← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

ကျန်းကျန်းက ဝေ့ယွီကျင်းရဲ့ ရေဘူးထဲကို ရေလောင်းထည့်ဖို့ ကူညီပေးလိုက်တော့ ဝေ့ယွီကျင်းက ပြုံးပြီး ကျေးဇူးတင်စကားဆိုကာ သူတို့ကို ဆက်မေးလာတယ်။

“ညီမတို့နှစ်ယောက်ကရော ဘယ်ကလာကြတာလဲ”

“ဟေးခရိုင်ဘက်ကလေ”

ကျန်းကျန်း ပြုံးလိုက်တော့ သူမရဲ့မျက်လုံးလေးတွေက ကွေးညွတ်သွားကာ လူတွေကို မဖော်ပြနိုင်တဲ့ အလင်းရောင်တစ်ခု ပေးနေခဲ့သလို ဖြစ်နေခဲ့တယ်။

“ကျွန်မက အထက်တန်းကျောင်းပြီးကတည်းက ကျေးလက်ဒေသကို မသွားခဲ့ဖူးဘူး၊ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် တစ်နှစ်ခွဲလောက်ပြင်ဆင်နေခဲ့တာလေ၊ ဒါပေမယ့် ကျွန်မရဲ့ယောက်မကတော့ ပညာတတ်လူငယ်အဖြစ် သုံးနှစ်လောက်ကြာအောင် လယ်တွေစိုက်လာခဲ့တာ “

ဝေ့ယွီကျင်းက လှပနုနယ်တဲ့ ဝမ်ရှင်းဝမ့်ကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။

“ သူမရဲ့ပုံစံက ကြမ်းတမ်းတဲ့အလုပ်တွေ လုပ်ခဲ့ရတဲ့ပုံမျိုး လုံးဝမရှိဘူးပဲ၊ အစ်မဝမ်ရဲ့ပင်ကိုကကို တကယ် လှပလွန်းတာဖြစ်မယ်”

ဝမ်ရှင်းဝမ့်က အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်တယ်။

သူတို့ စကားပြောနေစဉ်မှာပဲ လူတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြတယ်။ တော်ဝင်မြို့တော်ဇာတိဖြစ်ပြီး တစ်နှစ်ကြာအောင်ကျေးလက်သို့ သွားခဲ့ရပြီးမှ ပြန်ရောက်လာတဲ့ ကွားရှောင်ချင်း၊ သွက်လက် မြူးထူးစွာစကားပြောတတ်တဲ့ မုန်ရန်ရှောင်၊ အလွန်နုနယ်ဟန်ရှိတဲ့ ထျန်းကျင်း၊ နောက်ထပ် ပင်းချန်မှ အားမာန်ပြည့်ဝပြီး ရက်ရောတဲ့ မိန်းကလေး ရှုကျားကျား...

သူတို့အားလုံးက နွေးထွေးပြီး ရိုးရှင်းတဲ့လူတွေပဲ။ လူတိုင်းက သူတို့ကိုယ်သူတို့ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပြီးတဲ့နောက်မှာ အချင်းချင်း ရင်းနှီးလာခဲ့ကြတယ်။

အချိန်အတော်ကြာပြီးနောက်မှာ အစ်မနှင့် ညီမဆိုတာတွေကို ချောချောမောမောဖြင့် ခေါ်ဆိုလာနိုင်ခဲ့ကြတယ်။

ကျန်းကျန်းတို့ရဲ့ အိပ်ဆောင်က တရုတ်စာပေဌာနရဲ့ အောက်မှာရှိတဲ့ ဂျာနယ်လစ်ဇင် မေဂျာ၊ စာပေမေဂျာ၊ ဂန္တဝင်စာပေမေဂျာတွေတွက် ချပေးထားတာ ဖြစ်လေတယ်။

မေဂျာသုံးခုရဲ့ ပထမနှစ်တွေဖြစ်ပြီး ပရိုဖက်ရှင်နယ်အတန်းဖြစ်တဲ့ စာပေသင်တန်းများနှင့် လူထုဆက်ဆံရေးအတန်းတွေကို အတူတကွ သင်ယူနိုင်လိမ့်မယ်။

