ကြီးမြတ်မှု
Vol. 156 Ch. 2216
ရီဖူရှင်းက တိုက်ခိုက်ရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ချန်ယိသည် သူ အကြင်နာမဲ့ စွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရပေသည်။ သူသည် ရီဖူရှင်းက သစ္စာမရှိသော သူငယ်ချင်းဖြစ်နေသည်အား ကျိန်ဆဲလိုက်ပြီး သူ၏ ယခင်က ကြင်နာမှုက အလဟဿ ဖြစ်သွားရပြီဟု တွေးလိုက်မိသည်။
ကြည့်ရသည်မှာ သူက သူ့ကိုယ်သူသာလျှင် အားကိုးရတော့မည်ပုံပင်။
ချန်ယိက သူ့ကို ဝန်းရံထားသူများအား ကြည့်လိုက်သည်။ ထိုအစွမ်းထက် ကျင့်ကြံသူများက ထိုနေရာတစ်ခွင်လုံးကို ပိတ်ဆို့ထားသည့်အတွက်ကြောင့် သူက ထွက်ပြေးချင်လျှင်ပင် ထိုနေရာအား ချိပ်ပိတ်ထားသည့် ထိုသူများ၏ မဟာလမ်းစဥ်စွမ်းအားကို ချိုးဖြတ်သန်းသွားရပေလိမ့်မည်။ ထိုသို့လုပ်ရန်မှာ အနည်းငယ် ခက်ခဲလိမ့်မည် ဖြစ်သည်။
"ဒါဆို ခင်ဗျားတို့ ဘယ်သူမှ ကျုပ်ကို မျက်နှာသာပေးဖို့ ရည်ရွယ်ချက်မရှိဘူးလား။" ချန်ယိက ကြည့်ကာ ပြောလိုက်သည်။
ချန်ယိ စကားများကို ကြားပြီးနောက်၌ပင် သူတို့ထဲမှ မည်သူကမှ ဂရုမစိုက်ကြဘဲ သူတို့က သူ့ကို လှောင်ပြောင်စွာဖြင့် ကြည့်နေကြသည်။ သည်လူက ဤအခြေအနေနှင့် ပတ်သတ်၍ တစ်ခုခု လုပ်နိုင်စွမ်းရှိပါမည်လား။
"ခင်ဗျားတို့က ကျုပ်ကို ဘယ်လို မျက်နှာသာမှ မပေးချင်ဘူးဆိုတော့ ကောင်းပြီလေ။ ကျုပ် ခင်ဗျားတို့ကို ရတနာပေးလိုက်မယ်။" ချန်ယိ နောက်ထပ် ပြောလိုက်သည့်အရာက လူတိုင်းကို ကြောင်အသွားစေသည်။ သူတို့က ချန်ယိ လက်ထဲတွင် တောက်ပလင်းလက်သော ရတနာတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သူတို့က ဆွံ့အကာ သူ့ကို စိုက်ကြည့်လိုက်ကြ၏။ သူက ၎င်းကို လက်ထဲမှ ပစ်လွှတ်လိုက်သည့်အတွက် လေထဲတွင် မျောလွင့်သွားသည်။ ၎င်းမှာ သူ အစောပိုင်းက ရရှိခဲ့သော ရတနာ အစစ်အမှန်ပင် ဖြစ်သည်။
"ဘယ်လိုတောင်..."
