← Chapters

တမန်တော်များ

Vol. 28 Ch. 366

တမန်တော်များ

Vol. 28 Ch. 366

ရွှေရောင်မျက်လုံး လူငယ်က ထိုသုံးယောက်တွင် အသန်မာဆုံးဖြစ်မည်မှာ သံသယဖြစ်စရာ မရှိပေ။ ဘယ်ဘက်တွင် ငွေရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက် ပျံဝဲနေပြီး ​ခန့်ညားထည်ဝါ၍ မြင့်မြတ်သခင်လေးတစ်ယောက်၏ အရှိန်အဝါ ထွက်ပေါ်နေကာ ငွေရောင်မျက်ဆံများကြောင့် သန့်စင်ကြည်လင်သော အသွင်အပြင်မျိုး ပိုင်ဆိုင်ထားသည်။ ယွမ်ရှောင်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ နဖူးအလယ်ရှိ ငွေရောင်လခြမ်း တံဆိပ်ဖြစ်ကာ ရုန်းကျင့်ကြံသူတစ်ယောက်ဟု သက်သေပြနေသည်။ ညာဘက်တွင် အသက်၁၂နှစ်အရွယ် ကလေးငယ်တစ်ယောက် ရှိနေပြီး အနက်နှင့် အဖြူ ရောစပ်ထားသည့် ဝတ်ရုံ ဝတ်ဆင်ထားကာ ငယ်ရွယ်သော်လည်း စူးရှသော မျက်လုံးများမှာ ဓားသွားပမာ ထက်ရှ၍ မာနကြီးကြီး ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း သိသာသည်။

"ညီအစ်ကိုသုံးယောက်။ တစ်ယောက်က ရုန်းကျင့်ကြံသူ၊ တစ်ယောက်က ဓားသမား၊ တစ်ယောက်က သိုင်းသမား"

ဤအစုအဖွဲ့သည် ယွမ်ရှောင်အတွက် အသစ်အဆန်းတစ်ခု ဖြစ်ကာ ရွှေ၊ ငွေနှင့် အနက်ရောင် ဝတ်ရုံများ၏ ရင်ဘတ်၌ စက်ဝိုင်းပုံ သင်္ကေတတစ်ခု ဆွဲထားသည်။ သူတို့ ပေါ်ထွက်လာသည့်အခိုက်တွင် မျက်လုံးများစွာသည် ထိုသင်္ကေတထံ ဆွဲဆောင်ခံလိုက်ရပြီး ကျင့်ကြံသူများ အုပ်စုလိုက် တုန်လှုပ်သွားကြ၏။

"တမန်တော်တွေကို ကြိုဆိုဂါရဝပြုပါတယ်"

ဓားအစောင့်အရှောက်နှင့် ယင်မိစ္ဆာဘုရင်က ဦးဆောင်၍ ကျင့်ကြံသူအားလုံး ပြိုင်တူ ဒူးထောက်ကာ လေးလေးစားစား ရွတ်ဆိုခဲ့ကြသည်။ ထိူ့ကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေမှ ကျင့်ကြံသူများ ရောက်ရှိလာကြောင်း ယွမ်ရှောင်က သိလိုက်ရပြီး နီအန်သားရဲ၏ လှုပ်ရှားမှုကြောင့်လားဟု အတွေးနက်နေခဲ့၏။ မရေမတွက်နိုင်သော လောကများအကြား ရွက်လွှင့်သွားလာနေသည့် ထိုနယ်မြေကြီးသည် ငရဲကိုးထပ်၏ သမိုင်းကြောင်းတွင် လေးစားကြည်ညိုခံရပြီး နားခိုရာဂိုဏ်းကိုပင် အုပ်ချုပ်နိုင်သည်။

"သခင်လေးယွမ်"

