အန္တိမ ဘုရင်မ၊ ဓားပျံ အငွေ့အသက်
Vol. 20 Ch. 290
အခန်း (၂၉၀) : အန္တိမ ဘုရင်မ၊ ဓားပျံ အငွေ့အသက်
ဧရာမ ငွေရောင်လက်ဝါးကြီးက ဖြည်းဖြည်းချင်း နီးကပ်လာသည်။ ထိုလက်ဝါးကို ဘယ်အရာမှ မတားဆီးနိုင်ပေ။ သူ့လမ်းတွင် ရှိသမျှအရာအားလုံး ခြေမွခံလိုက်ရ၏။
ချီရှောက်ရွမ်က ထိုလက်ဝါး သူ့ကို အုပ်မိုးသွားသည်ကိုသာ ထိုင်ကြည့်နေရသည်။ သူက အားပြင်းပြင်း ဖိအားမျိုးကို ခံစားလိုက်ရသည်။
ဖြောင်း …
ကြမ်းပိုးတစ်ကောင်ကို ခြေမွရိုက်ချလိုက်သလိုမျိုး နောင်တမရှိပေ။
ခရမ်းစံအိမ် သူတော်စင်ကား ရှုံးနိမ့်သွားလေပြီ။
………....
စက္ကန့်ပိုင်းလေးအတွင်း ချီရှောက်ရွမ်၏ ပုံရိပ်က စင်မြင့်အထက် ပြန်ပေါ်လာသည်။ သူက ထုံထိုင်း ကြောင်အမ်းနေလေသည်။
ဘာဖြစ်သွားတာလဲ .. ငါက စက္ကန့်ပိုင်းလေးအတွင်း အသတ်ခံလိုက်ရတာလား …
ပထမနှစ်ခါတုန်းက ကောင်းကောင်း အဆင်ပြေနေတယ် မဟုတ်ဘူးလား … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ကောင်းကောင်း ရင်ဆိုင်နေနိုင်တယ်လေ
ငါ အဆုံးအစွန်အထိ မထုတ်သုံးနိုင်ခဲ့တဲ့ အချက်ကြောင့်သာ မဟုတ်ရင် နှစ်ကြိမ်လုံး အနိုင်ရခဲ့မှာ … ဒီတတိယအကြိမ် ငါ အကောင်းဆုံး အခြေအနေရှိနေရက်သားနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ချက်ချင်း သတ်နိုင်လိုက်တာလား …
ချီရှောက်ရွမ် တစ်ယောက်တည်း တုန်လှုပ်အံ့ဩသွားခြင်း မဟုတ်ပေ။ ပွဲကြည့်ပရိသတ်များလည်း အကုန် ကြောင်အမ်းနေကြသည်။
အရှေ့ပိုင်းလွင်ပြင်ရှိ အားလုံးက ချီရှောက်ရွမ်သည် မည်မျှအားကောင်းကြောင်း သိကြပေသည်။ ပြောရမည်ဆိုလျှင် ချီရှောက်ရွှမ်ကို လူငယ်မျိုးဆက်၏ အားအကောင်းဆုံး ပါရမီရှင်အဖြစ် ယုံမှားဖွယ် မရှိပေ။ သူက လွှမ်းမိုးနိုင်ကာ ပြိုင်ဖက်ကင်းလှသည်။
ရွှေအမြုတေအဆင့်စာရင်း၌ ဒုတိယချိတ်သော ဗောဓိသတ္တဝ ကူသို့ပင် သူ့ တိုက်ကွက် ၁၂ ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။ တတိယအဆင့် ဖန်ချန်းလည်း ကျန်းယွင်ရှီး၊ ကျင်းယွင်ထင်တို့နှင့် ပေါင်းကာ သူ့အား ရင်ဆိုင်ခဲ့ရသည်။ ဤသို့သော စွမ်းအားဖြင့် သူက နှစ်တစ်သောင်းအတွင်း အရှေ့ပိုင်းလွင်ပြင်၏ ပါရမီရှင်ကြားတွင်ပင် ထူးချွန်ပြောင်မြောက်နေပေသည်။
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ချူးလုံဟယ်နှင့် စံနမူနာယူထိုက်ဖွယ် ပါရမီရှင်တချို့သာ ချီရှောက်ရွမ်နှင့် အပြိုင်ရပ်တည်နိုင်လိမ့်မည်။
စစ်နတ်ဘုရား အဆင့်စာရင်း၌ ချူးလုံဟယ်ပင် ချီရှောက်ရွမ်ထက် အဆင့်နိမ့်ပေသည်။ ထိုအရာက အငြင်းပွားဖွယ်ရာ ရှိသော်လည်း ရလဒ်ကား ရလဒ်သာ ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလိုပါရမီရှင်မျိုးကို တစ်စက္ကန့်လေးအတွင်း သတ်နိုင်ခဲ့တာလား …
မြင်ကွင်းကား ထိတ်လန့်ဖွယ် ဖြစ်၏။
“ ဘာဖြစ်သွားတာလဲ။ ငါ့အမြင်များ မှားတာလား။ ခရမ်းစံအိမ် သူတော်စင်က တစ်စက္ကန့်လေးအတွင်း အသတ်ခံလိုက်ရတာလား ”
“ မင်းတစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ဘူး ”
“ ငါ့ကို လာပြောင်နေတာလား။ ငါ့ဓား ဘယ်မှာလဲ ”
“ မင်းအမြင်မှားနေတာ မဟုတ်ဘူး။ ငါလည်း မြင်လိုက်ရတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ရိုက်ချက်က တကယ်ကို မယုံနိုင်လောက်အောင်ပဲ ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စွမ်းအားကို ခရမ်းစံအိမ် သူတော်စင်နဲ့ အတူတူ ထင်နေတာ။ ဒါပေမဲ့ အခုတော့ သူတို့က လုံးဝကို အဆင့်မတူတာပဲ ”
“ လန့်စရာကြီး … ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စွမ်းအားအစစ်အမှန်လား။ သူက အရင်တိုက်ပွဲနှစ်ခုတုန်းက အလေးအနက် တိုက်ခဲ့တာတောင် မဟုတ်ဘူးပေါ့ ”
“ဒါပေမဲ့ ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပုံရိပ်လေ။ ပုံရိပ်က ဘာလို့ အကုန်ထုတ်မသုံးတာလဲ။ စွမ်းအားအစစ်အမှန်ကို ထုတ်သင့်တာ မဟုတ်ဘူးလား ”
“ ဟားဟား ပုံရိပ်က စွမ်းအားအစစ်အမှန် မဖုံးကွယ်ထားနိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ဒီပုံရိပ်က ခရမ်းစံအိမ် သူတော်စင်ထက် ဉာဏ်ကောင်းတာကို မေ့မသွားနဲ့ဦး”
“ တကယ်ကို ရယ်ရတယ်ကွာ … ခရမ်းစံအိမ် အထွတ်အမြတ်မြေက ကျီရှုကျင်း ဘယ်ရောက်သွားလဲ။ ဘာလို့ အခုကျ စကားဝင်မပြောတော့တာလဲ ”
[ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝ ကူသို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပုံရိပ်ကို ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ]
[ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝ ကူသို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပုံရိပ်ကို ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ]
……………...
