← Chapters

အခန်း (၁၈၂)

Vol. 19 Ch. 182

အခန်း (၁၈၂)

Vol. 19 Ch. 182

ကျန်းကျန်း နှာခေါင်းရှုံ့လိုက်တယ်။

“တကယ်တော့ ကျွန်မ ရှုလောင်ရှစ်ရဲ့ သမိုင်းဝင် အမွေအနှစ်တွေကို ခွဲခြားတဲ့ အတန်းကို အရမ်းသဘောကျတယ်၊ အရင်ကလည်း သူ့ဆီက သင်ယူခဲ့တာပဲလေ၊ ဒါပေမယ့် သမိုင်းနဲ့ ဂန္တဝင်စာပေကိုတော့ အဓိကမေဂျာအတွက် မသင်ချင်ဘူး”

သူမပြောနေရင်းနှင့် ရုတ်တရက်မျက်လုံးတွေက ဝမ်မင်ဆီကို စိုက်ကြည့်ကာ တောက်ပလာခဲ့တယ်။

“ရှစ်ဖူ၊ ကျွန်မ ဒီအတန်းတွေထက် မေဂျာတွေ ထပ်ထည့်ချင်သေးတယ်၊

အဲဒါ ကျွန်မ မေဂျာတွေထပ်ယူလို့ရအောင် ရှစ်ဖူ ကူညီနိုင်မလား၊ ကျွန်မ စီးပွားရေးနှင့် ပြင်သစ်ကို တစ်ပြိုင်နက်တည်း အဓိကမေဂျာအဖြစ် သင်ယူချင်တယ်”

ဝမ်မင် သူမကိုကြည့်ရင်း ရုတ်တရက် ပြုံးလိုက်တယ်။

“မင်းက အများကြီး သင်ယူချင်နေတာပဲ၊ မေဂျာတွေ အများကြီးယူထားပြီးမှ အားလုံးကို လိုက်မမှီဖြစ်နေမှာကို မကြောက်ဘူးလား”

ကျန်းကျန်း စိတ်လိုလက်ရပြုံးလိုက်တယ်။

“ကျွန်မက တရုတ်နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာလေ၊ ဗဟုသုတတွေကို ပိုလေ့လာဖို့ မလုပ်ဘူးဆိုရင် ဆုံးရှုံးသွားလိမ့်မယ်၊ ကျွန်မ စိတ်ဝင်စားတဲ့အရာတွေကို ပိုပြီးလေ့လာချင်တယ်၊ ဒီပလိုမာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေကို ဂရုမစိုက်ပါဘူး”

ဝမ်မင်က ခေါင်းညိတ်သဘောတူလိုက်တယ်။

“နှစ်ပေါင်းများစွာကြာပြီးမှ မင်း ရှားရှားပါးပါးနှင့် စိတ်အားထက်သန်လာတာပဲ၊ ဒါပေမယ့် မင်းအင်္ဂလိပ်ဘာသာရပ်ကို မစဉ်းစားဘူးလား။ ငါမင်းကို တစ်နှစ်လောက် သင်ပေးခဲ့တော့ မင်းရဲ့ဘာသာစကားက အရမ်းအားကောင်းပြီး တိုးတက်မှုလည်း အရမ်းမြန်တာကို တွေ့ခဲ့တယ်”

ကျန်းကျန်း အပြစ်ရှိသလိုမျိုးခံစားရစွာနှင့် ပြုံးလိုက်မိတယ်။ သူမရဲ့ အရင်ဘဝတုန်းက အင်္ဂလိပ်စာ အဓိက သင်ကြားခဲ့ပြီး CET 8 ကိုပါ အောင်မြင်ခဲ့တယ်လေ။

သူမအနေနဲ့ အင်္ဂလိပ်ဘာသာကို နှစ်ပေါင်းများစွာ မပြောခဲ့ပေမဲ့လည်း ပြန်လည်သင်ယူဖို့ဆိုတာက လွယ်ကူနေတုန်းပဲ။

အခုချိန်မှာ ကောင်းကောင်းကျွမ်းကျင်နေပြီဖြစ်တဲ့ မေဂျာအပေါ် အချိန် ဖြုန်းစရာ မလိုတော့ဘူး။ သူမမှာ အရည်အချင်းရှိရင် အခြားဘာသာစကားကို လေ့လာ သင်ယူနိုင်တယ်။

ကျန်းကျန်းက ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ပြီးသားဆိုတာကိုတွေ့တော့ ဝမ်မင်လည်း သူမအတွက် ကျောင်းကို စကားပြောဖို့ သဘောတူပေးလိုက်တယ်။