လူတိုင်းက ခေတ္တမျှ မှင်သက်ကြောင်အသွားသော်လည်း စက္ကန့်ပိုင်းစာမျှသာ ဖြစ်လေသည်။ နောက်တခဏ၌ ဆူညံပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရတနာကို ဖမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်ကြသည်။ သူတို့ထဲမှအချို့မှာ ချက်ချင်းပင် လေဟာနယ်ကို ဖြတ်သန်း စုတ်ဖြဲလိုက်ကြသည်။ တစ်ယောက်ချင်းစီ ထိုရတနာအား လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် အမြန်ဆုံးနှုန်းနှင့် လှုပ်ရှားလာကြသည်။
သူတို့က ထိုအခိုက်အတန့်တွင် ချန်ယိနှင့် ပတ်သတ်၍ ထပ်မံဂရုမစိုက်ကြတော့ပေ။ ကြီးမားသည့် လက်ဝါးများက ရတနာရှိရာသို့ ဦးတည်လာကြပြီး လက်များ တစ်ခုနှင့်တစ်ခု ထိခတ်ကာ တိုက်ခိုက်မှုဖြစ်ပွားသည့် အသံများက ချက်ချင်းပင် ကြောက်မက်ဖွယ် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုရတနာက တခြားလူများလက်ထဲ ကျရောက်သွားမည်အား မည်သူမှ ခွင့်ပြုနိုင်ခြင်း မရှိပါချေ။
ဝုန်း...
ထို့နောက် အလင်းတန်းတစ်ခုက ရုတ်တရက် တောက်ပလာကာ လူတိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ ထိုအလင်းတန်းက အလွန် လျင်မြန်လှပြီး ချက်ချင်းပင် ဖြတ်သန်းပျောက်ကွယ်သွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ သို့သော် ယခုလေးတင် သူတို့ ရယူရန် ကြိုးစားနေခဲ့သော ရတနာသည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ လူတိုင်းက အဝေးသို့ ထိုးထွက်သွားကာ ကောင်းကင်ကို ဖြတ်သန်း၍ အဖြူရောင်စွတ်ကြောင်းဖျော့ဖျော့သာ ချန်ရစ်ခဲ့သော အလင်းတန်းကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
"ခင်ဗျားတို့အားလုံး သင်ခန်းစာမရသေးဘူးဆိုတာ ကျုပ် မယုံနိုင်ဘူး။" အဝေးမှနေ၍ ရန်စသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျင့်ကြံသူများက သူတို့ ကစားခံလိုက်ရပြီဟု ခံစားမိလိုက်ကြပြီး သူတို့၏ အမူအရာများက ရက်စက်ကြမ်းကြုတ်လာသည်။ ချန်ယိက အဆင့်မြင့်ကျင့်ကြံသူများစွာကို အရူးလုပ်ခဲ့ပြီး အဆိုးဆုံးမှာ သူက တူညီသော လှည့်ကွက်အား သူတို့အပေါ် နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။
သူတို့ စပြီး တိုက်ခိုက်သည့်အချိန်၌ သူက အလွန် လျင်မြန်လှသော အရှိန်နှင့် ရတနာကို ယူကာ ပြေးထွက်သွားခဲ့လေသည်။ သူတို့က တူညီသော အမှားကို နှစ်ခါ ပြုလုပ်ခဲ့ပြီး ဤသည်မှာ သူတို့၏ လောဘကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ အဆုံးမှာတော့ ချန်ယိက ရတနာကို ပစ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် သူတို့ အရင်ဆုံး တွေးမိသည့်အရာမှာ ထိုရတနာကို မြန်မြန် ရယူရန် ဖြစ်လေသည်။တစ်စုံတစ်ယောက်က ၎င်းကို မယူလျှင် အခြားလူက ယူဆောင်သွားပေလိမ့်မည်။ ထို့ကြောင့် မည်သူကမှ ချန်ယိကို အရေးတယူ တွေးမနေတော့ဘဲ ရတနာကို လက်ဝယ်ပိုင်ဆိုင်ရန်သာ လုပ်ဆောင်ကြပေတော့သည်။ တစ်စုံတစ်ယောက်က ရတနာကို ရယူသွားနိုင်ခဲ့လျှင် ချန်ယိကို ဖမ်းထားနိုင်လျှင်ပင် အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ချန်ယိက အလွန် လိမ္မာပါးနပ်စွာဖြင့် ထိုသို့သော လှည့်ကွက်ကို ဤလူများအပေါ် တစ်ဖန်အသုံးပြုခဲ့ပြီး ရတနာအား ပြန်လည် ယူဆောင်ကာ ပြေးထွက်သွားခဲ့ပေသည်။
ဘုန်း.. ဘုန်း... ဘုန်း...