တိုက်ရိုက်ထုတ်လွှင့်မှုက တဖန် ရပ်သွားပြန်သည်။
ချီရှောက်ရွမ်၏ မျက်နှာက ဖန်သားပြင်မှ မှတ်ချက်များကို လိုက်ဖတ်ရင်း ဖြူဆုတ်သွားတော့သည်။
ရှက်စရာပဲ …
ငါ မွေးဖွားလာကတည်းက ဒီလိုအရှက်ကွဲတာမျိုး မကြုံဖူးဘူး …
ဤနှစ်ထောင်ချီအတွင်း ခရမ်းစံအိမ် မည်သည့် သူတော်စင်ကမှ ဤသို့အရှက်မကွဲခဲ့ကြပေ။
ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့ ခရမ်းစံအိမ် ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့စဉ်အခါကပင် စက္ကန့်ပိုင်းလေးအတွင်း ရှုံးနိမ့်သွားခြင်းမျိုး မဟုတ်ခဲ့ပေ။ ဤသတင်းသာ ပြန့်သွားပါက ဘယ်လိုလုပ် ခေါင်းပြန်မော့နိုင်ဦးမည်နည်း။ သူက သနားစရာအကောင်းဆုံး ခရမ်းစံအိမ် သူတော်စင် ဘွဲ့ ရသွားပေတော့မည်။
“ မျှော်နန်းဆောင် ဝိညာဉ်မလေး ကျွန်တော်ကို ဖြေရှင်းချက် ပေးစေချင်တယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ တိုက်ပွဲစွမ်းရည်ကို တိတ်တဆိတ် တိုးမြင့်ပေးလိုက်တာမလား ”
ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို တင်းတင်းဆုပ်ထားရင်း မျက်နှာကား မည်းမှောင်နေလေသည် “ ရှန်ထျန်းက ဘာလို့ အားအရမ်းကောင်းသွားရတာလဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံက တဖန် ထွက်ပေါ်လာသည် “သူတော်စင်လေး ဒေါသမထွက်ပါနဲ့။ ဒေါသထွက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီး ထိုင်ပါဦး … စစ်နတ်ဘုရား မျှော်နန်းဆောင်က တရားမျှတစေပါ့မယ် ”
ချီရှောက်ရွမ်က မဲ့ရွဲ့မိလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်နေတုန်း တစ်စက္ကန့်အတွင်း အသတ်ခံလိုက်လို့ လုံးဝကို အရှက်ကွဲသွားတာလေ … အဲဒါကို စိတ်အေးအေး ထားခိုင်းနေတာလား …
စစ်နတ်ဘုရား အမှတ် တစ်သိန်း ခြောက်သောင်း ရှုံးသွားတာ သိရဲ့လား … ဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်က ဧည့်သည်တော်တွေကို ဆက်ဆံတဲ့ပုံစံလား …
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်လာပြန်သည်
“ အချစ်လေး ခရမ်းစံအိမ် သူတော်စင် ဒီအထဲကို ဝင်မလာခင် မျှော်နန်းဆောင်ရဲ့ စည်းမျည်းတွေကို ဖတ်ခဲ့တယ်မလား။
ငါတို့ ပုံရိပ်တွေက သူတို့တိုက်ခိုက်နေတုန်းကအတိုင်း ဖန်တီးထားတာဆိုတော့ တိုက်ပွဲမှာ ထုတ်သုံးတဲ့ တိုက်ကွက်တွေက ကျပန်းပဲ … ပြောရရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ တိုက်ကွက်တွေက မင်းနဲ့ ရင်ဆိုင်နေတုန်း တချို့အကွက်တွေက အားကောင်းတာလည်း ပါနိုင်သလို အားနည်းတာလည်း ပါနိုင်တယ် ”
ချီရှောက်ရွမ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ “ အဲဆိုတော့ ပထမနှစ်ခေါက်တုန်းက သူက သာမန်တိုက်ကွက်လောက်နဲ့ တိုက်ပြီးတော့ နောက်ဆုံးအခေါက်ကျ အားအပြည့် ထုတ်သုံးလိုကတယ်လို့ ပြောချင်တာလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက နူးနူးညံ့ညံ့ ပြောလိုက်သည် “ ဟုတ်ပါတယ်။ ခရမ်းစံအိမ် သူတော်စင်လည်း လောကထဲ အများကြီး မြင်တွေ့ဖူးသားဆိုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပထမတိုက်ပွဲတုန်းက တိုက်ကွက်က ဒေါင်းမျိုးနွယ်ရဲ့ သက်တန့်အံ့ဖွယ်အလင်းတန်းဆိုတာလည်း ပြောနိုင်မှာပါ။
ဒုတိယတိုက်ပွဲတုန်းက ငှက်မွေးထာဝရသတ္တုရဲ့ အမြန်နှုန်းတိုက်ကွက်လေ … ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အသင့်တော်ဆုံး တိုက်ကွက်မျိုး မဟုတ်သေးဘူး။ တတိယတိုက်ပွဲမှာကျ တစ်ချက်ရိုက် တစ်ခါသတ် ပညာရပ်လေ။ သူက အဲဒီအမွေအနှစ် ပညာရပ်ကို မျှော်နန်းဆောင်ဆီကနေ သင်ယူခဲ့တာ … ကောင်းကင်ခြေမွ လက်ဝါးလို့ ခေါ်တယ် …
တိုက်ပွဲ တစ်ပွဲနိုင်တဲ့ ပါရမီရှင်တိုင်းက အမွေအနှစ်ပညာရပ် တစ်ခုကို ရွေးချယ်ခွင့် ရှိတယ်။ သူတော်စင်လေးက ကြယ်ငါးပွင့် ပါရမီရှင် နှစ်ယောက်နဲ့ ကြယ်ခြောက်ပွင့် ပါရမီရှင် တစ်ယောက်ကို အနိုင်ယူခဲ့တာဆိုတော့ စည်းမျည်းတွေအရ ကြယ်ငါးပွင့် အဆင့် ပညာရပ်နှစ်ခုနဲ့ ကြယ်ခြောက်ပွင့်အဆင့် ပညာရပ်တစ်ခု ရွေးချယ်ခွင့်ရှိတယ် ”
ချီရှောက်ရွမ်က မျက်လုံးများ တောက်လာကာ “ ရှန်ထျန်းရဲ့ ကောင်းကင်ခြေမွ လက်ဝါးက ကြယ်အဆင့် ဘယ်လောက်လဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် “ ကောင်းကင်ခြေမွလက်ဝါးက ကြယ်ခုနှစ်ပွင့်အဆင့် အမွေအနှစ်ပညာရပ်ပါ ”
ကြယ်ခုနှစ်ပွင့်တဲ့လား … အဲကြောင့် အားအရမ်းကောင်းနေတာကိုး …
ခဏနေပါဦး … ငါတို့ နှစ်ယောက်လုံးက ကြယ်ခြောက်ပွင့် ပါရမီရှင်တွေ မဟုတ်ဘူးလား။ သူ့ဆီမှာ ဘာလို့ ကြယ်ခုနှစ်ပွင့် အမွေအနှစ် ပညာရပ် ရှိနေရတာလဲ
ချီရှောက်ရွမ်က ကြောင်အမ်းသွားလေသည် “ မျှော်နန်းဆောင် ဝိညာဉ်မလေး ရှန်ထျန်းက ကြယ်ဘယ်နှပွင့်လဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ဖြည်းဖြည်းချင်း ဖြေပေးလိုက်သည် “ ရှန်ထျန်းက စစ်နတ်ဘုရား အဆင့်စာရင်းမှာ သူ့နာမည်မပေါ်စေဖို့ ရွေးချယ်ထားတာဆိုတော့ ပြိုင်ပွဲဝင်အားလုံးရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးရမယ်လေ။ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး မပြောပြနိုင်ပါဘူး”
ချီရှောက်ရွမ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ “ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို အနိုင်ယူပြီးမှ ကြယ်ခုနှစ်ပွင့်အဆင့် အမွေအနှစ် လက်ခံနိုင်တာ ဟုတ်တယ်မလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက “ ဟုတ်ပါတယ် ”
ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုကာ “ ကောင်းကင်ခြေမွလက်ဝါးက ကြယ်ခုနှစ်ပွင့် အမွေအနှစ် ပညာရပ်တစ်ခုဖြစ်ပြီးတော့ ရှန်ထျန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်ကနေ သင်ယူခဲ့တာနော် ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ အင် … ဟုတ်ပါတယ် ”
ချီရှောက်ရွမ်က နှာခေါင်းရှုံ့ကာ “ ရှန်ထျန်းက ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို နိုင်တယ်ဆိုတော့ သူလည်း ကြယ်ခုနှစ်ပွင့် ပါရမီရှင်ပဲ ဖြစ်ရမယ်”
မျှော်နန်းဆောင် ဝိညာဉ်မလေးက သက်ပြင်းချလိုက်ပြီး “ ဒါက ကိုယ့်ဘာသာ ကောက်ချက်ချလိုက်တာနော်။ ဒီဘက်က ဘာမှဝင်မပြောပါဘူး။ မင်းက ဉာဏ်ကောင်းတဲ့ သူတော်စင်လေးပဲ။
စစ်နတ်ဘုရား မျှော်နန်းဆောင်က စိန်ခေါ်သူတိုင်းရဲ့ အဆင့်ကို တသတ်မတ်တည်း မသတ်မှတ်ပေးထားဘူး။ တချို့ပါရမီရှင်တွေက ပထမတိုက်ပွဲမှာ ကြိုးစားတုန်းက ကြယ်ငါးပွင့် ပါရမီရှင်အဆင့်လောက်ဆိုပေမဲ့ ဒီကနေ အမွေအနှစ် ပညာရပ် ရရှိသွားပြီးတော့ ကြယ်ခြောက်ပွင့် ဒါမှမဟုတ် ကြယ်ခုနှစ်ပွင့် ပါရမီရှင်အဆင့်အထိ အားကောင်းလာကြတယ် ”
ဒါဆိုတော့ ပထမတိုက်ပွဲနှစ်ခုတုန်းက ရှန်ထျန်းရဲ့ ပုံရိပ်က အားအပြည့် ထုတ်မထားတာလား ဒါမှမဟုတ် သူ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ စစိန်ခေါ်တုန်းက ပုံစံလား …
ချီရှောက်ရွမ်က မျက်လုံးများ လင်းလက်သွားကာ “ရှန်ထျန်းရဲ့ ပထမတိုက်ပွဲနှစ်ခုက ကျွန်တော်နဲ့ လက်ရည်ညီတယ်။ ဒါပေမဲ့ တတိယတစ်ခေါက်ကျ စွမ်းအားက မယုံနိုင်လောက်အောင် အားကြီးလွန်းသွားတယ်။ အဲဆိုတော့ သူ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ စဝင်လာခါစ သူ့စွမ်းအားက ကျွန်တော်နဲ့ လက်ရည်အတူတူပဲပေါ့ …
သူက ကြယ်ခြောက်ပွင့် အမွေအနှစ်ကို ရပြီးတော့ အောင်အောင်မြင်မြင် လေ့ကျင့်ပြီးတဲ့နောက်မှ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို စိန်ခေါ်ပြီး ကြယ်ခုနှစ်ပွင့်အဆင့် အမွေအနှစ် ပညာရပ် ကောင်းကင်ခြေမွလက်ဝါးကို ရသွားခဲ့တာပေါ့ ဟုတ်လား ”
ဒီလိုဆိုရင် ငါလည်း ကြယ်ခြောက်ပွင့် နဲ့ ကြယ်ငါးပွင့် ပညာရပ်တွေကို ရွေးချယ်ပိုင်ခွင့် ရှိနေသေးတာပဲ … ဒီပညာရပ်သုံးခုကိုသာ အောင်အောင်မြင်မြင် လေ့ကျင့်ပြီးရင် ငါလည်း ကြယ်ခုနှစ်ပွင့် ပါရမီရှင် ဖြစ်လာနိုင်ခြေ ရှိတယ်မလား
ချီရှောက်ရွှမ်၏ မျက်လုံးများက ထိုအတွေးဖြင့် လင်းလက်တောက်ပနေသည်။
သူက အသက်ပြင်းပြင်းရှုကာ “ မျှော်နန်းဆောင် ဝိညာဉ်မလေး … ကျွန်တော် အမွေအနှစ် ပညာရပ်ကို ရွေးချယ်တော့မယ် ”
……………....
