ပဟေဠိဆန်ဆန် ကြေးလက်စွပ်
Vol. 20 Ch. 289
အခန်း (၂၈၉) : ပဟေဠိဆန်ဆန် ကြေးလက်စွပ်
ချီရှောက်ရွမ်က ရှန်ထျန်း၏ အပြင်းအထန် တိုက်တွက်များအောက်တွင် ကြာကြာမခံနိုင်တော့ပေ။ သိပ်မကြာခင် သူ့ဓမ္မစွမ်းအား ကုန်ဆုံးသွားပြီး သူ့အနီးအနားရှိ ခရမ်းအငွေ့အသက်လည်း စတင် ပျောက်ကွယ်လာတော့သည်။ သူ့ပုဆိန်လှံရှည်ရှိ အလင်းရောင်လည်း မှိန်ဖျော့လာလေသည်။
ဝုန်း …
နောက်ဆုံးအချက်က ချီရှောက်ရွမ်အား စင်မြင့်ပေါ်မှ လွှင့်စင်သွားစေသည်။ သူ့ကောင်းကင်ပုဆိန်လှံရှည်ပင် လက်ထဲမှ မြေပေါ်သို့ လွတ်ကျသွားသည်။
ချီရှောက်ရွမ်က သွေးတစ်ပွက် အန်လိုက်ရပြီးနောက် မြေပေါ် ပြုတ်ကျလာသည်။ သူ့မျက်နှာ၌ အရှက်ဒေါသကြောင့် နီရဲနေလေ၏။
ကျစ် … တကယ်လို့ ငါ့အခြေအနေသာ ကောင်းနေရင် ဒီလိုအရှက်ရလောက်အောင် ရှုံးနိမ့်သွားမှာ မဟုတ်ဘူး …
ဤသည်မှာ အကောင်းဆုံး အခြေအနေအထိ ရောက်အောင် ပြန်မကုစားထားသည့် ချီရှောက်ရွမ်၏ အမှား မဟုတ်ပေ။ ပါရမီရှင် ကျင့်ကြံသူများက တခြားသူများနှင့် ယှဉ်လိုက်လျှင် ဓမ္မစွမ်းအား ပိုများကြသည် မဟုတ်ပါလော။
ချီရှောက်ရွမ်က တခြားပါရမီရှင်များနှင့် ရင်ဆိုင်စဉ်အခါက ဓမ္မစွမ်းအား ပြတ်လပ်သွားခြင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သူ့ဓမ္မစွမ်းအား နည်းသွားလျှင်ပင် ပြန်လည် ကုစားပေးမည့် ဆေးလုံးများ ရှိ၏။ သူသာ ခတ္တအနားယူနိုင်သရွေ့ အပြည့်အဝ ပြန်ကောင်းလာကာ တိုက်ပွဲကို ဆက်လက် တိုက်နိုင်လိမ့်မည်။
သို့သော်လည်း ချီရှောက်ရွမ်က ရှန်ထျန်းနှင့် ဒုတိယတိုက်ပွဲ၌ ဓမ္မစွမ်းအား ပမာဏချင်း ပြိုင်ရလိမ့်မည်ဟု မတွေးထားခဲ့ပေ။
သူ့အနေနှင့် ရှန်ထျန်း၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ဆေးလုံးသောက်ဖို့ အချိန်ပင် မရလိုက်ပေ။ သူက ဆက်တိုက် ခုခံနေရုံသာ တတ်နိုင်လေသည်။
သူက ရှန်ထျန်း စွမ်းအား ပြတ်လပ်သွားမည့်အချိန်ကို စောင့်ဆိုင်းပြီး ပြန်လည် တိုက်ခိုက်ဖို့သာ မျှော်လင့်ထားသည်။ ရလဒ်ကား တိုက်ပွဲအဆုံးတွင် သူက တစ်ဖက်လူကို တစ်ချက်မှ မချလိုက်ရဘဲ ပွဲသိမ်းသွားသည်။
ဆိုးရွားလိုက်တာ … တကယ်ကို စိတ်ပျက်စရာပဲ …
ပထမတိုက်ပွဲနှင့် ယှဉ်လိုက်လျှင် ဒုတိယတိုက်ပွဲကား တကယ်ကို မခံမရပ်နိုင်စရာပေ။ သူတို့ပထမတိုက်ပွဲအတွင်း အနည်းဆုံးတော့ ပုံရိပ်ဖြင့် လက်ရည်တူ တိုက်ခိုက်ခဲ့ရသေး၏။ ချီရှောက်ရွမ်က မှတ်ချက်ဆိုးများစွာ ရှိနေမည်ကို သိနေသဖြင့် ဖန်သားပြင်ကို မကြည့်ရဲတော့ပေ။
