သူ့ကို ဆက်စောင့်နေတုန်းလား
Vol. 46 Ch. 689
ထန်ရွှမ်အာသည် မျက်တောင်ခတ်လိုက်ပြီး ထူးဆန်းသော ခံစားချက်တစ်ခုသည် သူမကို လွှမ်းခြုံသွားသည်။
“ကျောက်စိမ်းသန့်စင် လွတ်မြောက်ခြင်းကျမ်းလား၊ နာမည်က နည်းနည်းတော့ ထူးဆန်းတယ်နော်၊ ဒါပေမဲ့ ဒါက ကျင့်ကြံခြင်းပဲ မဟုတ်လား၊ သိပ်တော့လည်း မခက်သလိုပဲ”
ရွှယ်အန်းသည် သူ၏ရယ်မောသံကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။ ထန်ရွှမ်အာသည် အခက်အခဲကို မခံစားရသည်မှာ ဟုတ်ပေသည်။ ကျင့်ကြံသည့်အခါ ရွှယ်အန်းလို ဆရာတစ်ဦး၏ အကူအညီကို အခြားမည်သူများက ရနိုင်မည်နည်း။
သို့သော် သူသည် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“ဟုတ်တယ်၊ ငါပြောသားပဲ၊ သိပ်မခက်ပါဘူးလို့”
“ဟီးဟီး၊ ငါ စနေတာပါ၊ နင် ငါ့ကို ကူညီနေတာ ငါသိပါတယ်၊ ကျေးဇူးပဲ”
ထန်ရွှမ်အာသည် လေးနက်စွာ ပြောလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
“နင် စနေမှန်းလည်း ငါသိပါတယ်၊ ဒါကြောင့် ငါလည်း ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တာ”
ထို့နောက် သူတို့ နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။
...
“ရွှယ်အန်း၊ နင် အများကြီး ပြောင်းလဲသွားသလိုပဲ၊ တစ်ချိန်တည်းမှာ ဘာမှမပြောင်းလဲဘူးလို့လည်း ထင်ရတယ်၊ အနည်းဆုံးတော့ နင်ပျင်းနေတဲ့ အချိန်ဆိုရင် ကျောင်းတုန်းကနဲ့ ဘာမှမခြားဘူး”
“ဒါကို ချီးကျူးစကားလို့ မှတ်ယူလို့ရမလား”
ရွှယ်အန်းက ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
ထန်ရွှမ်အာက အလေးအနက် ခေါင်းညိတ်ပြသည်။
“သံသယဖြစ်စရာမလိုပါဘူး၊ ငါက နင့်ကို ချီးကျူးနေတာ”
“ဒါဆိုရင်ကျေးဇူးပဲ”
“အဲ့ဒါလည်း ပေါ့ပေါ့ပါးပါး ပြောတာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”
သူတို့နှစ်ဦးကြားတွင် ရယ်သံများ ထပ်မံထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် ထန်ရွှမ်အာက ခေါင်းငုံ့ကာ ပြောလိုက်သည်။
“အန်းယန်က တော်တော်လေး ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာ၊ သူ့ကို ကောင်းကောင်းဆက်ဆံနော်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ငါ ဆက်ဆံမှာပါ”
“အခု ငါ့မှာ ကျင့်ကြံမှုအဆင့် ရှိနေပြီ၊ နင် သူ့ကို အနိုင်ကျင့်နေတာ ငါသိရင် သတိသာထား.. ငါ နင့်ကို ထိုးချင်ထိုးမိမှာနော်”
ထန်ရွှမ်အာက သူမ၏ လက်သီးကို မြှောက်လိုက်သော်လည်း သူမကိုယ်တိုင်ပင် မရယ်ဘဲ မနေနိုင်တော့ပေ။
ရွှယ်အန်းလည်း မရယ်ဘဲမနေနိုင်ပဲ သူမကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ခဏအကြာတွင် ရွှယ်အန်း၏ အကြည့်ကြောင့် ထန်ရွှယလအာသည် မနေတတ်တော့ပေ။
“အမ်း... ငါ သောက်တာ နည်းနည်းများသွားပြီ ထင်တယ်၊ သွားအိပ်တော့မယ်”
သူမသည် ထိုသို့ပြောပြီးနောက် လှည့်ထွက်ကာ ထိုနေရာမှ ထွက်ပြေးလာသလိုပင် မြန်မြန်ထွက်လာလိုက်သည်။ ရွှယ်အန်းသည် မလှုပ်မယှက်ဘဲ ထိုနေရာတွင်ရပ်ကာ သူမ၏ နောက်ကျောပြင်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
ထိုအချိန်တွင် အန်းယန်သည် သူ့နောက်ရှိ အရိပ်များထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ရွှယ်အန်းဘေးတွင် လာရပ်လိုက်သည်။
