထူးဆန်းသော နတ်ဆိုးမျက်နှာတစ်ခု တွန့်လိမ် ထွက်ပေါ်လာသည်။
"အရိပ်ယပ်တောင်"
ကျင့်ကြံသူများက တုန်လှုပ်နေရာမှ တီးတိုးရေရွတ်လိုက်မိသည်။ သူမက ယပ်တောင်ကို ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင် ချီမုန်တိုင်းတစ်ခု ဖြစ်တည်လာကာ မြူခိုးများ ရစ်သိုင်းနေ၍ သွေးနီရောင် ပါးစပ်များနှင့် မရေမတွက်နိုင်လောက်အောင် များပြားသော ပိုးဖလံကောင်များ ပြည့်နှက်နေ၏။ ၎င်းမှာ အဆိပ်တိမ်တိုက်ကဲ့သို့ ယွမ်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် မျက်နှာအနီးသို့ ရောက်ရှိလာသည်။ သူက မတုန်မလှုပ် ရပ်နေသော်လည်း နဖူးအလယ်ရှိ ထောင်စောင့်နဂါးတံဆိပ်သည် တဝီဝီ လည်ပတ်ကာ ခရမ်းရောင်အလင်းများ ဖြာထွက်၍ အနက်ရောင် ပိုးဖလံများမှာ ထိတွေ့သည်နှင့် တပြိုင်နက် မီးလောင်တိုက်သွင်းခံလိုက်ရပြီး ပြာဖြစ်ကုန်သည်။
ထို့နောက် ခရမ်းရောင်အလင်းသည် ယွမ်ရှောင် လက်အတွင်း ဆင်းသက်ကာ ရုန်းထီး ဖြစ်သွားပြီး ပွင့်ထွက်လာသောအခါ ပတ်ဝန်းကျင်သည် ခရမ်းရောင်အလင်းများ ဖုံးလွှမ်းခံလိုက်ရ၍ အဖြူရောင်ဝတ်လူငယ်မှာ အင်မော်တယ်နတ်ဘုရားတစ်ပါး ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့်ပမာ တင့်တယ်နေသည်။
"ဘုန်း"
အရိပ်ယပ်တောင်နှင့် ရုန်းထီး ရင်ဆိုင်တွေ့သောအခါ ယွမ်ရှောင်အနေဖြင့် လက်ကောက်ဝတ်တစ်ချက် လှည့်လိုက်ရုံဖြင့် ပိုးဖလံများမှာ ကြိတ်စက်တစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ မီးခိုးများနှင့်အတူ အဆုံးသတ်ကုန်၏။ ကျန်လက်တစ်ဖက်ဖြင့် ကောင်းကင်သင်္ချိုင်း ဓားရှည်ကို ခုတ်ပိုင်းလိုက်သောအခါ ဓားအလင်းသည် လေဟာနယ်အား ထိုးဖောက်၍ အဆုံးသတ် အမှတ်အသားအဖြစ် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည်။
"ထန်"
ဓားနှစ်လက် ထိပ်တိုက်ရင်ဆိုင်မိသောအခါ ဓားမြှောင်မှာ မြေပြင်သို့ ပြုတ်ကျ၍ ဒရွတ်တိုက် လွင့်ထွက်သွားကာ မီးပွင့်များပင် ထွက်ပေါ်လာသည်။ ၎င်း၏ လမ်းကြောင်းရှိ ရန်သူရော မိတ်ဆွေပါမချန် ထိုးဖောက်သွားသဖြင့် မိုကျန်းကျီ၏ တိုက်ကွက်မှာ အလွန်ကြမ်းတမ်းသောကြောင့် ယွမ်ရှောင်၏ ဓားတစ်ချက်တည်းဖြင့် လမ်းကြောင်းကို မရပ်တန့်နိုင်ခဲ့ပေ။ သူက လက်အောက်ငယ်သားများကို အော်ဟစ်သတိပေးနေစဥ် လက်နက်ကြီးနှစ်ခု ဆွဲကိုင်ထားသည့် ခွန်ကျန်းမှာ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ လျှပ်စီးတဖြတ်ဖြတ် လင်းလက်နေသော အနီရောင် ပုဆိန်တစ်လက်နှင့် မီးလျှံများ တောက်လောင်နေသည့် ဆူးတပ်တူတစ်ချောင်း ဖြစ်ကာ တစ္ဆေညည်းသံများနှင့် ဝံပုလွေ အူသံများ ပဲ့တင်ထပ်နေသည်။
