ကင်းခြေတွေသေပေမဲ့ ဘယ်တော့မှ မလဲကျဘူး
Vol. 46 Ch. 677
ထိုအချိန်တွင် အမှောင်ကောင်စီနှင့် ညအမှောင် နတ်သူငယ်မျိုးနွယ်စုမှ လူတိုင်း ရှေ့သို့တိုးလာပြီး လေးစားစွာ နှုတ်ဆက်လာကြသည်။
“အရှင်”
ရွှယ်အန်းလည်း ခေါင်းအသာငြိမ့်ပြလိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုသေးပေ။
လူအုပ်နောက်တွင်ရှိသော အစ္စဘယ်လာသည် အရှေ့သို့ထွက်လာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
“အရှင်... ရှန်းရှန်းနဲ့ နျန်နျန်တို့ရော ပါလာ လား”
အန်းယန်သည် ခပ်ရေးရေးပြုံးကာ မေးလိုက်သည်။
“ဘယ်လာက သူတို့ကို လွမ်းနေတာလား”
...
အစ္စဘယ်လာက အားပါးတရ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ သခင်မ၊ သူတို့ သခင်မနဲ့ အတူတူ လိုက်မလာဘူးလား”
ထိုအချိန်တွင် အစ္စဘယ်လာသည် ရွှယ်အန်းနှင့် အန်းယန်မှလွဲ၍ ရှန်းရှန်းနှင့် နျန်နျန်တို့၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် ဝမ်းနည်းသွားသည်။
သူမသည် ညအမှောင်နတ်သူငယ်မျိုးနွယ်စု၏ မင်းသမီးတစ်ပါးဖြစ်သောကြောင့် သူမငယ်ဘဝသည် အလွန်အထီးကျန်ဆန်ခဲ့သည်။ ရှန်းရှန်းနှင့် နျန်နျန်ဆိုသည့် ကလေးမလေးနှစ်ယောက် မရောက်လာခင်အထိ သူမတွင် သူငယ်ချင်းအစစ်အမှန်ဟူ၍ မရှိခဲ့ဟုပင် ပြောနိုင်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ အန်းယန်လည်း စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည်။
“သူတို့ လိုက်လာပါတယ်”
“အာ၊ ဘယ်မှာလဲဟင်"
အစ္စဘယ်လာ၏ မျက်နှာလေးလင်းသွားပြီး အလျင်အမြန် မေးလိုက်သည်။ အန်းယန်လည်း ခပ်ရေးရေးပြုံးလိုက်ကာ ရွှယ်အန်းပေးထားသော မှော်ပစ္စည်းကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ယံတွင် နူးညံ့လှပသော အဆောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
နတ်သူငယ်မိခင် ခလိုရစ်ကဲ့သို့သော ပုဂ္ဂိုလ်များပင် တုန်လှုပ်သွားကြသည်။
အဘယ့်ကြောင့်ဆို ထိုအဆောင်သည် သေးငယ်လှပသော်လည်း အမှန်တကယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည်ကို သူတို့ ခံစားမိသောကြောင့် ဖြစ်သည်။ ထို့နောက်တွင် အဆောင်ထဲမှ လူအနည်းငယ် ပျံသန်းထွက်လာကြသည်။ ထိုထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပုံမှန်လူ့အရွယ်အစားသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားကြသည်။
၎င်းတို့သည် ထန်ရွှမ်အာနှင့် ကလေးမလေးနှစ်ယောက်ပင် ဖြစ်သည်။ ကလေးများ တွေ့ဆုံခြင်းသည် အမြဲတမ်း ပျော်ရွှင်စရာကောင်းသော အချိန်အခါ ဖြစ်သည်။
၎င်းတို့ ရယ်မောကာ ဘေးတွင်ဆော့ကစားနေကြစဉ်...