ညအခါ ကျရောက်လာလေပြီ။ ကောင်းကင်ယံ၌ လမင်းကြီးက ထိန်ထိန်သာနေသည်။
ချီရှောက်ရွမ်က စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း စိန်ခေါ်မှုများကို ဖြတ်သန်း၍ အမွေအနှစ် ပညာရပ်များကို ရွေးချယ်နေစဉ် ရှန်ထျန်းက သူတော်စင်တောင်ထိပ်ဆီ ပြန်ရောက်သွားလေပြီ။
သူ့နောက်တွင် အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးမလေး ပါလာသေး၏။ သူမက သူ့အား စူးစူးစိုက်စိုက် ကြည့်နေသည်။
ဒီလူသားကောင်စုတ်လေး သူက ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့လေ …
သူက ရုပ်ချောလို့သာ မဟုတ်ရင် သူ့နံရိုးကို ချိုးပစ်လိုက်ပြီးပြီ … သူက ရုပ်ချောနေလို့ပဲ … ငါက သူ့ကို အနိုင်မယူနိုင်လို့ မဟုတ်ဘူးနော်
အောင်းပင်းက နှုတ်ခမ်းသပ်ကာ မေးလိုက်သည် “ ကောင်လေး … သူတော်စင်တောင်ပေါ်မှာ သေရည်ကောင်းလေး မရှိဘူးလား ”
ဒီကောင်စုတ်လေးက ငါ့ကို အနိုင်ကျင့်ထားတာဆိုတော့ ဝမ်းနည်းမှုတွေ ဖြေဖျောက်ဖို့ သေရည်ကောင်းလေး လိုအပ်နေပြီ …
သေရည်လား …
ရှန်ထျန်းက အောင်းပင်းအား တအံ့တဩ ကြည့်လိုက်ပြီးနောက် “ သေရည်သောက်ချင်တာလား ”
အောင်းပင်းက မျက်လုံးဝေ့ကြည့်ကာ “ ဘာလဲ … သောက်လို့ မရဘူးလား။ ငါ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ပိတ်မိနေတာ နှစ်တစ်သောင်းကြာပြီ။ အခုလို နောက်ဆုံးမှ လွတ်မြောက်ပြီး ပြန်လည်မွေးဖွားလာတာလေ။ ဂုဏ်ပြုဖို့ သေရည်လေးနည်းနည်းတောင် မသောက်ရဘူးလား ”
နောက်ဆုံးတွင် ရှန်ထျန်းက အသိကပ်သွားလေသည်။ သူ့အမှား မဟုတ်ပေ။ အောင်းပင်း၏ ကလေးမလေး သွင်ပြင်က တကယ်ကို လန့်ဖို့ကောင်းနေသည်။
ငါးနှစ်အရွယ် ကလေးမလေးက သေရည်တောင်းနေတာလေ … မထူးဆန်းဘူးလား
ထိုအကြောင်းကို တွေးလိုက်မှ ရှန်ထျန်းက ဝိညာဉ်မြူခိုးတောင်ကြားအတွင်း ရှိစဉ်အခါက သေရည်ကောင်း ရှာတွေ့ခဲ့ကြောင်း အမှတ်ရသွားသည်။ မာတာနွယ်ပင် လုကျီက သူမနွယ်ပင်အရည်များဖြင့် အံ့ဖွယ်သေရည်ကောင်း ချက်လုပ်ခဲ့သည်။ အတော်လေး ကောင်းလှ၏။
ထိုအတွေးဖြင့် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ အံ့ဖွယ်သေရည် တစ်ခရား ထုတ်ယူလိုက်သည်။
“ဒီသေရည် ဘယ်လိုလဲ … “
ဒီကောင်လေးက သေရည်ရှိနေတာပဲ …
အောင်းပင်း၏ မျက်ဝန်းများ တောက်ပလာသည်။ သူမက သေရည်ခရားကို ဆွဲယူကာ ဖွင့်လိုက်သည်။
သေရည်နံ့ ပြင်းပြင်းက ခရားမှ ထွက်ပေါ်လာသည်။
အနံ့ကောင်းလေးပဲ …
“ မဆိုးဘူး … သေရည်ကောင်းက နှစ်ရာချီထိန်းထားရတာ ”
အောင်းပင်းက နှာဖျားလေးဖြင့် အနံ့ခံလိုက်ပြီးနောက် “ မဆိုးဘူး၊ ပစ္စည်းကောင်းလေးပဲ ”
ရှန်ထျန်းက “ တကယ်လို့ အစ်မပင်း သောက်ချင်ရင် ခွက်နဲ့ အမြည်း ပြင်ပေး … ”
ဂလု ဂလု ဂလု …
ရှန်ထျန်း စကားမဆုံးခင် အောင်းပင်းက ခရားလိုက် မော့ချလိုက်လေပြီ။ သေရည်နံ့ပြင်းပြင်းက သူတော်စင်တောင် တစ်ဝက်လောက်ကိုပင် ပျံ့နှံ့သွားလေသည်။
ဂေ့ …
အောင်းပင်းက လေချဉ်မတက်ခင် အံ့ဖွယ်သေရည် ခရားတစ်ဝက်ကျော်လောက်အထိ တစ်ခါတည်း သောက်ချပစ်လိုက်သည်။ သူမ နှာဖျားမှ အနီရင့်ရင့် နဂါးအသက်ငွေ့လည်း ထွက်လာလေ၏။
“ ကောင်းလိုက်တာ ”
အောင်းပင်းက ခါးထောက်ကာ “ ငါက နဂါးနက်ကျွန်းရဲ့ အကြီးဆုံး မင်းသမီးဆိုတော့ သေရည်ကောင်းတွေ အများကြီး အရသာခံဖူးတယ်။ ဒါပေမဲ့ ဒီသေရည်က အတော်လေး ကောင်းတာပဲ … ခရားတစ်ဝက်လောက်နဲ့ အာနိသင်ပြနေပြီ ”
ရှန်ထျန်းက ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ “ အစ်မပင်း ဖြည်းဖြည်းသောက်ပါ … မူးမသွားနဲ့ဦး ”
အောင်းပင်းက ရှန်ထျန်းအား စိုက်ကြည့်ကာ “ ငါ ဒီလောက်နှစ်တွေအကြာကြီး သောက်လာတာ။ ဟိုဇာမဏီမနဲ့တောင် တစ်စားပွဲတည်း သောက်လာခဲ့တာ။ ဘယ်လိုလုပ် ငါက မူးရမှာလဲ ”
ရှန်ထျန်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ အစ်မပင်းက အခုမှ ပြန်မွေးဖွားလာတာလေ။ ဒါက အဆင့်မြင့် သေရည်ဆိုတော့ အာနိသင်ပြင်းတယ် ”
အောင်းပင်းက နှာခေါင်းရှုံ့ကာ “ မင်းက ရုပ်ချောပေမဲ့ အရမ်းပျော့လွန်းတယ်။ ဒီထက် မာကြောလို့ မရဘူးလား။ သေရည်က မင်းအတွက် ကောင်းတယ်။ ငါ ငယ်ငယ်လေးကတည်းက သောက်ရတာကို ကြိုက်တယ်။ အခွက်တစ်ထောင် သောက်ရင်တောင် မမူးဘူး။ ငါ အပိုတွေပြောနေတာ မဟုတ်ဘူးနော် ”
ခွက်တစ်ထောင်ကို မမူးဘဲ သောက်နိုင်ပေမဲ့ သူမ မျက်နှာကား မျောက်ဖင်လို နီရဲတွတ်နေလေပြီ။
ယိုင်ထိုးနေသည့် အောင်းပင်းကို ကြည့်ကာ ရှန်ထျန်းက သူမအား ပွေ့ချီလိုက်ပြီးနောက် သူတော်စင် စံအိမ်ဆီ ဦးတည်လိုက်ရသည်။ သူတော်စင်ပိုင်နက်အတွင်း အဆောက်အဦးတစ်ခုသာ ရှိသော်လည်း အခန်းများစွာ ပါဝင်ပေသည်။ အောင်းပင်းအား အခန်းလွတ်ထဲ နေရာချထားပေးလိုက်သည်။
အောင်းပင်းက သေရည်တစ်ဝက်ကျန်နေသည့် ခရားကို လွတ်မပေးဘဲ ဆက်လက် ဖက်တွယ်ထားဆဲ ဖြစ်၏။
သူမက အဓိပ္ပါယ်မရှိတာတွေကို ဆက်တိုက် ရေရွတ်နေသည် “ ငါ မမူးဘူး။ ငါက နယ်မြေငါးခုနဲ့ လွင်ပြင်ရှစ်ခုမှာ ပြိုင်ဖက်ကင်းတယ်။ မြောက်ပင်လယ်ကို အုပ်စိုးတဲ့ ငါကို မင်းလို ပြင်ပလောကက နတ်ဆိုးက ပွေ့ချီတယ်ပေါ့လေ။ ငါ့ရှေ့ ဒူးထောက်စမ်း … နဂါးလက်သည်း ”
ရှန်ထျန်းက သူ့ရင်ဘတ်ဆီ လာရိုက်နေသည့် ပန်းနုရောင် လက်သီးဆုပ်လေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။
ဒါက နှစ်တစ်သောင်းကျော် နဂါးမယ်က ချစ်ဖို့ကောင်းအောင် ကြိုးစားနေတာပဲ …
