အကြောက်တရားကို ရိုက်သွင်းခြင်း
Vol. 156 Ch. 2214
ရီဝူချင်းအား ကြောက်မက်ဖွယ်ရာ ထူးဆန်းမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ဓားမြစ်ရေပြင်တစ်ခုလုံးကို ဝါးမျိုပြီးနောက်တွင် သူ့ထံမှ စူးရှသော အလင်းတန်းများ အဆက်မပြတ် ပေါက်ကွဲထွက်လာကာ အဆုံးမဲ့သော အာကာသတစ်ခုလုံးအား လင်းလက်စေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အိပ်မက်အလား ဓားစွမ်းအင်နယ်ပယ်တစ်ခုကဲ့သို့ အလင်းများ ဖြန့်ကျက်ထားသည်။
သူသည် မျက်လုံးများကို တင်းတင်းမှိတ်ထားကာ ဓားအငွေ့အသက်များသည် သူ့ခန္ဓာကိုယ်အား ဆက်လက်စီးဆင်းစေသည်။ သူသည် ခန္ဓာကိုယ်အား သန့်စင်ကာ လေ့ကျင့်နေသည့်အလား စူးရှအက်ကွဲသော ဓားသံတစ်ချက်ကိုလည်း ကြားရသည်။
“သူက တကယ်ပဲ အောင်မြင်သွားတာလား” လူတိုင်းက ရီဝူချင်းကို ကြည့်နေကြသည်။ သူ၏ခန္ဓာကိုယ်က ပျက်စီးသွားခြင်း မရှိသည်ကို တွေ့သောအခါ သူသည် အမှန်တကယ် အောင်မြင်သွားပြီဖြစ်ကြောင်း ယူဆကြသည်။
ထိုနဂါးငွေ့တန်းသည် စီဝေ့အရှင် ချန်ထားရစ်ခဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခု ဖြစ်သည်။ ၎င်းကို ဝါးမျိုခြင်းဖြင့် ရီဝူချင်းသည် အလွန်ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့သည်။
ဝုန်း…
အားကောင်းသော ဓားအသိတစ်ခု ပေါက်ကွဲထွက်လာကာ ထိုနေရာ၌ ပြင်းထန်သော လေလှိုင်းတစ်ခုအား ဖြစ်ပေါ်စေသည်။ ရီဝူချင်း၏ခန္ဓာကိုယ်တွင် နတ်ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ၎င်းသည် နဂါးငွေ့တန်းအတွင်းမှ နတ်ဓားနှင့် ဆင်တူသည်။
၎င်းနတ်ဓားသည် အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်မျှသာဖြစ်သော်လည်း ၎င်းမှ အလွန်အားကောင်းသော ဓားအငွေ့အသက်များအား ထုတ်လွှတ်နေသည်။
ဝုန်း…
ထိုစဉ်မှာပင် အလွန်အားကောင်းသော ဓားသမားတစ်ဦးသည် လေထဲသို့ တက်လာသည်။ သူသည်ကား အဆင့်ခုနစ်ရှိသော ရန်ဟောင်တစ်ဦးဖြစ်၏။ သူက ရီဝူချင်းအား ဦးတည်ကာ ချက်ချင်း တိုက်ခိုက်လိုက်သည်။
နတ်ဓားကိုးလက်သည် လေထဲမှ ကျဆင်းလာခဲ့သည်။ မျက်မမြင်ထျယ်နှင့် တခြားလူများက ကူညီရန် ဟန်ပြင်သော်လည်း ရီဖူရှင်းက သူတို့အား တားလိုက်သည်။ ကြောက်မက်ဖွယ်ဓားများ ကျဆင်းလာသော်လည်း ၎င်းတို့မှာ ရီဝူချင်းထံမှ ပေါက်ကွဲထွက်လာသော ဓားအလင်းများအောက်တွင် တစ်စစီ ပျက်စီးပျောက်ကွယ်သွားသည်ကို မြင်ရသည်။
“ဒီဓားက တော်တော်အားကောင်းတာပဲ…” လူတိုင်းက စိတ်နှလုံး တုန်ယင်ကြရသည်။ ရီဝူချင်း၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်ပါးသော်လည်း သူသည် သတ္တမအဆင့်ရန်ဟောင်တစ်ဦး၏တိုက်ခိုက်မှုကို ကာကွယ်ခဲ့သည်။
