ငရဲကိုးထပ် ဘုရင်
Vol. 28 Ch. 364
ဆံနီအဘိုးအိုသည် ဒေါသမီး တောက်နေသော်လည်း ယွမ်ရှောင်ကို လျစ်လျူရှု၍ အနီရောင်အလင်းအဖြစ် ပြောင်းလဲကာ အခြားသူများထံ တိုးဝင်သွား၏။ ထို့ကြောင့် သူ၏ မျက်နှာ ဖြူဖျော့သွားပြီး အကောင်းဆုံး ကြိုးစား အချိန်ဆွဲနေသော်လည်း လက်အောက်ငယ်သားများကို လွတ်မြောက်စေလိုသော အားနည်းချက်ကို ရန်သူက သတိထားမိခဲ့သည်။ ထိုအဘိုးအိုက ဖီးနစ်ဧကရီကို အသန်မာဆုံးဟု ထင်မှတ်သောကြောင့် တိုက်ခိုက်လိုက်ပြီး ရုတ်တရက် ဆန်လွန်းသဖြင့် အငိုက်မိသွားခဲ့သည်။
"သတိထား"
ဆံနီအဘိုးအိုက သူမ၏ လည်ချောင်းကို လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည့်အချိန်တွင် ယွမ်ရှောင်၏ အော်သံ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။ ဓားမြှောင်တစ်လက် ဝင်ရောက်လာကာ လက်ဝါးကို ထိုးဖောက်သွားသဖြင့် ဦးတည်ရာ ပြောင်းလဲကာ တောင်ပံအပေါ် ကျရောက်သွားစေသည်။ ဂျွတ်ခနဲ မြည်သံနှင့်အတူ သူမ၏ ဘယ်ဘက်တောင်ပံ ပြတ်ထွက်လုနီးပါး တွဲလောင်းကျသွားကာ ခန့်ညားထည်ဝါသော ဖီးနစ်မှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့၏။ လူသားအသွင်ဖြင့် လဲကျသွားပြီး ဘယ်လက်တစ်ဖက် သွင်သွင်ကျိုးကာ သွေးများ စီးထွက်နေပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။ ဆံနီအဘိုးအိုက တဟားဟား ရယ်မောရင်း လက်ဝါးမှ ဓားဒဏ်ရာကို လျစ်လျူရှုကာ အဆိုးဆုံး အခြေအနေ ရောက်ကာနီးတွင် ယွမ်ရှောင်သည် ဓားရော လူပါ ပစ်ဝင်လာခဲ့သည်။
"ဘုန်း"
ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကောင်းကင်သင်္ချိုင်းဓားသည် ဆံနီ အဘိုးအို၏ နံစောင်းတွင် အပေါက်ကြီး ဖြစ်သွားစေကာ သွေးနှင့် အသားစများ ပြတ်ထွက်ကုန်သည်။.
