ငါတို့ အချင်းချင်း မသိသလိုဘဲ ထားလိုက်တော့
Vol. 156 Ch. 2215
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရန်ဟောင်များအားလုံးမှာ ကွဲပြားခြားနားသော နေရာများတွင် ရပ်နေသော်လည်း သူတို့၏မျက်လုံးများအားလုံးက ရီဖူရှင်းထံသို့ ရောက်နေသည်။
သည်နေရာသို့ ရောက်လာသူ မည်သူမဆို သာမန် မဟုတ်ပေ။
သို့တိုင်အောင် ရီဖူရှင်းသည် ရင့်သီးနိုင်နေဆဲ ဖြစ်သည်။ ထို့အတူ သူ့တွင် ထိုသို့ ရင့်သီးပိုင်ခွင့်လည်း ရှိနေသည်။
အဆင့်ခြောက်ပြီးပြည့်စုံခြင်းရန်ဟောင်က အဆင့်ခုနစ်ပြီးပြည့်စုံခြင်းရန်ဟောင်အား အပြတ်အသတ် အနိုင်ရခဲ့သည်။ ရန်ဟောင်အဆင့်တွင် တစ်ဆင့်ချင်းမှာ ကွာဟချက် အလွန်ကြီးမားကာ ပြီးပြည့်စုံခြင်းအဆင့်တွင်ပင် ထိုသို့ အဆင့်ကျော်လွန်၍ အနိုင်ယူနိုင်သူများမှာ အလွန့်အလွန် ရှားပါးလွန်းပေသည်။
သို့သော်လည်း ရီဖူရှင်းက အထက်စီးမှပင် တစ်ဘက်လူ၏နတ်ဝင်ရိုးကို အက်ကြောင်းများထင်စေကာ မရှုမလှ ရှုံးနိမ့်စေ၏။
ရီဖူရှင်း၏ဘေးတွင် မျက်မမြင်ထျယ်၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း အလွန်အားကောင်းသည်။ သူသည် မှော်နက်လောကမှ အဆင့်ရှစ်ရန်ဟောင်တစ်ဦးနှင့် တိုက်ခိုက်နေ၏။ ထို့အတူ ရီဝူချင်းဘေးတွင် ကာကွယ်ပေးနေသော ဖန်းကိုင့်လည်း ရှိနေသေးသည်။ ထိုအဖွဲ့၏အင်အားက တခြားလူများအားလုံးကို အလေးအနက် ဖြစ်စေသည်။
ထိုစဉ် ရီဝူချင်းထံမှ မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ထက်သို့ တက်သွားသည်။ ကြယ်တာရာဓားအလင်းသည် သူ့ခန္ဓာကိုယ်အား လုံးဝ ဖုံးအုပ်သွားကာ နောက်ဆုံးတွင် သူသည် အဆင့်ငါးရန်ဟောင်အဖြစ်သို့ တက်လှမ်းသွား၏။
ဝှီး…
အားကောင်းသော ဓားအလင်းသည် ကောင်းကင်ထက်ကို ထိုးတက်သွားကာ ရီဝူချင်း၏မျက်လုံးများလည်း ပွင့်လာသည်။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ဓားတစ်လက်အလား ထင်မှတ်ရသည်။ သူက အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ရီဖူရှင်းက သူ့အား လှမ်းကြည့်လျှင် ရီဝူချင်းကလည်း ပြန်ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူတို့အချင်းချင်းကြားတွင် ကျေးဇူးတင်စကားပြောစရာ မလိုတော့ပေ။
“သူက ဓားစွမ်းအားကို အပြည့်အဝ စုပ်ယူပြီးသွားပြီ။ ခင်ဗျားတို့ တိုက်ခိုက်နေလည်း အလကားပဲ။ ဘာလို့ အချိန်ဖြုန်းနေတာလဲ” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ တခြားသော တန်ခိုးရှင်များက ရီဝူချင်းအား တစ်ချက်ကြည့်ပြီး တချို့မှာ ချက်ချင်းပင် နောက်လှည့်ထွက်ခွာသွားကြသည်။