၎င်းတို့ နှစ်ယောက်သား ခဏတာ တိတ်ဆိတ်နေပြီးနောက် အန်းယန်က ညင်သာစွာ ပြောလိုက်သည်။
“ဒါဆိုရင်... ဒီခရီးမှာ ရွှမ်အာကို ငါတို့နဲ့အတူ ခေါ်သွားကြမလား”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“အပြင်လောကက အရမခးကို ရှုပ်ထွေးလွန်းတယ်၊ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ဒီကမ္ဘာမှာပဲ ဖြည်းဖြည်းချင်း ကျင့်ကြံနေတာက ပိုကောင်းတယ်”
“ဒါပေမဲ့ ကျွန်မ စိုးရိမ်တယ် ကျွန်မတို့ထွက်သွားပြီးမှ အင်အားကြီးတဲ့ နတ်ဆိုးတစ်ကောင် ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”
အန်းယန်သည် သူမ၏ စိုးရိမ်မှုကို ထုတ်မေးလိုက်သည်။
ရွှယ်အန်းက အန်းယန်ကို တစ်ချက်ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ယန်အာ စိုးရိမ်တာ မှန်တယ်၊ ဒါကြောင့် ကိုယ်တို့မထွက်သွားခင် သေချာ ပြင်ဆင်မှုတွေ လုပ်ဖို့လိုတာ”
အန်းယန်လည်း ခေါင်းညိတ်ပြီး တိတ်ဆိတ်သွားသည်။
“ကဲ၊ ညဉ့်နက်နေပြီ၊ သွားအိပ်ကြစို့”
သူသည် အန်းယန်၏လက်ကို ဆွဲကာ အထဲသို့ ပြန်ဝင်ရန် လှည့်ထွက်လာသည်။ ထိုအချိန်တွင် ထန်ရွှမ်အာသည်လည်း သူမ၏ အခန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားသော ဖန်းမင်ရွှယ်သည် သူမ၏ သွယ်လျသော ခြေထောက်များကို ကော်ဖီစားပွဲပေါ်သို့ ဖြစ်ကတတ်ဆန်း တင်ထားပြီး ပျင်းရိဖွယ်ကောင်းသော တီဗီအစီအစဉ်ကို အာရုံစိုက် ကြည့်ရှုနေသည်။
သူမ ဆူညံသံကို ကြားသောအခါ ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
“ရွှယ်အာ၊ နင် အရမ်းမူးနေတယ်ဆို၊ ဘာလို့ ထပ်ထွက်သွားတာလဲ”
ဖန်းမင်ရွှယ် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ထန်ရွှမ်အာကို မြင်ပြီး အံ့အားသင့်မိသွားသည်။
“နင်…”
ထိုအချိန်တွင် ထန်ရွှမမ်အာထံမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ရှောင်ယောင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ထန်ရွှမ်အာသည် သူမဆီ တန်းတန်းမတ်မတ် လျှောက်လာပြီး ဖန်းမင်ရွှယ်ဘေးတွင် ထိုင်ချလိုက်ကာ ကော်ဖီစားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အနည်းငယ် မော့သောက်လိုက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ထိုအချိန်တွင် ဖန်းမင်ရွှယ်သည် သူမ၏ အံ့အားသင့်မှုမှ ပြန်သတိဝင်လာသည်။
“သူက နင့်ရဲ့ ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ပေးလိုက်တာလား”
ထန်ရွှမ်အာသည် ခေါင်းညိတ်လိုက်ပြီးနောက် ခါးသက်စွာ ပြုံးလိုက်သည်။
“သူ ထွက်သွားတော့မယ့်ပုံပဲ”
ထိုစကားကြောင့် ဖန်းမင်ရွှယ်လည်း တိတ်ဆိတ်သွားသည်။ သူမသည် ရွှယ်အန်းမှာ ဤလောကမှ ထွက်ခွာတော့မည်ကို ကြိုတင်သိပြီးသားဖြစ်သည်။ သို့သော် ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထန်ရွှမ်အာသည် ညှိုးငယ်နေသော ဖန်းမင်ရွှယ်ကို ကြည့်ကာ သက်ပြင်းကိုညင်သာစွာ ချလိုက်သည်။
“ကဲပါ အိပ်ကြစို့၊ သူက ဘယ်တော့မှ ပြန်မလာတော့တာမှ မဟုတ်တာ”
ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်သည် အတူတူနေကြသည်။
သူတို့ အိပ်ရာပေါ်တွင် လဲလျောင်းနေကြစဉ်...