"ကျိုးစမ်း"
သူက ဒေါသတကြီးဖြင့် ယွမ်ရှောင်ကို ကန်ထုတ်၍ ဓားကို လက်နှစ်ဖက်ဖြင့် ချိုးပစ်ရန် ကြိုးစားလိုက်သော်လည်း လက်ဝါးတစ်ဖက် ပြတ်တောက်သွားရသည်။ မြေကြီးပေါ်တွင် နာကျင်မှုကြောင့် ကြက်သေသေနေသော ဖီးနစ်ဧကရီကို ယွမ်ရှောင်က ဆွဲထူလိုက်ပြီး အကြည့်ချင်းဆုံသောအခါ သူမ၏ မျက်ဝန်းများ မျက်ရည်ဝဲနေသည်။ မူလတွင် သူမသည် တွန့်ဆုတ်နေခဲ့သော်လည်း ယခုအခါ လက်တစ်ဖက် ကျိုးလျက်သားနှင့်ပင် ကုန်းနတ်ဆိုးများကို ဦးဆောင် ထွက်ခွာသွားခဲ့၏။
"ဒါက ဘာဓားလဲ"
ဆံနီအဘိုးအိုသည် မေးခွန်းထုတ်ရင်း သူ့ကို စိုက်ကြည့်နေသည်။
"ဝက်သတ်ဓားလေ။ အခု လူတိုင်း လွတ်မြောက်သွားပြီဆိုတော့ မင်း ရှုံးနိမ့်ပြီ"
ယွမ်ရှောင်သည် ဓားရှည်ကို ပွတ်သပ်ရင်း အဘိုးအို၏ တိုက်ခိုက်နိုင်သော စက်ကွင်းမှ လွတ်မြောက်နေရာ လှောင်ပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ငတုံးကောင်"
ဆံနီအဘိုးအိုက လှောင်ရယ်နေသော်လည်း ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူ အားလုံး နားခိုရာဂိုဏ်း အပြင်ဘက်သို့ လွတ်မြောက်သွားကြပြီဖြစ်သည်။
"မင်း တစ်ယောက်တည်း ပျော်ပျော်ကြီး နေခဲ့လိုက်တော့"
ယွမ်ရှောင်သည် ဓားပျံကို စီးနင်းကာ အပြင်သို့ တရကြမ်း ထွက်ခွာသွားသောအခါ တစ်ဖက်လူက လိုက်လံဖမ်းဆီးနေပြီး ကျန်အဘိုးအိုများအားလုံး လမ်းပိတ်ထားလိုက်ကြသည်။ သူက ကျင်လည်စွာ ပျံသန်းရင်း ထိုးဖောက်သွားကာ အဘိုးအိုများ၏ တားဆီးမှုသည် ဆံနီအဘိုးအိုကိုသာ နှောင့်နှေးစေခဲ့ပြီး လမ်းကြောင်းတလျှောက် ကိုယ်ပွားများ ကြေမွကုန်သည်။ သူက နားခိုရာဂိုဏ်းအပြင်သို့ ရောက်သောအခါ လည်ပြန်တစ်ချက်ကြည့်၍ နှုတ်ဆက်လိုက်ပြီး မိုကျန်းကျီ ပေးခဲ့သော ကျောက်စိမ်းတိုင်ဖြင့် နားခိုရာဂိုဏ်း၏ တံခါးအားလုံး ချိတ်ပိတ်ကာ အဘိုးအိုများစွာကို ပျက်စီးကိန်းဆိုက်စေသည်။ လွတ်မြောက်လာသော ကျင့်ကြံသူများသည် တံခါးများ ပိတ်သွားသည်နှင့်တပြိုင်နက် စိတ်အေးသွားကာ သေဘေးမှ လက်မတင်လေး လွတ်မြောက်လာသည့်အတွက် ကျေးဇူးတင်နေကြ၏။ ယွမ်ရှောင်၏ လုပ်ဆောင်ချက်များသည် ငရဲကိုးထပ်တိုက်ပွဲမှ စတင်၍ နီအန်ကို တိုက်ခိုက်ခြင်းအထိ ဒဏ္ဍာရီလာ သူရဲကောင်းပမာ ဖြစ်၍ လေးစားစရာ ကယ်တင်မှုမျိုး ဆောင်ရွက်ပေးခဲ့သည်။ ယွမ်ရှောင်သာ မရှိလျှင် ထိုကျင့်ကြံသူအားလုံး နီအန်သားရဲအတွက် အစာဖြစ်သွားကာ ၎င်း လွတ်မြောက်လာလျှင် ငရဲကိုးထပ်၌ ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။