သူတို့နှစ်ယောက်စကားပြောနေကြတဲ့အချိန်မှာပဲ ရှုမင်ကောက သင်ခန်းစာအစီအစဉ်တစ်ခုအတွက် လျှောက်လာတာကို မြင်လိုက်ရတော့ ဝမ်မင် ပြုံးလိုက်ပြီး ကျန်းကျန်းကိုမေးလိုက်တယ်။

“ရှုမင်ကောနှင့် စုဝေ့ရန်တို့ပြောတာကို ကြားခဲ့တယ်၊ မင်း သူတို့တွေရဲ့ ပန်းချီနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို သင်ယူပြီးပြီဆို၊ မင်း အနာဂတ်မှာ ဆက်ပြီး သင်ယူနေဦးမှာလား”

“သေချာပေါက် လေ့လာရမှာပေါ့”

ကျန်းကျန်းက သူမရဲ့ဆရာတွေကို ပြန်လည် သတိရမိသွားခဲ့ပြီး သူမရဲ့ မျက်လုံးထဲမှာ လေးစားအားကျမှုအပြည့်ရှိလာခဲ့ရတယ်။

သူမက ချက်ချင်းပဲ ခေါင်းညိတ်လိုက်လေတယ်။

“ကျွန်မ ဆရာတွေသင်ပေးထားတဲ့ ပညာတွေအားလုံးကို ဆက်ပြီး လေ့လာမှာ”

“တကယ်လား?”

သူမရဲ့ အနောက်ကနေ ရင်းနှီးတဲ့အသံတစ်ခုထွက်ပေါ်လာတာကြောင့် ကျန်းကျန်း ရုတ်တရက်လှည့်ကြည့်လိုက်တော့ ရှုမင်ကောက သူမရဲ့အနောက်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

ရှုမင်ကောက သူမကို မကျေနပ်တဲ့အမူအရာနဲ့ ကြည့်ပြီး လှမ်းပြောလာတယ်။

“ဒီမိန်းကလေး၊ ငါ မင်းရဲ့ဆရာလုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ၊ မင်း အခုလို ပျောက်သွားတော့ ငါတို့ဘယ်လောက်တောင်စိတ်ပူနေရလဲဆိုတာ မင်း သိရဲ့လား”

ကျန်းကျန်း ရှက်ရွံ့စွာ ပြုံးပြီး နောက်ဘက်က စာသင်ခန်းကို လက်ညှိုးထိုးပြလိုက်တယ်။

“ရှုလောင်ရှစ်၊ ကျွန်မတို့ အတန်းအရင်တက်ကြမလား? နောက်ပြီးသွားမှ လောင်ရှစ်အချိန်ရရင် စကားပြောလို့ရတယ်လေ”

အတန်းချိန်ကို ရောက်နေပြီဖြစ်လို့ သူတို့တွေ သိပ်ပြီး စကားပြောဖို့ အချိန်မရှိဖြစ်နေခဲ့တယ်။

ဝမ်မင်က စာသင်ခန်းဆီသို့ လျှောက်သွားပြီဖြစ်တဲ့ နှစ်ယောက်ကို လှမ်းပြည့်ရင်း နောက်ကနေ အော်ခေါ်လိုက်တယ်။

“ငါ လောင်စုနှင့် တခြားလူတွေကို ခေါ်လိုက်မယ်၊ အတန်းပြီးရင် နေ့လည်စာစားဖို့ ငါ့အိမ်ကို လာခဲ့ကြဦး”

ကျန်းကျန်းက ဒီနေ့မနက်မှာ အတန်းကြီးတစ်ခုသာရှိနေခဲ့ပြီး မူလတုန်းက သူမအတန်းပြီးတာနှင့် စာကြည့်တိုက်သို့သွားရန် စီစဉ်ထားခဲ့ပေမဲ့ ရှုလောင်ရှစ်က ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေအကြောင်းကို သင်ကြားပေးမှာကို သိလိုက်ရတော့ သူမလည်း စာသင်ခန်းထဲသို့ လိုက်သွားခဲ့တယ်။

ဂန္တဝင်စာပေမေဂျာအတွက် လျှောက်ထားသူအများစုက ယောက်ျားလေးတွေပဲ။ ရုတ်တရက် လှပပြီး ချစ်စဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်က ပါမောက္ခနှင့်အတူ ဝင်လာတာကို မြင်လိုက်ရတော့ ကောင်လေးတွေအားလုံးက ခေါင်းကိုလှည့်လိုက်ပြီးသူမကိုကြည့်လိုက်မိကြတယ်။ ပြီးမှသာ တိတ်တဆိတ် ခေါင်းကို ပြန်လှည့်ကာ သူတို့ရဲ့မှတ်စုစာအုပ်ကိုဖွင့်ပြီး ရှုမင်ကောဆီကို မျှော်လင့်တကြီးနှင့် ကြည့်နေခဲ့ကြတယ်။

