← Chapters

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း (၁၉၈)

Vol. 20 Ch. 198

သူမရဲ့ စိတ်ကူးတွေကို ပြောပြပြီးတဲ့နောက်မှာ ကျန်းရန်ကျယ်ရဲ့ တွေးတောနေတဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းကျန်း လေးနက်စွာနှင့် ဆက်ပြောလိုက်တယ်။

“နိုင်ငံတော်က လူပေါင်းများစွာရဲ့ အိမ်ယာပြဿနာကို ဖြေရှင်းဖို့အတွက် ပိုက်ဆံပမာဏအများကြီးမရှိဘူး၊ ဒီတော့ အိမ်တွေက မြန်မြန်ဆန်ဆန်နဲ့ ရောင်းချမှုစြေးကွက်ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ လူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်လာလိမ့်မယ်၊

ဒါကြောင့် အခု အိမ်တွေကို လွတ်လွတ်လပ်လပ် ရောင်းနိုင်ဝယ်နိုင်နေတဲ့အချိန်မှာ အိမ်ခြံမြေတွေဝယ်ဖို့ စိတ်ကူးထားတယ်”

ကျန်းရန်ကျယ်အနေနှင့် ကျန်းကျန်းပြောနေတဲ့စကားလုံးတွေကိုတော့ နားလည်နိုင်ပေမယ့် သူမ ဘာလို့အိမ်ရာမြေကွက်တွေအများကြီး စုဆောင်းချင်နေတာလဲဆိုတာကိုတော့ နားမလည်နိုင်သေးဘူး။ ကျန်းကျန်း ပြုံးပြီး ဆက်ရှင်းပြလိုက်တယ်။

“တကယ်တော့ ကျွန်မက အိမ်အတွက် ဝယ်ချင်တာမဟုတ်ဘူး နေရာမြေအတွက် ဝယ်ချင်ပါ”

ကျန်းရန်ကျယ် အပြုံးတစ်ခုနှင့် ခေါင်းကိုခါရမ်းလာခဲ့တယ်။

“မင်းပြောတဲ့အဓိပ္ပာယ်ကို ငါသေသေချာချာတော့ နားမလည်ပေမယ့် မင်းရဲ့အစီအစဉ်က ရေရှည်သွားမဲ့ကိစ္စဆိုတာကိုတော့ ငါ သဘာပေါက်တယ်”

သူက ကျန်းကျန်းကို သဘောကျလေးစားတဲ့အကြည့်တွေနှင့် ကြည့်လိုက်ပြီး ဆက်ပြောခဲ့လေတယ်။

“ ငါမင်းရဲ့ရဲစွမ်းသတ္တိနဲ့ လုပ်ရည်ကိုင်ရည်ရှိတာကို ငါ တကယ် သဘောကျတယ်၊ ဒီတော့ နောက် အနာဂတ်မှာ ပစ္စည်းကောင်းလေးတွေ ရလာပြီး တစ်ခုခုရောင်းစရာလိုဦးမယ်ဆိုရင်လည်း ငါ့ဆီကိုသာလာခဲ့”

“ကောင်းပါပြီ လောင်ရှစ်”

ကျန်းကျန်း အမြန်သဘောတူလိုက်တယ်။ ထို့နောက်မှာ သူမက ကျန်းရန်ကျယ်ဆီမှ ပိုက်ဆံကို သေတ္တာထဲသို့ထည့်လိုက်ပြီး အထဲမှ ဂျီနိုဒါးမား လင်ဇီးမှိုအိတ်ကိုထုတ်ယူလိုက်တယ်။

“ ဒါကို တောင်ပေါ်ကနေ ကောက်ယူလာခဲ့တာ၊ လောင်ရှစ်အတွက် ဝိုင်လုပ်ဖို့ အသုံးပြုလိုက်လေ”

ကျန်းရန်ကျယ်သည်လည်း ကြောင်သူတော်ဆန်တဲ့အကျင့်တွေ ရှိတဲ့လူတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် ကျန်းကျန်းပေးတဲ့ ပစ္စည်းကိုယူပြီး ဆေးသေတ္တာထဲသို့ တိုက်ရိုက်ထည့်လိုက်လေတယ်။