ဘယ်လောက်ကြာသွားသည်မသိ ထန်ရွှမ်အာသည် အမှောင်ထုမှ ဝါးမျိုထားသော မျက်နှာကြက်ကို တိတ်ဆိတ်စွာ ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“နင်... သူ့ကို ဆက်စောင့်နေဦးမှာလား"
အခန်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ထန်ရွှမ်အာသည် ၎င်း အိပ်ပျော်သွားပြီဟု ထင်မှတ်နေချိန်တွင် အမှောင်ထဲမှ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။
“စောင့်မှာပေါ့၊ ထာဝရကို စောင့်နေမှာ”
ထန်ရွှမ်အာ၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း ကော့တက်လာကာ ပြုံးလိုက်ချင်သော်လည်း သူမ၏ မျက်လုံးများမှ နွေးထွေးစိုစွတ်သော အရာတစ်ခု စိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။
ထို့နောက် သူမသည် တစ်ဖက်သို့ လှည့်လိုက်သည်။
“အိပ်ကြစို့၊ မနက်မိုးလင်းတော့မယ်”
ဖန်းမင်ရွှယ်သည် ဘေးစောင်းကာ ကွေးကွေးလေး အိပ်နေသော ထန်ရွှမ်အာကို ကြည့်ပြီး သူမ၏ အကြည့်များ တောက်ပလာပြီးနောက် ညင်သာစွာ ရေရွတ်လိုက်သည်။
“နင်လည်း... အတူတူပဲ မဟုတ်လား”
နောက်တစ်နေ့တွင်..
ရွှယ်အန်းသည် ပေကျင်း၊ စီရင်စုမြို့တော်နှင့် ကျုံးတုမှ လူတိုင်းကို ဆင့်ခေါ်လိုက်သည်။
လူများသည် မလာခင်ကတည်းက ကြိုတင် ပြင်ဆင်ထားသဖြင့် အလွန် စိတ်လှုပ်ရှားနေကြသည်။
ရွှယ်အန်းသည် လူစုံရောက်သောအခါ ထိုရင်းနှီးသော မျက်နှာများကို ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ခင်ဗျားတို့အားလုံးကို ကျွန်တော့်မိတ်ဆွေတွေလို့ သတ်မှတ်ပါတယ်၊ အခု ကျွန်တော်က ခင်ဗျားတို့ကို ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်အောင် ကူညီပေးပါ့မယ်၊ ဒါပေမဲ့ တစ်ယောက်ချင်းစီရဲ့ စိတ်နှလုံးနဲ့ ကံကြမ္မာက မတူညီတဲ့အတွက် တစ်ယောက်ချင်းစီကို ကိုယ်ပိုင် စိတ်စမ်းစစ်ခြင်းထဲသို့ ဝင်ရောက်စေပါမယ်၊ အရာအားလုံးက ခင်ဗျားတို့ ဘယ်လို ပြန်ထွက်လာမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”
ဤစကားများကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ဦးလေးရှဲ့သည်လည်း ထိုလူများထဲတွင် ပါဝင်ပြီး ဤသို့ကြားသောအခါ အနည်းငယ် မသက်မသာဖြစ်သွားသည်။
“ရှောင်အန်း၊ မင်းရဲ့အန်တီပန်နဲ့ ဦးလေးကတော့ မလုပ်တော့ပါဘူး၊ ကျင့်ကြံခြင်းဆိုတာ ငါတို့လိုလူတွေ ဝင်ပါလို့ရတဲ့ အရာမျိုး မဟုတ်ဘူး”
ရွှယ်အန်းက ပြုံးကာ ခေါင်းခါလိုက်သည်။
“ဦးလေးရှဲ့၊ ဦးလေး မှားနေပြီ၊ လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိကြပါတယ်၊ ကျွန်တော်က ဦးလေးတို့ရဲ့ ကံကြမ္မာကို ဖွင့်လှစ်ပေးဖို့ ကူညီရုံပေးတာပါ”
အန်တီပန်သည် ဦးလေးရှဲ့ကို တံတောင်ဖြင့်တွတ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ရှောင်အန်းက အားလုံးက ကိုယ့်ကံကြမ္မာနဲ့ကိုယ်ပဲလို့ ပြောပြီးနေပြီ၊ ရှင်က စမ်းတောင် မစမ်းကြည့်ရဲဘူးလား၊ တကယ်ပဲ သတ္တိမရှိလိုက်တာ”