ထိုအဖြစ်က တစ်ဘက်မှ ဓားသမားကို အမူအရာ ပြောင်းသွားစေသည်။ ရီဝူချင်းက နဂါးငွေ့တန်းမှ ဓားအငွေ့အသက်များအားလုံးကို ဝါးမျိုခြင်းအား ကြည့်နေရုံမျှသာ တတ်နိုင်သည်။
“သူ့မှာ အဲဒီနဂါးငွေ့တိမ်တိုက်ထဲက ဓားအငွေ့အသက်တွေ အားလုံးကို ဝါးမျိုဖို့ အဆင့်မရှိဘူး” အသံတစ်သံ ထွက်လာသည်။ ပြောလိုက်သူကား ဧရာမဓားတစ်လက်ကို သယ်ဆောင်ထားသော သတ်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူ၏မျက်လုံးများက နက်ရှိုင်းကာ ရုန့်ရမ်းကြမ်းတမ်းသော အရှိန်အဝါရှိသည်။ သူက ရီဝူချင်းအား လက်နှစ်ဘက်ပိုက်ကာ ငုံ့ကြည့်နေ၏။
ဤနေရာတွင် မည်သူမဆို သာမန် မဟုတ်ပေ။ လူတိုင်းမှာ ပြီးပြည့်စုံသော လမ်းစဉ်ကို ပိုင်ဆိုင်ကြသည်။ ယခု ပြောလိုက်သူကား မှော်နက်လောကမှ ဖြစ်ကာ သူသည် အဆင့်ရှစ်ရန်ဟောင်ဖြစ်ပြီး သူနှင့်အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသော ဓားသမားဖြစ်သည်။
ရက်အတန်ကြာအောင် သူသည် နဂါးငွေ့တန်းရှေ့တွင် ဉာဏ်အလင်းရရန် ကြိုးစားနေခဲ့သော်လည်း ရီဝူချင်းက ရုတ်တရက် ၎င်းကို ဝါးမျိုသွားမည်ဟု သူ မထင်ထားပေ။
ထို့အပြင် ရီဝူချင်းသည် အလယ်အလတ်ရန်ဟောင်တစ်ဦးသာဖြစ်ပြီး ဤနေရာတွင် သူသည် အားအနည်းဆုံးလည်း ဖြစ်သည်။
“မင်းမှာ အဆင့်ရှိရင် ဘာလို့ သွားပြီးတော့ မကြိုးစားကြည့်တာလဲ” ရီဖူရှင်းက ထိုလူကို မေးသည်။
တစ်ဘက်ဓားသမားက ရီဖူရှင်းအား ကြည့်သည် “ဒါဆိုလည်း ငါက သူ့ကို သတ်ပြီးတော့ အဆင့်ရှိမလား ကြည့်တာပေါ့”
သူက သယ်ဆောင်လာသော ဓားကို ဝှေ့ယမ်းလိုက်လျှင် ပြင်းထန်သော အရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး အနီးအနားမှ လူများကိုပင် ဖိအားများ ဖြစ်ပေါ်စေသည်။
“သတိထား…” ဖန်းကိုင့်က အသံတိုးတိုးဖြင့် ပြောသည်။ တစ်ဘက်လူသည် အလွန်သန်မာသည်ဟု သူ ခံစားရသည်။
မှန်သည်၊ ရီဖူရှင်းကလည်း ထိုသို့ ခံစားရ၏။ သူက ရီဝူချင်းရှေ့တွင် ရပ်လိုက်သလို ဖန်းကိုင့်ကလည်း သူတို့နှစ်ဦးဘေးသို့ ရောက်လာသည်။ သည်နေရာတွင် အားကောင်းသော တန်ခိုးရှင် အများအပြား ရှိပြီး ရီဝူချင်းသည် နဂါးငွေ့တန်းကို စုပ်ယူဝါးမျိုနေရာ သူတို့က သူ့အား ကာကွယ်ပေးရန် လိုအပ်သည်။
မျက်မမြင်ထျယ်သည် အပေါ်ကို ပျံတက်လာခဲ့ကာ သူ့နောက်၌ ရှေးဟောင်းနတ်ဘုရားပုံရိပ်တစ်ခု ပေါ်လာ၏။ သူက လက်ဆန့်တန်းလိုက်လျှင် ဧရာမနတ်ပုဆိန် တစ်လက်ပေါ်လာခဲ့သည်။ တပြိုင်နက်တည်းတွင် ပြင်းထန်သော နတ်အလင်းသည် ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
အနက်ရောင်ဝတ်စုံဖြင့်လူက လက်မြှောက်လိုက်လျှင် ကြောက်မက်ဖွယ် အနက်ရောင်လေပွေတစ်ခု ပေါ်လာသည်။ ၎င်းလေပွေသည် ဓားများကဲ့သို့ ထက်ရှကာ လေထုကို ခွင်းလျှက် တိုက်ခတ်လာသည်။