ထို့နောက် သူ့အနေနဲ့ နေ့လည်ခင်းဘက်မှာ သူ့ရဲ့သူငယ်ချင်းဟောင်းတွေနှင့် အောင်ပွဲခံမဲ့အစီအစဉ်ရှိနေသေးတဲ့အကြောင်းကို တွေးတောရင်းနှင့် ကျန်းကျန်းကိုနှုတ်ဆက်ပြီး အလျင်အမြန် ထွက်သွားခဲ့တယ်။

ကျန်းကျန်းကတော့ နောက်တစ်နေ့ကစပြီး သမားတော်ကျန်းနှင့် ဆေးဘက်ဝင်အစားအစာတွေအကြောင်းကို စတင် သင်ယူရတော့မယ်ဆိုတာကို တွေးတောပြီးနောက် စာအုပ်ဆိုင်သွားကာ စာအုပ်တွေဝယ်ယူဖို့ တွေးတောလိုက်တယ်။

ဒါကြောင့် ကျန်းကျန်း ချက်ချင်းထရပ်ကာ မဒမ်လီကို နှုတ်ဆက်ပြီး ထွက်သွားဖို့ တွေးလိုက်တယ်။

“ဘယ်ချိန်ရှိပြီလဲ”

မဒမ်လီက နံရံပေါ်ရှိချိန်သီးနာရီကိုလှမ်းကြည့်လိုက်ပြီး ကျန်းကျန်းတစ်ယောက် ဘယ်ကိစ္စတွေနှင့်အလုပ်ရှုပ်နေတာလဲဆိုတာကို သူမနားမလည်ခဲ့ဘူး။

“ ထမင်းစားချိန်ကိုရောက်ဖို့ တစ်နာရီပဲ လိုတော့တယ်၊ နေ့ခင်းဘက် အပြင်ကို သွားဦးမလို့လား?”

“သမီး အပြင်မှာစားလိုက်တော့မယ်”

ကျန်းကျန်း ပြန်ဖြေလိုက်တယ်။

“သမီး ညနေခင်းပိုင်းမှာလည်း စာအုပ်ဆိုင်မှာပဲ ရှိနေမယ်၊ ညဘက်မှပဲပြန်လာခဲ့တော့မယ်”

ထိုစကားကိုကြားတော့ မဒမ်လီက ကျန်းကျန်းကို ပေးဖို့အတွက် ပိုက်ဆံနှင့် အစားအသောက်လက်မှတ်တွေကို ထုတ်ယူရန် ဘီဒိုကို အလျင်အမြန်ဖွင့်ခဲ့တယ်။

သို့ပေမယ့်လည်း ထိုငွေစက္ကုနဲ့လက်မှတ်တွေကို ထုတ်ယူပြီးသွားတဲ့နောက်မှာတော့ ကျန်းကျန်းက အရိပ်အယောင်တောင်မရှိတော့ဘူး။ သူမက အစောကြီးကတည်းက ထွက်ပြေးသွားခဲ့ပြီ။

သူမက လမ်းမဘေးမှာ ရပ်စောင့်နေခဲ့ပြီး မကြာခင်မှာဘဲ ဘတ်စ်ကားတစ်စီးက ဖြည်းညှင်းစွာရောက်လာခဲ့တာကြောင့် ကျန်းကျန်းလည်း ကားပေါ်ကိုတက်လိုက်ပြီး ပြတင်းပေါက်နာ့မှထိုင်ခုံကိုရှာဖို့အတွက် ဘတ်စ်ကားရဲ့ အနောက်ဖက်ကို သွားကာ လှမ်းထိုင်လိုက်တယ်။

ကားက စက်နှိုးပြီးချိန်မှာဘဲ ပြန်လည်ရပ်သွားခဲ့ပြန်တယ်။ ထို့နောက်မှာ ကားပေါ်သို့ လူငယ်လေးတစ်ယောက် တက်လာခဲ့ပြီး ကားထဲသို့ ဝေ့ဝိုက်လှမ်းကြည့်လိုက်ချိန်မှာ ခေါင်းကိုငုံ့ကိုင်းရင်း စာအုပ်ဖတ်နေတဲ့ ကျန်းကျန်းကိုမြင်လိုက်ရတာကြောင့် အတော်လေး အံ့သြသွားခဲ့ရပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း အံ့အားသင့်တဲ့ အရိပ်အမြွက်တချို့ ထွက်ပေါ်လာခဲ့တယ်။