ပြင်းထန်သည့် အရှိန်အဝါတို့က တစ်ယောက်ချင်းစီထံမှ စတင် ပေါက်ကွဲထွက်လာသည်။ နတ်အလင်းတန်းများက ကောင်းကင်တစ်ခွင် ဖြတ်သန်းထွက်ပေါ်လာကာ ရူးလောက်သည့် အရှိန်မျိုးနှင့် လေဟာနယ်ကို ဖြတ်သန်းသွားခဲ့သည်။ အလင်းတန်းတစ်ခုချင်းစီသည် ထိုအရှေ့မှသွားသည့် အလင်းထံ ဦးတည်သွားခဲ့ကြသည်။ ထိူလူအများက ချန်ယိနောက်သို့ လိုက်သွားခဲ့သည်မှာ သိသာပေသည်။
ယခုတွင် ရတနာတစ်ခုအတွက် တိုက်ခိုက်ခြင်းကဲ့သို့ မရိုးရှင်းတော့ပေ။ ယခုအချိန်၌ သူတို့သည် စိန်ခေါ်ခံရခြင်းနှင့် အစော်ကားခံရခြင်းကို ခံစားမိကြရပေသည်။
သူတို့ထဲမှ အချို့မှာ ချန်ယိအား ဖမ်းမမိနိုင်သည်ကို သိသည့်အတွက်ကြောင့် သူတို့ အလုပ်ရှုပ်ခံပြီး လိုက်ဖမ်းမနေတော့ဘဲ နေရာ၌သာ ရပ်ကျန်နေခဲ့သည်။ သူက အောက်သို့ ငုံ့ကာ ရီဖူရှင်းနှင့် သူ့အဖွဲ့အား ကြည့်လိုက်သည်။
သူတို့က တစ်ဖွဲ့တည်း ဖြစ်ပုံရသည်။ ထို့ကြောင့် သူတို့က ချန်ယိ ပြန်ရောက်လာစေရန် ဖိအား ပေးနိုင်သည့် အကြောင်းရင်း ဖြစ်လာနိုင်ပေသည်။
လက်ရှိတွင် ရီဖူရှင်း၏ မျက်နှာထက်၌ ထူးဆန်းသော အကြည့်တစ်ခု ရှိနေခဲ့သည်။ ချန်ယိက အမှန်တကယ်ပင် ရတနာနှင့်အတူ ထွက်ပြေးသွားလေသည်။ အံ့သြစရာပင်။ သို့သော် ထိုငတုံးကောင်က ရီဖူရှင်း သူ့အား မသိချင်ယောင်ဆောင်ခဲ့သည့်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် ထိုသို့ ရန်စသည့် စကားလုံးများကို ပြောခဲ့သည်လား။
ထင်ထားသလိုပင် ရီဖူရှင်းတို့အနီးမှ ကျင့်ကြံသူများက သူတို့ကို ဖော်ရွေခြင်းမရှိသည့် မျက်လုံးများနှင့် ကြည့်လာကြသည်။ မျက်မမြင်ထျယ်၊ ဖန်းကိုင့်နှင့် ကျန်သည့် သူများက အတူတကွ စုဝေးနေကြပြီး သူတို့က အခြားကျင့်ကြံသူများကို သတိထားကာ ကြည့်နေကြသည်။
"ဒီမှာရှိတဲ့ လူတိုင်းက အစွမ်းထက် အင်အားစုအသီးသီးက အဆင့်မြင့်ကျင့်ကြံသူတွေချည်းပါပဲ။ အကြွေးတိုင်းက အကြွေးယူတဲ့လူနဲ့ပဲ ဆိုင်သလို ရန်ငြိုးတိုင်းကလည်း လုပ်ဆောင်တဲ့ သူနဲ့ပဲ သက်ဆိုင်တယ်။ ခင်ဗျားတို့ အားလုံးဆီက ရတနာကို ယူသွားတဲ့လူက သူပဲဆိုမှတော့ ခင်ဗျားတို့ သူ့ဆီကပဲ သွားပြန်လုသင့်တယ်။ ကျုပ်တို့က သူနဲ့ သိပ်မရင်းနှီးတာကြောင့် လူတိုင်းပဲ အပြစ်မဲ့သူတွေကို မထိခိုက်ဖို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက ပခုံးတွန့်ရင်း ပြောလိုက်သည်။
သို့သော် မည်သူကမှ သူ့စကားကို အရေးထားဟန်မတူပေ။ ကျင့်ကြံသူများစွာ၏ ပုံရိပ်များက သူတို့ကို ဤလေဟာနယ်အတွင်း ပိတ်ဆို့ထားချင်သလို ဖိအားပေးနေခဲ့သည်။ ဤနေရာက လူအများစုစည်းနေသည့် ကြယ်ကောင်းကင်မှ တစ်နေရာသာ ဖြစ်လျှင်ပင် အဆင့်မြင့်ကျင့်ကြံသူများစွာ ရှိနေဆဲ ဖြစ်သည်။ သူတို့ထဲမှ အချို့သည် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်မြင့်ရန်ဟောင်များ ဖြစ်သည်။