မုကျန်းတန်းက သူ၏ ဝတ်ရုံကို ညှင်သာစွာ ဆွဲ၍ အချက်ပြလိုက်ပြီး ပြန်လည်ဝင်စားလာသော အင်မော်တယ်တစ်ပါးနှင့် တမန်တော်များအကြား ပွတ်တိုက်မှု ဖြစ်မည်ကို စိုးရိမ်နေပုံပေါ်သည်။

"မစိုးရိမ်ပါနဲ့"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြနေစဥ် ဒူးမထောက်ခြင်းကို တမန်တော်သုံးယောက်လုံး သတိထားမိခဲ့ကြသည်။

"လေးစားပါတယ် တမန်တော်တို့။ ကျုပ်က ယွမ်ရှောင်ပါ။ ငရဲကိုးထပ်တိုက်ပွဲကို အနိုင်ရခဲ့ပြီး ဒီနယ်မြေရဲ့ လက်ရှိ ဘုရင်ပါ"

သူက မေးခွန်းများ ထုတ်လာမည်ကို ကြိုတင်ကာကွယ်ရန် စကားဦးသန်းသည်။

"မင်းက တော်တော် ငယ်ရွယ်သေးတာပဲ"

ရွှေရောင်မျက်လုံး လူငယ်က မှတ်ချက်ချလိုက်ပြီး စကားသံမှာ ခေါင်းလောင်းထိုးလိုက်သည့်အလား နက်ရှိုင်း၍ ပဲ့တင်ထပ်နေ၏။ သူက ပြောရဆိုရ လွယ်ကူပုံပေါ်ပြီး ဒူးမထောက်သည့်အတွက် ပြဿနာမရှာရန် ကျန်နှစ်ယောက်ကို မျက်ရိပ်ပြထားသည်။

"မင်းတို့က နီပန်သားရဲ လှုပ်ရှားလာတာကို အာရုံခံနိုင်ခဲ့တာလား"

ယွမ်ရှောင်က လိုရင်းကို ပွင့်လင်းစွာ မေးခဲ့သည်။

"ဟုတ်တယ်။ ရှေးခေါင်းလောင်း မြည်ဟီးပြီး ငါတို့ကို ဆင့်ခေါ်ခဲ့တယ်။ ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"

ရွှေရောင်မျက်လုံး လူငယ်က တည်ငြိမ်စွာ ခေါင်းညိတ်၍ အကျိုးအကြောင်း စုံစမ်းလိုက်သည်။

"ကျုပ်အမြင်အရ ပြောရရင် နားခိုရာဂိုဏ်းက နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရလို့ နီအန်သားရဲ အစိတ်အပိုင်း အချို့ လွတ်မြောက်လာခဲ့တယ်။ သူက ဒီဂိုဏ်းသားတွေကို ဝါးမျိုစားသောက်ပြီး ဟန်ဆောင်နေခဲ့တယ်။ နောက်ဆုံးမှာ ငရဲကိုးထပ် တိုက်ပွဲကို စောစော စတင်ပြီး ငါတို့ အချင်းချင်း တိုက်ခိုက်စေခဲ့တယ်။ ကံကောင်းလို့ ငါတို့ လွတ်မြောက်လာခဲ့ပေမယ့် ဒီသားရဲက တံခါးတွေကို ချိုးဖျက်နိုင်စွမ်း ရှိနေပြီ။ နောက်တစ်ကြိမ်ကျရင် အပြင်ကို လွတ်ထွက်လာပြီး သာမန်ပြည်သူတွေကို ပစ်မှတ်ထားလိမ့်မယ်"

ကျင့်ကြံသူများ အကြည့်ချင်း ဖလှယ်၍ စကားမ​ပြောဝံ့သောကြောင့် ယွမ်ရှောင်က ရှင်းပြလိုက်သော်လည်း အဆောင်ဧကရာဇ်နှင့် ဖြစ်ရပ်များကို ပညာရှိရှိ ချန်လှပ်ထားခဲ့၏။ ပို၍ သန်မာပုံရသော ဤသတ္တဝါများ ရှေ့တွင် ကိုယ့်ကိုကိုယ် ဂုဏ်ဖော်နေလျှင် ဉာဏ်မရှိရာ ရောက်သည့်အပြင် နီအန်သားရဲကို ထိန်းကျောင်းကိုင်တွယ်ရန်ပင် အသုံးချနိုင်ချေရှိသည်။

