အခန်း (၁၈၇)
Vol. 19 Ch. 187
သူတို့ရဲ့မိသားစုက မြို့တော်ကို ရောက်လာပြီးကတည်းက ကျန်းကျန်း သူမရဲ့ သဘာဝလွန် အစွမ်းအစတွေကို ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့အတွက် ဘယ်တော့မှ ထပ်မံ အသုံးမပြုခဲ့တော့ဘူး။
ပြောရရင် အရင်တုန်းကတော့ သူတို့မိသားစုရဲ့စိုက်ခင်းက အလွန် အထွက်နှုန်းနည်းတဲ့အတွက် မိသားစုစားဖို့ မဝလင်တာကြောင့် သူမ ကူညီပေးခဲ့တယ်။
တောင်ပေါ်မှာရှိတဲ့မြေကွက်တွေက သစ်ပင်တွေနှင့် ပိတ်ဆို့နေပြီး နေရောင်ခြည်အလုံအလောက်မရှိတဲ့အတွက် အပင်တွေက သိပ်ပြီး အားမရှိနိုင်သလို အသက်လည်း ကြာကြာရှည်နိုင်မှာမဟုတ်ဘူး။
တစ်ချိန်တည်းမှာ တောင်ပေါ်မှာက ငှက်တွေနှင့် ရစ်ငှက်အကောင်ရေ အများအပြားရှိနေပြီး စိုက်ခင်းထဲမှ တစ်ဝက်လောက်ကို ယူဆောင်သွားနိုင်တယ်လေ။
ဒါကြောင့် ကျန်းကျန်းကို မမွေးခင် လီမိသားစုမှ စိုက်ပျိုးထားတဲ့ ကောက်နှံနှင့် ပဲပိစပ်တွေကို ဖြည့်စွက်စာအဖြစ်သာ အသုံးပြုနိုင်ခဲ့ပြီး များများစားစား မစုဆောင်းနိုင်ခဲ့ဘူး။
ဒါ့အပြင် လီမူဝူကလည်း ထိုအချိန်တုန်းက အလုပ်သွားရလေ့ရှိပြီး လယ်ယာလုပ်ငန်းက အခြေခံအားဖြင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့ရဲ့ ခေါင်းပေါ်ကိုသာ ကျဆင်းသွားခဲ့တယ်။
မဒမ်လီလို အိုမင်းနေတဲ့ အဖွားအိုကိုမပြောနှင့်။ ဝမ်စုဖန်းလိုမျိုး ငယ်ရွယ်သေးတဲ့သူကိုတောင်ကျန်းကျန်းက ထို ခက်ခဲပင်ပန်လွန်းတဲ့ အလုပ်တွေကို လုပ်ခွင့်မပေးနိုင်ခဲ့ဘူး။
တော်ဝင်မြို့တော်သို့ ရောက်ပြီးနောက်မှာတော့ လီမူဝူက အလုပ်မရှိတော့သလို မဒမ်လီနှင့် ဝမ်စုဖန်းတို့ကလည်း အားလပ်နေခဲ့ကြတယ်။
ဒါကြောင့် ကျန်းကျန်းက သူတို့ကို အိမ်မှာ ဒီအတိုင်း လုပ်စရာတစ်ခုခုမရှိဘဲ နေခိုင်းမယ်ဆိုရင် ပျင်းရိနေမှာကိုစိုးရိမ်ခဲ့တယ်။
ပြောရရင် သူတို့တွေက တစ်ဘဝလုံး တက်ကြွစွာလှုပ်ရှားပြီး နေလာခဲ့တဲ့လူတွေပဲလေ။ တော်ဝင်မြို့တော်ကိုရောက်ပြီးမှ အလုပ်မရှိဘဲ အချိန်ဖြုန်းနေရရုံပဲဆိုရင် နေသားကျနိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ဒီစိုက်ခင်းတွေကို သူတို့ကိုယ်တိုင် စိုက်ပျိုးဖို့အတွက် ချန်ထားပေးခဲ့တာပဲ။
ဒါပေမဲ့ ကျန်းကျန်းက အသီးအနှံတွေ ကြီးရင့်လာချိန်မှာတော့ အနည်းငယ် ကူညီပေးခဲ့တယ်။ သခွားသီမွှေးသီးလို အသီးတွေက အရသာပိုပြီး ကောင်းမွန်လာတယ်။ သခွားသီးတွေက ပိုမိုကြွတ်ဆပ်လာပြီး တည်သီးတွေကတော့ ပိုပြီး ချိုမြိန်လာခဲ့တယ်။