"ဘုန်း"
ထိုလက်နက်နှစ်ခုက မီးနှင့် မိုးကြိုး စွမ်းအားကို သယ်ဆောင်ကာ ယွမ်ရှောင်အပေါ် တောင်ကြီးများပမာ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ဖမ်းရခက်သော အိပ်မက်နတ်ဆိုးလည်း ရောက်ရှိလာကာ ကလေးငယ် အရေပြား အရည်ပျော်ကျသွား၍ ဝဲဂယက် သဏ္ဍာန် အနီရောင် မျက်လုံးများ တိုးထွက်နေ၏။ ၎င်းမှာ လင်းနို့သဏ္ဍာန် ကြောက်စရာ နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ယွမ်ရှောင်ကို မျက်လုံးချင်း ဆုံလိုက်သည်။
"အိပ်စက်လိုက်စမ်း"
လင်းနို့က တီးတိုးပြောဆိုနေပြီး တောင်ပံများဖြင့် ကိုယ့်ကိုကိုယ် ရစ်ပတ်ကာ ဝဲပမာ လှည့်ပတ်နေသော မျက်လုံးများမှ အလင်းတန်းတစ်ခု ယွမ်ရှောင်၏ မျက်ဝန်းအတွင်း တည့်တည့်မတ်မတ် ပစ်ခတ်ခဲ့သည်။
"မင့်အမေကို အိပ်ခိုင်းလိုက်ပါလား"
ယွမ်ရှောင်အနေဖြင့် သဘာဝလွန် တိုက်ကွက်ကြောင့် ယိမ်းယိုင်သွားခြင်း မရှိဘဲ စိတ်ဓာတ်ခိုင်မာစွာ ရှိနေ၏။ နဖူးတည့်တည့်တွင် ခရမ်းရောင် ဒေါင်လိုက်မျက်လုံး တစ်ခု ကွဲထွက်လာကာ ညအမှောင်ကို ဖောက်ထွက်နိုင်သည့် အရုဏ်ဦးအလင်းရောင်ကဲ့သို့ ခရမ်းရောင်အလင်းတန်း တစ်ခု ပစ်ခတ်ခဲ့သည်။ ၎င်းမှာ အိပ်မက်နတ်ဆိုး၏ မျက်လုံးတစ်ဖက်ကို ထိမှန်သွားသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့၍ နာကျင်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ မျက်လုံးမှ သွေးတစက်စက် စီးကျနေကာ တောင်ပံများဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန် အဆက်မပြတ် ခတ်နေသည်။ သို့ရာတွင် မိုးပြာရောင် ဓားရှည်သည် တောင်ပံများမှတဆင့် ဝမ်းဗိုက်ကို ဖြတ်သန်းကာ ဦးခေါင်းခွံမှတဆင့် ဖောက်ထွက်လာခဲ့၏။
"ဒီလောက်နဲ့ သတ်လို့ရမလား"
အိပ်မက်နတ်ဆိုးက လှောင်ရယ်လိုက်ပြီး အနက်ရောင်မြူခိုးများအဖြစ် အသွင်ပြောင်းကာ သေခြင်းတရားထံမှ ထွက်ပြေးနိုင်ခဲ့သည်။ ခွန်ကျန်း၏ တူနှင့်ပုဆိန် ကြမ်းတမ်းစွာ ကျရောက်လာသဖြင့် ယွမ်ရှောင်သည် ထိုမီးခိုးများကို လိုက်လံဖမ်းဆီးရန် အခွင့်အရေး မရခဲ့ပေ။ ဒေါင်လိုက်မျက်လုံးသည် သူ့ကို ကာကွယ်ရန် မျက်တောင်တစ်ခတ်အတွင်း ရုန်းထီး ဖြစ်သွားပြီး ပုဆိန်ချက်ကြောင့် နောက်သို့ လန်ထွက်သွား၏။