ချောမောလှပတဲ့ မိန်းကလေးက ဆရာ့ရဲ့ပညာပို့ချမှုလောက် ဆွဲဆောင်မှု မရှိဘူး။

အရင်တုန်းကတော့ ရှုမင်ကောက ကျန်းကျန်းကို တောင်တန်းတွေကြားမှာ သင်ကြားခဲ့ရပြီး ယဉ်ကျေးမှုအမွေအနှစ်တွေက အစစ်အမှန်လား၊ အတုအယောင်လားဆိုတာကို ခွဲခြားဖို့ တိုက်ရိုက်သင်ပေးခဲ့ပေမဲ့ ကျောင်းမှာတော့ ရှုမင်ကောက အခြေခံအသိပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ သီအိုရီတွေကို ပိုအာရုံစိုက်ပြီး သင်ကြားပေးခဲ့တယ်။ သူက အခြေခံအသိပညာတွေကို ခိုင်မာပြီးမှသာ သူတို့ကိုယ်တိုင် တိုးတက်စေပြီး အစစ်အမှန်နှင့် ထိတွေ့ဖို့ လုပ်ပေးခဲ့တယ်။

ကျန်းကျန်းက တခြားကျောင်းသားတွေရဲ့နောက်ဆုံးမှာ ထိုင်ပြီး သူမရဲ့မှတ်စုစာအုပ်ကိုဖွင့်ကာ အတန်းကိုနားထောင်ရင်း အမြန်မှတ်တမ်းတင်ရေးမှတ်နေခဲ့တယ်။

ရှုမင်ကောကလည်း သူ့ရဲ့ဟောပြောသင်ကြားပို့ချချက်အတွင်းမှာ ကျန်းကျန်းကို အထူးအာရုံစိုက်ခဲ့တယ်။ သူမက အကြောင်းအရာတစ်ခုခုကို အရမ်းစိတ်ဝင်စားတဲ့ အမူအရာရှိနေတာကို မြင်လိုက်ရရင် ထိုအကြောင်းအရာကို ပိုပြီး လေးလေးနက်နက် ရှင်းပြပေးလိမ့်မယ်။

ကုန်ခြောက်တွေနှင့်သာ ပြည့်နေတဲ့ ကျောင်းသားတွေကတော့ သူတို့တွေ တစ်ခုခုကို လွဲချော်သွားမှာကို စိတ်ပူတာကြောင့် အသက်တောင် ကျယ်ကျယ် မရှုရဲခဲ့ကြဘူး။ စကားလုံးတစ်လုံးလောက်ကတောင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုခု လွဲချော်သွားနိုင်တယ်။

ရှုမင်ကောက ခေါင်းလောင်းသံမမြည်မချင်း ဟောပြောပွဲကို မရပ်ခဲ့ဘူး။ အတန်းဆင်းချိန်ကိုရောက်မှသာ သင်ခန်းစာအစီအစဉ်ကို ဖြတ်တောက်ခဲ့တယ်။

ကျောင်းသားတွေက မတ်တပ်ထရပ်လိုက်ကြပြီး မေးခွန်းတွေအများကြီး မေးချင်တယ်လို့ ခံစားရပေမဲ့ ထိုအကြောင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟုသုတအကြောင်းအရာက အနည်းငယ်သာ ရှိနေခဲ့တယ်။ ဒါကြောင့် ဘာကိုမေးမြန်းရမလဲ မသိဘဲ စိုးရိမ်တကြီးနဲ့ နားရွက်တွေကိုသာ ကုတ်လိုက်မိကြလေတယ်။

ရှုမင်ကောက သူတို့ရဲ့ခံစားချက်တွေကို နားလည်တာကြောင့် အနည်းငယ်ပြုံးပြီး ပြောလိုက်တယ်။

“မင်းတို့ကက ဒီအတန်းအတွက် အသစ်တွေဖြစ်နေတာဆိုတော့ နားမလည်တာက ပုံမှန်ပါပဲ၊ နောက်ထပ် သမိုင်းမေဂျာနဲ့ ပရော်ဖက်ရှင်နယ်သမိုင်းအကြောင်းကို လေ့လာချင်တယ်ဆိုရင် မင်းတို့တွေ နောက်ထပ်တက်လို့ရတယ်”