တည်သီးနဲ့ သခွားသီးတွေ အိုးတစ်လုံးနှင့်အပြည့်ခူးပြီးနောက် ကျန်းကျန်းက သူမရဲ့ဘေးမှာရှိတဲ့ ရေတွင်းထဲက ရေပုံးတစ်ပုံးကို ဆွဲယူလိုက်ပြီး အိုးထဲမှ သခွားသီးနဲ့ တည်သီးတွေကို နှစ်ခါလောက် ဆေးကြောခဲ့ကာ သူတို့ကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်တယ်။
ဝမ်မင်တို့အဖွဲ့ကလည်း ရေတွင်းမှာ လက်ဆေးလိုက်ကြပြီး မြေပြင်ကြောင့် ညစ်ပတ်မှာကို မကြောက်ကြတဲ့အတွက် မြေပြင်ပေါ်မှာပဲ တိုက်ရိုက်ထိုင်ပြီး သခွားသီးနဲ့ တည်သီတွေကို တစ်အိုးလုံးကုန်အောင် စားခဲ့ကြတယ်။
*
အခုချိန်မှာတော့ ကျန်းကျန်းက တော်ဝင်တက္ကသိုလ်ကိုရောက်လာတာ ငါးလကြာခဲ့ပြီဖြစ်ပြီး စာပေဌာနအတွင်း အလွန်အလုပ်များတဲ့ ကျောင်းသူတစ်ဦးဖြစ်လာခဲ့တယ်။
တော်ဝင်တက္ကသိုလ်ဆိုတာက ကျောင်းပြန်ဖွင့်ပြီးနောက် နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုပဲ။ ဒါကြောင့် တော်ဝင်တက္ကသိုလ်မှ ကျောင်းသားတွေထဲမှာ တစ်ဦးတစ်ယောက်ကမှ လျော့ရဲခြင်းမရှိဘူး။
သူတို့တွေက နေ့စဥ်နေ့တိုင်း ၂၄ နာရီလောက် လေ့လာနိုင်ဖို့တောင် ဆုတောင်းနေခဲ့ကြတယ်။
ကျောင်းသားတွေက အတန်းထဲမှာပဲ ဖြစ်ဖြစ် စာကြည့်တိုက်ထဲမှာပဲ ဖြစ်ဖြစ်စာလေ့လာရင်းနှင့်သာ ကုန်ဆုံးခဲ့ကြပြီး အိပ်ဆောင်ဆိုတာက အခြေခံအားဖြင့် ညအိပ်စက်ရန်နေရာတစ်ခုအဖြစ်သာ ရှိနေခဲ့တယ်။
ဒါပေမယ့် ကျန်းကျန်းနှင့် ယှဉ်ရင်တော့ တခြားကျောင်းသားတွေက အနည်းငယ်ရှက်ရွံ့နေကြရတုန်းပဲ။ ကျန်းကျန်းက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှုတွေရှိပြီး ခဏတာလောက် အိပ်စက်ခြင်းက သူမ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ထင်ရတယ်။
ဒါကြောင့် ကျန်းကျန်းက ရွှယ်ပါ့(ထိပ်တန်းကျောင်းသား)မုဒ်ကို နေ့တိုင်းဖွင့်ပြီး မိုးမလင်းမီ အိပ်ရာမှထကာ သန်းခေါင်ယံအထိ အိပ်ဆောင်ကို ပြန်မလာတတ်ဘူး။
ဝေ့ယွီကျင်းက ကျေးလက်ဒေသမှ ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်တုန်းက စောစောမှထရတဲ့အတွက် ညည်းတွားနေရလေ့ရှိပေမယ့် အခုတော့ အိပ်ရာပေါ်မှာ လဲလျောင်းနေရင်တောင်မှ အိပ်လို့မရနိုင်တော့ဘူး။
သူမက မနက်တိုင်း အိပ်ရာက နိုးလာတိုင်း နေရာက မှောင်နေခဲ့ပြီး စာဖတ်စရာ နေရာလည်း မရှိခဲ့ဘူး။