အတန်းရဲ့ပထမနေ့မှာတော့ မိုးလင်းပြီဆိုတာနှင့် ဝေ့ယွီကျင်းရဲ့ အိပ်ရာထ၊ ဝတ်စားဆင်ယင်နေတဲ့ အသံက နိုးစက်တစ်ခုလိုမျိုး ဖြစ်နေခဲ့ပြီး လူတိုင်းအိပ်ယာမှ ထကာ အဝတ်အစားတွေ ၀တ်ဆင်လိုက်ကြတယ်။

ဝေ့ယွီကျင်းက လူတိုင်း နိုးလာတာကို မြင်လိုက်ရတော့ မီးဖွင့်လိုက်ပြီး ကျန်းကျန်းရဲ့ အိပ်ယာဘေးသို့ လျှောက်သွားကာ ကန့်လန့်ကာကို မတင်ပြီး အော်ဟစ်လိုက်တယ်။

“လီမင်ကျန်း၊ မြန်မြန်ထတော့!”

ကျန်းကျန်း ခေါင်းအုံးဘေးက နာရီကို လှမ်းကြည့်လိုက်ပြီး ကန့်လန့်ကာကနေ ရှုပ်ပွနေတဲ့ ခေါင်းကို ဖော်ထုတ်လာကာ သူမရဲ့ ဖြူဖွေးနူးညံ့တဲ့ မျက်နှာလေးက ဗလာဖြစ်နေပုံရတယ်။

“ဝေ့ကျဲ၊ အခုမှ ငါးနာရီပဲရှိသေးတယ်လေ”

“ငါသိတယ်လေ”

ကျန်းကျန်းရဲ့ အိပ်ယာထကာစ ဆံပင်ပွယောင်းယောင်းတို့က ချစ်ဖို့ကောင်းတဲ့ ကြောင်လေးတစ်ကောင်လို ဖြစ်နေတာကို မြင်လိုက်ရတော့ ဝေ့ယွီကျင်းလည်း မထိန်းနိုင်တော့ဘဲ ကျန်းကျန်းရဲ့ ခေါင်းကို လှမ်းပွတ်လိုက်မိလေတယ်။

“ဒီနေ့က မေဂျာ သုံးခုလုံးဆုံတဲ့ စာပေအတန်းကို သွားရမှာ၊ မင်းသာ စောစောစီးစီး မသွားရင် ပထမတန်းမှာ ထိုင်ခုံရနိုင်တော့မှာမဟုတ်ဘူး”

ကျန်းကျန်းလည်း ထိုစကားကိုကြားမှ ပြန်လည် သတိရသွားပြီး ချက်ချင်းဆိုသလို အမှန်တကယ် နိုးလာခဲ့ကာ အိပ်ယာမှ အမြန်ထပြီး မျက်နှာသစ်ဆေးကြောတော့တယ်။

ထို့နောက် ရေဘူးနှင့် သူမ ဖတ်လို့မပြီးသေးတဲ့ စာအုပ်ကိုပါ ကျောင်းလွယ်အိတ်ထဲသို့ထည့်ကာ အတန်းဖော်တွေနှင့်အတူ ထွက်လာခဲ့တယ်

မနက်စာစားပြီးနောက်မှာ ပထမနှစ်ဂျာနယ်လစ်မေဂျာရဲ့မိန်းကလေးနှင့် အခန်းဖော်တစ်စုက စာသင်ခန်းသို့ ရောက်ရှိလာခဲ့ကြတယ်။ ကျန်းကျန်း ပထမဆုံးခုံတန်းမှာထိုင်ပြီး ကျောင်းလွယ်အိတ်ထဲမှ သူမ မပြီးသေးတဲ့ စာအုပ်ကို ထုတ်ယူလိုက်ပြီး စိတ်ဝင်တစား ဆက်လက်ဖတ်ရှုခဲ့တယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ စာသင်ခန်းထဲကို ရောက်လာတဲ့လူတွေ တဖြည်းဖြည်း များလာခဲ့ပြီး စကားစမြည်ပြောသံတွေ ခုံတန်းလျားတွေကို ရွေ့လျားနေတဲ့အသံတွေကို အဆက်မပြတ်ကြားနေလာရတယ်။ ဒါပေမဲ့ ကျန်းကျန်းကတော့ ဒီအချိန်မှာ စာအုပ်လောကထဲ လုံးလုံးလျားလျားနစ်မြုပ်နေခဲ့ပြီး အနှောင့်အယှက် မဖြစ်ခဲ့ဘူး။