ရွှယ်အန်းသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်ရွှယ်၊ ဥရောပမှာရှိတဲ့ အလင်းတပ်ရဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းလိုက်”
ဖန်းမင်ရွှယ်လည်း ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“နားလည်ပါပြီ”
ထို့နောက် သူမသည် ကောင်းကင်သို့ ပျံတက်သွားပြီး အဆုံးမဲ့သော အမှောင်ထုမှာ ဥရောပတိုက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဤသိပ်သည်းသော အမှောင်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ခါရာဆက်ကဲ့သို့သော သူများ၏ ဒဏ်ရာများသည် လျင်မြန်စွာ ကျက်လာသည်။ ထိုအချိန်တွင် စီးကရက်အရိုးစု၏ နောက်ကျောရှိ ကျောပိုးအိတ်သည် လှုပ်ရှားလာပြီး အတွင်းမှ အရိုးလက်တစ်ချောင်း ထွက်လာသည်။
“သေစမ်း၊ ဒီအိတ်ထဲက စီးကရက်နံ့ကို ရတာနဲ့ ဒါ နံပါတ်နှစ်ဖြစ်မယ်ဆိုတာ ငါသိတယ်”
ထိုသို့ပြောကာ အရိုးစုတစ်စုသည် အတွင်းမှ အေးအေးဆေးဆေး တွယ်တက်လာသည်။
စီးကရက်အရိုးစုလည်း အံ့အားသင့်သွားသည်။
“အစ်... အစ်ကိုကြီး”
ထို့နောက် ကြီးမားသော ခရီးသွားအိတ်ထဲမှ အခြားအရိုးစု ခုနစ်၊ ရှစ်ခုလည်း တစ်ခုပြီးတစ်ခု ထွက်လာကြသည်။
“ဟားဟား ငါတို့ တကယ်ပဲ ပြန်အသက်ရှင်လာနိုင်မယ်လို့ မထင်ခဲ့ဘူး”
အရိုးစုများသည် ပျော်ရွှင်စွာ ပြောလာကြသည်။
စီးကရက်အရိုးစုမှာ ကြောင်ကြည့်နေမိသည်။
ကြီးမားသော ခရီးသွားအိတ်ထဲရှိ ဤအရိုးစုများ၏ အကြွင်းအကျန်များအားလုံး ပြန်အသက်ရှင်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မကြာမီတွင် စီးကရက်အရိုးစုသည် ဝမ်းနည်းမှုအနည်းငယ်ကို ခံစားလိုက်သည်။ သူတို့ အားလုံး ပြန်အသက်ရှင်လာကြပေမဲ့ လုံးဝပျက်စီးသွားခဲ့တဲ့ နံပါတ်ခြောက်ကရော
ထိုအချိန်မှာပင် သေးငယ်သော အမှောင်အလင်းစက်လေးများသည် ကောင်းကင်တွင် စုစည်းလာပြီး ရုတ်တရက် ဦးခေါင်းခွံတစ်ခုမှာ စီးကရက်အရိုးစု၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။
“ဟားဟား အစ်ကိုကြီး ကျွန်တော့်ကို လွမ်းနေဝာာလား”
စီးကရက်အရိုးစုသည် ဦးခေါင်းခွံကို ကြည့်ကာ ရုတ်တရက် ဆဲဆိုလိုက်သည်။
“သွားစမ်းပါ ကောင်စုတ်ရဲ့၊ မင်းကိုမြင်တာနဲ့ ငါ စိတ်ညစ်လွန်းလို့”
ထိုသို့ပြောလိုက်သော်လည်း သူကိုယ်တိုင်ပင် မထိန်းနိုင်ဘဲ ရယ်မောမိတော့သည်။
ထိုနေ့တွင် ဥရောပကို လွှမ်းမိုးထားသော မြင့်မြတ်သောအလင်း ကောင်းကင်တမန်များသည် အမှောင်ကောင်စီမှ ဖန်းမင်ရွှယ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့သည်ဟူသော သတင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။
ကျုံးတုမြို့
ချန်မိသားစုတွင်...