ဒါပေမဲ့ ကျန်းကျန်းကတော့ မနက်တိုင်း စောစောထွက်သွားတတ်တာကြောင့် စာဖတ်ဖို့နေရာရှာနိုင်မယ်လို့ တွေးခဲ့ပြီး သူမရဲ့အဝတ်အစားတွေကို အမြန်ဝတ်ကာ စာအုပ်တစ်အုပ်နဲ့ အပြင်လိုက်ထွက်ခဲ့ပေမယ့် အိပ်ဆောင်ကထွက်ပြီးတာနဲ့ ကျန်းကျန်းကို ရှာမတွေ့ခဲ့တော့ဘူး။
ဝေ့ယွီကျင်း အပေါ်ထပ်ကို ပြန်တက်ရုံသာ တတ်နိုင်တော့တယ်။ ဒါပေမယ့် အိပ်ဆောင်တံခါးကို တွန်းဖွင့်ခါနီးမှာပဲ စင်္ကြံအဆုံးမှာရှိနေတဲ့ အိမ်သာမှ အလင်းရောင်ကို ရုတ်တရက်တွေ့လိုက်ရလေတယ်။
သူမရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ပြီး အခန်းထဲသို့ ပြန်ဝင်ကာ ထိုင်ခုံအသေးလေးကို တိတ်တဆိတ် ယူလာခဲ့ပြီး စာကျက်ရန် အိမ်သာသို့ သွားခဲ့တော့တယ်။
စာတော်ကျောင်းသားများ စုဝေးရာနေရာတွေမှာ ယှဥ်ပြိုင်ချင်စိတ်တွေ ရှိလာဖို့ကလည်း လွယ်ကူတယ်။
ဒီတော့ တခြားတွေအတွက်လည်း စာကျက်ဖို့အချိန်တွေ ခက်ခဲလာရင် အိမ်သာက ရက်အနည်းငယ်အတွင်း ပြည့်သွားမှာက သေချာပေါက်ပဲ။
ဒီလိုနှင့် ကျောင်းသားအများအပြားက အိမ်သာမှ မီးရောင်မှိန်မှိန်အောက်မှာ စာအုပ်တွေကို လက်ထဲမှာကိုင်ပြီးခေါင်းတွေကို မြှုပ်နှံကာ ခဲယဉ်းစွာ ဖတ်ရှုလေ့လာနေခဲ့ကြတယ်။
ကံကောင်းထောက်မစွာနှင့် အိပ်ဆောင်ရှိ သန့်စင်ခန်းတွေကို ကျောင်းသားတွေက တစ်နေ့မှာ နှစ်ကြိမ်လောက် သန့်ရှင်းပေးထားခဲ့ကြလို့ အနံ့အသက်တွေ မရှိဘူး။ မဟုတ်ရင် သူတို့ ထိုင်နိုင်ကြမှာမဟုတ်ဘူး။
သူမရဲ့အတန်းဖော်တွေရဲ့ အခက်အခဲတို့နှင့် နှိုင်းယှဉ်ရရင် ကျန်းကျန်းကတော့ သေချာပေါက် ပိုမိုသက်တောင့်သက်သာရှိနေခဲ့တယ်။
သူမက နိုင်ငံခြားပုံစံ အဆောက်အဦးရှိ သက်တောင့်သက်သာရှိစေတဲ့ ဆိုဖာပေါ်မှာ ထိုင်ကာ ကော်ဖီစားပွဲပေါ်မှာလည်း လတ်ဆတ်တဲ့ သစ်သီးတွေ၊ ပျားရည်ဖျော်ရည်များ ရှိနေပြီး ထမင်းစားခန်းထဲမှ စားပွဲပေါ်မှာလည်း နံနက်စာတွေက မွှေးကြိုင်စွာရှိနေခဲ့တယ်။
ကျန်းကျန်း အိမ်မှပြန်လာတဲ့အချိန်မှာ အပတ်တိုင်း တစ်ပတ်စာလုံခောက်စေတဲ့ မနက်စာတွေကို ဝယ်ပြီး နေရာလွတ်ထဲမှာ ထည့်ထားတတ်တယ်။
နေရာလွတ်ထဲမှာဆိုရင် အစားအသောက်တွေက သူမ ထည့်ထားတဲ့အချိန်အတိုင်း ပူနွေးနေတာကြောင့် ပုပ်သိုးမှာကို စိတ်ပူစရာ မလိုဘူး။ နွေးထွေးစွာစားနိုင်လိမ့်မယ်။
သူမက ဒီနေ့မှာ ပြင်သစ်ဘာသာစကားကို နှစ်ကြိမ်ခန့် ပြန်လည်လေ့လာခဲ့ပြီး မသေချာမရေရာတဲ့စကားလုံးတွေကို အမှတ်အသားပြုထားခဲ့တယ်။
