← Chapters

ဖိတ်ခေါ်မထားသော ဧည့်သည်များ

Vol. 28 Ch. 365

ဖိတ်ခေါ်မထားသော ဧည့်သည်များ

Vol. 28 Ch. 365

အခွန်ပေးရမည်ဟု ယွမ်ရှောင်က ဒဲ့တိုးအိုးပေါက် ပြောချလိုက်သောအခါ လူအုပ်မှာ မင်သက်သွားကြပြီး တစ်ယောက်ချင်းစီသည် သိုလှောင်အိတ်အတွင်းရှိ အင်မော်တယ်ကျောက်စိမ်း တစ်ဝက် ပေးဆောင်ရပေလိမ့်မည်။ ရဲတင်းသော တောင်းဆိုမှုကြောင့် ကျင့်ကြံသူထောင်ချီမှာ တပြိုင်နက် နောက်ဆုတ်လိုက်မိကြပြီး မျက်နှာများ ရှုပ်ထွေးကာ နောက်ပြောင်နေခြင်းလားဟု စဥ်းစားနေကြ၏။

"သခင်လေးယွမ်သာ မရှိနေရင် မင်းတို့အားလုံး အစားခံနေရလောက်ပြီ။ ဒီအရင်းအမြစ်လောက်က ဘာလုပ်လို့ရတော့မှာလဲ"

မုတရှုံက မကျေမနပ် ဖြစ်နေသူများကို သတိပေးလိုက်ပြီး ကျိုးကြောင်းဆီလျော်သဖြင့် ဆွံ့အသွားစေသည်။ ယွမ်ရှောင်၏ အကြည့်တစ်ချက်အဝေ့တွင် ကျင့်ကြံသူများ လက်ခံရမည်ဟု သဘောပေါက်သောကြောင့် ခေါင်းငုံ့သွားကာ ပျက်စီးခြင်းအစွန်းတစ်ဖက် ရောက်နေသည့် ငရဲကိုးထပ်ကို ကယ်တင်ရန် အရင်းအမြစ်များ လိုအပ်ပေသည်။ သူ့အနေဖြင့် လိုက်လံတောင်းခံရန် လက်တစ်ချောင်းပင် မြှောက်စရာမလိုဘဲ လက်အောက်ငယ်သားများက ချက်ချင်း လှုပ်ရှားပေးခဲ့ကြ၏။ ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများသည် မည်သည့်ဘက်သို့ ယိမ်းရမည်ကို ကောင်းစွာ နားလည်လာကြပြီး သူ့လက်အောက်တွင် အမှုထမ်းကာ အနည်းဆုံး အသက်ရှင်ခွင့်ရရန် မျှော်လင့်ထားသောကြောင့် အချိန်ခဏအတွင်း အောင်မြင်သွားခဲ့သည်။ အုပ်စိုးသူများမှလွဲ၍ ကျင့်ကြံသူအားလုံး ထုတ်ပေးလာသည့် အင်မော်တယ်ကျောက်စိမ်း အရေအတွက်မှာ သန်းငါးရာကျော်သည့်အပြင် သေဆုံးသွားသော ရန်သူများ၏ ပိုင်ဆိုင်မှုကိုပါ ထည့်တွက်လိုက်လျှင် သူ့အနေဖြင့် သန်းထောင်ချီ ပိုင်ဆိုင်လာခဲ့သည်။ ငရဲကိုးထပ်တွင် သာမန်ကျင့်ကြံသူများမှာ သူတော်စင်ကျောက်များကို ကုန်သွယ်ရာ၌ အသုံးပြုကြပြီး တာအိုနှလုံးသား အဆင့်နှင့် အထက်အဆင့်များသာ အင်မော်တယ်ကျောက်စိမ်း သုံးစွဲနိုင်ကြ၏။ လက်ရှိတွင် ဖောင်းကားနေသော သိုလှောင်အိတ်သည် သားရဲလေးကို အပျော်ကြီးပျော်စေရန် လုံလောက်နေခဲ့သည်။

"အခု ငါက ငရဲကိုးထပ်ကို လက်ဖဝါးထဲ ထည့်ထားနိုင်ပြီ။ ဒါမျိုးမှ တကယ့်ဘုရင်လို့ ခေါ်တာကွ"