"ကျုပ်တို့က မင်းတို့အားလုံးကို ဖမ်းထားနိုင်ရင် သူ ပြန်လာမှာ သေချာတယ်။" သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
"ခင်ဗျားတို့က အပြစ်မရှိတဲ့ သူတွေကိုပါ ဆွဲထည့်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ကလည်း ဘာမှမလုပ်ဘဲ ထိုင်နေမှာ မဟုတ်ဘူး။" ရီဖူရှင်းက အေးစက်သည့် အသံနှင့် ပြောလိုက်သည်။ သူက သူ့အနီးဝန်းကျင်မှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ အဓိကအင်အားစုတစ်ခုချင်းစီမှ တစ်ယောက်ထက် ပိုသော လူများ ရောက်နေကြပြီး အချို့က အစွမ်းထက်သော်လည်း အချို့က ထိုမျှထိ အစွမ်းမထက်ကြပေ။ ထိုအဆင့်မြင့်ရန်ဟောင်များအပြင် အခြားအဆင့်မှ ရန်ဟောင်များလည်း ရှိသည်။
မည်သူကမှ ရီဖူရှင်း၏ စကားကို ဂရုမစိုက်ကြဘဲ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ သူတို့ထဲမှအချို့မှာ တိုက်ခိုက်မှုများ ပြုလုပ်ရန် စတင်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်က လက်ကို မြှောက်လိုက်ပြီး ချက်ချင်းပင် သူ့အထက်၌ မဟာလမ်းစဥ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ မုန်တိုင်းပြဿဒ်တစ်ခု ဖြစ်ပေါ်လာပေသည်။ ဤမုန်တိုင်းပြဿာဒ်က လေထဲတွင် ရစ်ဝဲနေပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံလာသည့်တိုင်အောင် ကြီးမားကျယ်ပြန့်လာသည်။ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများက မုန်တိုင်းပြဿာဒ်အောက်ဘက်တွင် ဖြစ်ပေါ်လာပြီး မုန်တိုင်းတစ်ခုချင်းစီတွင် ပြင်းထန်လှသည့် ဖျက်ဆီးခြင်း စွမ်းအားတို့ ပါဝင်နေသည်။
မျက်မမြင်ထျယ်က လေထဲသို့ ပျံတက်သွားကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကောင်းကင်နှင့် မြေကြီးက အော်မြည်နေပြီး သူ၏ နတ်ဘုရားတူ ပေါ်ပေါက်လာသည်။ ၎င်းသည် တူညီစွာ ပြင်းထန်သော စွမ်းအားမုန်တိုင်းကို မွေးဖွားလာစေပြီး ၎င်းက ကျယ်ပြောသော လေဟာနယ်ကို လေးလံလာစေပေသည်။
မတူညီသော နေရာများတွင် ရပ်နေသည့် ကျင့်ကြံသူတိုင်းက တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။ ရှီခွေ့၊ ကုဟွိုက်နှင့် အခြားလူများသည်လည်း ရှေ့သို့ ခြေလှမ်းကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
ရီဖူရှင်းက ထိုရန်ဟောင်များအားလုံးကို ဂရုမစိုက်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ မဟာလမ်းစဥ်၏ စွမ်းအားများက သူ့ခန္ဓာကိုယ်တလျှောက် ဖြတ်သန်းစီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ရက်စက်ကြမ်းတမ်းသော စွမ်းအားများက ထွက်ပေါ်လာကာ ကျယ်လောင်သည့် ပေါက်ကွဲသံက လေဟာနယ်အတွင်း ကျယ်လောင်စွာ ထွက်လာသည်။
ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်မှာ သူ့ခန္ဓာကိုယ်မှ မြင့်မြတ်သည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ကို စိတ်ကူးယဥ်အိပ်မက်ဆန်လာစေသည်။ သူ၏ မျက်လုံးများက နတ်ဆိုးဆန်ဆန်ပြောင်းလဲလာကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးနှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေပြီး ထိုနေရာတစ်ခွင်လုံးအား လွှမ်းမိုးထားနိုင်သော နတ်ဆိုးချီများ ထွက်ပေါ်လာစေသည်။
ဒုန်း...
ဒုန်း... ဒုန်း...
မျက်လုံးများစွာက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံးသည်လည်း မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါကို ခံစားမိကြပေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါတို့က သူတို့ကို ထိတ်လန့်အံ့သြစေသည်။ ဤသည်မှာ အဆင့်ခြောက်ရန်ဟောင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သော်လည်း အဆင့်ခုနစ်ရန်ဟောင်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ သူ၏ အရှိန်အဝါတစ်ခုတည်းကပင် သူတို့ကဲ့သို့ အစွမ်းထက်သော အဆင့်ခုနစ်ရန်ဟောက်များထက် အားနည်းမနေခဲ့ပေ။
ထို့အပြင် သူတို့၏ နှလုံးသားများကို ဖျက်ဆီးနိုင်သော အလွန် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရှိနေသေးပြီး သူတို့ နှလုံးသားများကို တုန်လှုပ်နေစေကာ ရီဖူရှင်း ခန္ဓာကိုယ်အတွင်းမှ နှလုံးသား၏ ပြင်းထန်စွာ ခုန်ပေါက်နေသော အသံကို ကြားနေရသလိုပင် ဖြစ်သည်။
"ဂရုစိုက်။ အဲဒီမှာ မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါတွေ ရှိနေတယ်။" သူတို့ထဲမှ တစ်ယောက်က ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းက အလွန် ထူးခြားသော အတွေ့အကြုံတို့ကို တွေ့ကြုံခဲ့ဖူးသည်ဟု ပြောနိုင်ပေသည်။
"အဲဒါက ရီဖူရှင်းပဲ။ သူ ရှန်ချင်းနယ်မြေမှာတုန်းက မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကို မဟာလမ်းစဥ်ရဲ့ ထူးခြားတဲ့ ခန္ဓာလမ်းစဥ်ကို နားလည်သဘောပေါက်ခဲ့တယ်။ အခု သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းပဲ။" နောက်တစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်းသည် တစ်ဖက်လူက သူမည်သူဖြစ်ကြောင်း သိနေသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ ကြည့်ရသည်မှာ သူက ယခု ကျော်ကြားနေပုံရပြီး အခြားဘုံမှ ကျင့်ကြံသူများသည်ပင် သူ၏ တည်ရှိမှုကို သိနေကြပေသည်။
သို့သော် ထိုအချက်အလက်များက အခြားကျင့်ကြံသူများက ရီဖူရှင်းနှင့် ပိုမို ယှဥ်ပြိုင်တိုက်ခိုက်ချင်လာအောင် ပြုလုပ်ပေးနေသလို သူတို့က တိုက်ပွဲအတွက် အစောပိုင်းကတည်းက ပြင်ဆင်ထားသည့်ဟန် တူပေသည်။
ဝုန်း...