ချန်ရှို့ဟယ်သည် ခပ်ရေးရေးပြုံးလိုက်သည်။
“ဒီတစ်ခါတော့ ဗိုလ်ချုပ်ဝမ်ကို ကျေးဇူးအများကြီးတင်ရမယ်၊ သူသာမရှိရင် ဂျင်းမိသားစုက ဒီလောက်မြန်မြန် ပြိုလဲသွားမှာ မဟုတ်ဘူး”
ဗိုလ်ချုပ်ဝမ်ထောင်သည် သူ့ရှေ့တွင် ထိုင်နေလျက် ထိုစကားကိုကြားသောအခါ ခေါင်းယမ်ပြလိုက်သည်။
“ချန်သခင်ကြီးက နောက်နေတာပါပဲ၊ ကျွန်တော်လုပ်ခဲ့တာက သတိပေးရုံလေးပါ၊ တကယ့်အကြောင်းရင်း ရွှယ်သခင်ကြီး ပြသခဲ့တဲ့ အထွတ်အထိပ် နတ်ဘုရားစွမ်းအားကြောင့်ပဲ"
ထိုစကားကိုကြားသောအခါ ချန်ရှို့ဟယ်လည်း သက်ပြင်းချမိသွားသည်။
"ဟုတ်တယ်၊ နောက်ဆုံးတော့ ဒီကမ္ဘာကြီးက အင်အားပေါ်မှာပဲ မူတည်နေတုန်းပဲ၊ ရွှယ်သခင်ကြီး မပြန်လာခင်တုန်းက ဂျင်းမိသားစု ဘယ်လောက်တောင် ထင်တိုင်းကြဲခဲ့သလဲ၊ ထျန်ယွမ်ကုမ္ပဏီကိုတောင် လက်လှမ်းဖို့ ကြံခဲ့သေးတယ်။ ဒါပေမဲ့ ရွှယ်သခင်ကြီး ပြန်လာတာနဲ့ သူတို့ လက်တစ်ချောင်းတောင် မလှုပ်နိုင်ခင်ဘဲ ဂျင်းမိသားစု လုံးဝ ပျက်စီးသွားပြီ”
ထို့နောက် ချန်ရှို့ဟယ်သည် သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။
“ကဲ၊ ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုပါတယ်”
၎င်းတို့ အရက်တစ်ခွက် အတူသောက်ပြီးနောက် ချန်ရှို့ဟယ်က ဆက်ပြောလာသည်။
“ဂျင်မိသားစုဘက်က မကြာသေးခင်က လှုပ်ရှားမှုတွေ ရှိသေးလား”
ဝမ်ထောင်သည် သူ၏ ဝိုင်ခွက်ကို ချလိုက်ပြီး ခေါင်းညိတ်သည်။
“ဒါကပဲ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်နေတဲ့ ကိစ္စပါ၊ ဂျင်းမိသားစုက အခုလက်ရှိမှာ အရမ်းထကြွနေတယ်၊ နေရာတိုင်းက လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေကြတာ၊ ပြီးတော့ ကျွန်တော်သိရသလောက် ဂျင်မိသားစု ဆက်သွယ်နေတဲ့လူတွေအားလုံးက ရွှယ်သခင်ကြီးနဲ့ မကျေနပ်ချက်တွေ ရှိတဲ့သူတွေချည်းပဲ၊ သူတို့ လက်မလျှော့သေးဘူးထင်တယ်”
ချန်ရှို့ဟယ်က ခပ်ရေးရေးပြုံးလိုက်သည်။
“ဒါက သာမန်ပါပဲ၊ ကင်းမြှီးကောက်က သေသွားပေမဲ့ ဘယ်တော့မှ မလဲကျဘူးဆိုသလိုပေါ့၊ ပြီးတော့ အဲ့မြေခွေးအိုကြီး ဂျင်းဟောက်လည်း ရှိနေတော့ ပြောစရာတောင်မလိုတော့ဘူး၊ သူ့သမီးအရင်း အသတ်ခံရတုန်းကတောင် မသောင်းကြန်းခဲ့ပဲ အခုလို အခြေအနေတွေ ရှုပ်ထွေးလာမှ လှုပ်ရှားဖို့ စောင့်နေခဲ့တာ၊ သူတို့ အသာစီးရပြီလို့ ထင်ခဲ့ပေမဲ့ ဒီလိုရလဒ်မျိုးကို ဘယ်တော့မှ မျှော်လင့်မထားခဲ့ကြဘူး၊ ဒါကြောင့် သူ လွယ်လွယ်နဲ့တော့ လက်ခံမှာ မဟုတ်ဘူး”