သို့ရာတွင် သာမန်ပြည်သူများနှင့် စစ်တပ်များသည် ဘုရင်အသစ်အကြောင်းကို သိရှိဦးမည် မဟုတ်ရာ ကပ်ဘေးတံဆိပ်ငရဲနှင့် နေမင်းငရဲတွင် စစ်သည်များစွာက အုပ်စိုးသူများ အောင်ပွဲခံ ပြန်အလာကို စောင့်ဆိုင်းနေကြပေလိမ့်မည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်ပြီး ထိပ်တန်းကျင့်ကြံသူများနှင့် သာမန်ပြည်သူများ အကြား အဆက်အသွယ် ပြတ်တောက်စေမည် မဟုတ်ပေ။

"ပြည့်စုံခြင်းအဆင့် ကံပင်လယ်နယ်ပယ်တွေ အကုန်ထွက်လာစမ်း"

သူ၏ အမိန့်အောက်တွင် စုဝေးနေသော ကျင့်ကြံသူများ၏ သုံးပုံနှစ်ပုံက ရှေ့တက်လာ၍ တန်းစီခဲ့ကြသည်။

"သက်ဆိုင်ရာ ငရဲဘုံကို ပြန်သွားပြီး တည်ငြိမ်အောင် ထိန်းသိမ်းထား၊ နားခိုရာဂိုဏ်းမှာ ဖြစ်ပျက်သမျှကို သတင်းထုတ်ပြန်လိုက်။ နီအန်သားရဲနဲ့ စစ်ပွဲမှာ ဘယ်သူမှ ငါ့ကို ဆန့်ကျင်တာ မလိုချင်ဘူး"

အချို့ငရဲပြည်များသည် ဓားအပျက်အစီးနယ်မြေကို တိုက်ခိုက်ရန် ပြင်ဆင်နေနိုင်သဖြင့် သူက တင်းမာစွာ ကြေညာ၍ အတွင်းပိုင်း ပဋိပက္ခ မရှိစေရန် ညွှန်ကြားသည်။ သစ္စာတရားနှင့် အုပ်စိုးမှုကို လက်ခံရန် အမိန့်ပေးလိုက်ပြီး ထိုကျင့်ကြံသူများမှာ နီအန်နှင့် တိုက်ရိုက်ရင်ဆိုင်ရမည် မဟုတ်သောကြောင့် စိတ်အေးသွားကြသည်။

"နားခိုရာဂိုဏ်း အပြင်မှာ မခုခံနိုင်ရင် မြို့ကြီးတွေက နီအန်ရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်။ သာမန်ပြည်သူတွေကို ဘေးကင်းရာပို့ဆောင်ပေးဖို့ မင်းတို့ တာဝန်ယူရမယ်"

"နားလည်ပါပြီ"

ခံစားချက် မျိုးစုံနှင့် တုံ့ပြန်သံများ ထွက်ပေါ်လာပြီး အချို့မှာ စိတ်အားထက်သန်၍ အချို့က ပါးစပ်သဘော ပြောနေခြင်းဖြစ်ရာ လေးနက်မှု မတူညီပေ။ ရှုံးနိမ့်သွားသော ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများကို အားကိုးရန် မဖြစ်နိုင်သောကြောင့် နီအန်သားရဲအကြောင်း သတင်းပေးနိုင်လျှင်ပင် လုံလောက်ပြီဖြစ်၏။ ထို့နောက် ယွမ်ရှောင်သည် ကြီးကြပ်သူ ငါးယောက်၊ ယင်မိစ္ဆာအကြီးအကဲ ငါးယောက်နှင့် ရေသူနတ်ဆိုးအကြီးအကဲ ဆယ်ယောက်ကို ရွေးချယ်၍ ကပ်ဘေးတံဆိပ် ငရဲ ၊ နေမင်းငရဲနှင့် ပင်လယ်ငရဲနှစ်ခုထွ လိုက်ပါသွားရန် အမိန့်ပေးကာ စိတ်တိုင်းကျစီရင်ခွင့် ပေးလိုက်သည်။ သူ့အပေါ် ထိုမျိုးနွယ်ဝင်များက အမှန်တကယ် လေးစားသက်ဝင်သောကြောင့် ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများကို ဂယက်ထသွားစေသော်လည်း ကောင်းကင်ခန်းဆောင်နယ်ပယ်များ သုတ်သင်ခံခဲ့ရသောအခါ လိုက်နာရန်မှတစ်ပါး ရွေးစရာမရှိချေ။

"အခုချက်ချင်း ထွက်ခွာကြ"

ယွမ်ရှောင်၏ အမိန့်အရ ကျင့်ကြံသူများ ထွက်ခွာသွားပြီး လက်ရှိအခြေအနေမှာ သကာရည်စမ်းထားသော ဓားသွားပမာ တင်းမာနေ၏။ သူက ငရဲကိုးထပ်ကို လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သော်လည်း နီအန်သားရဲကြောင့် အခြေအနေမှာ စိုးရိမ်စရာပင်။