ရုတ်တရက်ပဲ ဝေ့ယွီကျင်းက ကျန်းကျန်းရဲ့ လက်ကို တွန်းလိုက်ကာ တီးတိုးပြောတယ်။

“မဖတ်နဲ့တော့၊ ဆရာ ဒီကို ရောက်နေပြီ”

ကျန်းကျန်း စာအုပ်ကို စားပွဲခုံရဲ့ အောက်ဘက်အပေါက်ထဲသို့ ကမန်းကတန်း ထည့်လိုက်ကာ ခေါင်းကိုမော့ကြည့်လိုက်တော့ တစ်ဖက်မှ သူမကို စိုက်ကြည့်နေတဲ့ ဝမ်မင်ရဲ့ မျက်လုံးတွေကို တွေ့လိုက်ရလေတယ်။

ဝမ်မင်ရဲ့ အပြုံးရိပ်သန်းနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း ကျန်းကျန်း အနေရခက်စွာ ပြုံးလိုက်မိတယ်။

သူမအနေနဲ့ တော်ဝင်မြို့တော်ကိုရောက်ပြီး မကြာခင်မှာ ဝမ်မင် ၊ စုဝေ့ရန်၊ ရှုမင်ကောနှင့် တခြားလူတွေကို တွေ့ဆုံရလိမ့်မယ်ဆိုတာ သူမ သိထားပေမယ့်လည်း ထိုမကြာခင်အချိန်က အခုကတည်းက ရောက်လာဖို့ကိုတော့ ကျန်းကျန်း မမျှော်လင့်ထားခဲ့ဘူး။

ဝမ်မင်က သူမရဲ့ တရားဝင် တက္ကသိုလ်ကျောင်းဆရာ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် တွေးကြည့်လိုက်ရင်တော့ နားလည်နိုင်ပါတယ်။တော်ဝင်တက္ကသိုလ်ရဲ့ တရုတ်စာပေဌာနက တရုတ်နိုင်ငံရဲ့ ဒုတိယအဆင့်မှာရှိတယ်ဆိုရင် ပထမနေရာမှာ ဘယ်သူမှရှိနေရဲမှာမဟုတ်ဘူး။

တခြားကျောင်းသားတွေကလည်း ဝမ်မင်ကို မှတ်မိနေခဲ့ကြတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေနိုဘယ်ဆုပိုင်ရှင်ဖြစ်တဲ့အတွက် ဒီနှစ်တွေမှာ ဝမ်မင်ရဲ့ ဓာတ်ပုံအများအပြားကို ပထမဆုံးနိုဗယ်ဆုရှင်ဆိုတဲ့ခေါင်းစဥ်နှင့် သတင်းစာတွေမှာ အများကြီး ထုတ်ဝေခဲ့တယ်။

ကျောင်းသားတွေက အလျင်အမြန်ထရပ်ကာ ဝမ်မင်ကို နွေးထွေးတဲ့ လက်ခုပ်သြဘာသံတွေနှင့် ကြိုဆိုကြတယ်။

ဝမ်မင်က အခုချိန်မှာ အသက် 80 နီးပါးရှိနေခဲ့ပြီ။ နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် အချိန်အကြာကြီးတော့ မရပ်နိုင်တော့ဘူး။

ဒါကြောင့် သူက ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်ကာ နွေးထွေးတဲ့ လက်ဖက်ရည်ခွက်ကို သောက်ရင်း ကျောင်းသားတွေကို သင်ခန်းစာတွေ ပို့ချပေးခဲ့တယ်။

ဝမ်မင်ဆီမှာ သူကိုယ်တိုင် သင်ယူထားခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေက အလွန်ကြွယ်ဝပြီး သူ့ရဲ့စာပေနောက်ခံတွေကလည်း အလွန်နက်နဲတယ်။

ဒီနေ့ခေတ်ကာလရဲ့ ကျောင်းသုံးစာအုပ်တွေက အသစ်ထွက်ရှိရန် အချိန်မရှိတဲ့အတွက် အရေးအခင်းမဖြစ်ခင် ကာလတုန်းက ပြဋ္ဌာန်းစာအုပ်တွေအတိုင်းပဲရှိနေသေးတယ်။