ဒါဆိုရင် အတန်းတက်တဲ့အချိန်မှာ ပြင်သစ်ဆရာမကို အဆင်သင့်မေးမြန်းနိုင်လိမ့်မယ်။
ကျန်းကျန်း ပျားရည်သောက်ပြီးတဲ့နောက်မှာ မနက်စာစားခဲ့ပြီး အပြင်ဘက်မှ ရာသီဥတုအခြေအနေကိုကြည့်ရင်း ပြဋ္ဌာန်းစာအုပ်တွေကို ထုတ်ယူပြီး သူမ ပြန်လည် မလေ့လာရသေးတဲ့ အတန်းစာတွေကို ထပ်မံလေ့ကျင့်ခဲ့ပြန်တယ်။
ကျန်းကျန်း နေရာလွတ်ထဲမှာ သုံးနာရီကြာအောင်နေခဲ့ပြီးနောက် အတန်းချိန်နီးနေခဲ့ပြီ။
သူမက အပြင်ဘက်မှ နေရာကို အရင်ကြည့်ရန် အသိစိတ်ကိုသုံးပြီး တိတ်တဆိတ် ပြန်ပေါ်လာခဲ့တယ်။
ဝေ့ယွီကျင်းက ကျန်းကျန်းအတွက် အချိန်မီ ထိုင်ခုံနေရာယူပေးထားခဲ့ပြီး သူမ ရောက်လာတာကို မြင်တာနှင့် လျင်မြန်စွာ လက်ကိုဝှေ့ရမ်းပြလိုက်တယ်။
ကျန်းကျန်းလည်း စာအုပ်တွေကို ပွေ့ချီကာ ထိုင်ခုံနေရာဟောင်းမှာ ဝင်ထိုင်လိုက်ပြီး စာအုပ်တွေကို စားပွဲပေါ်မှာတင်ပြီး အခန်းဖော်တွေကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ခဲ့တယ်။
သူမရဲ့ အပေါ်ထပ်မှာ နေထိုင်တဲ့ ရှုကျားကျားက အနားတိုးကပ်လာပြီး ကျန်းကျန်းကို တီးတိုးလေးမေးလာတယ်။
“ကျန်းကျန်း ၊ နင် ဘယ်မှာ စာဖတ်နေတာလဲ၊ ငါ ဒီနေ့ နည်းနည်း နောက်ကျမှ အိပ်ရာက နိုးလာပြီး အိမ်သာခန်းကို ပြေးထွက်လာတော့ အိမ်သာတွေက အကုန်လူပြည့်နေတာကို တွေ့လိုက်ရတယ်လေ၊ ဒါနှင့် ငါလည်း မျက်နှာပြောင်တိုက်ပြီး အပေါ်ထပ် အိမ်သာကိုသွားလိုက်ရတယ်”
ကျန်းကျန်း အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်တယ်။
“ငါ မီးရောင်တွေရှိတဲ့ တစ်နေရာကို ကိုယ့်ဘာသာကိုယ် ရှာတွေ့ခဲ့တယ်၊ ဒါပေမယ့် နေရာက အရမ်းသေးလွန်းတယ်၊ နောက်တစ်ယောက်ကတော့ ထပ်ဝင်လို့ မရတော့ဘူး၊ ဒါကြောင့် ငါ နင့်ကို ခေါ်မသွားနိုင်တော့ဘူး”
ရှုကျားကျားက ဒါကို ယုံကြည်ခဲ့တယ်။ ပြောရရင် သူမ ဒီမနက် စာဖတ်ဖို့ အပေါ်ထပ်က အိမ်သာကိုသွား တော့ ကျန်းကျန်းရဲ့ ယောက်မ ဝမ်ရှင်းဝမ့်ကို ဥပဒေက ပြဌာန်းထားတဲ့ ကျောင်းစာအုပ်တွေကိုင်ပြီး အိမ်သာထဲမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။
တကယ်လို့ ကျန်းကျန်းသာ တခြား တစ်ယောက်ယောက်ကို ခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဝမ်ရှင်းဝမ့်ကိုပဲ ထိုနေရာသို့ ဦးစွာခေါ်ဆောင်သွားလိမ့်မယ်။