“ လခွမ်း … ငါ့စွမ်းအားသာ ပြည့်နေရင် လုံးဝ ရှုံးစရာအကြောင်း မရှိဘူး ”
တိုက်ရိုက်ထုတ်လွှင့်မှုက ရပ်တန့်သွားသောကြောင့် မည်သူကမှ စင်မြင့်ပေါ်ရှိ အဖြစ်အပျက်များကို မမြင်ရတော့ပေ။ ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်သည် “ မျှော်နန်းဆောင် ဝိညာဉ်မလေး … ကျွန်တော် နောက်တစ်ကြိမ် ကြိုးစားခွင့်များ ရနိုင်မလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေးကလည်း အညင်အသာ ပြန်ပြောလိုက်သည် “ သူတော်စင်လေးက အခွင့်အရေးတွေ သုံးပြီးသွားပြီလေ။ နောက်ထပ် ချွင်းချက် လုပ်ပေးလို့ မရတော့ပါဘူး ”
ချီရှောက်ရွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ ဒီတစ်ခါ နောက်ဆုံးလို့ ကတိပေးပါတယ်။ ပြီးတော့ … ကျွန်တော်ဆီမှာ နောက်တစ်ကြိမ်စာလောက်ပဲ ပိုက်ဆံကျန်တော့တယ် ”
နောက်တစ်ကြိမ်စာလောက်ပဲ ကျန်တော့တာတဲ့လား … စိတ်ပျက်စရာပဲ
မျှော်နန်းဆောင် ဝိညာဉ်မလေးကလည်း ကူကယ်ရာမဲ့စွာဖြင့် “ ကျွန်မဘက်ကလည်း ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ် ”
ချီရှောက်ရွမ်က ဦးညွှတ်ကာ ဆက်ပြောလိုက်သည်
“ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ပိုက်ဆံ ရှစ်သောင်း ထပ်ထည့်ပါ့မယ်။ နောက်ထပ် စစ်နတ်ဘုရား အမှတ် ရှစ်သောင်း ထပ်လဲမယ်လေ။ မျှော်နန်းဆောင်သာ ကျွန်တော်ကို ရှန်ထျန်းနဲ့ နောက်ထပ် တိုက်ဖို့ အခွင့်အရေးပေးသရွေ့ လောင်းကြေးကို စစ်နတ်ဘုရား အမှတ်ရှစ်သောင်း သုံးဖို့တောင် ဆန္ဒရှိပါတယ် ”
ချီရှောက်ရွမ်က မည်မျှအလေးအနက်ထားသည်ကို မြင်ကာ ယဲ့ချန်းခန်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဒါက ထျန်းအာ ပြောဖူးတဲ့ လောင်းကစားသမားဆိုတာလား… ငါတော့ သူ့ကို သဘောကျသွားပြီ
သူက အရမ်းဆင်းရဲလွန်းနေတာ ဆိုးလိုက်တာ …
ထိုသို့မဟုတ်ပါက ယဲ့ချန်းခန်အနေနှင့် သူ့လိုစိတ်ထားမျိုးဖြင့် သူ့ဆီမှ ပိုက်ဆံအမြောက်အမြား ဝင်နိုင်ကြောင်း ခံစားနေမိသည်။
ခဏတာတွေးတောလိုက်ပြီးနောက် မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံက တဖန်ထွက်ပေါ်လာသည်