"သာမန်ပြည်သူတွေ"

ရွှေရောင်မျက်လုံး လူငယ်က မျက်မှောင်ကြုတ်ရင်း စဥ်းစားနေသည်။

"ယွမ်ရှောင်၊ မင်းရဲ့ စကားက အမှန်တွေလား"

ငွေရောင်မျက်လုံး လူငယ်က သာယာကြည်လင်သော အသံဖြင့် အေးအေးဆေးဆေး မေးသည်။

"သူတို့အားလုံး သက်သေခံနိုင်ပါတယ်"

"ငါတို့အားလုံး ဒါက အမှန်တရားဆိုတာ အာမခံနိုင်ပါတယ်"

သူက ငရဲကိုးထပ်၏ ကျင့်ကြံသူများထံ ညွှန်ပြလိုက်သောအခါ ဓားအစောင့်အရှောက်သည် အကင်းပါးစွာ ဝင်ရောက်ထောက်ခံလိုက်သည်။

"ညီနှစ် ရှေးဟောင်းအပျက်အစီးနယ်မြေကို ချက်ချင်းပြန်ပြီး အစီအရင်ခံလိုက်။ နီအန်သားရဲက ကောက်ကျစ်ပြီး ကိုယ်ပွားတွေ ခွဲထုတ်ထားတယ်။ အကြီးအကဲတွေ ဝင်ပါဖို့ လိုအပ်နေပြီ"

"ဟုတ်ကဲ့။ နားလည်ပါပြီ"

ရွှေရောင်မျက်လုံး လူငယ်က အတည်ပြုချက် ရသောအခါ ငွေရောင်မျက်လုံး လူငယ်ကို ညွှန်ကြားလိုက်ရာ ခေါင်းညိတ်ပြခဲ့သည်။

"ငါတို့ရော ဘာဆက်လုပ်ရမလဲ"

အသက်အငယ်ဆုံး လူငယ်က ပတ်ဝန်းကျင်ကို စူးစမ်း၍ အမိန့်တောင်းခံ၏။

"နီအန်သားရဲကို ရင်ဆိုင်ကြည့်ရအောင်။ ဘာတွေ လှည့်ဖျားထားမလဲဆိုတာ ရှာဖွေကြစို့"

ရွှေရောင်မျက်လုံး လူငယ်က နားခိုရာဂိုဏ်းထံ စိုက်ကြည့်ကာ စိတ်ပိုင်းဖြတ်ထားဟန်နှင့် ဆုံးဖြတ်ခဲ့သည်။

"ငါလည်း လိုက်မယ်"

"ယွမ်ကျန်း အဆင်အခြင်မဲ့ မလုပ်ရဘူး"

ယွမ်ကျန်းခေါ် လူငယ်လေးက စိတ်အားထက်သန်စွာ ပြောလာသဖြင့် အစ်ကိုကြီးဖြစ်သူက တင်းမာစွာ သတိပေးခဲ့သည်။

"အစ်ကိုကြီး ဒါက အဆင်အခြင်မဲ့ လုပ်တာ မဟုတ်ပါဘူး။ အစ်ကိုကြီး ပြောခဲ့သလို ဓားဆိုတာ အမြဲတမ်း သွေးနေရမယ်။ ကျုပ်က အသက်ငယ်ပေမယ့် စမ်းသပ်မှုတွေ စိန်ခေါ်မှုတွေ မရှိရင် ဘယ်လိုလုပ် ဓားလမ်းစဥ်မှာ နာမည်ရနိုင်မှာလဲ"