နတ်ဆိုးမုန်တိုင်းတစ်ခုက လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံသွားပြီး ရီဖူရှင်း၏ အနောက်၌ ကြီးမားသည့် ဥဒေါင်းတစ်ကောင် ပုံရိပ် ထွက်ပေါ်လာသည်။ ဥဒေါင်းနတ်ဘုရားက ၎င်း၏ တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ထိုတောင်ပံပေါ်တွင် မရေတွက်နိုင်သော မျက်လုံးများ ပေါ်ပေါက်လာကာ မျက်လုံးတစ်စုံစီမှ ကြောက်မက်ဖွယ် နတ်ဆိုးအလင်းများ ထိုးထွက်လာပေသည်။
နောက်တခဏတွင် သူက ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူက ကြောက်မက်ဖွယ် အရှိန်နှုန်းနှင့် တစ်နေရာသို့ ဦးတည်သွားခဲ့ပေသည်။
"သူ့ကို တားကြစမ်း..." တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အဆင့်ခုနစ်မှ အစွမ်းထက်ရန်ဟောင်တစ်ပါးက ချက်ချင်းပင် ရှေ့သို့ ခြေလှမ်းလိုက်ကာ မဟာလမ်းစဥ်နတ်စွမ်းအားတို့ ထွက်ပေါ်လာလေသည်။ ရီဖူရှင်း၏ ရှေ့၌ ကြီးမားသော ပုံရိပ်တစ်ခုပေါ်ပေါက်လာသည်။ ၎င်းက ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသကဲ့သို့ ရွှေရောင်အလုံးစုံတောက်ပနေသည်။
၎င်းက ရီဖူရှင်း ထိုလမ်းအတိုင်းလာနေသည်ကို မြင်သည့်အခါ တိုက်ခိုက်ရန်အတွက် လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုရွှေရောင်လွှမ်းသော နတ်လက်သီးများက လေကို ထိုးခွင်းလာကာ မရေတွက်နိုင်သည့် ရွှေရောင်လက်သီးပုံရိပ်ယောင်များက ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီက ကောင်းကင်ကို အပေါက်ဖြစ်အောင် ထိုးဖောက်နိုင်သော လက်သီးကို မြင်သည့်အခါ အလွန် လျင်မြန်လှစွာ အထက်သို့ ထိုးတက်သွားကြသည်။
သို့သော် ရီဖူရှင်းက မရှောင်တိမ်းသလို ပြန်ဆုတ်ခွာခြင်း မရှိဘဲ နတ်ဘုရားလက်သီးများထံ ဆက်လက်ပြေးဝင်သွားခဲ့သည်။ ရီဖူရှင်းသည် သူ၏ အသွေးအသားများကို လမ်းစဥ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားနိုင်သည့်အတွက် သူ၏ အသွေးအသား ရုပ်ခန္ဓာက နတ်ဘုရားခန္ဓာအဖြစ်သို့ပင် နီးကပ်နေခဲ့ပြီး စွမ်းအင်အမျိုးမျိုး ပါဝင်နေသည်။ သူက ပြိုင်ဘက်ကင်း သန်မာလှကာ လက်သီးတစ်ချက်က ကြယ်ကောင်းကင်တစ်ခွင်လုံးကိုပင် ချိုးဖျက်နိုင်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
သူတို့၏ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားပြီး ၎င်းတို့အနီးရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုပင်။ နားစည်ကို ထိုးဖောက်လုမတတ် မဟာလမ်းစဥ် ပေါက်ကွဲမှုအသံက လေထဲ၌ ရှိနေသော ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ကျင့်ကြံသူများစွာက သူ့ကို အဘက်ဘက်မှ တိုက်ခိုက်ရန် ကြိုးစားလာသော်လည်း သူတို့ထဲက မည်သူကမှ ရီဖူရှင်းအနားကို ကပ်ရန် မလုပ်ဆောင်နိုင်ကြပေ။
ဘုန်း...