“ ကောင်းပြီလေ ဟူး .. ဖန်သားပြင်ပေါ်မှာ သူတော်စင်လေးကို အားပေးပြီး နောက်ထပ် အခွင့်အရေး ပေးဖို့ တောင်းဆိုပေးနေကြသူတွေအများကြီးပဲဆိုတော့ နောက်ဆုံး အခွင့်အရေးတစ်ခု ပေးလိုက်ပါ့မယ်လေ။ သေချာအသုံးချပါ မဖြုန်းတီးလိုက်ပါနဲ့ … အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးနေပါ့မယ် ”
ချီရှောက်ရွမ်က စိတ်လှုပ်ရှားလွန်း၍ ငိုလုမတတ် ဖြစ်သွားသည်။ သူက မျှော်နန်းဆောင် ဝိညာဉ်မလေးသည် သူ့အတွက် ချွင်းချက်များ ထပ်ကာ ထပ်ကာ လုပ်ပေးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မျှော်နန်းဆောင်က ငါ့ကို တော်တော် တန်ဖိုးထားတဲ့ပုံပဲ … ငါသာ စောစောရောက်လာခဲ့ရင် ဒီမျှော်နန်းဆောင်က ခရမ်းစံအိမ် အထွတ်အမြတ်မြေ အပိုင် ဖြစ်နေလောက်ပြီ … ဘယ်လိုဖြစ်ဖြစ် ကျန်တဲ့လူတွေကို ငါ ပြိုင်ဖက်ကင်းကြောင်း သက်သေပြရမယ်
ချီရှောက်ရွမ်က သိုလှောင်လက်စွပ်ကို အသက်သွင်းကာ သူ့ရှိသမျှ ရတနာများ ထုတ်ယူလိုက်သည်။ ဝိညာဉ်ကျောက်တုံး ပမာဏတော်တော်များများ ရှိသော်လည်း စစ်နတ်ဘုရား အမှတ်အနေနှင့် ရာချီမျှသာ ရှိ၏။
ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ သီးသန့်သတ္တုဖြစ်သော ခရမ်းသလင်းကျောက်သတ္တုက ဓမ္မအသုံးအဆောင်ပစ္စည်း ဖန်တီးဖို့ အသုံးပြုကြသည်။ ထိုအရာက စစ်နတ်ဘုရား အမှတ်ထောင်ချီ ထိုက်တန်သည်။
အထွတ်အထိပ် ဝိညာဉ်လက်နက်ဖြစ်သည့် ခရမ်းအလင်းကြေးမုံက စစ်နတ်ဘုရား အမှတ်တစ်သောင်းလောက် တန်သည်။ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သည့် နတ်ဆိုးသက်ခြွေဓားကား စစ်နတ်ဘုရား အမှတ်သုံးထောင်လောက် ထိုက်တန်၏။
…………...
ဝိညာဉ်အသုံးအဆောင် ပစ္စည်းများ၊ ဓမ္မလက်နက်များ၊ ဆေးလုံးများနှင့် ဆေးပင်များ အပုံလိုက် ရှိနေသည်။ ထိုသို့ဆိုလျှင်ပင် သူက စစ်နတ်ဘုရား အမှတ် ငါးသောင်းသာ စုမိသေးပြီး သုံးသောင်း လိုနေသေး၏။
ချီရှောက်ရွမ်က ရှက်မိသွားလေသည်။ သူက အရှေ့ပိုင်းလွင်ပြင်၏ ကံကြမ္မာသားတော် ဖြစ်သောကြောင့် ငယ်စဉ်ကတည်းက အချမ်းသာဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။
“ပြတ်လပ်မှု” ဆိုသည့် စကားကို မကြုံဖူးခဲ့ပေ။
သို့သော်လည်း ယနေ့ မျှော်နန်းဆောင်အတွင်း ကြုံတွေ့ခဲ့ရလေပြီ။
ချီရှောက်ရွမ်က စိတ်ပျက်လက်ပျက်ဖြင့် “မျှော်နန်းဆောင် ဝိညာဉ်မလေး ဒါက အကုန်ပဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြောလိုက်သည် “ ခရမ်းစံအိမ် သူတော်စင်လေးရဲ့ ချပ်ဝတ်နဲ့ လက်နက်က စစ်နတ်ဘုရား အမှတ်တစ်သိန်း တန်တယ်နော် ”