သူ့ခန္ဓာကိုယ်က တစ်ချက်ရွေ့လျားသွားကာ ပြင်းထန်သော မှော်နက်ဓားစွမ်းအားတစ်ခုသည် လေထုထဲ ဖြစ်ပေါ်လာ၏။ ၎င်းဓားသည် ရီဖူရှင်း ရှိရာသို့ တန်းတန်းမတ်မတ် ကျဆင်းလာခဲ့သည်။
တချိန်တည်းတွင် မျက်မမြင်ထျယ်သည်လည်း လှုပ်ရှား၏။ ထည်ဝါသော နတ်အလင်းသည် လေဟာနယ်ကို ပျံ့လွင့်လာခဲ့၏။ နတ်ပုဆိန်၏ဝှေ့ယမ်းမှုတွင် ပြင်းထန်ရုန့်ရမ်းသော ပေါက်ကွဲအားများ ပါဝင်နေပြီး ကျယ်လောင်သံတစ်ချက် ထွက်ပေါ်လာသည်။
ဘုန်း…
အနက်ရောင်ဓားသည် ချက်ချင်းပင် အဝေးကို လွင့်သွားကာ ၎င်းတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ လေဟာနယ်တစ်ခုလုံးသည် ပြိုကွဲတော့မည့်အလား ယိုယွင်းလာခဲ့ကာ နေရာအနှံ့ စွမ်းအားအပိုင်းအစများ လွင့်ပါးသွားကြသည်။ အဆင့်မြင့်ရန်ဟောင် မဟုတ်သောလူတိုင်းမှာ နောက်ဆုတ်ကြရ၏။
နောက်ဆုံးတွင် ဖန်းကိုင့်သည် အလင်းအရံအတားတစ်ခု ဖန်တီးကာ သူ့အနီးမှ လူများကို ကာကွယ်လိုက်သည်။
ရီဝူချင်း၏ခန္ဓာကိုယ်မှ နတ်အလင်းကား အဆက်မပြတ် ပေါက်ကွဲလင်းလက်နေသည်။ သူ၏ဓားအရှိန်အဝါမှာ ပိုမို၍ အားကောင်းလာနေကာ မကြာခင် အဆင့်တက်တော့မည့်ဟန် ရှိနေသည်။
ဖြစ်ပျက်နေသည်များကို ကြည့်ကာ ရီဖူရှင်းက အနီးအနားမှ လူများကို ကြည့်လျှက် ပြောသည် “အားလုံးက ကျင့်ကြံဖို့ ရောက်လာတာပဲ။ တကယ်လို့ ခင်ဗျားတို့က အခွင့်အရေးနဲ့လွဲသွားတယ်ဆိုရင်တောင် တခြားနေရာတွေမှာ ဆက်ပြီး ရှာလို့ ရသေးတာပဲ။ ဒီနဂါးငွေ့တန်းကို တစ်ယောက်က ရသွားပြီဆိုမှတော့ ခင်ဗျားတို့က တခြားနေရာတွေကို သွားကြဖို့ ကျုပ်မျှော်လင့်တယ်”
သို့သော်လည်း သူ၏စကားက တစ်ဘက်လူများအား မည်သို့မှ သက်ရောက်စေဟန် မတူ။ တစ်ဘက်ကျင့်ကြံသူများ ထုတ်လွှတ်သော ဓားစွမ်းအားများမှာ ပိုမိုအားကောင်းလာခဲ့ပြီး အတော်များများက တိုက်ပွဲကို ပါဝင်ကြတော့မည့်ဟန် ရှိနေသည်။
သူ့အနီးမှလူများက သူ့စကားကို နားဝင်မည့်ဟန်မတူသောအခါ ရီဖူရှင်းက ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ နတ်အလင်းများ စတင်ပျံ့လွင့်လာခဲ့ကာ သူ့မျက်လုံးများက စတင်အေးစက်လာသည်။ ၎င်းသည် အေးစက်သော လတစ်စင်းအလား ထင်မှတ်ရ၏။ သူ့ခန္ဓာကိုယ်သည်လည်း အလွန်တရာ အေးစက်လာခဲ့ကာ သူက ပြောသည် “ခင်ဗျားတို့က စမ်းကြည့်ချင်တယ်ဆိုပေမဲ့ အရာမထင်မှာ စိုးရတယ်”
“ဒီလိုဆိုရင်လည်း…”
ထက်ရှသော အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက မော့ကြည့်သည်တွင် အဆင့်ခုနစ်ရန်ဟောင်တစ်ပါးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်အား မြင်၏။ များစွာသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ကာ နတ်ဓားများသည် သူ့ဘေး၌ ပေါ်လာ၏။ ထိုနတ်ဓားများသည် ရီဖူရှင်းထံသို့ မြန်ဆန်စွာ ဦးတည်ပျံသန်းလာကြသည်။