ယွမ်ကျန်းက လေးနက်စွာ တုံ့ပြန်သည်။

"ယွမ်ကျန်းကို စိတ်တိုင်းကျ ခွင့်ပြုပေးလိုက်ပါ အစ်ကိုကြီး"

ငွေရောင်မျက်လုံး လူငယ်က အငယ်ဆုံး ညီလေးကို အလိုလိုက်ချင်ဟန်ဖြင့် ဝင်ပြောပေးလိုက်သည်။

"ငါ့အတွက် လမ်းညွှန်တစ်ယောက် လိုအပ်တယ်"

ရွှေရောင်မျက်လုံး လူငယ်က ညီနှစ်ယောက်ကို လျစ်လျူရှုကာ ယွမ်ရှောင်ဘက် လှည့်ကြည့်လိုက်သည်။

"ကောင်းပြီ"

ယွမ်ရှောင်က ခေါင်းညိတ်၍ လက်ခံလိုက်ပြီး တစ်ဖက်လူမှာ အပိုစကားများ ပြောနေမည် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။

"အစ်ကိုကြီး မိန်းကလေးတစ်ယောက်လောက် ခေါ်သွားရအောင်။ ဒီကောင်နဲ့ဆိုရင် ပျင်းစရာကောင်းနေလိမ့်မယ်"

ယွမ်ကျန်းက သူ့ကို တစ်ချက်ကြည့်၍ မျက်နှာရှုံ့မဲ့သွားသည်။

"ဘယ်သူနဲ့ လဲချင်တာလဲ"

ငွေရောင်မျက်လုံး လူငယ်က သတင်းပို့ရန် ထွက်သွားကာနီးဖြစ်သော်လည်း ရပ်တန့်လိုက်သည်။

"ဒီငှက်ကလေးကို လိုချင်တယ်"

ယွမ်ကျန်းသည် ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူများ အကြား ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဖီးနစ်ဧကရီထံ ရပ်တန့်သွားကာ ပျော်ရွှင်သွားပုံပေါ်သည်ါ

"ဖီးနစ်လား။ ဒါပေမယ့် အသက်နည်းနည်း ကြီးနေပြီ။ မင်းနဲ့ မလိုက်ဖက်ဘူး"

ရွှေရောင်မျက်လုံး လူငယ်က ခဏတာ စဥ်းစား၍ ခေါင်းယမ်းကာ အကြံပေးလိုက်သည်။

"သူမက ကျွန်တော့်အကြိုက်ပဲ"

ယွမ်ကျန်းသည် ကလေးဆန်ဆန် တောင်းဆို၍ အင်္ကျီလက်စကို ဆွဲနေသည်။

"ကောင်းပြီ။ ညီနှစ် သူမကို ကုသပေးလိုက်"

ရွှေရောင်မျက်လုံး လူငယ်က မလွန်ဆန်နိုင်ဟန်ဖြင့် ခေါင်းညိတ်ကာ ငွေရောင်မျက်လုံး လူငယ်ကို တောင်းဆိုခဲ့သည်။

"ကောင်းပါပြီ။ နည်းနည်းတော့ ခံရခက်လိမ့်မယ်။ သည်းခံနော်"

ငွေရောင်မျက်လုံး လူငယ်သည် ဖီးနစ်ဧကရီထံ ချဥ်းကပ်လာကာ နွေးထွေးစွာ ပြုံး၍ ညှင်သာစွာ ပြောခဲ့သည်။

"ငါ့ဒဏ်ရာက ပြင်းထန်တယ်။ ခနလေးနဲ့ ကုသလို့ မပျောက်နိုင်ဘူး"