သူလည်းပဲ ဘတ်စ်ကားရဲ့နောက်ဘက်သို့ တည့်တည့်လျှောက်သွားခဲ့ပြီး ကျန်းကျန်းရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။

ကျန်းကျန်းက သူမရဲ့ မျက်လုံးထောင့်မှတဆင့် ဘောင်းဘီရှည်ကို မြင်လိုက်ရတာကြောင့် သတိလက်လွတ်နဲ့ ခေါင်းမော့ကြည့်လာခဲ့ကာ ရှီကျွင့်ကျဲကို တွေ့မြင်လိုက်ရလေတယ်

“တိုက်ဆိုင်လိုက်တာ”

ကျန်းကျန်း က ပြုံးပြလိုက်တယ်။

“ရှင်တို့မိသားစုကလည်း ဒီနားလောက်မှာပဲနေကြတာလား”

“ဟုတ်တယ်”

ရှီကျွင့်ကျဲက ကျန်းကျန်းရဲ့ညလက်ထဲက စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာခဲ့တယ်။

“ကားထဲမှာ စာဖတ်တာက မင်းရဲ့မျက်လုံးအတွက် မကောင်းဘူးနော်”

ကျန်းကျန်းသည်လည်း ဒါကို သေချာပေါက် သိထားတယ်။ ဒါပေမဲ့ ကားထဲမှာ ဘာမှမလုပ်ဘဲ ထိုင်နေတာက အချိန်ဖြုန်းရာရောက်လွန်းတယ်လို့ သူမ အမြဲလိုလို ခံစားမိတဲ့အတွက် ဘယ်နေရာကိုပဲ သွားသွား စာအုပ်တစ်အုပ်ကို သယ်သွားရခြင်းကို သဘောကျလေရှိတယ်။

ကျန်းကျန်း သူမရဲ့လက်ထဲမှစာအုပ်ကို လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ရှီကျွင့်ကျဲရဲ့မျက်နှာကို စူးစမ်းလိုစွာကြည့်လိုက်မိတယ်။

လက်ရှိ သူ့ရဲ့ မျက်နှာပေါ်မှာ ကျောင်းမှာရှိနေတုန်းကလိုမျိုး တင်းမာမှု မရှိနေခဲ့ဘူး။ ထို့အစား သူ့ရဲ့မျက်လုံးမှ အရိပ်အယောင်တွေက ပျော်ရွှင်ပြီး စိတ်ရွှင်လန်းနေတဲ့အခြေအနေကို တွေ့လိုက်ရတာကြောင့် သူမ မပြုံးဘဲမနေနိုင်တော့ဘဲ လှမ်းပြောလိုက်မိတယ်။

“ကျွန်မက ရှင့်ကို အမြဲတမ်း အဲဒီလိုမျိုးရှိနေလိမ့်မယ်လို့ထင်ခဲ့တာ”

“ဘယ်လိုပုံစံမျိုးလဲ”

ရှီကျွင့်ကျဲရဲ့ မျက်လုံးတွေက ကျန်းကျန်းရဲ့ မျက်နှာပေါ်ကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ့ရဲ့အမူအရာကတော့ အလွန်လေးနက်နေခဲ့တယ်။

“အဲဒါက.. လူတွေကို သိပ်ပြီး ဂရုမစိုက်တတ်တဲ့ အေးတိအေးစက်နိုင်တဲ့ အကျင့်စရိုက်မျိုးရှိတဲ့ပုံစံမျိုး”

ကျန်းကျန်း ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်။

“အတန်းဖော်တွေတော်တော်များများက ရှင့်ကို စကားတောင်လာမပြောရဲကြဘူးလို့ ကျွန်မကြားထားတယ်”

“သူတို့တွေ မင်းရဲ့အကြောင်းကို

ပြောနေတာမဟုတ်ဘူးဆိုတာ သေချာလို့လား”

ရှီကျွင့်ကျဲက ကျန်းကျန်းကို ကြည့်နေခဲ့ပြီး သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုတည်ရှိနေခဲ့ကာ ကျန်းကျန်းကိုပြန်ပြောလာခဲ့တယ်။