ဒီနေ့မနက်ပိုင်းမှာ ကျန်းကျန်းအတွက် အဓိကမေဂျာ အတန်းနှစ်ခုရှိပြီး တစ်ခုက ဂျာနယ်လစ်မေဂျာနှင့် ဒုတိယတစ်ခုက စီးပွားရေးမေဂျာပဲ။
ဂျာနယ်လစ်မေဂျာရဲ့ ကျောင်းသားတွေက လအနည်းငယ်လောက်ပဲ ပညာသင်ကြားခဲ့ရသေးပေမဲ့လည်း သတင်းအေဂျင်စီတစ်ခုကို ဖွဲ့စည်းကာ ကျောင်းသတင်းနှင့် လက်ရှိပြည်နယ်အတွင်းသုံးသပ်ချက်တွေကဲ့သို့သော ဆောင်းပါးတွေကို ရေးသားရန် စိတ်အားထက်သန်နေခဲ့ပြီ။
ပရော်ဖက်ရှင်နယ်မေဂျာဆရာ စုန့်ရှီဟိုက်ကလည်း ဒီအတွက် အလွန်အားပေစနေခဲ့တယ်။ ဒါကြောင့် သူက အတန်းထဲမှာ သက်ဆိုင်ရာ ပညာရပ်နှင့်ပတ်သက်ပြီး ဗဟုသုတများစွာကို သင်ကြားပေးခဲ့တယ်။
အတန်းတွင်းရှိ ကျောင်းသားတွေကတော အတန်းပြီးရင် သတင်းဌာနတစ်ခု တည်ဆောက်ရန် မစောင့်နိုင်ဖြစ်နေခဲ့ကြတယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ် အရည်အချင်းတွေကို အပြည့်အ၀ ရရှိအောင် အာရုံစူးစိုက်နေခဲ့ကြတယ်။
ကျန်းကျန်းအနေနဲ့ကတော့ ဝေ့ယွီကျင်းနှင့် တခြားသူတွေ ဆွေးနွေးနေတာကို နားထောင်ပြီး သတင်းဌာနအကြောင်းကို အလွန်စိတ်ဝင်စားခဲ့ပေမဲ့လည်း သူမရဲ့ လက်ရှိအချိန်နဲ့ဆိုရင် လုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့ဘူး။
ဂျာနယ်လစ်ဇင်ဌာနမှာ နောက်ထပ်အဓိက အတန်းတွေမရှိတာကြောင့် အတန်းဆင်းခေါင်းလောင်းသံကြားပြီးနောက်မှာတောင် ဆရာတွေနှင့် ကျောင်းသားတွေက လှုပ်ရှားမလာကြဘူး။
အတန်းထဲမှ အတက်ကြွဆုံးဖြစ်တဲ့ ကျန်းချန်ဟိုက်က ဥက္ကဋ္ဌရာထူးကို ယူရန် အစပြုခဲ့ပြီး လူတိုင်းရဲ့ အကြံပြုချက်တွေကို ရေးမှတ်ထားရန်နှင့် အကြောင်းအရာတစ်ခုချင်းကို ဆွေးနွေးရန် ကျောက်သင်ပုန်းသို့ သွားခဲ့တယ်။
စုန့်ရှီဟိုက်က သူတို့ရဲ့ အတွေးအမြင်တွေကို ပြောဆိုနေကြတဲ့အပေါ် စိတ်ဝင်တစား ကြည့်နေခဲ့တယ်။ တချို့က မဖြစ်နိုင်ဘူး၊ တချို့က လမ်းလွှဲမှာ သေချာတယ်၊ တချို့ကတော့ နုံအလွန်းတယ်။
သို့ပေမယ့် ဒီလိုဆိုရင်တောင် စုန့်ရှီဟိုက်က ဘာမှ မပြောသေးဘူး။ အဆုံးမှာ ကြိုးစားရဲတဲ့ သတ္တိရှိမှ အတွေ့အကြုံတွေကို ပိုလေ့လာနိုင်ပြီး ဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရနိုင်မှာပဲလေ။
ကျန်းကျန်းက စီးပွားရေးမေဂျာကို တက်ဖို့ အလျင်လိုနေတာကြောင့် ဒီဆွေးနွေးမှုမှာ ဆက်မပါဝင်နိုင်တော့ဘူး။ သူမက သူမရဲ့ အခန်းဖော်တြေနဲ့ စကားပြောပြီး ကျောင်းလွယ်အိတ်ကို နောက်ကျောမှာ လွယ်ကာ ပြေးထွက်သွားခဲ့တော့တယ်။
*