သနားစရာအကောင်းဆုံး ခရမ်းစံအိမ် သူတော်စင်များ
Vol. 20 Ch. 291
အခန်း (၂၉၁) : သနားစရာအကောင်းဆုံး ခရမ်းစံအိမ် သူတော်စင်များ
ရှန်ထျန်းက ချီရှောက်ရွမ် တစ်ယောက် စိတ်အားငယ်စွာ ဒူးထောက်လျက်ရှိနေပြီး လက်တစ်ဖက် ပြတ်နေသည့် ကောင်းကင်အသျှင် ကျီရွမ်ကို မြင်လိုက်ရသည့်အတွက် ကြောင်ကြောင်အအ ဖြစ်မိသွားသည်။
သူတို့ ဘယ်အချိန်တုန်းက ရောက်လာတာလဲ … ဘာလို့ အငြိုးကြီးနဲ့ ကြည့်နေတာတုန်း … ကျောချမ်းစရာကြီး
ပြီးတော့ လက်ပြတ်နေရင်လည်း သွားကုပါတော့လား … ဘာလို့ ကျွန်တော်ကို လာကြည့်နေတာလဲ
ဟမ် … ငါ့လက်ထဲ ဘာလို့ ဓားကြီး ကိုင်ထားတာလဲ …ပြီးတော့ ဓားပေါ်မှာ သွေးတွေနဲ့ ..
ရှန်ထျန်းက လန့်ဖြတ်သွားကာ အပြစ်စိတ်ဖြင့် စူးစမ်းကြည့်လိုက်သည် “ စီနီယာရဲ့လက်ကို ဖြတ်လိုက်တာ ကျွန်တော်လားဟင်”
ကောင်းကင်အသျှင် ကျီရွမ်က ခဏတာ ကြောင်အမ်းသွားလေသည်။ ထို့နောက် သူက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ခပ်သွက်သွက် ခေါင်းခါကာ “ မဟုတ်ပါဘူး။ ဓားရေးလေ့ကျင့်တုန်းက ကိုယ့်ဘာသာ မတော်တဆ ဖြတ်မိသွားတာပါ။ သူတော်စင်ထျန်းနဲ့ ဘာမှမဆိုင်ပါဘူး ”
ဓားရေးလေ့ကျင့်ရင်းနဲ့ ကိုယ့်ဘာသာ မတော်တဆ ဖြတ်မိသွားတယ်တဲ့လား …
ရှန်ထျန်းက ဒေါသထွက်လာကာ “ ကိုယ့်ဘာသာ မတော်တဆ ထိခိုက်မိရင်လည်း ကျွန်တော့်ဓားပေါ် ဘယ်လိုလုပ် သွေးတွေ ပေနေရတာလဲ။ ကျွန်တော်ကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားနေတာလား ”
ကောင်းကင်အသျှင် ကျီရွမ်က ကြောင်အမ်းသွားလေသည်။ အကယ်၍ သူကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရလျှင် သူ့ဘက်က အမှန်တကယ် မှားယွင်းသွားတာလားဟု သံသယဖြစ်မိလောက်၏။
ကိုယ့်လက်ကို ဖြတ်ပြီးတော့ မင်းဓားပေါ် ဘာလို့ သွေးလာသုတ်ထားရမှာလဲ …. ဒီထက် အရှက်မရှိတာရော ရှိသေးလား
သို့သော်ငြား သူက ဘာများပြောရဲမည်နည်း။
ထိုသွေးနီရောင်ဓားက သူ့ကို ချိန်ရွယ်ထားဆဲ ဖြစ်၏။
ဤတစ်ကြိမ် ချီရှောက်ရွမ်က သူတော်စင်တောင်ဆီ တိတ်တဆိတ် ခိုးဝင်လာသည့်အတွက် မှားသည့်အကြောင်း ပြောနေဖို့ မလိုတော့ပေ။ ကျင့်ကြံရေးလောက၌ တခြားသူ ဓားရေးလေ့ကျင့်နေသည်ကို ခိုးကြောင်ခိုးဝှက် ကြည့်ခြင်းကို အတင်းအကျပ် တားမြစ်ထားပေသည်။ ထို့ကြောင့် သူ့လက်အဖြတ်ခံရဖို့ ထိုက်တန်ပေ၏။
အကယ်၍ ထိုလူက ချောင်းကြည့်ခံရသူထက် အားကောင်းလျှင် အကြောင်းပြချက်ပေးကာ ပြန်လည် ငြင်းခုံနိုင်သေး၏။
ကောင်းကင်အသျှင် ကျီရွှမ်က မျက်ရည်ကျလုမတတ် ဖြစ်လာရှာသည်။ သူက ပိုးသားပစ္စည်းလေးတစ်ခုကို ထုတ်ကာ ရှန်ထျန်းဆီ ပေးလိုက်သည်။
“ သူတော်စင်ထျန်းရဲ့ ဓားကို ပေသွားအောင် လုပ်မိတဲ့အတွက် အားနာပါတယ်။ ဒါက နှင်းတောင်တန်း အိပ်မက်ဝိညာဉ် ရေခဲပိုးကောင်ဆီကနေ ထုတ်ထားတဲ့ ပိုးလက်ကိုင်ပဝါလေးပါ။ ဒါလေးနဲ့ ဓားကို သုတ်လိုက်ပါနော် ”
အိုး သူက ဒီလောက်တောင် ရက်ရောတယ်လား ….