"သေစမ်း"
ခွန်ကျန်းက ဟိန်းဟောက်ရင်း မီးတောက်တူ ဆက်လက် ကျဆင်းလာရာ ပြင်းထန်လွန်းသဖြင့် လေထုပင် ပေါက်ကွဲထွက်နေသည်။ သေရေရှင်ရေး အခိုက်အတန့်တွက် ယွမ်ရှောင်သည် လက်ဟန်တစ်ခု ပြုလုပ်ကာ ထိုက်ကျီဓားသိုင်းကို လက်ဗလာဖြင့် အသုံးပြု၍ တူရိုက်ချက်အား ဟန့်တားထားသည်။ သူ၏ လက်က နူးညံ့ပုံပေါ်သော်လည်း အံ့သြစရာကောင်းစွာပင် တူသည် လေထဲ၌ အနီးကပ် ရပ်တန့်သွားပြီး ထိခိုက်မှု မရှိပေ။ ခြေထောက်အောက်ရှိ မြေကြီးက ကွဲထွက်သွားကာ ကိုက်ရာပေါင်းများစွာအထိ အက်ကြောင်းများ ပြန့်ထွက်သွားသော်လည်း ဒဏ်ရာ မရခဲ့ချေ။ တူရိုက်ချက်က မည်သည့်လူသားမဆို အသားပြားဖြစ်သွားရန် လုံလောက်သော်လည်း ယွမ်ရှောင်မှာ အထိအခိုက် မရှိသဖြင့် ခွန်ကျန်း၏ ဒေါသတကြီးမျက်နှာသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်က နတ်ဆိုးနှင့် မိစ္ဆာများထက် ပိုမို သန်မာနေရသော အကြောင်းအရင်းကို နားမလည်နိုင်ခင်မှာပင် ယွမ်ရှောင်၏ မျက်လုံးများ အေးစက်သွားသည်။ ဓားဝိညာဥ်က သူ၏ လက်တွင်း ပြန်လည်ရောက်ရှိလာကာ ခုတ်ပိုင်းလိုက်သဖြင့် ခွန်ကျန်း၏ လက်တစ်ဖက် ပြတ်တောက်သွား၍ သွေးများ ရေပန်းပမာ စီးထွက်လာရင်း မီးတောက်တူမှာ ဘုတ်ခနဲ ပြုတ်ကျသွား၏။ ရန်သူ အားနည်းနေသော အခိုက်အတန့်၌ သူက ရှေ့တက်လိုက်ပြီး ဓားချက်များ ထုတ်ဖော်လိုက်ရာ တောက်ပသော ပန်းပင်လယ်ကြီးအလား လှပနေသည်။
"ရွှစ် ရွှစ် ရွှစ်"
ဓားချက်တိုင်းသည် ခွန်ကျန်း၏ ခန္ဓာကိုယ်အထက်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာစေပြီး တစ်ခုချင်းစီက အနီရောင်ပန်းများ ပွင့်လန်းလာသယောင် ထင်မှတ်ရ၏။
"ဒုန်း"
ခွန်ကျန်းက ဒူးထောက်ကျသွားပြီး လက်ပြတ်သွားသည်မှ လွဲ၍ ထင်ရှားသော ဒဏ်ရာများ မရှိပေ။ ဓားဒဏ်ရာများစွာသည် ဆေးမင်ကြောင်အလား ထင်မှတ်ရပြီး သေစေနိုင်ပုံမပေါ်သော်လည်း သူက အသက်ပျောက်သွားပြီး ဗလာမျက်ဝန်းများ၌ ပန်းသဏ္ဍာန် ဓားတစ်ချက်စီ ရှိနေခဲ့သည်။
"ထာဝရပန်းပင်လယ်ဓားသိုင်း။ ဒါက ရှောင်တိမ်းရအခက်ဆုံး သိုင်းကွက်၊ ဓားအပျက်အစီးနယ်မြေရဲ့ အနှစ်သာရပဲ။ ဒဏ်ရာတွေက အပေါ်ယံလို့ ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ မရေမတွက်နိုင်အောင် ထိုးဖောက်ခံရပြီး ပန်းသဏ္ဍာန် ဖြစ်ပေါ်လာတာပဲ"
ဓားအစောင့်အရှောက်က တိုက်ခိုက်နေရာမှ ထိုမြင်ကွင်းကို မြင်သောအခါ အံ့သြတကြီး အော်ဟစ်အားပေးလိုက်လေသည်။