ချီရှောက်ရွမ်က မဲ့ရွဲ့သွားကာ “ မျှော်နန်းဆောင် ဝိညာဉ်မလေး လာနောက်နေတာလား။ ဒီပစ္စည်းနှစ်ခုက အင်မတန် ရှားပါးတဲ့ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းတွေလေ ကျွန်တော် ရောင်းမှာ မဟုတ်ဘူး ”
အံ့ဖွယ်အသုံးအဆောင်ပစ္စည်းများက ကျင့်ကြံသူများအတွက် အလွန်ရှားပါးပေသည်။ အတိဒုက္ခလွန် ကျော်ဖြတ်ပြီးသည့် ကျင့်ကြံသူတိုင်းပင် မရှိကြချေ။
ထို့အပြင် ချီရှောက်ရွမ်၏ ချပ်ဝတ်နှင့် လက်နက်တို့က အင်မတန် ရှားပါးလှ၏။
ကံကြမ္မာသားတော်ဖြစ်သည့် သူပင် နှစ်ခုသာ ပိုင်ဆိုင်ထားသည်။ ထိုပစ္စည်းနှစ်မျိုး မရှိဘဲ အကျိုးဆက်ကို တွေးပင် မတွေးကြည့်ဖူးပေ။
ချီရှောက်ရွမ်က ကြံမိကြံရာ ကြံနေသော်လည်း ဆင်ခြင်နိုင်စွမ်းတော့ မပျောက်ဆုံးသွားသေးပေ။
မျှော်နန်းဆောင် ဝိညာဉ်မလေးက သက်ပြင်းချလိုက်ပြီး “ဒါပေမဲ့ သူတော်စင်လေးဆီမှာ စစ်နတ်ဘုရား အမှတ်ငါးသောင်းပဲ ရှိသေးတယ်လေ။ လိုအပ်ချက်နဲ့ မကိုက်ညီသေးဘူး ”
ချီရှောက်ရွမ်က သူ လက်လွတ်နိုင်မည့်အရာများကို ခက်ခက်ခဲခဲ စဉ်းစားနေရသည်။
အချိန်အတော်ကြာပြီးနောက် သူက သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ထုတ်ကာ “ ကျွန်တော်ရဲ့ လက်နက်နဲ့ ချပ်ဝတ်ကို မရောင်းနိုင်ပေမဲ့ ဒီပစ္စည်းလေးကို တစ်ချက်ကြည့်ပါဦး ”
သူက သေတ္တာကို ဖွင့်လိုက်သည့်အခါ သာမန်လက်စွပ်လေး တစ်ကွင်း ရှိနေသည်။ လက်စွပ်က အတော်လေး ရိုးရှင်းလှ၏။ ကြည့်ရသည်မှာ သာမန်အကျဆုံး ကြေးနီမှ ဖန်တီးထားပုံရသည်။ ဘာမှထူးခြားနေခြင်း မရှိပေ။
လူသစ် ပန်းပဲသမားပင် ဤလက်စွပ်က သာမန်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ ဆိုင်တွင် ထားပါက မည်သူမှ စိတ်ဝင်စားကြမည် မဟုတ်ပေ။
သို့သော်လည်း ချီရှောက်ရွမ်က အနည်းငယ် သဘောမတူပေ။
“ ဒါက သာမန်လက်စွပ် မဟုတ်ဘူး။ သာမန်ကြေးနီကနေ လုပ်ထားတယ်လို့ ထင်ရပေမဲ့ ဖျက်စီးမရဘူး။ ဝိဇ္ဇာတောင် မဖျက်စီးပစ်နိုင်ဘူး။ ကျွန်တော်ရဲ့ ဂိုဏ်းကသာ ဒီလက်စွပ် အလုပ်လုပ်ပုံကို နားလည်ရင် ဒါကို ထုတ်ပေးမှာ မဟုတ်ဘူး။ ဒါကို တစ်ချက်လောက် ကြည့်ပေးပါ့လား ”
ဝိဇ္ဇာတောင် ဖျက်စီးမပစ်နိုင်ဘူးတဲ့လား …
ယဲ့ချန်းခန်က မျက်လုံးများ လင်းလက်လာလေ၏။ လက်စွပ်က သေတ္တာထဲမှ ပျောက်ကွယ်သွားကာ ယဲ့ချန်းခန် လက်ထဲ ရောက်လာသည်။ သူက လက်စွပ်ကို သေချာကြည့်လိုက်ပြီးနောက် အံ့ဩမိသွားသည်။