"အဆောင်ဧကရာဇ်နဲ့ အပေါင်းအပါတွေကို သခင်လေးယွမ်က ဖြုတ်ချလိုက်တယ်။ အခု နီအန်သားရဲကြောင့် ငါတို့ အလှည့်ရောက်လာတော့မှာလား"

သတင်းပျံ့နှံ့သွားသောအခါ ငရဲကိုးထပ် တစ်ခွင် ဗြောင်းဆန်သွားကာ ဓားကျင့်ကြံသူများ၊ ယင်မိစ္ဆာများနှင့် ရေနတ်ဆိုးများအတွက် အကောင်းအဆိုး ရောယှက်နေသော်လည်း ရုန်းကျင့်ကြံသူများ၊ ယန်မိစ္ဆာများနှင့် ရေနဂါးများအတွက် ထိခိုက်စရာချည်းပင်။ မျှော်လင့်ချက်မဲ့သော လှိုင်းလုံးကြီးအောက်တွင် တစ်ခုတည်းသော မျှော်လင့်ချက်သည် ယွမ်ရှောင်ကို အမှုထမ်းရန် ဖြစ်ကာ ငရဲကိုးထပ်တစ်ခုလုံး မျိုးတုံးမည့် အန္တရာယ်မှ လွတ်မြောက်နိုင်ရန် သေးငယ်သော အခွင့်အရေးလည်း ဖြစ်၏။ သူက နားခိုရာဂိုဏ်း အပြင်ဘက် တောနက်အတွင်း ကံပင်လယ်နယ်ပယ်နှင့် အထက်အဆင့် ကျင့်ကြံသူ သုံးထောင်ကျော်ကို ပုန်းအောင်းစေကာ အမိန့်နာခံစေသည်။

"တမလွန်ချောက်နက်ကို ပြန်သွားမလို့လား"

ယွမ်ရှောင်က နတ်ဆိုးဖြူကို မေးလိုက်သည်။

"ရေနေသတ္တဝါတွေက ငါ ပြန်ကောင်းလာဖို့ ကူညီပေးနိုင်တယ်။ မကြာခင် ပြန်လာမယ်"

"ငါ စောင့်နေမယ်"

ယွမ်ရှောင် ခေါင်းညိတ်ပြလိုက်သောအခါ သူမသည် ပင်လယ်သို့ ဦးတည်းနေသော မြစ်တစ်စင်းအတွင်း ခုန်ချကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

"မြေခွေးလေး မင်းက တော်တော်ကောက်ကျစ်တာပဲ။ အသွင်နှစ်မျိုးနဲ့ အားလုံးကို လှည့်စားနေတယ်။ ငါ့ကိုတောင် အသားယူခဲ့သေးတယ်"

လက်တစ်ဖက် တွဲလောင်းကျ၍ အားနည်းစွာ ရပ်နေသော ဖီးနစ်ဧကရီက စိုက်ကြည့်၍ ဒေါသတကြီး အပြစ်တင်လာသည်။

"မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ဒဏ်ရာကသက်သာပြီလား"

သူက လျစ်လျူရှု၍ သူမ၏ လက်မှ ဒဏ်ရာကိုသာ စစ်ဆေးနေသည်။

"ဆေးကုထားပေမယ့် နတ်ဆိုးတွေက ရုပ်ပိုင်းဆိုင်ရာကို အားကိုးလို့ အရိုးသာ ဒဏ်ရာရသွားရင် ပြန်ကောင်းဖို့ ခက်တယ်။ နင် ငါ့ကို မကာကွယ်နိုင်လို့ ဖြစ်ရတာပဲ"

သူမက နှုတ်ခမ်းဆူ၍ မျက်စောင်းတစ်ချက် ထိုးလိုက်၏။

"ဒါဆိုရင် ရှေးဟောင်းနတ်ဆိုးငရဲကို ပြန်ပြီး အနားယူလိုက်ပါ"

"မသွားဘူး"

"ဒဏ်ရာနဲ့ဆိုရင် ဒီနေရာမှာ ပြဿနာ ရှိတယ်"

"ဘာလဲ ငါ့ကို အသုံးချပြီး စွန့်ပစ်ချင်နေပြီလား"

ယွမ်ရှောင်သည် ဖီးနစ်ဧကရီနှင့် ခွန်းတုံ့ပြန်ရန် စိတ်မဝင်စားတော့သဖြင့် လျစ်လျူရှုလိုက်ရာ သူမကို ပေါက်ကွဲလုနီးပါး ဖြစ်သွားစေသည်။