ဒါကြောင့် ဝမ်မင်အနေနဲ့ ကျောင်းစာအုပ်တောင် ယူမလာခဲ့ဘူးဆိုရင်တောင် ကုလားထိုင်မှာထိုင်ပြီး လက်ဖက်ရည်သောက်ရင်းနှင့် အေးအေးဆေးဆေး သင်ကြားပေးနိုင်တယ်။

အတန်းချိန်တစ်ခုက တစ်နာရီခွဲလောက်ကြာပြီး အတန်းဆင်းချိန်ရောက်လာတဲ့နောက်မှာ အတန်းပြီး ခေါင်းလောင်းသံမြည်လာခဲ့တယ်။

ကျောင်းသားတွေက ဝမ်မင်ရဲ့ ပို့ချမှုတွေထဲမှာ စိတ်အားထက်သန်နေဆဲဖြစ်ပြီး အတန်းပြီးသွားချိန်မှာတောင် ထွက်ခွာရန် တုံ့ဆိုင်းနေခဲ့ကြတယ်။

သူတို့တွေက ဝမ်မင်ရဲ့ ပတ်ဝန်းကျင်မှာဘဲ ဆက်ပြီး ဝိုင်းအုံချင်နေကြသေးတဲ့ပုံပဲ။ သူ့ရဲ့ ပတ်လည်မှာ သုံးထပ်၊ လေးထပ်လောက် ဝိုင်းအုံနေတဲ့ ကျောင်းသားတွေကိုကြည့်ပြီး ဝမ်မင် စိတ်သက်သာရာရသွားစလို စိတ်လည်းလှုပ်ရှားလာခဲ့တယ်။

ဒီလို ဗဟုသုတ ငတ်မွတ်နေတဲ့ အခြေအနေမျိုးကို သူ မတွေ့ခဲ့ရတာ နှစ်အတော်ကြာနေခဲ့ပြီလေ။

သူက စင်ပေါ်မှ စားပွဲခုံပေါ်ကို လက်ထောက်ရပ်လိုက်ပြီး အောက်ဘက်ဆီသို့ လက်ဟန်ပြလိုက်တာကြောင့် စာသင်ခန်းက ချက်ချင်း တိတ်ဆိတ်သွားခဲ့တယ်။

“ကျောင်းသားတွေက ဗဟုသုတတွေကို ပိုပြီးလေ့လာဖို့အတွက် မစောင့်နိုင်ဘူးဆိုတာ ငါ သိပါတယ်၊ ငါလည်းပဲ ငါ့ရဲ့ ဗဟုသုတနှင့် သင်ခန်းစာတွေအကြောင်းကို ကျောင်းသားတွေဆီကို အများကြီး ပြောပြချင်နေခဲ့တာ၊

ဒါပေမယ့် နောက်အတန်းက နောက်ထပ်ဆယ်မိနစ်လောက်ဆိုရင် စတော့မှာလေ၊ ဒီတော့ ဒီမှာ အချိန်အများကြီး ဖြုန်းနေလို့ မရနိုင်ဘူး၊ ကျောင်းသားတွေမှာ မေးစရာတစ်ခုခုရှိရင် ငါ့ရုံးခန်းဆီကို လာပြီးဆွေးနွေးနိုင်ပါတယ်”

တရုတ်စာပေဌာနမှ ကျောင်းသားတွေလည်း ဖြည်းညင်းစွာ လူစုခွဲလိုက်ကြကာ ဝမ်မင်အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။

ဝမ်မင်လည်း ပထမတန်းမှာ ရပ်ပြီး သူ့ကိုအပြုံးနှင့် ကြည့်နေတဲ့ မိန်းကလေးကို မြင်တော့ ပျော်ရွှင်စွာ မပြုံးဘဲမနေနိုင်တော့ဘူး။

ဝမ်မင် သူမဆီကို လက်ဝှေ့ရမ်းပြလိုက်တယ်။

“ကျန်းကျန်း၊ ရှစ်ဖူ မင်းကိုခဏလောက် ဖိတ်ခါ်လို့ရလား”