"ငရဲကိုးထပ်ဘုရင် ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်း သခင်လေးယွမ် သက်တော်ရာကျော်ရှည်ပါစေ"
ရန်သူများပင် ဖြစ်ခဲ့ပါစေ၊ ကျင့်ကြံသူများသည် ယွမ်ရှောင်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ကာ လေးစားစွာ ပြိုင်တူ ကြွေးကြော်နေကြသဖြင့် ငရဲကိုးထပ်မှာ သူ၏ လက်အောက်ခံ ရာနှုန်းပြည့် ဖြစ်လာခဲ့သည်။ ကြွေးကြော်သံများက ကောင်းကင်တစ်ခွင် မြည်ဟီးသွားကာ ဓားအစောင့်အရှောက်၊ ရေသူမဘုရင်၊ ယင်မိစ္ဆာဘုရင်နှင့် ဖီးနစ်ဧကရီသည် ကျေနပ်စွာ ကြည့်နေကြသော်လည်း ကာယကံရှင်မှာ မပြုံးနိုင်ခဲ့ပေ။
"အပျော်မစောကြနဲ့"
သူ၏ စကားကြောင့် ကျင့်ကြံသူများ ချက်ချင်း တိတ်ဆိတ်သွားကာ လေးနက်သော အခြေအနေ အမှန်တရားကို နားမလည်နိုင် ဖြစ်နေကြသည်။ နီအန်သားရဲ၏ ကြီးမားသော လွတ်မြောက်မှုအကြံကို တားမြစ်နိုင်ခဲ့သဖြင့် အောင်ပွဲခံသင့်သည် မဟုတ်ပါလော။
"ဒီကောင်က ငါတို့ကို ငတုံးလို့ ခေါ်ခဲ့တယ်။ နှစ်ပေါင်းများစွာ အကျဥ်းခံရတာကနေ လွတ်မြောက်ဖို့ ကျင့်ကြံသူတစ်သောင်းကျော်လောက်နဲ့ လုံလောက်ဖို့ မဖြစ်နိုင်ဘူး"
နီအန်သားရဲသည် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် ကျော့ကွင်းထောင်ဖမ်းရာ၌ လွဲချော်သွားသော်လည်း မောက်မာစွာ ပြောဆိုနေသည်။ ထိုအခိုက်တွင် နားခိုရာဂိုဏ်း၏ တံခါးပေါက်က ပြင်းထန်စွာ တုန်ခါလာ၍ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့လာသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။
"နောက်ဆုတ်ပြီး လူဖြန့်နေကြ"
ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်ပြီး တံခါးပေါက်မှာ တဝုန်းဝုန်း ပြိုကျစပြုလာကာ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရသော နီအန်သားရဲ၏ ဟိန်းသံကြီး ပြင်းထန်စွာ ထွက်လာ၏။ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် တံခါးပေါက်သည် တိုက်ခိုက်မှုကို မခုခံနိုင်တော့ဟန်ဖြင့် အပျက်အစီးများအဖြစ် လွင့်ထွက်သွားကာ ဆံနီအဘိုးအို ထွက်ပေါ်လာပြီး ကိုယ်ပွားထောင်ချီခန့်သည် မျောက်တစ်အုပ်ပမာ နေရာတိုင်း၌ တွဲလောင်းခိုနေကြသည်။
"ဟား ဟား ဟား ငတုံးကောင်တွေ"
ဆံနီအဘိုးအိုက ကျေနပ်စွာ ရယ်မောရင်း ကျင့်ကြံသူများကို လိုက်လံဖမ်းဆီးမနေဘဲ ကိုယ်ပွားများနှင့်အတူ နားခိုရာဂိုဏ်း အတွင်းပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
"ဘာအဓိပ္ပါယ်လဲ။ တံခါးပျက်စီးသွားတာတောင် ဘာလို့ ထွက်မလာတာလဲ"