သည်နေရာမှာ စီဝေ့အရှင် ကျင့်ကြံရာနေရာဖြစ်ကာ ရီဝူချင်းက နဂါးငွေ့တန်းကို လုံးဝ ဝါးမျိုပြီးမှတော့ သူတို့ကလည်း အချိန် မဖြုန်းလိုတော့။
တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခြင်းကို လက်လျှော့ကာ ထွက်သွားကြသည်။ ရီဖူရှင်းက အတင်းနောက်ဆုတ်စေခဲ့သော ဓားသမားသည်ပင် ထွက်သွားခဲ့သည်။
ပြင်းထန်သော ထိတွေ့သံတစ်ခုနှင့်အတူ မျက်မမြင်ထျယ်သည် နောက်ကို ဆုတ်သွားရသလို တစ်ဘက်လူသည်လည်း အမြင့်သို့ လွင့်စင်သွား၏။ သူက မျက်မမြင်ထျယ်အား စူးရဲစွာ ကြည့်၏။
“နောက်ပိုင်း အခွင့်အရေးရရင် ကျုပ်တို့ ပြန်တိုက်ခိုက်ကြတာပေါ့” သူက ကျယ်လောင်စွာ ပြောကာ အဝေးကို ထွက်သွားသည်။ မျက်မမြင်ထျယ်က သူ့အား မမြင်ရသော်လည်း တစ်ဘက်လူ ထွက်သွားသည်ကို သိ၏။ သူ၏အရှိန်အဝါကို သိမ်းဆည်းလိုက်ကာ သူက ပြောသည် “ဒီလူက စွမ်းအားကြီးတယ်”
ရီဖူရှင်း သူ့အနီးကို ရောက်လာခဲ့သည်။ မျက်မမြင်ထျယ်သည် မုယွင်လန်ကိုပင် တိုက်ခိုက်နိုင်လောက်အောင် သန်မာသည်ကို သူ သိသည်။ ယခု ထိုလူက မျက်မမြင်ထျယ်နှင့်ပင် တိုက်ခိုက်နိုင်သည်ကိုကြည့်ပါက ထိုလူ မည်မျှ သန်မာသည်ကို သိသာစေ၏။
“ကောင်းကင်ဒေသက အရမ်းကျယ်ပြောတယ်။ ပြီးတော့ ဒီကို ရောက်လာတာက အတော်ဆုံးသော လူတွေချည်းပဲ။ သူက အရမ်းသန်မာတာ သိပ်တော့ မထူးဆန်းပါဘူး” ရီဖူရှင်းက ပြောသည်။ မျက်မမြင်ထျယ်က ခေါင်းညိတ်သည်။ သူကလည်း ထိုအချက်ကို နားလည်သည်။
သည်နေရာတွင်ကား တစ်လောကလုံးမှာ အကောင်းဆုံးများ စုစည်းရောက်လာခြင်းဖြစ်သည်။
ရီဖူရှင်းက ရီဝူချင်းကို ကြည့်ကာ မေးသည် “မင်း ဘယ်လိုခံစားနေရလဲ”
ရီဝူချင်းသည် နဂါးငွေ့တန်းတစ်ခုလုံးကို ဝါးမျိုခဲ့သည်။ သို့သော်လည်း သူ မည်သို့ တွေ့ကြုံရသည်ကို ရီဖူရှင်း မသိပေ။
“စီဝေ့အရှင် ချန်ထားခဲ့တဲ့ ဓားအသိထဲက ဓားပညာတချို့ကို နားလည်ခဲ့တယ်” ရီဝူချင်းက စိတ်လှုပ်ရှားစွာ ပြောသည်။ ယခုတစ်ခေါက်တွင် သူသည် ၎င်းမှ အဆင့်ပင် တက်သွားခဲ့သည်။
ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်သည်။ ဤကား အမှန်တကယ် ကောင်းမွန်သော အခွင့်အလမ်း ဖြစ်သည်။
စီဝေ့အရှင် ချန်ထားရစ်ခဲ့သော မည်သည့်ဓားပညာမဆို ဓားသမားများအတွက် တန်ဖိုး မဖြတ်နိုင်ပေ။