ဝမ်ထောင်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်ကတော့ ပိုသတိထားတာ ကောင်းမယ်လို့ခံစားရတယ်…”
ချန်ရှို့ဟယ်လည်း ခေါင်းညိတ်သည်။
“သတိထားဖို့တော့ လိုတာပေါ့၊ ဒါပေမဲ့ အလွန်အကျွံ ဂရုစိုက်စရာတော့ မလိုဘူး ပြီးတော့ သူတို့အချင်းချင်း ဆက်သွယ်နေတာက တကယ်တော့ ကောင်းတဲ့အရာတစ်ခုပဲ၊ ရွှယ်သခင်ကြီးနဲ့ ထျန်ယွမ်ကို ဒုက္ခပေးချင်တဲ့ အင်အားစုတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ဖို့ အခွင့်အရေးပဲလေ”
ချန်ရှို့ဟယ်သည် စကားအဆုံးတွင် သူ့မျက်နှာထက်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရွှယ်အန်း မပြန်လာသေးသော နေ့ရက်များတွင် ထျနမယွမ်ကုမ္ပဏီနှင့် ချန်မိသားစုသည် အလွန်ခက်ခဲခဲ့သည်။
သို့သော်လည်း ချန်ရှို့ဟယ်မှာ အခြေအနေကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းပြီး ရင်ဆိုင်နိုင်ခဲ့သည်။
ချန်ရှို့ဟယ်၏ ထိန်းချုပ်မှုသာမရှိလျှင် ထျန်ယွမ်ကုမ္ပဏီသည် ဂျင်မိသားစု၏ တစ်စစီ ဝါးမျိုခြင်းကို ခံလိုက်ရလောက်ပြီဟုပင် ပြောနိုင်သည်။
သို့သော် ထိုအချိန်တွင် သူတို့ မည်မျှပင် ကြိုးစားရုန်းကန်ခဲ့ပါစေ အင်အားမရှိသည့်အတွက် မိမိကိုယ်ကို ကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
ယခုအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီဖြစ်သောကြောင့် ချန်ရှို့ဟယ်သည် ထိုရန်လိုသော အင်အားစုအားလုံးကို တစ်ကြိမ်တည်းနှင့် အပြီးတိုင် ရှင်းလင်းပစ်လိုသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်မှာ သဘာဝကျသည်။
ထိုအခြေအနေကိုမြင်သောအခါ ဝမ်ထောင်လည်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ကြင်နာတတ်ပုံရသော ဤသက်ကြီးပိုင်းလူကြီးသည် သူ၏ အထွတ်အထိပ်ကာလတွင် မည်မျှ ရက်စက်ခဲ့သည်ကို သူ ကောင်းကောင်းသိသည်။ ကျုံးတုမြို့ရှိ ဩဇာကြီးသော မိသားစုများသည် နောက်တစ်ကြိမ် အပြောင်းအလဲနှင့် မလွဲမသွေ ရင်ဆိုင်ရတော့မည်ဟု သူထင်မိသည်။
သို့သော် ဤအရာများသည် သူနှင့်မသက်ဆိုင်သောကြောင့် ခေတ္တစဉ်းစားပြီးန ထိုအတွေးများကို ဖယ်ရှားကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ချန်သခင်ကြီး၊ စစ်သူကြီးချုပ်ကလည်း ရွှယ်သခင်ကြီး ဘယ်တော့ ပြန်လာမလဲဆိုတာ မေးခိုင်းလိုက်ပါတယ်”