တစ်ဖက်လူ၏ ဖော်ရွေသော သဘောထားကြောင့် သူမက အံ့သြသွားသော်လည်း တီးတိုးငြင်းဆန်လိုက်သည်။ သို့ရာတွင် ငွေရောင်မျက်လုံး လူငယ်၏ နဖူးမှ ငွေရောင်အလင်း တောက်ပလာကာ ရုန်းပေါင်းငါးသောင်းကျော် ပါဝင်သည့် အသက်တံဆိပ်တစ်ခု ထွက်ပေါ်လာသဖြင့် ရှိနေသော ရုန်းကျင့်ကြံသူ အားလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး လေးစားစိတ်များ ယိုဖိတ်လာ၏။

"ဒီလောက်လေးနဲ့ အံ့သြသွားတာလား"

"လူတိုင်းရဲ့ စမှတ်က အနိမ့်အမြင့် ကွာခြားတယ်။ မင်းက လမ်းတစ်ဝက်မှာ မွေးဖွားလာပေမယ့် စမှတ် နိမ့်သူတွေကို လှောင်ပြောင်ဖို့ အခွင့်အရေး မရှိဘူး"

ယွမ်ကျန်းက လှောင်ရယ်နေသော်လည်း ရွှေရောင်မျက်လုံး လူငယ်သည် စူးစူးရဲရဲ စိုက်ကြည့်ကာ ငေါက်ငမ်းခဲ့သည်။ ထိုအချိန်တွင် အသက်တံ​ဆိပ်သည် ဖီးနစ်ဧကရီ၏ ဒဏ်ရာအပေါ် ကပ်သွားကာ ခန္ဓာကိုယ်တလျှောက်လုံး ငွေရောင်အလင်းများ စီးဆင်းသွား၏။ အစပိုင်းတွင် နာကျင်မှုကြောင့် သူမ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း တစ်ခဏအတွင်း စိတ်သက်သာရာရသော ဟန်ပန်မျိုး ​​ပြောင်းလဲသွားသည်။

"တကယ် ပျောက်သွားပြီ"

"အကုန်လုံး သက်သာသွားပြီလား"

"တမန်တော်ကို ကျေးဇူးတင်ပါတယ်။ ကောင်းသွားပါပြီ"

သူမက တီးတိုးရေရွတ်နေစဥ် ငွေရောင်မျက်လုံး လူငယ်သည် ညှင်သာစွာ မေးလာသဖြင့် မင်သက်နေရာမှ ကျေးဇူးတင်စကားဆိုခဲ့သည်။

"အင်မော်တယ်တွေမှသာ ဒီလိုမျိုး စွမ်းဆောင်နိုင်လိမ့်မယ်"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့သြတကြီးဖြစ်နေကြပြီး တမန်တော်သုံး​ယောက်အပေါ် ပိုမိုလေးစားလာသည့်အပြင် ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများက ယွမ်ရှောင်ကို ခိုးကြည့်ကာ အဖြစ်မှန်ကို ဖွင့်ချလိုနေကြသည်။ တမန်တော်သုံးယောက် ရှိနေလျှင် သူတို့ကို ကာကွယ်ပေးရန် ယွမ်ရှောင်အား မလိုအပ်တော့ပေ။ အင်မော်တယ်ကျောက်စိမ်းများ ပေးလိုက်ရသည့် အချက်ကြောင့်လည်း တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် ငွေရောင်မျက်လုံး လူငယ်သည် ကောင်းကင်သို့ တက်လှမ်းသွားပြီး လရောင်ခြယ်ပမာ လွင့်မျောရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"ငှက်မလေး လိုက်ခဲ့စမ်း"

ယွမ်ကျန်းသည် ဖီးနစ်ဧကရီကို အတင်းအကြပ် ဆွဲခေါ်သွားကာ မျက်လုံးအတွင်း၌ ဆိုးယုတ်သော အကြံအစည်များ ပြည့်နှက်နေပုံရသည်။ သူမက ယွမ်ရှောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း တိတ်ဆိတ်နေသဖြင့် သက်ပြင်းချကာ တမန်တော်နှစ်ယောက်ကို နားခိုရာဂိုဏ်းအတွင်း လမ်းပြခေါ်​ဆောင်သွားလေသည်။

All Chapters