သေရည်က ဒီလောက်တောင် ပြင်းလို့လား … နဂါးတစ်ကောင်ကို မူးသွားစေတယ်ပေါ့လေ
အောင်းပင်းအား ကုတင်ပေါ် သေချာတင်ပေးပြီးနောက် ရှန်ထျန်းက တစ်ဝက်ကျန်နေသည့် သေရည်ခရားဆီ အကြည့်ရောက်သွားသည်။
“ အနံ့လေးက တကယ်ကောင်းတာပဲ ”
ဖွင့်ထားပြီးပြီဆိုတော့ အရသာခံကြည့်လိုက်ရမလား …
ရှန်ထျန်းက နှုတ်ခမ်းသပ်ကာ ခန်းမင်လက်စွပ်ထဲမှ ခွက်အသေးလေး တစ်ခွက် ထုတ်ယူလိုက်သည်။ ခွက်ပြည့်နေအောင် ဖြည့်လိုက်ပြီးနောက် ရှန်ထျန်းက အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။
“ အရသာစူးစူးလေးနဲ့ ချိုချိုလေး … မဆိုးဘူးပဲ ”
သူ သေရည်ကို စရခဲ့ကတည်းက တစ်ခါမှ မမြည်းစမ်းခဲ့ရသေးပေ။ အရသာက အရမ်းကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ပထမဆုံး သောက်လိုက်သည့် သေရည်က ဗိုက်ထဲ စီးဆင်းသွားသည်နှင့် သူ့တစ်ကိုယ်လုံးကို သန့်စင်ပေးနေသည့် ဝိညာဉ်ချီများကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူ့အသည်းတွင် နေရာယူထားသည့် အံ့ဖွယ်ဝါးမျိုနွယ်ပင်က ပိုမို တက်ကြွလာသည်။
ရှန်ထျန်းက သူ့ကျင့်ကြံဆင့် အနည်းငယ် တိုးမြင့်သွားကြောင်း ခံစားမိလိုက်၏။
“ကျစ် … ဒီသေရည်က ကျင့်ကြံရေးအတွက် အကျိုးရှိမှန်းသိရင် စောစောစီးစီး သောက်ခဲ့ပါတယ် ”
ရှန်ထျန်းက တစ်ခွက်လုံး မော့ချလိုက်သည်။ သူ့လည်ချောင်းထဲ သေရည်စီးဝင်သွားသည်နှင့် နွေးထွေးသည့် ခံစားချက်က တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ထို့နောက် အနည်းငယ် မူးယစ်စေသည့် ခံစားချက်မျိုး ပေးစွမ်းလာသည်။ သို့သော် ရှန်ထျန်း၏ ခန္ဓာကိုယ်က အံ့ဖွယ်သေရည်ကို သန့်စင်ပေးလိုက်သောကြောင့် မူးယစ်သွားသည့် ခံစားချက်မှာ ပျောက်ကွယ်သွားတော့သည်။
ဒါကြောင့် လီချန်းကောက ဓားလေ့ကျင့်ရင်း သောက်ရတာကို ကြိုက်နေတာကိုး … သေရည်ကောင်းက စွဲစေတာပဲ
အံ့ဖွယ်သေရည် ခရားကို သယ်ရင်း ရှန်ထျန်းက စံအိမ်အပြင်ဘက်သို့ ထွက်လာလိုက်သည်။
စံအိမ်အပြင်ဘက်၊ ဉာဏ်အလင်းပွင့် ကျောက်တုံးပေါ်၌ …
လမင်းကြီးကို ငေးကြည့်ကာ ရှန်ထျန်းက တစ်ယောက်တည်း ဆက်သောက်နေလိုက်သည်။
တစ်ခွက်ပြီး တစ်ခွက် သောက်နေသော်လည်း မူးယစ်မှုက အမြန်အဆန် ပြေပျောက်သွားလေသည်။ ရှန်ထျန်းခေါင်းအထက်ရှိ အနီရောင်စက်ဝန်းရှိ အစိမ်းရောင် အစက်အပြောက်တို့က လွှင့်ပျယ်သွားလေပြီ။ ယခုအခါ တောက်ပလင်းလက်နေသည်။
ရှန်ထျန်းက အေးအေးဆေးဆေး အနားယူရင်း လမင်းကြီးကို ကြည့်ကာ သီချင်းဆိုမိသွားသည် “ငါက သာမာန်လူတစ်ယောက်ပါ .. ဒီနေ့ညတော့ အရမ်းပျော်တယ် ”
သို့သော် သူက တကယ် မမူးသွားပေ။ အကယ်၍ သူသာ မူးသွားပြီး တစ်ယောက်ယောက်သာ မှတ်တမ်းတင်ထားခဲ့လျှင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဟူသော သူ့ဂုဏ်သတင်းမှာ ပျက်စီးသွားလိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အများသိပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ရှန်ထျန်းက သူ့အပြုအမူများကို ဂရုစိုက်ဖို့ လိုအပ်ပေသည်။
နောက်အတွေးတစ်ချက်ဖြင့် ရှန်ထျန်းက ပုံရိပ်ဖမ်း သလင်းကျောက်ကို ထုတ်ကာ လေထဲ မြှောက်ပစ်လိုက်သည်။ ထို့နောက် သူက သေရည် ခွက်တိုက်ဟန် ပြုမူလိုက်ပြီး လမင်းကြီးကို မော့ကြည့်လိုက်သည်။
ရှန်ထျန်းက ရှေးဟောင်းကဗျာတစ်ပုဒ်ကို ရေရွတ်လိုက်သည်။
“ လမင်းကြီးက ဘယ်အချိန် သာမလဲ … သေရည်တစ်ခွက်ကို မြှောက်ပြီး ကောင်းကင်ကြီးဆီ ကြည့်မေးလိုက်မိတယ်
ကောင်းကင်ဘုံမှာ ဒီနေ့ညက ဘယ်ရာသီဥတုများ ဖြစ်နေမလဲ … လေဟုန်စီးကာ အိမ်ပြန်လိုက်ချင်တယ်
ကျောက်စိမ်းသလင်းကျောက် စံနန်းအိမ်က ငါ့အတွက် အရမ်းအေးစက်နေမလား ကြောက်မိတယ်
လရောင်ထဲက အရိပ်လေးနဲ့ တွဲကရင်း ငါက လူသားကမ္ဘာမှာ ရှိနေတုန်းပါ့လား … ”
သူ ရေရွတ်လိုက်ပြီးနောက် ရွှေရောင်တောင်ပံများကို ဖြန့်ကျက်လိုက်သည်။
သူက ညကောင်းကင်ယံကို ၄၅ ဒီဂရီစောင်းကာ ကြည့်လိုက်သည်။ သူ့တောက်ပနေသည့် တောင်ပံတို့က ဖြည်းဖြည်းချင်း မည်းနက်လာသည်။
ထိုစဉ် သူက အနည်းငယ် လွမ်းဆွတ်မိလာသလို ခံစားလာရသည်။
ဒီလောကမှာ QQ သာရှိပြီး ဒီမြင်ကွင်းကို နောက်ခံအဖြစ် လုပ်လိုက်ရင် ဝိညာဉ်ကျောက်တုံးအမြောက်အများနဲ့ ရောင်းရမှာပဲ
“ လမင်းကြီးက အနီရောင်စံအိမ်တော်အနားမှာ ထိန်လင်းနေပြီးတော့ ပြတင်းပေါက်ကနေ ဖြာကျနေတယ်။ အငြိုးတရားလည်း မရှိဘူး။
လူတွေ ခွဲခွာနေရတဲ့အချိန် လမင်းကြီးက ဘာလို့များ သာနေရတာလဲ… လူတွေက ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှု၊ အတူတူရှိမှုနဲ့ လမ်းခွဲမှုတို့ကို တွေ့ကြုံကြရတယ်။ လရောင်က မှေးမှိန်တာဖြစ်ဖြစ်၊ လင်းထိန်တာဖြစ်ဖြစ် အစကတည်းက ဖြစ်တည်ခဲ့တာပဲ …
ဒါပေမဲ့ ငါတို့က အသက်ရှည်မှုကို ကောင်းချီးပေးခံရနိုင်တယ်။ ငါတို့တွေ ဝေးကွာသွားရင်တောင် လမင်းကြီးရဲ့ လှပမှုကို အတူတူ ခံစားလို့ ရသေးတာပဲ ”
ရှန်ထျန်းက ရွတ်ဖတ်ပြီးသွားနောက် ပုံရိပ်ဖမ်း သလင်းကျောက်ကို သိမ်းဆည်းလိုက်သည်။
လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီးနောက် သူက ပုံရိပ်ဖမ်း သလင်းကျောက်ကို အသက်သွင်းကာ ပြန်ကြည့်လိုက်သည်။
လှပချောမောပြီး အထီးကျန်ဝမ်းနည်းနေသည့် လူငယ်လေးကို ကြည့်ကာ ရှန်ထျန်း မနေနိုင်ဘဲ သက်ပြင်းချမိသွားသည်။
“ဒါက နတ်ဘုရားကိုယ်တိုင် ထုဆစ်ပေးထားတာပဲ … ချောလိုက်တာ ”
……….....