“ တကယ်ကို ထူးဆန်းတာပဲ … ဒါက သာမန်ကြေးနီကနေ လုပ်ထားတာပါ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ယဲ့ချန်းခန်က လက်ဟန်တချို့နှင့် စည်းတံဆိပ်များစွာ လုပ်ပြီး လက်စွပ်ထဲ ထည့်သွင်းလိုက်သည်။ သို့သော်လည်း ဘယ်အရာမှ အလုပ်မဖြစ်ပေ။
“ ငါတောင် ဘာမှမတတ်နိုင်ဘူးလား … ဒီလက်စွပ်က တကယ်ကို တစ်ခုခုပဲ ”
ယဲ့ချန်းခန်က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း လက်စွပ်ကို သိမ်းထားလိုက်သည်။
မျှော်နန်းဆောင် ဝိညာဉ်မလေးက တဖန်ပြောလိုက်သည် “ ဒီလက်စွပ်က ထူးခြားတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလက်စွပ် ဘယ်လိုအလုပ်လုပ်မှန်းတော့ မသိရတော့ စစ်နတ်ဘုရား အမှတ်ငါးသောင်း ပေးလိုက်ပါ့မယ် ”
“ ဘီ ” ဟူသော အသံနှင့်အတူ ချီရှောက်ရွမ်အတွက် စစ်နတ်ဘုရား အမှတ် တစ်သိန်း ဝင်လာသည်။ သူက လက်စွပ်အား ဝိညာဉ်ကျောက်တုံး၊ ဆေးလုံးတချို့ဖြင့် လဲလှယ်ဖို့ ကြံစည်ထား၏။ သူ့သိုလှောင်လက်စွပ်အတွင်း ဘာမှမကျန်တော့ဘဲ ဗလာကျင်းနေလေပြီ။
………....
“ လေးစားရတဲ့ သူတော်စင်လေးက စစ်နတ်ဘုရား အမှတ်တစ်သိန်းကျော် လဲလှယ်ထားတာဆိုတော့ ကုသရေးပစ္စည်းကို အလကားပေးပါ့မယ်။ အခု အသုံးပြုချင်ပါသလား ”
ချီရှောက်ရွမ်က မျှော်နန်းဆောင် ဝိညာဉ်မလေး၏ သဘောထား ပြောင်းလဲမှုကြောင့် အံ့အားသင့်သွားလေသည်။
ချမ်းသာတာ တကယ်ကို ကွဲပြားတာပဲ …
သူ့ကို “ လေးစားရတဲ့ သူတော်စင်လေး” ဟု ခေါ်ဝေါ်ကာ ကုသရေးကိုလည်း အလကားလုပ်ဆောင်ပေးဦးမည်။ ယခု သူ လိုအပ်နေသည့်အရာနှင့် ကွက်တိ ဖြစ်၏။
“ အခုသုံးလိုက်မယ် ”
ချီရှောက်ရွမ်က အတည်ပြုလိုက်သည်နှင့် ခရမ်းရောင် အလင်းတန်းတစ်ချက် သူ့ခန္ဓာကိုယ်ထဲ လင်းလက်သွားပြီး ချက်ချင်း အားပြည့်သွားသလို ခံစားလိုက်ရ၏။ သူ့ဓမ္မစွမ်းအားက စက္ကန့်ပိုင်းလေးအတွင်း ပြန်ပြည့်သွားပြီး ခံနိုင်ရည်အားလည်း ပြန်တက်လာသည်။ သူက ယခင်ထက်ပင် အားကောင်းသွားသလို ခံစားလိုက်ရသည်။
“ဒီတစ်ခါတော့ ရှန်ထျန်းကို အနိုင်ပိုင်းပစ်မယ်။ မျှော်နန်းဆောင် ဝိညာဉ်မလေး တိုက်ပွဲကို စဖို့ ပြင်ပေးပါတော့ ”
တိုက်ရိုက်ထုတ်လွှင့်မှု တဖန် စတင်လာကာ ချီရှောက်ရွမ်က ဖန်သားပြင်ပေါ် ပေါ်လာသည်။ လူများစွာက ထွက်သွားတော့မည့်ဆဲဆဲ ဖြစ်၏။ သူတို့က ဖန်သားပြင် လင်းလာသည်ကို မြင်လိုက်ရသည့်အခါ ပြန်ထိုင်လိုက်ကြသည်။