“ စီနီယာကို ကျေးဇူးတင်ပါတယ်။ စီနီယာက အရမ်းရက်ရောလိုက်တာ”
ရှန်ထျန်းက လက်ကိုင်ပဝါလေးကို ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်ပြီး အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ ထို့နောက် သူက ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် ထျန်းကျူဓားပေါ်ရှိ သွေးများက ပျောက်ကွယ်သွားသည်။
နဂိုသွေးနီရောင် ဖြစ်နေသည့် ထျန်းကျူဓားက ချက်ချင်း သန့်ရှင်းသွားလေသည်။
အဟမ်း … လက်ကိုင်ပဝါကို သုံးပင် မသုံးလိုက်ရချေ။
“ဆရာဦးလေးရဲ့ လက်က ပြတ်ထွက်သွားပေမဲ့ ပြတ်ဆက်လို့ ရဦးမှာပါ ”
ချီရှောက်ရွမ်က ကောင်းကင်အသျှင် ကျီရွှမ်က သူ့အတွက် ရှေ့ကနေ ဓားချက်ဝင်ခံပေးသည်ကို ကြည့်ကာ အတော်လေး ခံစားမိသွားသည်။ သူက သိုလှောင်လက်စွပ်ထဲမှ လက်ကျန် နိဗာနတော်ဝင်ရေစင်လေးကို ထုတ်ကာ ဒဏ်ရာပေါ် လိမ်းပေးလိုက်သည်။
ထိုစဉ် ကောင်းကင်အသျှင် ကျီရွှမ်၏ ဒဏ်ရာပေါ်ရှိ ဓားအငွေ့အသက်နှင့် ဓားစွမ်းအားတို့က ထူးဆန်းလွန်းပေသည်။ မြဲမြံစွာ ကပ်တွယ်နေဆဲ ဖြစ်၏။
ချီရှောက်ရွမ်၏ နိဗာနတော်ဝင်ရေစင်က ရွှေအမြုတေ အက်ကွဲခြင်းကိုပင် ပျောက်ကင်းအောင် ကုသပေးနိုင်သော်လည်း ကောင်းကင်အသျှင် ကျီရွှမ်၏ ဒဏ်ရာများကိုတော့ ဘာသက်ရောက်မှု မထူးလာစေပေ။
“ ကျွန်တော် လုပ်ပေးလို့ ရမလား ”
ထိုအခိုက်အတန့် ညင်ညင်သာသာ အသံတစ်သံ ထွက်ပေါ်လာသည်။
မှန်ပေသည်။ ထိုလူက ရှန်ထျန်း ဖြစ်၏။
ရှန်ထျန်းက အသိပြန်ဝင်လာခါစ ဖြစ်ပြီး အိပ်မက်ရှည်ကြီးမှ နိုးထလာသလိုမျိုး မူးဝေဝေ ဖြစ်နေသေးသောကြောင့် သေချာမကြည့်မိလိုက်ပေ။
ယခုလေးမှ သူက ကောင်းကင်အသျှင် ကျီရွှမ်၏ ဒဏ်ရာပေါ်တွင် သူ့ထျန်းကျူဓား အငွေ့အသက်ကို ခံစားမိလိုက်သည်။
ထျန်းကျူဓား အငွေ့အသက်အပြင် ပဟေဠိဆန်ဆန် ဓားစွမ်းအင်တမျိုးလည်း ရှိနေသေးသည်။ ထိုအရာက ရှန်ထျန်း ခေါင်းထဲရှိ အမွေအနှစ်အသစ်နှင့် ဆင်ပေသည်။
ဓားအငွေ့အသက်နဲ့ ဓားစွမ်းအင် နှစ်ခုလုံးက ငါ့ဟာဆိုတော့ သူ့လက်ကို ဖြတ်လိုက်တာ ငါကလွဲပြီး တခြားသူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ရှန်ထျန်းက မဲ့ရွဲ့လိုက်တော့သည်။
သူက သူ့လက်ကို ငါ ဖြတ်လိုက်တာ ရှက်စရာလို့ တွေးနေတော့ ဝန်မခံချင်တာနေမယ် …
ကျစ်ကျစ် … ကျင့်ကြံရေးလောကရဲ့အားကောင်းတဲ့ ကျင့်ကြံသူတွေက သူတို့ဂုဏ်သတင်းကို အရမ်းဂရုစိုက်ကြတာပဲ … အဲဒါကြောင့် သူတို့ ခံစားရတာတောင် ပုံပန်းသွင်ပြင်ကို ထိန်းထားကြသေးတာပဲ
ရှန်ထျန်းက လူများစွာကို မြင်တွေ့ဖူးလေသည်။
ဒီလိုမျိုး အဆင့်မြင့် ပိုးလက်ကိုင်ပဝါကိုတောင် နှုတ်ပိတ်ခအဖြစ် လက်ဆောင်ပေးနေတယ်ပေါ့လေ … … ကျွန်တော်ကို ဘယ်လိုလူစားမျိုး ထင်နေတာတုန်း
သူက မကျေနပ်သော်လည်း ကောင်းကင်အသျှင် ကျီရွမ်၏ လက်ကို ဖြတ်လိုက်သူမှာ သူ ဖြစ်နေပေသည်။