“လာပါ၊ တခြားနေရာတွေကို သွားကြည့်ကြမယ်” ရီဖူရှင်းက ပြောလျှင် သူတို့က တခြားနေရာများသို့ ထွက်လာကြ၏။ နဂါးငွေ့တန်းမှာ ဝါးမျိုခံရပြီးဖြစ်ရာ တခြားလူများကလည်း ထွက်သွားကြပြီးဖြစ်သည်။
သူတို့က ရှေ့ဆက်လျှောက်လာခဲ့ကြရာ များမကြာမီ ရှေ့တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း သတိထားမိကြသည်။
ရီဖူရှင်းက တိုက်ပွဲကို မြင်လျှင် မျက်မှောင်ကြုတ်လိုက်သည်။
“ဟာ… မဖြစ်ဘူး…”
မျက်မမြင်ထျယ်က အာမေဋိတ်သံပေးကာ မြန်ဆန်စွာ ပြေးသွားသည်။
ကျန်သောလူများကလည်း နောက်မှ မြန်ဆန်စွာ လိုက်ပါသွားကြသည်။ ရီဖူရှင်းတို့ ရောက်သွားသောအခါ မျက်မမြင်ထျယ်နှင့် ဖန်းကိုင့်တို့မှာ ထိုနေရာသို့ ရောက်နှင့်ပြီးဖြစ်သည်။ သူတို့က တိုက်ပွဲထဲကို ဝင်ပါလျှင် ကြယ်တာရာအာကာသတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသည်။
ရီဖူရှင်းက အမြန်နှုန်းကို မြှင့်လိုက်ကာ ဖန်းဟွမ်နှင့် စီဖုန်းတို့ ရှိနေရာသို့ ရောက်လာသည်။ စီဖုန်း၏အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေရာ သူမမှာ ဒဏ်ရာ ရထားကြောင်း သိသာသည်။
Shi Kui နှင့် Gu Huai တို့မှာလည်း တကွဲတပြား ရပ်နေကြပြီး သန်မာသော ပြိုင်ဘက်အသီးသီးကို ရင်ဆိုင်နေရသည်။ မှန်သည်၊ အသန်မာဆုံးသော တန်ခိုးရှင်များကား ချန်ယိကို ဝိုင်းထားကြသည်။
တန်ခိုးရှင် အတော်များများမှာ သူ့အနီးတွင် ရပ်နေကြကာ သူတို့အားလုံး ကြီးမားသော အရှိန်အဝါကို ပိုင်ဆိုင်ကြ၏။ တချို့မှာ အဆင့်ရှစ်ရန်ဟောင်များ ဖြစ်သည်။ သူတို့က စက်ဝန်းပုံစံဖြင့် ချန်ယိကို ဝိုင်းထားခြင်း ဖြစ်သည်။
သည်မတိုင်ခင်က ချန်ယိသည် ထွက်ပြေးလွတ်မြောက်ပြီးဖြစ်သော်လည်း သူ့အဖော်များကို ရန်သူများက တိုက်ခိုက်ရာ ချန်ယိမှာ မတတ်သာဘဲ ပြန်လာခဲ့ရသည်။
ထိုမြင်ကွင်းကိုကြည့်ကာ ချန်ယိသည် ပြဿနာ၏အရင်းအမြစ် ဖြစ်ကြောင်း ခန့်မှန်းသည်။
“ဒါကို စားလိုက်…” ရီဖူရှင်းက စီဖုန်းထံသို့ လျှောက်သွားကာ သူမအား ဆေးလုံးတချို့ပေးသည်။ စီဖုန်းက ခေါင်းယမ်းကာ ပြောသည် “ငါ မလိုဘူး”
သူမသည် နတ်ဖီးနစ်တစ်ကောင် ဖြစ်ကာ သူမ၏ပြန်လည်ကုသခြင်းစွမ်းရည်မှာ အလွန်အားကောင်း၏။ သူမ၏မျက်လုံးများက တစ်ဘက်ရန်သူများအား စူးရဲစွာ ကြည့်နေသည်။ သူမက ထိုလူများကို ဒေါသထွက်နေဟန်ရသည်။
သူမကား မည်သည့်အခါကမှ အနိုင်ကျင့်ခံရခြင်း မရှိဖူးပေ။ အရှေ့နတ်ဘုရားကျွန်းစုတွင် သူမကသာ တခြားလူများကို အနိုင်ကျင့်လေ့ရှိ၏။ သူမ၏နောက်ခံနှင့် အဆင့်အတန်းကြောင့် မည်သူကမှ သူမအား မလေးမစား မပြုမူရဲပေ။