ကျောင်းသားများကလည်း ရှုမင်ကောကို အတူတကွ ဦးညွှတ်ကာ ထိုပါမောက္ခ စာသင်ခန်းမှ ထွက်သွားမဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။

ရှုမင်ကော သင်ခန်းစာ စာရွက်စာတမ်းတွေကို ယူပြီး တံခါးဆီသို့ လျှောက်သွားကာ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကျန်းကျန်းက နေရာမှာဘဲ ရပ်နေသေးတာကို တွေ့လိုက်ရတာကြောင့် အပြုံးတစ်ခုနှင့် ခေါင်းကို ခါရမ်းလိုက်မိတယ်။

“ ဒီကို မြန်မြန်လာခဲ့လေ၊ ဝမ်မင်တို့အိမ်မှာ နေ့လည်စာထမင်း သွားစားရအောင်”

ကျန်းကျန်းလည်း တုံ့ပြန်လိုက်ပြီး ရှုမင်ကောဆီကနေ သင်ခန်းစာအစီအစဉ်အတွက် စာဖိုင်တွေကို ကူညီသယ်ပေးဖို့ ချက်ချင်းပြေးသွားခဲ့လိုက်တယ်။ သူတို့နှစ်ယောက် ရင်းနီးစွာ စကားပြောရင်း ရယ်မောရင်းနေတာကိုမြင်တော့ တခြားကျောင်းသားတွေက ချက်ချင်းဆိုသလို မနာလိုဖြစ်လဖြစ်သွားခဲ့ကြလေတယ်။

“သူမက ဆရာတစ်ယောက်ယောက်ရဲ့ ကလေးလား၊ သူမက ဆရာတွေနဲ့ အချိန်မရွေး ဆက်သွယ်လို့ရနိုင်တာပဲ၊ မသိတဲ့ မေးခွန်းတွေလည်း မေးနိုင်လောက်တယ်”

“ငါ မှတ်မိသလောက်ဆို သူမက ဂျာနယ်လစ်မေဂျာကို အထူးပြုထားတာမလား”

ကောင်လေးတစ်ယောက်က ရုတ်တရက် ခေါင်းကို မော့ပြီး ပြောလိုက်တယ်။

“ငါ သူ့နာမည်ကို ရှာကြည့်ရမယ်”

အသက်သုံးဆယ်ကျော်ခန့်ရှိနေတဲ့ ခြားကျောင်းသားတစ်ယောက်က မျက်လုံးများကို လှိမ့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်တယ်။

“မင်းက တခြားအမျိုးသမီး ကျောင်းသူလေးတွေရဲ့နာမည်ကို ဘာလုပ်ဖို့ သိချင်နေရတာလဲ”

လူငယ်လေးက အလွန် လေးလေးနက်နက် မျက်နှာထားနဲ့ပြောလာတယ်။

“သင်ခန်းစာ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆွေးနွေးချင်တာတွေ တစ်ခုခုကြုံခဲ့ရင်၊ ဆရာ့ ကို ကူပြီး မေးမြန်းခိုင်းဖို့ အကူအညီတောင်းမလို့လေ”

အိမ်ထောင်ကျပြီးသား ကျောင်းသားကြီးအချို့ကတော့ ဒါကိုကြားတဲ့နောက်မှာ ရယ်မောလိုက်ကြတယ်။

ကောင်လေးက စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကုတ်လိုက်ပြီး ထပ်ပြောလာပြန်တယ်။

“ဒါက မကောင်းဘူးလား၊ မကောင်းရင်လည်း မေ့လိုက်ပါတော့”

သူက စိတ်မကောင်းစွာနှင့် ပြောနေခဲ့တယ်။

“ဆရာတွေနဲ့ ဆက်သွယ်ဖို့ နောက်ထပ် အခွင့်အရေး ရလာဦးမှာပါ”

ကျန်းကျန်းကတော့ ဌာနတစ်ခုတည်းမှ ကောင်လေးတွေက သူမရဲ့အကြောင်းကို ပြောနေကြတာကို မသိခဲ့ဘူး။

လက်ရှိမှာ သူမက ရှုမင်ကောနှင့်အတူ တော်ဝင်တက္ကသိုလ်ဝန်းထဲမှ ဝမ်မင်ရဲ့ နေအိမ်ဆီသို့ လိုက်သွားခဲ့တယ်။