သူတို့က ချီရှောက်ရွမ်နှင့် မျက်နှာချင်းဆိုင်တွင် ရွှေရောင်အလင်းတန်း ပေါ်ထွက်လာသည်ကို မြင်လိုက်ကြရပြန်သည်။ ယခင်နှင့် အတူတူသာ ဖြစ်၏။
“ ရှန်ထျန်း … ဒီတစ်ခါတော့ မင်းကို အနိုင်ပိုင်းပြမယ် ”
ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားရင်း တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေလေပြီ။ သူက စိတ်ထဲ တစ်စုံတစ်ခု နှိုးထလာသလိုမျိုး ခံစားလိုက်မိ၏။ သူ့လက်နက်က သူနှင့် တစ်သားတည်းဖြစ်သွားသလို စင်မြင့်အထက်၌ နဂါးအော်သံများလည်း ပြန်လည် ထွက်ပေါ်လာသည်။
သူက လွင်ပြင်ရှစ်ခု ပုဆိန်လှံရှည်တိုက်ကွက်ကို အပြည့်အဝ ကျွမ်းကျင်နေပြီ ဖြစ်၏။ သူ ရှုံးနိမ့်စရာ အကြောင်း မရှိပေ။
ပွဲကြည့်ပရိတ်သတ်က ချီရှောက်ရွမ်သည် ရှန်ထျန်းနှင့် ထပ်ကာ ထပ်ကာ ယှဉ်တွဲခံနေရသည့်အကြောင်းကို စိတ်မဝင်စားကြပေ။ ဉာဏ်နည်းသူပင် ထိုနောက်ကွယ်မှ မှောင်ခိုအလဲအလှယ်ရှိနေမှန်း ပြောနိုင်ပေသည်။
သို့သော် ဘာကိစ္စမှ မရှိပေ။ ဤသည်မှာ ချီရှောက်ရွမ်အနေနှင့် ရှန်ထျန်း၏ ပုံရိပ်ဖြင့် သုံးကြိမ်မြောက် တိုက်ပွဲ ဖြစ်၏။
ချီရှောက်ရွမ်က ပိုအားကောင်းလာပုံပေါ်၏။
စိတ်ဝင်စားစရာ တိုက်ပွဲလေး ကြည့်ရတော့မှာပဲ …
..............
“ နောက်ထပ် အခွင့်အရေး မပေးတော့ဘူး။ ခရမ်းအငွေ့အသက် … နဂါးအုပ်စု … ”
ချီရှောက်ရွမ်က အော်ပြောလိုက်ပြီး သူ့ခရမ်းအငွေ့အသက်များက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်မည့် ပိုက်ကွန်သဖွယ် ပြောင်းလဲသွားသည်။ သူ့ကောင်းကင်ပုဆိန်လှံရှည်မှ အငွေ့အသက်များ ထုတ်လွှင့်နေပြီး နဂါးနက်ရာချီ ဖြစ်ပေါ်လာစေသည်။
နဂါးတိုင်းတွင် ကြေးခွံများ ရှိနေပြီး အစစ်အမှန်ဟုပင် ထင်မှတ်စေရသည်။
ဂါး …
နဂါးနက် မြောက်များစွာက ရှန်ထျန်း၏ ပုံရိပ်ဆီ အားပြင်းပြင်း ပြေးဝင်လာကြသည်။ ပွဲကြည့်ပရိတ်သတ်အားလုံးက တအံ့တဩ မတ်တတ်ပင် ထရပ်ကုန်ကြသည်။ သူတို့က နဂါးများကို ကြည့်ရင်း တုန်လှုပ်ကာ ကြောက်ရွံ့လာမိ၏။ တချို့အားနည်းသော ကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် အန်ကာ မေ့မြောသွားကြသည်။
ဤတိုက်ခိုက်မှုတွင် ချီရှောက်ရွမ်၏ ဒေါသအားလုံး ကိန်းအောင်းနေသည်။ သူ့ခရမ်းအငွေ့အသက်မှ ဖွဲ့စည်းထားသော ပိုက်ကွန်က ရှန်ထျန်း၏ လမ်းကြောင်းမှန်သမျှ ပိတ်ဆို့ထားသည်။