ရုတ်တရက်ပဲ မျက်လုံးပေါင်း အစုံတစ်ရာကျော်လောက်က ကျန်းကျန်းဆီကို မနာလိုတဲ့ အကြည့်တွေနှင့် ပြည့်လာကြတယ်။

တရုတ်စာပေမှာ ပထမဆုံးနိုဗယ်ဆုရထားတဲ့လူနဲ့ အလွန်ရင်းနှီးတယ်ဆိုမှတော့ သူမရဲ့ အနာဂတ်က အာမာခံချက်တွေရှိနေပြီလေ။ ဒီလိုနှင့် လူတိုင်းက ချက်ချင်းဆိုသလိုပဲ ဂျာနယ်လစ်မေဂျာမှ ကျန်းကျန်းအမည်ရှိတဲ့ မိန်းကလေးရဲ့အကြောင်းကို စူးစမ်းမေးမြန်းလာကြတယ်။

ကျန်းကျန်း ဝမ်မင်ရဲ့ လက်မောင်းကို တွဲပေးလိုက်ပြီး နှစ်ယောက်အတူ တီးတိုးပြောရင်း စာသင်ခန်းထဲမှ ထွက်သွားခဲ့ကြတယ်။

အနီးအနားမှာ ဘယ်သူမှမရှိတာကိုမြင်တော့ ဝမ်မင်က မေးမြန်းလာတယ်။

“မင်းဒီနှစ်တွေမှာ ဘယ်ကိုရောက်နေတာလဲ၊ ငါတို့ကိုလည်း မဆက်သွယ်ဘူး၊ ငါတို့ မင်းကိုအရူးအမူးလိုက်ရှာနေခဲ့ကြတာ “

ကျန်းကျန်းက ရှက်ရွံ့စွာနှင့် လျှာကိုထုတ်လာခဲ့တယ်။

“အိမ်မှာပဲ၊ ကျွန်မသာ အိမ်စာတွေကို ကောင်းကောင်း မသုံးသပ်ခဲ့ဘူးဆိုရင် ဒီတော်ဝင်တက္ကသိုလ်ကို ဘယ်လိုလုပ်ပြီး ဝင်ခွင့်ရနိုင်မှာလဲ”

ဝမ်မင်က တီးတိုးရယ်မောလိုက်ပြီး ရေကန်ဘေးက ငိုက်မျဥ်းကျနေတဲ့ မိုးမခ ကိုင်းတွေကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။

“တကယ်တော့ ငါတို့ မင်းကိုရှာနေတယ်ဆိုတာက မင်းရဲ့ လုံခြုံရေးကို စိတ်ပူလို့ပဲ၊ ငါတို့က မင်းရဲ့အိမ်ကိုလည်း အတူတူ လာလည်ချင်နေကြတာ၊ မင်းနဲ့ မင်းရဲ့မိသားစုတွေကြောင့်သာ မဟုတ်ရင် ငါတို့လူကြီးတွေအားလုံးအခုချိန်မှာ ပြာအဖြစ်ပြောင်းနေလောက်မှာကို ကြောက်မိတယ်”

ဒီကိစ္စအတွက် ကျန်းကျန်းက သူမ ပြောရမဲ့စကားတွေကို တွေးထားပြီးသားဖြစ်ပြီး လီမူဝမ်းကို ကို ဒိုင်းတစ်ခုအနေနဲ့ အသုံးပြုရန် စီစဥ်ထားခဲ့တယ်။

လက်ရှိ လီမူဝမ်းရဲ့ ရာထူးနှင့်အနေအထားက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး တခြားလူတွေကတော့ သူ့အကြောင်းကို အလွယ်တကူ မေးမြန်းဖို့ ကြောက်ရွံ့နေကြပြီ။

ကျန်းကျန်း ဝမ်မင်ကို ရေကန်ဘေးက ခုံတန်းလျားမှာ ထိုင်ဖို့အတွက် အကူအညီပေးလိုက်တယ်။

“ရှစ်ဖူ၊ တကယ်တော့ ကျွန်မ ရှစ်ဖူတို့ကို လိမ်ညာထားခဲ့တာ၊ တကယ်တမ်း ရှစ်ဖူတို့ကို ကယ်တင်ခဲ့တဲ့သူက ကျွန်မရဲ့ အဖေ မဟုတ်ဘူး၊ ကျွန်မရဲ့ ဦးလေးပါ၊ ကျွန်မက အဲဒီတုန်းက အများကြီး မရှင်းပြချင်တော့တဲ့အတွက် အဖေ့ကိုပဲ အကာအကွယ်အဖြစ် သုံးလိုက်တာ၊