"ငါ့ကို ဖြေစမ်းပါ။ မြေခွေးပုံစံပြောင်းပြီး မိန်းမ ဘယ်နှယောက်လောက်ကို လှည့်စားပြီးပြီလဲ"

"ရေတွက်မလို့မရဘူး"

"နင်...နင် နှလုံးသားမရှိတဲ့ အရူးကောင်"

"ဒီလျှို့ဝှက်ချက်ကို မင်းတစ်​ယောက်တည်း သိထားရမယ်"

"ဟွန့် ဒီလိုပုံစံနဲ့ ခန့်ညားပေမယ့် မြေခွေးလေးက ပိုပြီး ချစ်စရာကောင်းတယ်။ ငါ့ကောင်လေးကို အခု ပြန်ပေး"

သူမက နှုတ်ခမ်းကိုက်၍ အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် သက်ပြင်းချကာ တောင်းဆိုလိုက်သည်။

"ဟင်"

ယွမ်ရှောင်က ခေါင်းညိတ်၍ သွေးကျွန်နှင့် နတ်ဆိုးကိုယ်ပွားကို ပြန်လည်ခွဲထုတ်ကာနီးတွင် ကောင်းကင်၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ မသိစိတ်အရ ​ပြဿနာဟု ခံစားနေရပြီး ကျင့်ကြံသူများကို အော်ဟစ်သတိပေးကာ အနားတွင် စုဝေးလိုက်ရသည်။

"ဒီတိမ်တိုက်တွေက ထူးခြားနေတယ်။ တစ်ယောက်ယောက် ရောက်လာတာများလား"

ကောင်းကင်တွင် တိမ်တိုက်များသည် စက်ဝိုင်းပမာ စုဝေးကာ လှည့်ပတ်နေပြီး ပေါက်ကွဲသံ တဝုန်းဝုန်း မြည်ဟီး၍ သဘာဝတရားကို ဆန့်ကျင်နေသဖြင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

"အပြင်လူတွေ"

တိမ်တိုက်စက်ကွင်း၏ အလယ်ဗဟိုတွင် အရှိန်အဝါ ပြင်းထန်သော ပုံရိပ်သုံးခု ထွက်ပေါ်လာကာ ဆံနီအဘိုးအိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပုံပေါ်သည်။

"တိမ်စက်ဝိုင်းသင်္ကေတ၊ ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ အမှတ်အသားပဲ"

ဓားအစောင့်အရှောက်က ယွမ်ရှောင်အနားတွင် ထွက်ပေါ်လာပြီး တုန်ရီနေသော အသံဖြင့် တအံ့တသြ ရေရွတ်လိုက်၏။ ထိုအချိန်တွင် ပုံရိပ်သုံးခုမှာ ဆင်းသက်လာပြီး အရှိန်အဝါ ပြင်းထန်လွန်းသောကြောင့် ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူများပင် အကြည့်လွှဲလိုက်ရသည်။ အမျိုးသား သုံးယောက်ဖြစ်ကာ ရုပ်ရည်ချင်းဆင်တူသဖြင့် ညီအစ်ကိုများ ဖြစ်နိုင်၏။ အလယ်တွင် ငွေရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် နေရာယူထားပြီး ဆံပင်ရှည်ကို နောက်တွင် စည်းနှောင်ကာ ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ အရေပြားမှ ရွှေရောင်တောက်ပနေသည်။ စစ်သည်တော်တစ်ယောက်၏ အငွေ့အသက်မျိုး ထုတ်လွှတ်နေသော ထိုလူငယ်၏ ရွှေရောင်မျက်လုံးများက ယွမ်ရှောင်ကို စိတ်ဝင်စားစေခဲ့ပြီး အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကိုပင် ဖောက်ထွင်းမြင်နိုင်ပုံရသည်။

ရွှေရောင်လူငယ်၏ ဖိအားကြောင့် ယွမ်ရှောင် ပတ်လည်ရှိ ထိပ်တန်းကျင့်ကြံသူများသည် ခေါင်းငုံ့ထားရပြီး မမြင်နိုင်သော အင်အားဖြင့် ဖိနှိပ်ခံထားရသောကြောင့် အဆုတ်ကို ဖိညှစ်ထားသကဲ့သို့ အသက်ရှူမဝဖြစ်ကာ ချွေးများ တသွင်သွင် စီးကျလာခဲ့လေသည်။

All Chapters