“မင်း အတန်းထဲကနေ ထွက်သွားတာပဲဖြစ်ဖြစ် ဝင်လာတာပဲဖြစ်ဖြစ်၊ အမြဲတမ်း အလျင်စလို လမ်းလျှောက်တတ်တယ်၊ အတန်းထဲက ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ဘယလိုအရာမျိုးကိုပဲဖြစ်ဖြစ်လည်း ဂရုမစိုက်တတ်ဘူး ၊

ကိုယ်ပြောရဲတယ်၊ မင်း ပြင်သစ်အတန်းထဲမှာရှိနေတဲ့ ကျောင်းသားအားလုံးကိုတောင် သတိမထားမိဘူး ဟုတ်တယ်မလား”

ကျန်းကျန်း ပြုံးလိုက်မိတယ်။

တကယ်တော့ ကျန်းကျန်း သင်ယူနေခဲ့တဲ့ မေဂျာသုံးခုထဲမှာ ပြင်သစ်မေဂျာက အတန်းချိန်အနည်းဆုံးပဲ။

ပုံမှန်အားဖြင့် ပြင်သစ်အတန်းကလွဲရင် ကျန်းကျန်းရဲ့ တခြားအတန်းတွေက အဓိကအားဖြင့် ကိုယ်တိုင်လေ့လာရမဲ့ မေဂျာအမျိုးအစားတွေပဲ။ ဒါပေမယ့် ပြင်သစ်ဘာသာစကားကတော့ အတန်းထဲမှ လူအချင်းချင်း လေ့ကျင့်ခြင်းတွေကို ပြုလုပ်တတ်ကြတယ်။

ဒါပေမဲ့ ကျန်းကျန်းကတော့ သူမ အတန်းဖော်တွေအားလုံးကို သိတယ်လို့ မပြောနိုင်ဘူး။

တကယ်တော့ သူမက ရှီကျွင့်ကျဲက သူမပြောသလိုမဟုတ်ဘူးဆိုတာကိုလည်း သိထားတယ်။ အဓိကအားဖြင့် ရှီကျွင့်ကျဲရဲ့ ရုပ်ရည်က အလွန်ကို ချောမောလွန်းပြီး သူ့ရဲ့ သန်မာတဲ့ အသွင်အပြင်ကြောင့် လူတွေက သူ့အနားကို ချည်းကပ်ချင်တယ်ဆိုရင်တောင် ချည်းကပ်ဖို့အတွက် မဝံ့ရဲခဲ့ကြဘူး။

ကျန်းကျန်းတစ်ယောက် တွေးတောနေတာကို မြင်လိုက်ရတော့ ရှီကျွင့်ကျဲ သူမရဲ့မျက်နှာကို စိုက်ကြည့်ရင်း အနည်းငယ် စနောက်လိုစွာနှင့် မေးမြန်းလိုက်တယ်။

“မင်းက ကိုယ်တစ်ယောက်တည်းကိုပဲ သိထားတာတော့ မဟုတ်ဘူးမလား?”

ကျန်းကျန်း ရှီကျွင့်ကျဲကို အံ့သြတကြီး ကြည့်ပြီး မေးလာခဲ့တယ်။

“ရှင် ဒါကို ဘယ်လိုလုပ်ပြီး ခန့်မှန်းလိုက်နိုင်တာလဲ”

သူမက ကျစ်ဆံမြီးနဲ့ ဘေးဘက်သို့ တွန်းပို့လိုက်တယ်။

“အဓိကကတော့ မုန်လောင်ရှစ်က ကျောင်းသားတွေကို မေးခွန်းတွေမေးတဲ့အချိန်ကျရင် သူမက ခုံနံပါတ်တွေနှင့်ပဲ အမြဲတမ်းမေးတတ်တယ်လေ၊ နာမည်ကို တစ်ခါမှ မခေါ်တတ်ဘူး၊ ဒါကြောင့် ကျွန်မ ပြင်သစ်မေဂျာမှာ ရှင်ကလွဲလို့ တခြားဘယ်သူမှ တကယ်မသိဘူး”

ရှီကျွင့်ကျဲ ချောင်းကိုခပ်ဖွဖွဆိုးလိုက်မိပြီး သူ့ရဲ့မျက်နှာက အနည်းငယ်နီရဲလာခဲ့တယ်။

“ကိုယ်က တစ်ခုခုထူးခြားနေလို့လား?”