ဝမ်မင် နိုင်ငံကို ပြန်လာပြီးနောက် အစိုးရဘက်က သူ့ကို ခြံဝင်းလေးတစ်ခု ပေးထားခဲ့တယ်။ နေရာက သိပ်ပြီးမကျယ်ပေမယ့် အတော်လေးတိတ်ဆိတ်ပြီး နေချင်စဖွယ်ရှိခဲ့တယ်။

သူက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်စတဲ့ မနှစ်တုန်းက အချိန်အထိ ထိုအိမ်ဝန်းထဲမှာပဲ တစ်ယောက်တည်းပဲ နေထိုင်ခဲ့လေတယ်။

တက္ကသိုလ်တွေပြန်ဖွင့်တဲ့နောက်မှာ တော်ဝင်တက္ကသိုလ်က သူ့ဆီကို သံလွင်ခက် ကမ်းပေးခဲ့ပြီး ဝမ်မင်ကလည်း ကျောင်းမှ ဖိတ်ခေါ်တာကို လက်ခံလိုက်တယ်။

သူ့ရဲ့ ခြေထောက်တွေက အကြာကြီး လမ်းလျှောက်ဖို့ အဆင်မပြေတဲ့အတွက် တော်ဝင်တက္ကသိုလ်က သူ့အတွက် ကျောင်းဝန်ထမ်းအိပ်ဆောင်မှာ နောက်ထပ်တစ်နေရာကို စီစဉ်ပေးခဲ့ပြီး တစ်ဖက်မှ ဖိတ်ကြားခံရတဲ့ ရှုမင်ကောရဲ့ ဘေးဘက်မှအိမ်မှာ နေရာချပေးခဲ့လေတယ်။

ရှုမင်ကောက ဝမ်မင်ရဲ့ခြံတံခါးကို ဖွင့်လိုက်တာနှင့် အထဲမှာ ရယ်မောသံတွေကို ကြားလိုက်ရတယ်။ ရှုမင်ကောက ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့လေတယ်။

“ရောက်နေကြပြီလား”

သူ အိမ်တံခါးကို ဖွင့်လိုက်တာနှင့် သူတို့နှစ်ယောက် ပန်းချီဆရာကြီး စုဝေ့ရန်၊ တရုတ်ဆေးပညာရှင် ကျန်းရန်ကျယ်၊ တရုတ်တိုင်းရိုင်းဆေးဝါး သမားတော် လီရန်ကုန်း၊ ပီကင်းအော်ပရာပညာရှင် ရှဲ့ရှူးရန်၊ ပီကင်းအော်ပရာ နှင့် နာမည်ကျော် ခွန်းချီအော်ပရာ ပညာရှင် ယန်ပေါင်ကျူးတို့ အားလုံး အထဲမှာ ရှိနေကြတာကိုတွေ့လိုက်ရတယ်။

ရှုမင်ကောက ကျန်းကျန်းကို တွန်းပြီး အော်ပြောလိုက်တယ်။

“ဒီမှာ ဘယ်သူရှိနေတာလဲဆိုတာကို ကြည့်လိုက်စမ်း”

အားလုံးက ချက်ချင်းဝိုင်းကြည့်လာခဲ့ကြပြီး ယန်ပေါင်ကျူးကတော့ သူမခေါင်းကို ချစ်စရာကောင်းစွာခါရမ်းလိုက်တယ်။

“ဒီကလေးမလေးကတော့ တကယ်ကို အသိတရားမရှိဘူးပဲ၊ မင်း မလိုအပ်တော့ဘူးဆိုတာနှင့် ပျောက်သွားလိမ့်မယ်၊ လူတိုင်းက မင်းကို လိုက်ရှာနေလိမ့်မယ်လို့ မထင်ဘူးလား”

ယန်ပေါင်ကျူးရဲ့ လှပတဲ့မျက်နှာက သူမရဲ့ အသက်ကို သုံးဆယ်ကျော်အရွယ်လောက်ပဲလို့ ထင်နေရတုန်းပဲ။

ကျန်းကျန်း သူမကိုပွေ့ဖက်ပြီး ချစ်စရာကောင်းစွာပြုံးလိုက်တယ်။

“အစ်မယန် ၊ညီမမှားသွားပါတယ်၊ ညီမ ပြန်သွားရင် အစ်မတို့ကို ဖိတ်ခေါ်ပြီး တောင်းပန်တဲ့အနေနဲ့ ကျွေးမွေးမယ်လေ”

“ဒါဆိုလည်း ကောင်းပြီလေ”

ယန်ပေါင်ကျူး ပြုံးပြီး ကျန်းကျန်းကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။

**

All Chapters