ရှန်ထျန်း၏ စစ်နတ်ဘုရား အမှတ်အသားပြားက လွှင့်မျောထွက်ပေါ်လာသည်။
ယဲ့ချန်းခန်၏ ပုံရိပ်က ရှန်ထျန်းရှေ့ပေါ်လာကာ ထူးထူးဆန်းဆန်း အမူအယာဖြင့် ကြည့်လိုက်ပြီး “ ဘာလုပ်နေတာလဲ ”
ရှန်ထျန်း “ … ”
ဒီလူအိုကြီးက အသံမပေးဘဲ ဘယ်လိုလုပ် ပေါ်လာတာလဲ … ငါ့ကို သီးသန့်အချိန်လေး ပေးလို့ မရဘူးလား … ဒီလိုတည့်တည့်တိုးသွားတာ မျက်နှာပူစရာကြီး
ရှန်ထျန်းက စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
“ လူအိုကြီးယဲ့ နောင်ကျရင် ဒီလိုမျိုး ရုတ်တရက် ထွက်မလာခင် အသံလေးပေးလို့ ရမလား ”
ယဲ့ချန်းခန်က မျက်လုံးဝေ့ကြည့်ကာ “ ငါ ပေးတယ်လေ။ အမှတ်အသားပြား တုန်ခါသွားတာကို မခံစားမိလိုက်ဘူးလား ”
ဟူး … ငါက ဓာတ်ပုံရိုက်တာ စိတ်ရောက်နေပြီးတော့ ကိုယ့်ရုပ်ရည်ကို ပြန်ယစ်မူးနေမိတာလေ
ရှန်ထျန်းက ပုံရိပ်ဖမ်း သလင်းကျောက်ကို တည်တည်ငြိမ်ငြိမ် ထည့်သိမ်းလိုက်သည်။
“ အဟမ်း ကျွန်တော် ဘာလုပ်ပေးရမလဲ ”
ယဲ့ချန်းခန်က ပြုံးလိုက်ပြီး “ အဲဒီချီရှောက်ရွမ်က မင်းကို အငြိုးထားနေတော့မှာပဲ။ မင်းကို စိန်ခေါ်ဖို့ ပစ္စည်းကောင်းတွေအများကြီး လောင်းကြေးထပ်လိုက်ရတယ်လေ ”
ရှန်ထျန်း၏ မျက်ဝန်းများလည်း တောက်ပလာကာ “ အိုး ဘယ်လိုပစ္စည်းကောင်းလေးတွေလဲ ”
ချီရှောက်ရွမ်က ရှန်ထျန်း တွေ့ဖူးသမျှ ပါရမီရှင်များကြားတွင် ကံအကောင်းဆုံးလူ ဖြစ်၏။ သူ့ရောင်ဝါက ရွှေရောင်နှင့် ခရမ်းရောင်သင်္ကေတများ ရောနှောနေလေသည်။ ကြည့်ရသည်မှာ ခမ်းနားတောက်ပလွန်းလှ၏။
တောင်ပိုင်းနယ်မြေ၏ ပါရမီရှင် ခုံမုန့်၏ ရောင်ဝါလည်း ရွှေရောင်ကို ခရမ်းရောင် သင်္ကေတများ စပါလာပြီ ဖြစ်သည်။ သူမက သက်တန့်အံ့ဖွယ်အလင်းတန်း စွမ်းအားအရင်းအမြစ်နှင့် သက်တန့်အံ့ဖွယ်အလင်း ယပ်တောင်ကို ရှန်ထျန်း၏ အကူအညီဖြင့် ရရှိသွားသည်။ ထိုမှစ၍ သူမရောင်ဝါရှိ ခရမ်းရောင်အလင်းက ပိုမို သိပ်သည်းထူထပ်လာသည်။
သို့သော် ချီရှောက်ရွမ်အတွက်မူ စတွေ့ကတည်းက ရွှေရောင်ကို ခရမ်းရောင် ရောနေပြီးသား ဖြစ်၏။ သူက ကောင်းကင်ဘုံမှ ကောင်းချီးပေးထားသည့် အဓိကဇာတ်လိုက်သာ ဖြစ်ရမည်။
ရှန်ထျန်း တွေ့ဆုံခဲ့သည့်လူများအနက် သူ့ကုတင်ပေါ် အိပ်နေသည့် နဂါးနက်လေး၏ ကံကြမ္မာသာ ချီရှောက်ရွမ်ထက် ပိုမြင့်ပေသည်။
မှန်ပေသည်။ အောင်းပင်းတစ်ယောက် ပြန်လည်မွေးဖွားလာပြီးနောက် ရှန်ထျန်းက သူမခေါင်းအထက်မှ ရောင်ဝါကို မြင်လိုက်ရသည်။ ဤသည်မှာ ရွှေရောင်အစက်အပြောက်များ ပါနေသည့် ခရမ်းရောင် ဖြစ်ပြီး ချီရှောက်ရွမ်ထက် ပိုအားကောင်းသည်။
ဤမျှလောက် အားကောင်းသည့် ရောင်ဝါကို ပိုင်ဆိုင်ထားရက်နှင့် သူမ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ နှစ်တစ်သောင်းကြာ ပိတ်လှောင်ခံခဲ့ရတာကိုတော့ ကောင်းကင်ဘုံသာ သိလိမ့်မည်။
သို့သော် နောက်ထပ်ရှုထောင့်မှ ကြည့်လျှင် အောင်းပင်းက ဦးခေါင်း၌ နှစ်တစ်သောင်းကြာ ဓားစိုက်ထိုးခံထားရသော်လည်း မသေခဲ့ပေ။ အချိန်အတော်ကြာ ပိတ်လှောင်ခံထားရပြီးနောက် သူမက ရှန်ထျန်းနှင့် တွေ့ဖို့ အကြောင်းဖန်လာကာ ကယ်တင်ခံခဲ့ရသည်။
ဤသည်မှာ အတော်လေး ကံကောင်းနေပြီဟု ယူဆနိုင်ပေသည်။
ချီရှောက်ရွမ်၏ ကံကြမ္မာက အောင်းပင်းထက် အနည်းငယ်မျှ နိမ့်ကျသော်လည်း အောင်းပင်းသည် နဂါးနက်မျိုးနွယ်၏ အားအကောင်းဆုံး ပါရမီရှင် ဖြစ်ကြောင်း ညွှန်ပြနေသည်။ လူသားမျိုးနွယ်ကြား ရှန်ထျန်းက ချီရှောက်ရွမ်လောက် ကံကောင်းသူကို မမြင်ဖူးပေ။
ထို့ကြောင့် သူက ချီရှောက်ရွမ် လောင်းကြေးထပ်ခဲ့သည့် ပစ္စည်းများကို စိတ်ဝင်စားနေမိ၏။
………….....
ယဲ့ချန်းခန်က ပဟေဠိဆန်ဆန် ပြုံးလိုက်သည်။ ထို့နောက် သူက လက်ဟန်တချို့ လုပ်ကာ အာကာပြင်မုခ်ဝတစ်ခု ဖွင့်လိုက်သည်။ ကြည်လင်နေသည့် ကျောက်စိမ်းအဆောင်တစ်ခုနှင့် ရှေးဟောင်းကြေးလက်စွပ်တစ်ကွင်းက ရှန်ထျန်းရှေ့ ပေါ်လာသည်။
ယဲ့ချန်းခန်က ပြုံးကာ “ငါတို့ သဘောတူညီချက်အရဆိုရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ တိုက်ပွဲကနေ ရတဲ့ အကျိုးမြတ်တွေကို ခွဲယူကြမှာလေ။ ကျန်တာကိုတော့ ငါ သိမ်းထားတယ်။ ဒီနှစ်ခုက ချီရှောက်ရွမ်ရဲ့ ပစ္စည်းထဲ အကောင်းဆုံးပဲ … ငါက မင်းကို ဒီနှစ်ခုလုံးကို ပေးတာဆိုတော့ ဘယ်လောက်တောင် သဘောကောင်းလိုက်လဲ …”
ရှန်ထျန်းက ကျောက်စိမ်းအဆောင်နှင့် လက်စွပ်ကို ကြည့်ကာ “ဒါတွေက ဘာတွေလဲ … သူတို့ကို ဘယ်လိုသုံးရတာလဲ ”
ယဲ့ချန်းခန်က ကိုယ့်ဘာသာ ဟုတ်လှပြီအထင်နှင့် “ ဒီရတနာတွေကို မင်းရှေ့ ချထားရင်တောင် သိမှာ မဟုတ်ဘူး။ ဒီကျောက်စိမ်းအဆောင်က အထွတ်အထိပ်အဆင့် ကာကွယ်ရေးရတနာပဲ။ နတ်ဘုရားလောကမှာတောင် အတော်လေးရှားတယ်။ ဘယ်လိုကျင့်ကြံသူက ဒီလိုအဖိုးတန်ပစ္စည်းကို ဆိုးဆိုးရွားရွား လုပ်လိုက်တာလဲ မသိဘူး … ဒါပေမဲ့ ထျန်းအာ စိတ်မပူနဲ့။ ငါ မင်းအတွက် ပြန်သန့်စင်ပေးမယ်။ အဲဒီအခါကျ အာနိသင်က ဆယ်ဆမက တိုးလာလိမ့်မယ် ”
ရှန်ထျန်းက သက်ပြင်းချကာ “ လူအိုကြီးယဲ့ … ဒီဟာရဲ့ အသုံးဝင်ပုံကို မပြောရသေးဘူးလေ ”
ယဲ့ချန်းခန်က ပြန်ဖြေလိုက်သည် “ စိတ်မပူစမ်းပါနဲ့ … ငါ ပြန်သန့်စင်ပြီးရင် မင်းကို ပေးမယ်။ အဲဒီအခါကျ သွေးစက်လေးချတာနဲ့ အသိအမှတ်ပြုခံလိုက်ရုံပဲ ..