ချန်ရှို့ဟယ်သည် ခေါင်းခါယမ်းလိုက်သည်။
“အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူး”
“ဘယ်လို”
ချန်ရှို့ဟယ်က ဆက်ပြောသည်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း ရွှယ်သခင်ကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ၊ သူ R နိုင်ငံမှာ ဝေလငါးကြီးကို သတ်ပြီးတဲ့နောက် ပျောက်သွားတယ်လို့ပဲ သိရတယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာ ရွှယ်သခင်ကြီး သေချာပေါက် ပြန်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”
“ချန်သခင်ကြီးက ဘာလို့အဲ့လိုထင်တာလဲ”
“ရှင်းပါတယ်၊ ရွှယ်သခင်ကြီး အမုန်းဆုံးက အဲ့ဒီလို နတ်ဘုရားတွေ၊ နတ်ဆိုးတွေပဲ၊ ဒါကြောင့်လည်း သူ အရှေ့တောင်ပိုင်းဒေသကို တစ်ချက်တည်းနဲ့ ရှင်းပစ်ခဲ့တာပေါ့၊ ကမ္ဘာတဝှမ်းက နတ်ဘုရားတွေ၊ နတ်ဆိုးတွေကို ရွှယ်သခင်ကြီး အားလုံးနီးပါး ရှင်းလင်းပြီးသွားရင် သူလည်း အလိုလို ပြန်လာမှာပဲ”
သူတို့ စကားပြောနေစဉ်တွင် တံခါး
သည် ရုတ်တရက် ပွင့်လာသည်။
ထို့နောက် ချန်ရူရှီသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝင်လာသည်။
“အဘိုး၊ ဗိုလ်ချုပ်ကြီးဝမ်၊ သတင်းတစ်ခု အခုလေးတင် ရောက်လာတယ်၊ ဥရောပမှာ အံ့ဩစရာ အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားတယ်တဲ့၊ ဥရောပရဲ့ ဦးဆောင်သူ နတ်ဘုရား မြင့်မြတ်အလင်း ကောင်းကင်တမန်က အခုမှနိုးထလာတဲ့ ဖန်းမင်ရွှယ် သတ်တာခံလိုက်ရပြီတဲ့၊ ပြီးတော့ သူမကို နိုးထစေခဲ့တာက ရွှယ်သခင်ကြီးပဲ!”
ထိုသတင်းကိုကြားသောအခါ ချန်ရှို့ဟယ်နှင့် ဝမ်ထောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခပ်ဖွဖွရယ်မောကာ ခေါင်းခါလိုက်ကြသည်။
“နောက်ဆုံးတော့ ငါတို့ ရွှယ်သခင်ကြီးရဲ့ အရှိန်ကို လျှော့တွက်မိတာပဲ”
“ဟုတ်တယ်၊ ဥရောပက အဲ့ဒီ မြင့်မြတ်အလင်းကောင်းကင်တမန် သေဆုံးသွားတာနဲ့ ကမ္ဘာပေါ်မှာ အင်အားကြီးတဲ့ နတ်ဘုရားတွေ၊ နတ်ဆိုးတွေ မကျန်တော့သလောက်ပဲ၊ ရှုပ်ထွေးမှုတွေကလည်း အဆုံးသတ်စပြုနေပြီ”
ဝမ်ထောင် ၀င်ရောက်ထောက်ခံလိုက်သည်။
“လာ၊ ရွှယ်သခင်ကြီးကို ဂုဏ်ပြုကြရအောင်”
ချန်ရှို့ဟယ်သည် အလွန်တက်ကြွနေသည်မှာ ထင်ရှားလှသည်။