နဂါးအုပ်က လွင်ပြင်ရှစ်ခု ပုဆိန်လှံရှည်တိုက်ကွက်၏ အားအကောင်းဆုံး ဖြစ်သည်။ ဤသည်မှာ ချီရှောက်ရွမ်၏ သတ်ဖြတ်ရေး တိုက်ကွက်လည်း ဖြစ်၏။
ချီရှောက်ရွမ်က သူပင် ဤတိုက်ကွက်အောက်မှ အသက်မရှင်နိုင်ကြောင်း ယုံကြည်ထားသည်။ သို့သော်လည်း ရှန်ထျန်းက နဂါးအုပ်ကို မြင်ပြီးသည့်တိုင် နောက်ဆုတ်သွားခြင်းမျိုး မရှိပေ။
သူက နဂါးများကို အေးအေးဆေးဆေး ကြည့်လိုက်ပြီးနောက် သူ့ဆံပင်တစ်မွေးက ငွေဖြူရောင် ပြောင်းသွားလေသည်။
နဂါးအုပ်က ရှန်ထျန်းအား ချက်ချင်း ပိတ်ဆို့လိုက်ပြီး ဝိုင်းထားလိုက်ကြသည်။ မကြာခင် နဂါးနှင့် ခရမ်းအငွေ့အသက်တို့က ရှန်ထျန်းအား လွှမ်းခြုံသွားလေပြီ။
ရှန်ထျန်းဘေးရှိ အာကာပြင်ပင် တစစီ ဖြစ်လာသည်။
အာကာပြင်က အံ့မခန်း အမြန်နှုန်းဖြင့် ကွဲအက်လာသည်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖွဲ့စည်းထားသော ပိုင်နက်ကိုပင် ဖျက်စီးပစ်နိုင်လောက်သည်။
“ ဒါက ရူးချင်စရာပဲ … ”
“ဒါက ဝိညာဉ်အသွင်ပြောင်း ကောင်းကင်အသျှင်တွေကိုတောင် ခြိမ်းခြောက်နိုင်တယ်။ သူက ရွှေအမြုတေ ကျင့်ကြံသူဆိုတာ သေချာရဲ့လား”
“ သူနဲ့ ယှဉ်လိုက်ရင် ငါက ရွှေအမြုတေ ကျင့်ကြံသူအတုလား မသိဘူး။ ငါ ဆယ်ယောက်ဆိုရင်တောင် သူ့ကို မနိုင်ဘူး”
“ ငါ ကျီရှုကျင်းက ငါတို့သူတော်စင်က ပြိုင်ဖက်ကင်းတယ်လို့ မပြောခဲ့ဘူးလား။ အခု ယုံပြီမလား ”
“ သူက ကြယ်ခြောက်ပွင့် ပါရမီရှင်ဖြစ်တာ မဆန်းတော့ပါဘူး။ ဖန်ချန်းရဲ့ စွမ်းအားက သူ့အနား နီးတောင်မနီးစပ်ဘူး ”
………….....
အားလုံးက တိုက်ပွဲပြီးဆုံးသွားလိမ့်မည်ဟု ထင်ထားခဲ့စဉ် နဂါးအုပ်က ပြန့်ကျဲကာ ပျောက်ကွယ်သွားလေသည်။ နဂါးများ၏ နာနာကျင်ကျင် အော်ငြီးသံများသာ ကြားနေရ၏။
“ကောင်းကင်ခြေမွ လက်ဝါး ”
စင်မြင့်အထက်တွင် တိုပြတ်ပြတ် စကားတစ်ခွန်းက ပဲ့တင်ထွက်လာသည်။ အသံက အရမ်းမကျယ်သော်လည်း နဂါးများ၏ အော်သံကို လွှမ်းမိုးသွားလေသည်။
အားလုံးက ထိုတိုက်ကွက်ကို သတိရလိုက်ကြသလို နောက်လာမည့် အဖြစ်အပျက်ကိုလည်း သိလိုက်ကြသည်။
နဂါးအုပ်စုကြား ငွေရောင်အလင်းတန်း တစ်ချက် ပေါ်လာပြီး လင်းလင်းလက်လက် တောက်ပနေသည်။
ဤသည်မှာ လက်ဝါး ဖြစ်၏။
ငွေရောင်လက်ဝါးချက် …
အစပိုင်းတွင် အလွန်သေးငယ််သော်လည်း စတင်ကြီးထွားလာသည်။ ထိုလက်ဝါးချက်နှင့် ထိတွေ့မိသည့် နဂါးတိုင်း ချက်ချင်း ပျောက်ကွယ်သွားရသည်။