ရီဖူရှင်းက သူမအား နားချရန် မကြိုးစားတော့ပေ။ သူက ချန်ယိကို လှမ်းကြည့်ကာ မေးသည် “မင်း ဘာလုပ်ခဲ့လို့လဲ”
“သူက နဂါးငွေ့တန်းကနေ ရတနာတစ်ခု လုယူခဲ့တယ်” စီဖုန်းက ပြန်ပြောသည် “ပြီးတော့ အဲဒါက တခြားလူတွေ ဝိုင်းဝန်းလမ်းဖွင့်တာကနေ လုသွားတာ”
ရီဖူရှင်း စိတ်ညစ်သွားသည်။ သည်အကောင်ကား အမှန်ပင် ရက်စက်၏။ လူအများအပြားက သူ့ကို ဝန်းရံထားသည်မှာ မထူးဆန်းတော့။
“ဒါပေမဲ့ သူက တကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ” စီဖုန်းက ချီးကျူးသည်။ သူမက ရန်သူများကို ကြည့်ကာ ပြောသည် “သူက ရတနာကို လုပြီးတော့ ထွက်ပြေးသွားနိုင်ခဲ့ပေမဲ့ ဒီလူတွေက ငါတို့ကို တိုက်ခိုက်ခဲ့လို့ သူက မတတ်သာဘဲ ပြန်လာခဲ့ရတာ”
“…”
ရီဖူရှင်းက ဆွံ့အရသည်။ သည်ဖီးနစ်မလေးကား ပြဿနာဖြစ်ရန် ကြောက်လန့်ဟန်မတူ။
သည်မတိုင်ခင်က ရီဝူချင်း၏အခြေအနေက ဤသို့ မဆိုးဝါးပေ။ ရီဝူချင်းမှာ သူ၏အခွင့်အလမ်းကို ကိုယ်ပိုင်ကြိုးစားရလာခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်ကား ကွဲပြားခြားနားသည်။ ချန်ယိက တခြားလူများ ကြိုးစားထားသည်ကို လုယက်ခဲ့ခြင်းဖြစ်သည်။
“အဲဒါကို ထုတ်ပေးရင် ငါတို့ မင်းကို သွားခွင့်ပေးမယ်” တန်ခိုးရှင်တစ်ဦးက ချန်ယိကို ပြောသည်။ သူတို့က ချန်ယိကို အထင်မသေးရဲပေ။ ချန်ယိတွင် တခြားရတနာများရှိကာ သူသည် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားနိုင်စွမ်း ရှိသည်။
ချန်ယိက ထိုနည်းဖြင့်ပင် ရတနာအား လုယက်ခဲ့ခြင်းဖြစ်သည်။
“ရတနာက အစကတည်းက ပိုင်ရှင်မဲ့ပဲ။ လက်ဝယ်ပိုင်တဲ့သူ ဘယ်သူမဆို ရယူနိုင်တာပဲ။ ခင်ဗျားတို့ ဝိုင်းဝန်းကြိုးစားပေးတဲ့အတွက် ကျုပ်က ကျေးဇူးတင်မယ်လေ။ ဘယ်လိုလဲ” ချန်ယိက ပြုံးသည်။
သူက အောက်ကို ငုံ့ကြည့်ကာ ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည် “မင်း ငါ့ကို မကူတော့ဘူးလား”
ရီဖူရှင်းက သူ့အား ကြည့်သည်။ သည်အကောင်က တကယ်ပဲ အကူအညီတောင်းဖို့ သိသေးတာလား။
“ဒီအခြေအနေကြီးမှာ ငါက မင်းကို ဘယ်လို ကူပေးရမလဲ” ရီဖူရှင်းက ပြန်ပြောသည် “ငါက ကလေးတွေကို ဂရုစိုက်လိုက်မယ်။ မင်းက ကိုယ့်ဘာသာ ပြေးတော့။ ငါတို့ အချင်းချင်း မသိသလိုဘဲ ထားလိုက်တော့”
“…” ချန်ယိက ဆွံ့အသွားရသည်။ ဤသို့ အသည်းမာသောလူမျိုး ရှိနေမည်ဟု သူ မထင်ထားပေ။
အချင်းချင်း မသိသလိုပဲ ထားလိုက်တော့တဲ့လား…။
***