ဒီကျောက်စိမ်းအဆောင်က ဆိုးဆိုးရွားရွား ထုဆစ်ထားတာ။ အနည်းဆုံး တိုက်ပွဲမှာ ဝိညာဉ်အသွင်ပြောင်းအဆင့်လောက်ကိုပဲ ပြန်အသက်သွင်းနိုင်လိမ့်မယ်။ ငါ သန့်စင်လိုက်ရင်တော့ နတ်ဘုရားကျင့်ကြံသူကို အနည်းဆုံး သုံးခါလောက် ပြန်လည် အသက်သွင်းနိုင်လိမ့်မယ် …
ဘယ်လိုလဲ … ဒီလိုရတနာမျိုးကို မင်းဆီ ပေးတာဆိုတော့ ငါ မင်းအပေါ် အရမ်းကောင်းပေးတယ်မလား ”
အသတ်ခံရတဲ့ နတ်ဘုရား ကျင့်ကြံသူကို သုံးကြိမ် အသက်သွင်းနိုင်မယ်တဲ့လား
ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် အံ့ဖွယ်ပစ္စည်းထက်ပင် ပိုအဖိုးတန်နေသေး၏။
အသက်နှင့်ယှဉ်လိုက်လျှင် ပစ္စည်းများ၊ ပညာရပ်များ၊ ဆေးပင်များက လိုက်မမီပေ။
ယဲ့ချန်းခန်က ရှန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ကာ ကျေနပ်နေပုံရ၏။ ထို့နောက် သူက ဒုတိယပစ္စည်းအား မိတ်ဆက်ပေးလိုက်သည် “ဒီလက်စွပ်ကိုတော့ သမိုင်းကြောင်း သေချာမသိဘူး။ ”
သူ့အကြည့်တို့က လေးနက်လာကာ “ဒီလက်စွပ် ဖန်တီးရှင်ရဲ့ ကျင့်ကြံဆင့်က ငါ့ထက် အများကြီးကျော်လွန်နေတယ်။ ဒါပေမဲ့ ဒီလိုထုဆစ်ဖန်တီးထားပုံအရတော့ ဒီလက်စွပ်က အမွေအနှစ်ပစ္စည်းပဲ ဖြစ်နိုင်တယ်။ ”
ရှန်ထျန်းက ပြန်မေးလိုက်သည် “ အမွေအနှစ်ပစ္စည်းက ဘာကြီးလဲ ”
ယဲ့ချန်းခန်က ရှင်းပြလိုက်သည်
“ အမွေအနှစ်ပစ္စည်းဆိုတာက အမွေဆက်ခံသူကို ရှာဖို့ သီးသန့်ဖန်တီးထားတာပဲ။ အဲဒီပုဂ္ဂိုလ်တွေက ပစ္စည်းထဲ သူတို့ရဲ့ အမွေဆက်ခံသူ လိုအပ်ချက်တွေကိုပါ ထည့်သွင်းထားပြီးတော့ သေမျိုးကမ္ဘာဆီ ပို့လိုက်တာမျိုး … အရာအားလုံးကို ကံကြမ္မာဆီ ပုံအပ်လိုက်ကြတာပေါ့။ တကယ်လို့ တစ်ယောက်က ကံစပ်ပြီး ဒီအမွေအနှစ်ပစ္စည်းကို လက်ခံရရှိပြီး လိုလားချက်တွေနဲ့ ကိုက်ညီခဲ့မယ်ဆိုရင် သူတို့က အမွေအနှစ်ကို လက်လွှဲပေးလိမ့်မယ် ”
အမွေအနှစ်ပစ္စည်းတဲ့လား … စွမ်းအားက လူအိုကြီးယဲ့ကိုတောင် သာလွန်နေတာလား …
ရှန်ထျန်း၏ အကြည့်တို့က အနည်းငယ် လေးနက်လာသည်။ သူအနေနှင့် ယဲ့ချန်းခန် အသက်ရှင်စဉ်က မည်မျှအားကောင်းမှန်း မသိပေ။ သို့သော်လည်း စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ရှိစဉ် သူက ထာဝရအရှင်ကိုပင် အလွယ်လေး သတ်ပစ်နိုင်သည်။ သူ့ခေတ်အခါက ယဲ့ချန်းခန်၏ တိုက်ပွဲစွမ်းရည်မှာ ကမ္ဘာတုန်လုမတတ် ဖြစ်လောက်၏။
ရှန်ထျန်းက သိချင်စွာ မေးလိုက်သည် “ အမွေအနှစ်ကို ဘာလို့ မယူထားတာလဲ ”
ယဲ့ချန်းခန်က စိတ်မဝင်စားဟန်ဖြင့် “ ငါက အသက်ကြီးပြီလေ။ တခြားလူကို ဆရာအဖြစ် အသိအမှတ်ပြုနေရဦးမှာလား … ငါ့ကို အရှက်မရှိဘူးများ ထင်နေလား”
ရှန်ထျန်းက ယဲ့ချန်းခန်အား စိုက်ကြည့်လိုက်ပြီးနောက် ပြုံးကာ တိတ်ဆိတ်နေလေသည်။
ယဲ့ချန်းခန်က လက်လျော့လိုက်ပြီး “ဟုတ်တယ် ဟုတ်တယ် … ဒီလက်စွပ်က ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရဖို့ သွေးစက်လိုတယ်။ ငါက အသိစိတ်တပိုင်းတစဆိုတော့ သွေးမရှိဘူး။ မင်း ကံကောင်းသွားတာပဲ ကောင်စုတ်လေး ”
ရှန်ထျန်းက ကံကောင်းသွားကြောင်း ပြောလိုက်သော်လည်း ယဲ့ချန်းခန် မျက်ဝန်း၌ စိတ်ပူမှုအရိပ်အယောင်တချို့ ရှိနေသည်။ အမွေအနှစ်ပစ္စည်းကား နတ်ဘုရားလောက၏ ပုဂ္ဂိုလ်ကြီးများက သူတို့အမွေဆက်ခံသူကို ရွေးချယ်ဖို့ ပြုလုပ်ထားခြင်း မဟုတ်ပါလော။
ထိုလိုလားချက်များကို ဖြည့်ဆည်းနိုင်ဖို့ အင်မတန် ခက်ခဲသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သူ့အနေနှင့် ရှန်ထျန်း အောင်မြင်ပါ့မလား မပြောတတ်ပေ။
………....
ကြေးလက်စွပ်လေးက ရှန်ထျန်းဆီ ကျရောက်လာသည်။ သူက သွေးတစ်စက်ညှစ်ကာ လက်စွပ်ပေါ် ချပေးလိုက်သည်။ သွေးစက် စိမ့်ဝင်သွားပြီးနောက် ကြေးလက်စွပ်လေးက စတင် တောက်ပလာလေ၏။
ယဲ့ချန်းခန်က တအံ့တဩဖြင့် “ ကောင်စုတ်လေး ဒီလက်စွပ်ရဲ့အသိအမှတ်ပြုမှုကို တကယ် ရသွားတာလား ”
ထို့နောက် ယဲ့ချန်းခန်၏ အပြုံးကား ရပ်တန့်သွားလေသည်။ အကြောင်းမှာ ကြေးလက်စွပ်၏ အလင်းက တဖြည်းဖြည်း ဘာမှမဟုတ်သလိုမျိုး ပြန်လည် ပျောက်ကွယ်သွား၍ ဖြစ်သည်။
ထျန်းအာရဲ့ သွေးကို စုပ်ယူသွားတာ သေချာပါတယ် … အလင်းရောင်က ဘာလို့ ပျောက်သွားတာလဲ
ထျန်းအာက အောင်မြင်သွားတာလား ဘာလား …
ယဲ့ချန်းခန်က အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ထိုစဉ် ရှန်ထျန်းက ပို၍ပင် မတည်မငြိမ် ဖြစ်နေလေ၏။
အကြောင်းမှာ ကြေးလက်စွပ်ထဲ စိမ့်ဝင်သွားသည့် သူ့သွေးစက်ကြောင့် သူ့အသိစိတ်တစ်ခုလုံး စုပ်ယူခံလိုက်ရလေသည်။ သူက သူတော်စင်တောင်ထိပ်တွင် မဟုတ်တော့သလို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင်လည်း မဟုတ်တော့ပေ။ သူက အရှေ့ပိုင်းလွင်ပြင် သို့မဟုတ် နယ်မြေငါးခုအတွင်းပင် မဟုတ်တော့ပေ။
သူက ကြယ်အစုအဝေးကြား ပေါ်လာလေ၏။ သူ မြင်တွေ့သမျှအရာအားလုံးက အဆုံးမဲ့ ကြယ်စုသာ ဖြစ်သည်။ သူတို့က သူတို့ဝင်ရိုးအတိုင်း လှည့်ပတ်နေပြီး လှလှပပ ပုံရိပ်များ ဖန်တီးနေကြသည်။
ရှန်ထျန်း၏ အကြည့်တို့က ရုတ်ချည်း ပြောင်းလဲသွားလေသည်။ သူက ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
အဖြူရောင်ပုံရိပ်လေး …
သူမက ကြယ်အစုအဝေးများကြား တစ်ယောက်တည်း ရပ်နေသည်။ သူမခန္ဓာကိုယ်က ကြယ်စုတွေကြားဖြတ်ကာ ပုံရိပ်ယောင်အလား ဖြစ်နေသည်။ သူမက ရှန်ထျန်းကို နောက်ကျောပေးထားလျက် ရှိပြီး သူမ၏ ပိတုန်းရောင်ဆံကေသာက ကျောပေါ် ဖြာကျနေသည်။ သူမက ဖွေးဆွတ်နေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ဤပုံရိပ်ကို သန့်စင်လှသော အံ့ဖွယ်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။ ထိုပုံရိပ်လေးမှာ အစကတည်းက ဤပုံစံအတိုင်း ရပ်နေသည့်အလား မလှုပ်မယှက် ရှိနေသည်။
သူမ ပေါ်ထွက်လာသည်နှင့် ကြယ်အစုအဝေးများပင် သိပ်မလင်းကြသလို ဖြစ်သွားရသည်။ ပုံရိပ်လေးက ရုတ်ချည်း လှည့်ကြည့်လာသည်။ ရှန်ထျန်းက သူ့အပေါ် အလင်းတန်း ဖြာကျလာသလိုမျိုး ခံစားလိုက်ရ၏။
ထိုအခိုက်အတန့် ရှန်ထျန်းက လုံးဝပေါ်သွားသလို ခံစားမိလိုက်သည်။ သူက အတော်လေး မျက်နှာပူလာမိ၏။ ရှန်ထျန်းက ဤလူသည် သူ့ကို စိုက်ကြည့်နေလျှင်ပင် တာဝန်မယူလောက်ကြောင်း သံသယဝင်မိသည်။ အချိန်အတော်ကြာပြီးနောက် ထိုအလင်းတန်း ပျောက်ကွယ်သွားပြီး အာကာပြင်အတွင်း သက်ပြင်းချသံသာ ပဲ့တင်ထွက်လာသည်။
ကြယ်အစုအဝေးများက စတင်ပြိုကွဲလာပြီး ကြယ်များက ကြွေကျသွားသည်။ ဤသည်မှာ ထူးခြားဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။
နောက်ဆုံးကမ္ဘာပျက် တိုက်ပွဲကြီးလိုမျိုး ကြယ်များကြွေဆင်းလာကာ ပုံရိပ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကြယ်အစုအဝေးများကြား ဝင်ရောက်ကာ တစစီ ပိုင်းဖြတ်ပစ်လိုက်သည်။
ရှန်ထျန်းက နောက်ဆုံး အံ့ဖွယ်ဓားကို မြင်လိုက်ရသလိုမျိုး ခံစားနေရသည်။
အံ့ဖွယ်ဓားပျံတစ်ချောင်း … နဂါးငွေ့တန်းကား ပျက်စီးသွားလေပြီ။
....................