ရှီကျွင့်ကျဲက ဒီစကာ့ကို မေးပြီးနောက်မှာ သူ့ရဲ့နားရွက်က ပိုလို့တောင် သိသာထင်ရှားစွာ နီရဲလာခဲ့တယ်။ သူ့ရဲ့အမူအရာကလည်း အရင်တုန်းကလိုမျိုး မငြိမ်သက်နေတော့ဘဲ သူ့ရဲ့မျက်တောင်ရှည်တွေက အပေါ်အောက် လှုပ်ခတ်နေခဲ့ပြီး ကျန်းကျန်းဆီကို စိတ်လှုပ်ရှားစွာကြည့်နေခဲ့တယ်။

ကျန်းကျန်း သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမရဲ့ နှလုံးသားလေးကို လက်နဲ့ဖုံးကွယ်လိုက်ရင်း ပြန်ဖြေလာခဲ့တယ်။

“သေချာတာပေါ့! ကျွန်မတို့ရဲ့ကျောင်းက ကောင်လေးတွေထဲမှ ဘယ်သူမှ ရှင့်လိုမျိုး လှပမှုတွေမရှိနိုင်ဘူး”

ရှီကျွင့်ကျဲက ကျန်းကျန်းရဲ့ ထိုကဲ့သို့ ပုံစံကိုမြင်လိုက်ရတော့ ရုတ်တရက် ရယ်မောလိုက်မိပြီး သူ့ရဲ့နားရွက်အနောက်မှ ရှက်ရွံ့စွာနီရဲမှုတွေက သူ့လည်ပင်းဆီသို့အထိ ပျံ့နှံ့ရောက်ရှိသွားခဲ့တယ်။

“ယောကျ်ားလေးတွေကို လှပတယ်ဆိုတဲ့စကားမျိုးမပြောသင့်ဘူး”

ကျန်းကျန်း သူ့ရဲ့အပြုံးကြောင့် ချက်ချင်းဆိုသလို ရှော့ရသွားခဲ့ပြီး အသက်ရှုမဝလုနီးပါးဖြစ်သွားခဲ့ရကာ အသက်ကိုပြင်းပြင်းရှူပြီး သူမရဲ့မျက်နှာကို ရှီကျွင့်ကျဲထံမှ အကြည့်လွှဲဖို့ ခက်ခက်ခဲခဲကြိုးစားလိုက်ရတယ်။

“အမ်၊ ရှင့်ရဲ့မျက်နှာကို အရှေ့ဘက်တည့်တည့်ကို ထားလို့ မရဘူးလား၊ နောက်ပြီး ဒီအပြုံးကိုလည်း ထိန်းထားရင်ပိုကောင်းမယ်”

ရှီကျွင့်ကျဲတစ်ယောက် မသိစိတ်က သူ့ရဲ့မျက်နှာကို ထိလိုက်မိပြီး သူ သိတတ်စအရွယ်ကတည်းက လက်ရှိအချိန်ထိ ပထမဆုံးအကြိမ်အဖြစ် သူရဲ့ရုပ်ရည်ချောမောနေမှုက မကောင်းတဲ့အရာမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ အနည်းဆုံးတော့ ဒီမျက်နှာက သူမရဲ့အာရုံကို ဆွဲဆောင်နိုင်တယ်လေ။

ရှီကျွင့်ကျဲ ကျန်းကျန်းရဲ့ဘေးဘက်မျက်နှာလေးကို စိုက်ကြည့်လိုက်တယ်။ သူမရဲ့ ဖြူဖွေးသန့်စင်တဲ့မျက်နှာလေးပေါ်မှာ ပါးပြင်ကကျန်းမာစွာ နီရဲနေခဲ့ပြီး သူမကိုယ်တိုင်လိုမျိုး အားအင်တွေ ပြည့်နှက်နေခဲ့တယ်။

သူမ ဘာကိုပဲလုပ်ကိုင်ပါစေ လူအများက သူမနောက်ကို မသိစိတ်ကနေ လိုက်ကြည့်နေမိလိမ့်မယ်။



All Chapters