ဦးလေးရှဲ့၏ မျက်နှာသည် အန်တီပန်၏ စကားကြောင့် နီရဲသွားသည်။
“ဘယ်သူက မစမ်းရဲဘူး ပြောလို့လဲ၊ လာလိုက်စမ်းပါ၊ ငါ ဦးလေးရှဲ့က မကြောက်ဘူးကွ”
ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။
“အားလုံးပဲ အသက်အောင့်ပြီး အာရုံစိုက်ထားပါ၊ စလိုက်ကြရအောင်”
ဤသို့ကြားသောအခါ လူတိုင်း စိတ်ကိုတည်ငြိမ်အောင်ထားပြီး မျက်လုံးများကို မှိတ်လိုက်ကြသည်။
ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ကြီးမားကျယ်ပြန့်သော နတ်အာရုံသည် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
စိတ်စမ်းစစ်ခြင်းဟုခေါ်သော အရာသည် နေရာပေါင်းများစွာရှိ ဂိုဏ်းကြီးများက တပည့်များ ရွေးချယ်သည့်အခါ မဖြစ်မနေ ဖြတ်သန်းရသော စမ်းသပ်မှုတစ်ခုဖြစ်သည်။ ထိုသူသည် ကျင့်ကြံခြင်းအတွက် ကံကြမ္မာနှင့် အခြေခံအုတ်မြစ် ရှိမရှိကို ကြည့်ရှုရန် ဖြစ်သည်။
သို့သော် ရွှယ်အန်းကဲ့သို့ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် လူများစွာ၏ စိတ်စမ်းစစ်ခြင်းကို စတင်ပေးနိုင်သူမှာ အလွန်ရှားပါးသည်။
ထိုအခိုက်အတန့်တွင် လူတိုင်း တုန်ခါသွားပြီး မိမိတို့၏ စိတ်စမ်းစစ်ခြင်းထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
မကြာမီပင် တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် အမျိုးမျိုးသော အမူအရာများ ပေါ်ပေါက်လာသည်။
ပျော်ရွှင်သော မျက်နှာများ၊ ဒေါသထွက်နေသော မျက်နှာများနှင့် ငိုနေသော မျက်နှာများပင် ရှိသည်။
ရွှယ်အန်းက တိတ်ဆိတ်စွာ ကြည့်နေလိုက်ပြီး မည်သူ ပထမဆုံး ထွက်လာမည်ကို သိချင်နေသည်။
ထိုစဉ်မှာပင်...
ဦးလေးရှဲ့ဘေးတွင် ရပ်နေသော ရှဲ့ကျင်းကျင်းသည် ရုတ်တရက် တုန်ခါသွားပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူမသည် ကျန်းရန်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်။
ရွှယ်အန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ရှဲ့ကျင်းကျင်းတွင် သန့်စင်ငွေခန္ဓာ ရှိသည်ကို သိသော်လည်း သူမ၏ ကျင့်ကြံခြင်းပါရမီမှာ ဤမျှ မြင့်မားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သာမန် စိတ်စမ်းစစ်ခြင်းတစ်ခုကပင် သူမအား လမ်းကြောင်းကို တစ်စွန်းတစ်စ မြင်တွေ့သွားစေခဲ့ပြီး ကျန်းရန်အဆင့်သို့ တက်လှမ်းစေခဲ့သည်။ ကျန်းရန်အဆင့်သည် အခြေခံအကျဆုံး အဆင့်တစ်ခုသာ ဖြစ်သော်လည်း အနာဂတ် ကျင့်ကြံမှုအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ဤစမ်းသပ်မှုတစ်ခုသည် နောင်တွင် ဖြစ်ပေါ်လာမည့် ကွာခြားမှုများကို ဆုံးဖြတ်ပေးနိုင်သည်။
ဤသို့တွေးကာ ရွှယ်အန်းသည် ရှဲ့ကျင်းကျင်းကို ပြုံးပြလိုက်သည်။
“အရမ်းကောင်းတယ်၊ ငါက မင်းကို ကျင့်စဉ်တစ်ခု တိုက်ရိုက်သင်ကြားပေးဖို့ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ အခု မင်းက ကျန်းရန်အဆင့်ကို ဝင်ရောက်သွားပြီဆိုတော့ အလုပ်တော်တော်များများ သက်သာသွားတာပေါ့”