“ခင်ဗျား စမ်းကြည့်ချင်တာလား” ရီဖူရှင်းက တစ်ဘက်လူကို မေးသည်။
“ကျုပ် စမ်းကြည့်မယ်…” ထိုလူက ပြောနေစဉ်မှာပင် ဓားများသည် လေထုကိုခွင်းကာ ရီဖူရှင်းထံသို့ အဆက်မပြတ် ကျဆင်းလာကြ၏။ ထိုမြင်ကွင်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။
ဟူး…
ရီဖူရှင်းက ၎င်းဓားများကို ရှောင်ဖယ်လိုဟန်မရဘဲ တိုက်ရိုက်ပင် တိုးဝင်သွားသည်။
တစ်ဘက်ရန်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ သည်လူက ထိုမျှ အတင့်ရဲသည်လား။
သူ၏နတ်ဓားကို မည်သူက ထိုသို့ ရင်ဆိုင်ရဲသနည်း။
တချိန်တည်းတွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် အရောင်အဝါများ ပေါက်ကွဲထွက်လာပြီး ဓားတစ်လက်သဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ သူသည် အလွန်တရာ ထက်ရှသော အရှိန်အဝါကို သယ်ဆောင်လျှက် လေထုကို ခွင်းသွားသည်။
ဝုန်း…
ထိုဓား ဖြတ်သန်းသွားရာ နေရာတိုင်းမှ နတ်ဓားများမှာ အစိတ်စိတ် ပြိုကွဲရသည်။
တစ်ဘက်လူ၏မျက်လုံးများမှလည်း အရောင်များ တောက်ပလာသည်။ မဟာလမ်းစဉ်၏နတ်ဝင်ရိုးသည် ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာကာ ၎င်းသည် အနီရင့်ရင့်ရွှေဓားတစ်လက်ဖြစ်၏။ ဓားသည် တစ်ဘက်မှ လေထုကို ခွင်းလာသော ဓားအား ရင်ဆိုင်လိုဟန်ရသည်။
ဧရာမဓားနှစ်လက်သည် အချင်းချင်းရင်ဆိုင်တွေ့ကာ လေထုထဲ၌ အဆက်မပြတ်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
“ကျုပ်ရဲ့အသွေးအသားက မပြိုကွဲနိုင်တဲ့အဆင့်အထိ သန့်စင်ထားပြီးပြီ။ ဒါပေမဲ့ မင်းက မင်းရဲ့နတ်ဝင်ရိုး ပျက်စီးသွားမှာ မကြောက်ဘူးလား”
လေထဲတွင် အသံတစ်သံနှင့်အတူ ရီဖူရှင်း၏နတ်ဓားသည် ရှေ့ကို အဆက်မပြတ် ဖိအားပေးလာသည်။ တစ်ဘက်မှ အနီရင့်ရွှေဓားကား ၎င်းဖိအားအောက်တွင် အက်ကြောင်းများ တဖြေးဖြေး ဖြစ်ပေါ်လာ၏။ တချိန်တည်းတွင် ဓားပိုင်ရှင် ရန်ဟောင်မှာလည်း မျက်နှာများ ပြာနှမ်းသွားပြီး ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏နတ်ဓားသည် ရုတ်တရက် ပျောက်ကွယ်သွားကာ ရီဖူရှင်းသည် လေထဲတွင် ပေါ်လာသည်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားဟန်တူသော တစ်ဘက်လူကို အေးစက်စွာ ကြည့်ကာ ပြောသည် “ကျုပ် ခင်ဗျားကို ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်။ နောက်တစ်ခေါက်ဆိုရင် အသက်ရှင်ခွင့်ရမယ် မထင်နဲ့…”
ထို့နောက် သူက တခြားလူများကိုလည်း ကြည့်လိုက်သည်။ အဆင့်ခြောက်ရန်ဟောင်တစ်ဦးက အမှန်တကယ်ပင် လူတိုင်း၏စိတ်နှလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
***