သူတော်စင်တောင်ခြေ၌ ချီရှောက်ရွမ်တစ်ယောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
သူက ကြယ်ငါးပွင့်နှင့် ကြယ်ခြောက်ပွင့်အဆင့် ပညာရပ်များကို ရွေးချယ်ပြီးပြီ ဖြစ်သော်လည်း မကျေမနပ် ဖြစ်မိနေသေးသည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်၏ တိုက်ပွဲနှင့် ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားနေမိသည်။ သူက ပထမနှစ်ပွဲလုံးတွင် ရှန်ထျန်းနှင့် လက်ရည်တူ ဖြစ်ခဲ့သည်။
တတိယပွဲ၌ စက္ကန့်ပိုင်းလေးအတွင်း အဘယ်ကြောင့် အသတ်ခံလိုက်ရသနည်း။
ရှန်ထျန်းက ကြယ်ခုနှစ်ပွင့် ပညာရပ်တချို့ သိထားလျှင်ပင် ချီရှောက်ရွမ်က ထိုအရာသည် အဓိကအချက် မဟုတ်ကြောင်း တွေးမိ၏။ တတိယပွဲ၌ ရှန်ထျန်း၏ ပုံရိပ်သည် ပထမနှစ်ပွဲထက် ကျော်လွန်နေသည့် စွမ်းအားမျိုး ပိုင်ဆိုင်နေသည်။
မှန်ပေ၏။
ချီရှောက်ရွမ်က စစ်နတ်ဘုရား မျှော်နန်းဆောင်သည် သူ့စစ်နတ်ဘုရား အမှတ်ရှစ်သောင်းကို လိမ်ဖို့ ရှန်ထျန်း၏ ပုံရိပ်ကို တိုက်ပွဲစွမ်းရည် တမင်တိုးပေးလိုက်ကြောင်း သံသယဝင်မိသည်။ မဟုတ်လျှင် သူ ရှုံးစရာအကြောင်း မရှိပေ။
ဘယ်လိုဖြစ်ဖြစ် ဒီနေ့တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်ကို တိုက်ရမယ်။ ဘယ်သူ အားပိုကောင်းမလဲ ကြည့်ရသေးတာပေါ့
ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုကာ သူ့အငွေ့အသက်ကို ဖုံးကွယ်နိုင်သည့် မျက်နှာဖုံးတပ်ထားလိုက်သည်။ သူက ညဘက် သူတော်စင်တောင်ဆီ သွားကာ ရှန်ထျန်းကို သွားတွေ့မည်။ ထိုအခါ သူတို့နှစ်ယောက် ရင်ဆိုင်ရမည်။
သူ့ဘာသာ ဘာလို့ပွင့်ပွင့်လင်းလင်း မသွားရတာလဲ …
အကြောင်းအရင်းက ရိုးရှင်းလှပေသည်။ သူက အဘိုးလေးလို့ မခေါ်ချင်ပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီ ခိုးကြောင်ခိုးဝှက် လာပြီးတော့ … တကယ်လို့ ငါ နိုင်ရင် စစ်နတ်ဘုရား မျှော်နန်းဆောင်အကြောင်း ဖော်ထုတ်ပစ်မယ်
ရှုံးသွားရင်ရော … အများကြီး တွေးနေဖို့ မလိုပါဘူး။ အများဆုံး အရိုက်ခံရရုံလောက်ပေါ့
ငါက ခရမ်းစံအိမ် သူတော်စင်ဆိုတော့ ရှုံးသွားရင်တောင် အသတ်မခံရလောက်ပါဘူး
ချီရှောက်ရွမ်က ထိုအတွေးဖြင့် သူတော်စင်တော်ဆီ ရောက်ရှိလာသည်။
သူတော်စင်တောင်ပတ်လည်ရှိ ကာကွယ်ရေးအစီအရင်က ပုံမှန်အားဖြင့် အသက်မသွင်းထားပေ။ ရှန်ထျန်းက ကမ္ဘာကူးပြောင်းလာသူ ဖြစ်၍ ခြိုးခြံချွေတာတတ်သည်။ ထို့အပြင် ချီရှောက်ရွမ်က ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူ ဖြစ်၏။ သူ့တိုက်ခိုက်စွမ်းအားအစစ်အမှန်မှာ သာမန်ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကိုပင် ကျော်လွန်နေလေပြီ။
ထို့အပြင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အထက်ပိုင်း စီမံခန့်ခွဲရေးက ထိုသို့သော ကိစ္စမျိုးကို စိတ်ထဲ မထားပေ။ သိပ်မကြာခင် ချီရှောက်ရွမ်က သူတော်စင်တောင်ပေါ် ရောက်ရှိသွားလေပြီ။
သူက ရှန်ထျန်းကို မြင်လိုက်ရ၏။
ရှန်ထျန်းက ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှိနေပြီး ဝိညာဉ်ချီများကို စုပ်ယူနေသည်။ သူတော်စင်တောင်ပတ်လည်ရှိ ဝိညာဉ်ချီအားလုံးက ရှန်ထျန်းဆီ အရူးအမူး စီးဝင်သွားကြသည်။ ထိုဝိညာဉ်ချီလှိုင်းများကို မျက်စိနှင့်ပင် ဝေဝေဝါးဝါး မြင်နိုင်ပေသည်။
“ သူက သရဲသဘက်လား … ထိုင်နေရင်းနဲ့ ဘယ်လိုလုပ် ဒီလောက်ဝိညာဉ်ချီတွေကို စုပ်ယူနိုင်တာလဲ ”
ချီရှောက်ရွမ်က အံ့ဩတကြီးဖြင့် မျက်လုံးပြူးမိသွားသည်။ အရိုးသားဆုံးပြောရလျှင် သူက သူ့ဘဝသူ သံသယဝင်လာမိ၏။ သူတို့နှစ်ယောက်လုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ရှန်ထျန်းကား ခြွင်းချက်တစ်ခုလို ဖြစ်နေသည်။
………....
“ကိစ္စမရှိဘူး … သူက ဝိညာဉ်ချီများများ စုပ်ယူနိုင်ရုံနဲ့ အားကောင်းတယ်လို့ ပြောလို့ မရသေးဘူး ”
ချီရှောက်ရွမ်က သူ့ဘာသာ စိတ်ဖြေဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူက ရှန်ထျန်းဆီ တိတ်တခိုး ချည်းကပ်လာသည်။
ခြေလှမ်းတစ်ထောင်အကွာ …
ခြေလှမ်းငါးရာအကွာ …
ခြေလှမ်းတစ်ရာအကွာ …
ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို သိမ်းကာ လှံတစ်ချောင်းဖြင့် အစားထိုးထားသည်။ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ စွမ်းအားအစစ်အမှန် သိရဖို့ လျှပ်တစ်ပြက် ဝင်တိုက်ဖို့ ပြင်ထားသည်။
သို့သော်လည်း ချီရှောက်ရွမ်က သူ့မြင်ကွင်းရှေ့မှ ရှန်ထျန်းမှာ ပျောက်ကွယ်သွားကြောင်း ရုတ်ချည်း တွေ့လိုက်ရသည်။ အတိအကျဆိုရလျှင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ဘဲ အသိစိတ်ကသာ ဤကမ္ဘာမှ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ကျင့်ကြံသူများက သူတို့ပစ်မှတ်ကို မတိုက်ခိုက်ခင် နတ်ဘုရားအသိစိတ် အသုံးပြုကြလေ့ရှိကြသည်။
သို့သော် ချီရှောက်ရွမ်က သူ့နတ်ဘုရား အသိစိတ်သည် ရှန်ထျန်းကို လုံးဝ ခံစားလို့ မရတော့ကြောင်း သတိပြုမိလိုက်၏။ ကြည့်ရသည်မှာ ရှန်ထျန်းက တခြားနယ်ပယ်ထဲ ဝင်သွားသလိုမျိုး ဖြစ်သည်။
သူက သူတော်စင်တောင်ထိပ်၌ ရုပ်ခန္ဓာရှိနေသေးသော်လည်း အသိစိတ်က တခြားအာကာပြင်ဆီ လုံးလုံးရောက်ရှိနေသည်။
“ ဘာဖြစ်သွားတာလဲ … ငါ့ကို ရှာတွေ့သွားတာလား ”
ချီရှောက်ရွမ်၏ မျက်နှာထားက တင်းမာလာသည်။ သူ့ပတ်လည်မှ စွမ်းအားများ ထွက်ပေါ်လာလေ၏။ ချီရှောက်ရွမ်က အရင်တိုက်ဖို့ ပြင်လိုက်စဉ် ရှန်ထျန်းက လှုပ်ရှားလိုက်သည်။
သူက ကမ္ဘာကြီးထဲ ဘာကိုမှဂရုမစိုက်သည့်အလား မျက်လုံးကို အသာပိတ်ထားလိုက်သည်။
သူ့လက်ထဲ သွေးနီရောင် ဓားတစ်ချောင်း ပေါ်လာပြီး သတ်ဖြတ်ငွေ့များဖြင့် တောက်ပနေသည်။ သို့သော် ထိုအငွေ့အသက်အားလုံးက ဓားအတွင်း ကိန်းအောင်းနေသည်။ ရှန်ထျန်းက ဓားရေးပြလိုက်သည်။ သူ့လှုပ်ရှားမှုများက ကြော့ရှင်းကာ သေသပ်လှပြီး ဓားနတ်ဘုရားတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသည့်အလား ဖြစ်နေသည်။
သူ့ဓားကွက်များက ထူးခြားကာ စိတ်ကြိုက် ဓားရေးပြနေဟန် ပေါ်သော်လည်း စိတ်ကူးကိုကျော်လွန်၍ အံ့အားသင့်ဖို့ ကောင်းလှသည်။
သူ့ဓားက လေထုထဲ တုန်ခါမှုအနည်းမှ ဖြစ်မသွားစေပေ။ လေထဲ ဓားဝေ့ယမ်းသံလည်း မရှိသလို ဓားအငွေ့အသက်လည်း မထွက်ပေါ်လာပေ။
ဤသို့သော ဓားပညာရပ်သည် အန္တရာယ်ကင်းဟန် ပေါ်သော်လည်း လျို့ဝှက်ဖြစ်နိုင်ခြေများနှင့် အသွင်ပြောင်းခြင်းများစွာ သယ်ဆောင်ထားသလိုမျိုး နက်နဲနေပြန်သည်။