တကယ်တော့ ကျွန်မရဲ့ ကျောင်းသားဖိုင်ကို ကြည့်ရင် ကျွန်မရဲ့ အဖေက သာမာန်အလုပ်သမားပဲဆိုတာကို ရှစ်ဖူသိလိမ့်မယ်၊ သူက အများကြီး လုပ်နိုင်စွမ်းမရှိဘူး”

ကျန်းကျန်း နှာခေါင်းကိုထိပြီး ဆက်ပြောတယ်။

“ရှစ်ဖူတို့ကို ကယ်ပေးခဲ့တဲ့ ကျွန်မရဲ့ ဦးလေးက အခု စစ်တပ်မှာ အတော်လေး ရာထူးကြီးနေပြီ၊ အခု သူက အမှတ် (၁) ခြံဝင်းထဲမှာ နေနေတာလေ”

ဝမ်မင်က တစ်ဖက်လူ ထိုနေရာမှာနေတယ်ဆိုတာကို ကြားတာနဲ့ ချက်ချင်းတုံ့ဆိုင်းသွားတယ်။ ပြောရရင် သူတို့ထဲက ဘယ်သူကမှ တာဝန်ရှိသူတွေနဲ့ မဆက်ဆံချင်ကြဘူး။

ကျန်းကျန်း ဆက်ပြောလိုက်တယ်။

“နောက်ပြီး ကျွန်မရဲ့ဦးလေးက ရှစ်ဖူတို့တွေ တကူးတကကြီး ကျေးဇူးတင်နေမှာကို မလိုချင်ဘူး၊ ရှစ်ဖူတို့ တောင်ပေါ်ကနေ ဆင်းသွားပြီးကတည်းက ဒီကိစ္စကို မရှိခဲ့သလိုမျိုး သဘောထားဖို့အတွက် ကျွန်မရဲ့ဦးလေးက အထူးတလည်ပြောခဲ့တယ်၊ နောက်ပိုင်းမှာလည်း ရှစ်ဖူတို့တွေ သူ့ကို ကျေးဇူးတင်ရင်တောင် သူက ဝန်ခံမှာ မဟုတ်ဘူး”

ဝမ်မင်က ခေါင်းညိတ်လိုက်တယ်။

“မင်းဦးလေးရဲ့ ပြောချင်တဲ့အဓိပ္ပါယ်ကို ငါနားလည်ပါတယ်၊ ငါ စုဝေ့ရန်နှင့် တခြားသူတွေဆီ ဒီအကြောင်း ပြောပေးမယ်”

ကျန်းကျန်း ဒါကိုမြင်တော့ စိတ်သက်သာရာရပြီး ရယ်မောနိုင်သွားတယ်။

“တကယ်တော့ ကျွန်မကမှ ကံကောင်းတာလေ၊ ငယ်ငယ်လေးကတည်းက ရှစ်ဖူတို့အားလုံးက ဆရာတွေအဖြစ် ရရှိခဲ့တယ်၊ လူအများစုဆီမှာ ဒီလိုကောင်းချီးမျိုး မရှိနိုင်ကြဘူး”

ကျန်းကျန်းရဲ့ ဆိုးသွန်းလိုတဲ့ အကြည့်ကို ကြည့်ပြီး ဝမ်မင်ရယ်မောလိုက်တယ်။

“ မင်း သေချာပေါက် အရမ်းကံကောင်းတာပေါ့၊ ရှုမင်ကောလည်း ဒီမှာ သမိုင်းမေဂျာအတွက် ပါမောက္ခအဖြစ် ရောက်နေတာ၊ သူက သမိုင်းမေဂျာအတွက်တင်မကဘူး၊ သမိုင်းစာပေယာဥ်ကျေးမှုမေဂျာအတွက်ပဲ ယူထားတာ၊ သူ့စရိုက်အရ မကြာခင် ဒုတိယ ဒါမှမဟုတ် တတိယမြောက် မေဂျာထပ်ယူလိမ့်မယ် “

All Chapters