အထွတ်အထိပ်ရှင်များကိုပင် ထိခိုက်စေနိုင်သည့် နဂါးနက်များက ထိုလက်ဝါးချက်အောက်တွင် ကစားစရာအရုပ်သဖွယ် ဖြစ်နေသည်။
“ မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး။ စစ်နတ်ဘုရား မျှော်နန်းဆောင် လာလှည့်စားနေတာလား ”
ချီရှောက်ရွမ်က ကမူးရှုးထိုး ဖြစ်လာသည်။ သူက လက်ဟန်တချို့ ထုတ်ဖော်ကာ ပိုက်ကွန်ပတ်လည်ရှိ စင်မြင့်ကို တောင်တန်းနှင့် မြစ်များသဖွယ် ပြောင်းလဲပစ်လိုက်သည်။
“ ခရမ်းအငွေ့အသက် မြစ်တောင်တန်း ဖြစ်ပေါ်စမ်း …”
ချီရှောက်ရွမ်ရှေ့တွင် ပေါ်လာသည့် မြစ်တောင်တန်းက ချိုးဖောက်မရနိုင်ဟန် ပေါ်နေသည်။ ဤပညာရပ်မှာ ခရမ်းစံအိမ် တော်ဝင်ကျမ်း၏ အကာအကွယ် ပညာရပ်တစ်ခု ဖြစ်၏။ ဖျက်စီးရေး ခရမ်းအလင်းတန်းနှင့် အဆင့်တူလောက် ကျပေသည်။ ပြောရလျှင် ဤအကာအကွယ်ကို မည်သည့်တိုက်ခိုက်မှုမှ မချိုးဖောက်နိုင်ပေ။
သို့သော်လည်း လက်ဝါး ထိလိုက်သည့်အခါ မြစ်က ခြောက်သွေ့သွားပြီး တောင်တန်းများက ပြိုကျပျက်စီးသွားသည်။
မည်သည့်အရာမှ လက်ဝါးကို မတားဆီးနိုင်ပေ။
ဤသည်မှာ ရှေးဟောင်း နတ်ဘုရား၏ စွမ်းအား ဖြစ်၏။
ချီရှောက်ရွမ်က ထွက်ပြေးလိုသော်လည်း ခြေထောက်ပင် မ မနိုင်တော့ပေ။ သူ့ဆီ ချည်းကပ်လာသည့် လက်ဝါးကိုသာ ကြည့်နေရတော့သည်။
…………….
တစ်ချိန်တည်းတွင် စစ်နတ်ဘုရား မျှော်နန်းဆောင် ခုနှစ်လွှာမြောက်၌ …
ယဲ့ချန်းခန်က ကြေးလက်စွပ်ကို သေချာကြည့်ရှုနေသည်။
“ ဒါက ရတနာတစ်ခုပဲ … ကောင်းပြီလေ။ ထားလိုက်တော့ ဒီကောင်လေးကို ပြန်ပို့လိုက်ကြစို့။ ငါ ဒီလက်စွပ်အပေါ် အာရုံစိုက်ထားဖို့ လိုတယ်။ အဟမ်း သူ့ကို အဆင့်မြင့် ပညာရပ်တချို့ ပေးလိုက်သင့်လား။
တကယ်လို့ သူ အားပိုကောင်းလာရင် ကံအပြောင်းအလဲ အခွင့်အရေးကောင်းကောင်း ပိုတွေ့လာမှာမလား။ အဲဒီအခါကျ ဒီမှာ ပိုက်ဆံလာဖြုန်းလို့ ရပြီ။ သူ့ကံကြမ္မာက အတော်လေး ကောင်းတာတော့ အမှန်ပဲ … သူက ငါ့ရေရှည်အကျိုးမြတ် အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်တယ်။
သူ့ကို ထျန်းအာက ဒီမျှော်နန်းဆောင်ကနေ ကောင်းကင်ခြေမွ လက်ဝါး သင်ထားလို့ အရမ်းအားကောင်းနေတယ်ဆိုတာကို ပြောပြလိုက်မယ် …
တကယ်လို့ သူလည်း မျှော်နန်းဆောင်ဆီ ခဏတိုင်းလာပြီး ပိုက်ဆံများများဖြုန်းရင် ထျန်းအာလိုမျိုး အားကောင်းလာလိမ့်မယ်။ သူ့စာရင်းထဲ စစ်နတ်ဘုရား အမှတ်နှစ်သောင်း ရှိနေသေးတာဆိုတော့ မလာဘဲ နေမှာတော့ မဟုတ်ဘူး … ဟားဟား ငါလေး ဉာဏ်ကောင်းလိုက်တာ ”