ချီရှောက်ရွမ်က လုံးလုံးနားမလည်ပေ။
သူက နားမလည်ရုံမှသာမက လှုပ်ရှားကွက် တစ်ခုမှလည်း မမှတ်မိပေ။ ရှန်ထျန်းက ဓားရေးပြနေစဉ် ထိုအရာနှင့် ပတ်သတ်သည့် ချီရှောက်ရွမ်၏ မှတ်ဉာဏ်ကို ဖျက်ပစ်နေသလိုမျိုး ဖြစ်နေသည်။
သူက ရှန်ထျန်း၏ လှုပ်ရှားမှုများကို ကြည့်နေသော်လည်း တစ်ခုတစ်လေမျှ မမှတ်မိပေ။ သူ မှတ်မိသည့် တစ်ခုတည်းသောအရာမှာ ထိုဓားရေးက အင်မတန် သိမ်မွေ့ကာ ထူးကဲလွန်းလှပေသည်။
ရှန်ထျန်း၏ ဓားကွက်များက မြန်လာသည်။ သူ့အမြန်နှုန်း တိုးလာသည်နှင့် လှုပ်ရှားကွက်ရာချီကလည်း ဖြည်းဖြည်းချင်း လျော့နည်းသွားသည်။
တိုက်ကွက်ရာချီ …
တိုက်ကွက် တစ်ရာ …
တိုက်ကွက် ဆယ်ချီ …
ဆယ်ကွက်ကျော် …
လှုပ်ရှားမှု အရေအတွက် လျော့ပါးလာသည်နှင့် ဓားကလည်း အမြန်နှုန်းနှင့် သွက်လက်မှုတို့ တိုးတက်လာသည်။ ကြည့်ရသည်မှာ ကောင်းကင်ဘုံမှ နတ်ဘုရား ဓားရေးပြနေသလို ဖြစ်၏။
ထိုသွေးနီရောင် ဓားကို အလင်းဖျဖျ ခြုံလွှမ်းထားပြီး သတ်ဖြတ်ငွေ့ အရိပ်အယောင်လုံးလုံး မရှိပေ။
ထိုသို့ဆိုလျှင်ပင် ချီရှောက်ရွမ်က ကြောက်စိတ်တိုးလာ၏။ သူက ဓားရေးကို ကြည့်နေရင်း ပြောမပြတတ်သည့် အကြောက်တရားမျိုး ဖြစ်ပေါ်လာရသည်။
ရှန်ထျန်းက တစ်ချိန်လုံး ဘာမှဂရုမစိုက်ဟန်ဖြင့် ဓားရေပြနေပြီးနောက် ရုတ်ချည်း လှည့်လာသည်။ သူ့အကြည့်ကာ ချီရှောက်ရွမ်ဆီ ကျရောက်လာပြီး သူ့ဓားကွက်များကလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။
ရွပ် …
ထိုစဉ် ရှန်ထျန်းက ချီရှောက်ရွမ်၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားပြီး နတ်အငွေ့အသက် လွှမ်းခြံထားသည့် ဓားအလင်းတန်းသာ ကျန်ရစ်ခဲ့သည်။ ထိုအလင်းရောင်သည် ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာသည့် အချိန်မြစ်ပေါ် ဖြာကျနေသည့် လရောင်ကဲ့သို့ ဖြစ်သည်။
ကံကြမ္မာတစိတ်တပိုင်းကဲ့သို့ အချိန်တစ်ခုကို ဖြတ်တောက်လိုက်သည်။
ချီရှောက်ရွမ်က ခေါင်းမော့ကြည့်လိုက်၏။
သူက ကောင်းကင်ယံမှ လမင်းကြီးသည် အက်ကွဲလာသလို ခံစားလိုက်ရသည်။ လမင်းကြီးတင် မကဘဲ ကြယ်အစုအဝေးများလည်း နှစ်ပိုင်း ပိုင်းပြတ်သွားသလို ဖြစ်၏။
ထိုအခိုက်အတန့် ချီရှောက်ရွမ်က ဤလောကကို ကျော်လွန်နေသည့် သက်ရှိနတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည်ဟုပင် တွေးထင်သွားသည်။
ချီရှောက်ရွမ်က ထိုဓားရှေ့ တိုက်ခိုက်လိုစိတ် အားလုံး ပျောက်ဆုံးသွားလေပြီ။ သူက ရုန်းကန်ခြင်းကပင် ဤနတ်ဘုရားကို စော်ကားနေသလိုမျိုး ခံစားနေမိသည်။
တဖြည်းဖြည်း နီးကပ်လာလေပြီ။
ချီရှောက်ရွမ် မြင်နိုင်သည်ကား ထိုအလင်းတန်းသာ ဖြစ်၏။ ထိုအရာမှလွဲ၍ ဘယ်အရာမှ မတည်ရှိတော့ပေ။
သူ့စိတ်ထဲတွင် တွေးမိသည့် တစ်ခုတည်းသောအရာမှာ “ ငါ သေတော့မှာလား ”
...............
ထိုအခိုက်အတန့်လေးက ဆယ်နှစ်လောက် ကြာရှည်သွားသည်ဟု ခံစားနေရသည်။
အလင်းတန်းက ပျောက်ကွယ်သွားလေသည်။ ချီရှောက်ရွမ်က သူ့ကိုယ်သူ ဘာမှမဖြစ်ကြောင်း တွေ့လိုက်ရ၏။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားက သူ့ရှေ့ ရပ်နေလေသည်။ သူ့ညာဘက်လက်မှ ပခုံးမှ အဖြတ်ခံထားရပြီး သွေးများ စီးကျနေလေ၏။
“ဆရာဦးလေး ကျီရွမ်လား … ”
ချီရှောက်ရွမ်က မျက်လုံးအပြူးသား ဖြစ်မိသွားသည်။ သူ့ရှေ့တွင် ရပ်နေသည့်လူမှာ ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ ကောင်းကင်အသျှင် ဖြစ်သလို ချီရှောက်ရွမ်၏ ကာကွယ်ပေးသူများထဲမှ တစ်ယောက် ဖြစ်၏။
ခရမ်းစံအိမ် အထွတ်အမြတ်မြေခေါင်းဆောင်ထဲမှ တစ်ယောက်အနေနှင့် ကောင်းကင်အသျှင် ကျီရွမ်သည် ဝိညာဉ်အသွင်ပြောင်းအဆင့် ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်အတွင်း ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်ပေသည်။ သို့သော်လည်း ကောင်းကင်အသျှင် ကျီရွမ်၏ ညာဘက်လက်မှာ ဖြတ်ခံလိုက်ရလေပြီ။ ချီရှောက်ရွမ် တစ်ယောက် မည်မျှ ထိတ်လန့်တုန်လှုပ်သွားမည်ကို တွေးကြည့်၍ ရ၏။
“ ရှန်ထျန်းက ဆရာဦးလေးရဲ့ လက်ကို တကယ်ကြီး ဖြတ်ပစ်လိုက်တာ”
ချီရှောက်ရွမ်က ရှန်ထျန်းအား ကြောင်ကြည့်နေမိသည်။ သူက အင်မတန် ခိုးကိုးရာမဲ့ ဖြစ်နေသလို ခံစားနေမိသည်။ သူ့တိုက်ပွဲ ဆာလောင်မှုမှာလည်း ပျောက်ဆုံးသွားလေပြီ။ အကြောင်းမှာ မျှော်လင့်ချက်လုံးလုံး မရှိတော့ပေ။
အကယ်၍ ချီရှောက်ရွမ်သာ အားကုန်ထုတ်သုံးလျှင် ဝိညာဉ်အသွင်ပြောင်း ကောင်းကင်အသျှင်လက်ထဲမှ လွတ်မြောက်ဖို့ ၅၀ ရာခိုင်နှုန်း ရှိ၏။ ဤသည်မှာ သူ ဂုဏ်ယူရသည့်အရာလည်း ဖြစ်ပေသည်။ သို့သော်လည်း ရှန်ထျန်း၏ လှုပ်ရှားမှုက ကောင်းကင်အသျှင် ကျီရွမ်၏ လက်ကို ချက်ချင်း ဖြတ်တောက်နိုင်လိုက်သည်။
သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်မှာ မိုးနဲ့မြေလို ဖြစ်နေသည်။
ချီရှောက်ရွမ်က ဒူးထောက်လျက်သား လဲကျသွားသည်။ သူက မျက်နှာဖုံးကို ချွတ်ကာ ရေရွတ်လိုက်သည် “ ငါ … ရှုံးသွားပြီ ”
“ ငါ တကယ်ကြီး ရှုံးသွားပြီ ”
ကောင်းကင်အသျှင် ကျီရွမ်လည်း ချီရှောက်ရွမ်လောက်နီးပါး တုန်လှုပ်နေမိသည်။ အကြောင်းမှာ ထိုဓားချက် မည်မျှကြောက်ဖို့ကောင်းကြောင်း သူ့ထက်လွဲ၍ မည်သူမှ ပိုမသိနိုင်ပေ။
ထိုဓားက သာမန်အံ့ဖွယ်လက်နက်မျိုး မဟုတ်ပေ။ အနည်းဆုံးတော့ ထာဝရတပိုင်းလက်နက်မျိုး ဖြစ်လိမ့်မည်။ လောက၏ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ငွေ့ကို ပိုင်ဆိုင်ထားသည်။
သို့သော် ဓားပညာရပ် ခမ်းနားမှုနှင့် နှိုင်းယှဉ်လိုက်သည့်အခါ ထိုသတ်ဖြတ်ရေး ဓားက အနည်းငယ် မှေးမှိန်သွားလေသည်။ ရှန်ထျန်းက နောက်ဆုံးအခိုက်အတန့်လေး၌ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ဦးတည်ချက်ပြောင်းလိုက်၍ ကံကောင်းသွားပေသည်။ မဟုတ်ပါက ကောင်းကင်အသျှင် ကျီရွမ်၏ လက် မဟုတ်ဘဲ ဦးခေါင်း ပြတ်သွားနိုင်သည်။
တိုက်ကွက် ပြီးဆုံးသွားသော်လည်း ဒဏ်ရာရခဲ့သည့် နေရာမှာ ဓားအငွေ့အသက်များ ကျန်ရှိနေဆဲ ဖြစ်၏။ ကျီရွမ်အနေနှင့် ပြန်လည် ပျောက်ကင်းဖို့ အချိန်များစွာ ယူရပေမည်။
သူ့လက် ပြန်တွဲဆက်ဖို့ ပိုတောင် ခက်ခဲပေဦးမည်။
သူက သက်ပြင်းချကာ “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ပါရမီရှင်ပဲ။ တိုက်ကွက် တစ်ကွက်တည်းနဲ့ ဒီကမ္ဘာက ဓားသမားအားလုံးကို မှေးမှိန်သွားစေတာပဲ ”
နောက်ဆုံးတွင် ရှန်ထျန်းက မျက်လုံးပြန်ဖွင့်လာသည်။
သူ့အသိစိတ် ပြန်လည်ရောက်ရှိလာပြီး အိပ်မက်ကောင်းမှ နှိုးထလာရသလိုမျိုး ခံစားနေရသည်။