မုတလုံ၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
"နားခိုရာဂိုဏ်း အပြင်ကို အခုထွက်လာရင် ငါတို့ကို လိုက်သတ်နိုင်မှာ မဟုတ်ဘူး။ အကုန် တကွဲတပြား ဖြစ်သွားလိမ့်မယ်။ ဒီတံခါးကို ဖျက်ဆီးနိုင်ရင် ကျန်တံခါးတွေကိုလည်း ဖျက်ဆီးနိုင်မှာပဲ။ ဒီလိုနဲ့ သူတို့က ငရဲကိုးထပ်မှာ စိတ်တိုင်းကျ သွားလာပြီး သာမန်ပြည်သူတွေနဲ့ ကျင့်ကြံသူတွေကို လိုက်သတ်လိမ့်မယ်"
မုကျန်းတန်းက လေးနက်စွာ သုံးသပ်ပြ၏။ နီအန်သားရဲသည် ၎င်း၏ အကြံအစည် ကျရှုံးသွားသဖြင့် ဒုတိယမြောက် အစီအစဥ်ဆွဲကာ ကျင့်ကြံသူများကို ပွဲတော်တည်ရန် အချိန်ဆွဲ တိုက်ခိုက်နိုင်သည်။ ထိုကိုယ်ပွားများသာ ငရဲကိုးထပ်၌ ပျံ့နှံ့သွားလျှင် ကပ်ဆိုက်နိုင်ပြီး ထိပ်တန်းကျင့်ကြံသူများ ကျောစိမ့်သွားကာ အခြေအနေ မည်မျှလေးနက်ကြောင်း နားလည်ကုန်သည်။
"ကောင်းတဲ့အချက်တစ်ခုက ဒီကောင် အပြည့်အဝ မလွတ်မြောက်သေးဘူး။ ဆံနီကောင်ကြီးက ခြေလက်လို အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မယ်"
မုတရှုံက တွေးတွေးဆဆ ရေရွတ်လိုက်၏။
"ဒါက မကောင်းဘူး။ ဒီအစိတ်အပိုင်းက အစာဝသွားလို့ အကျဥ်းခန်းကို ဖွင့်လိုက်ရင် ငရဲကိုးထပ်ဟာ တကယ့် ငရဲပြည် ဖြစ်သွားလိမ့်မယ်"
မုကျန်းတန်းက ခေါင်းယမ်းပြလိုက်ပြီး နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရသော လောဘသားရဲတစ်ကောင် လွတ်မြောက်လာလျှင် ဆိုသော အကြောင်းကို တွေးမိရုံဖြင့် ကြောက်စရာကောင်းလွန်းလှသည်။ ဤအခြေအနေကြောင့် လူတိုင်းသည် ယွမ်ရှောင်အပေါ် မျှော်လင့်ချက် ပုံအပ်ထားလိုက်ပြီး အစစ်အမှန် အင်မော်တယ် တစ်ယောက်ဆိုလျှင် ထိုသားရဲကို ကြောက်ရွံ့နိုင်သော်လည်း ရွေးစရာ မရှိတော့ပေ။ နားခိုရာဂိုဏ်းအတွင်း ဆံနီအဘိုးအိုနှင့် တိုက်ခိုက်ရာတွင် ယွမ်ရှောင်သည် အဆင့်ချင်းမတူသည်မှာ အားလုံး မျက်မြင်ဖြစ်၏။
"လက်ရှိအခြေအနေကြောင့် အောင်မြင်မယ်လို့ ငါ အာမမခံနိုင်ပေမယ့် အကောင်းဆုံး ကြိုးစားပေးမယ်"
ယွမ်ရှောင်က သက်ပြင်းချ၍ များပြားလှသော မျှော်လင့်ချက်များ၏ ဝန်ထုပ်ဝန်ပိုးကို လက်ခံရယူလိုက်သည်။
"ငါတို့ မင်းကို ယုံကြည်တယ်"
"နီအန်သားရဲကို ချေမှုန်းဖို့ အကူအညီ လိုအပ်တယ်"
"အမိန့်အတိုင်းပါ သခင်လေးယွမ်"
"ငါက ငရဲကိုးထပ် ဘုရင်ဖြစ်လာပြီ ဆိုမှတော့ ဓလေ့ထုံးတမ်းအရ အခွန်အခတွေ ပေးဆောင်ရမယ့် အချိန်တန်ပြီ"
ယွမ်ရှောင်က ချောင်းတစ်ချက်ဟန့်၍ အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ကြေညာလိုက်လေသည်။