ကြောက်မက်ဖွယ်အလင်းတန်းများက လေဟာနယ်ကို ဖြတ်သန်းထွက်ပေါ်လာပြီး ရွှေရောင်နတ်လက်သီးကို ပြိုကွဲသွားစေသည်။ ဥဒေါင်းနတ်ဘုရား၏ ပုံရိပ်က ၎င်းကို ဖြတ်သန်းသွားကာ အဆင့်ခုနစ် ရန်ဟောင်အား ပြင်းထန်သော တိုက်ခိုက်မှုနှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားခဲ့၏။
သို့သော် ရီဖူရှင်းက ထိုနေရာ၌ ရပ်တန့်မနေခဲ့ပေ။ သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ထိုသူ့နောက်မှ အားနည်းသော ရန်ဟောင်များထံ ဦးတည်လိုက်သည်။
"သူကို တားစမ်း..." သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အစွမ်းထက်ရန်ဟောင်များက တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တစ်ချိန်တည်းတွင် ပိတ်ဆို့တားဆီးထားသော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဗုဒ္ဓဓမ္မတေးသံတို့ ပဲ့တင်ထပ်လာပေသည်။ ချက်ချင်းပင် ပြိုင်ဘက်များ၏ ခေါင်းထဲ၌ ဒေါသတကြီး မျက်လုံးများနှင့် ပုံရိပ်များစွာ ပေါ်ပေါက်လာသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ကာ သူ၏ လက်ဝါးက လောကဖိနှိပ်ခြင်း မဟာလမ်းစဥ် ဖြစ်လာပြီး သူတို့အပေါ်သို့ ဖိချလာခဲ့သည်။ ဤသည်မှာ အလွန် လွှမ်းမိုးနိုင်သော လှုပ်ရှားမှုပင် ဖြစ်သည်။
အစောပိုင်းက ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော လူတိုင်းသည် ထိုသက်ရောက်မှုကြောင့် နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံလိုက်ရပေသည်။ အချို့က သူ့ကို တားဆီးရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း ရီဖူရှင်းက နောက်လက်တစ်ဖက်အား ဝေ့ယမ်းလိုက်သည်။ ဖျက်ဆီး၍မရနိုင်သော လှံရှည်တစ်လက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာကာ ၎င်းက ထိုးဖောက်လိုက်သည့် အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်သည်။
"ပြန်ဆုတ်ကြ..." အားလုံးသော ရန်ဟောင်များက ရီဖူရှင်းအနီးမှ ဆုတ်ခွာပြေးရန် ကြိုးစားခဲ့သော်လည်း သူက ရုတ်တရက် လက်သီးဆုပ်လိုက်ကာ သူ့ရှေ့မှ လေဟာနယ်အား ချိပ်ပိတ်ပစ်လိုက်ပေသည်။ ရန်ဟောင်များစွာက ဤလေဟာနယ်အတွင်း ပိတ်မိနေခဲ့သည်။ ထို့နောက် ရီဖူရှင်းက သစ်ရွက်များနှင့် အကိုင်းအခက်များကို ထိုလူများထံ ထုတ်လွှတ်လိုက်ကာ လေဟာနယ်ထဲရှိ လူတိုင်းကို ဝန်းရံထားပေသည်။ ကြောက်မက်ဖွယ် အေးစက်သော လေများက ချက်ချင်းပင် လေဟာနယ်ထဲတွင် ပြည့်နှက်လာပြီး သူတို့၏ ခန္ဓာကိုယ်အပူချိန်ကို သုညသို့ ကျဆင်းသွားစေခဲ့၏။ သူတို့က ရေခဲထဲ အေးခဲခံထားရသလို ဖြစ်လာပေသည်။
***