တခြားဂိုဏ်းထဲ ဝင်ကာ သူများ လေ့ကျင့်နေသည်ကို နှောင့်ယှက်ခြင်းက သေဖို့ ထိုက်တန်သော်လည်း ရှန်ထျန်းက မေတ္တာကရုဏာကြီးမားသူ တစ်ဦး ဖြစ်၏။
တကယ်တော့ ရှန်ထျန်းက သူ့လက်ဆောင်ကို လက်ခံလိုက်သောကြောင့် ကူညီပေးရတော့မည်။ မဟုတ်လျှင် သူက ကုသိုလ်ရောင်ဝါအောက် တည်ရှိဖို့ မထိုက်တန်သလို ဖြစ်နေပေမည်။
သူက ကောင်းကင်အသျှင် ကျီရွမ်ဘေး ဖြည်းဖြည်းချင်း လျှောက်လာကာ ဒဏ်ရာပေါ် လက်တင်ထားလိုက်သည်။ ဤသည်မှာ သူ့ဓားအငွေ့အသက်နှင့် ဓားစွမ်းအင်တို့ အမှန်တကယ် ဖြစ်နေသည်။
ရှန်ထျန်းက သူ့ဓားပညာရပ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်ရင်း ကောင်းကင်အသျှင် ကျီရွမ်ဆီမှ ဓားအငွေ့အသက်နှင့် ဓားစွမ်းအင်တို့ကို ထုတ်ပေးလိုက်သည်။
တစ်ချိန်တည်းတွင် သူက ပြုံးပြုံးလေးဖြင့် ပြောလိုက်သည် “ ကောင်းကင်အသျှင် ကျီရွမ် စိတ်မပူပါနဲ့။ ဓားအငွေ့အသက်နဲ့ ဓားစွမ်းအင်တို့ကို ထုတ်ပြီးပြီဆိုတော့ နိဗာနတော်ဝင်ရေစင်သာ သုံးရင် ပြန်ကောင်းလာမှာပါ။ ပြီးတော့ ကောင်းကင်အသျှင် ကျီရွှမ် စိတ်မပူပါနဲ့ …ဒီနေ့ သူတော်စင်တောင်ထိပ်မှာ ဖြစ်ခဲ့သမျှကိစ္စအားလုံးကို ပြန်မပြောပါဘူး ”
ရှန်ထျန်းက ပြုံးနေသော်လည်း သူ့မျက်ဝန်းတို့က အေးစက်နေသည်ကို ကောင်းကင်အသျှင် ကျီရွှမ် မြင်သောအခါ ကျောရိုးတစ်လျှောက် ကြက်သီးထလာမိသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … သူက ငါ့ကို ဒီနေ့အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး လျှောက်မဖြန့်ဖို့ သတိပေးနေတာလား
ဟုတ်တယ် … သူက ရွှေအမြုတေအဆင့်လေးနဲ့ ကောင်းကင်အသျှင်ရဲ့လက်မောင်းကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်လိုက်တာလေ … ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ သတ်နိုင်လောက်တယ်
လွန်ခဲ့သော နှစ်တစ်သောင်းကျော်အတွင်း နယ်မြေငါးခု၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် သူ့ကြောက်ခမန်းလိလိ ပါရမီက ထူးကဲကာ အံ့ဩဖို့ကောင်းလှသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း သို့မဟုတ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ရန်သူများသာ ရှန်ထျန်း၏ စွမ်းအားအစစ်အမှန်အကြောင်း သိသွားပါက ဝိဇ္ဇာအဆင့် လွှတ်ကာ သုတ်သင်ခိုင်းလိမ့်မည်။
ထိုအခါ ရှန်ထျန်းလည်း အန္တရာယ်ကြီးလာနိုင်သည်။
ကောင်းကင်အသျှင် ကျီရွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ခရမ်းစံအိမ် ဂိုဏ်းချုပ်ပေါ် သစ္စာရှိသူတစ်ဦး ဖြစ်၏။ ထိုသို့မဟုတ်ပါက ခရမ်းစံအိမ် သူတော်စင်ကို ဝင်ကယ်စရာအကြောင်း မရှိပေ။
နဂိုက ကောင်းကင်အသျှင် ကျီရွှမ်အနေနှင့် ချီရှောက်ရွမ်က ခရမ်းစံအိမ်ကို ပြန်လည်ထွန်းလင်းတောက်ပလာစေလိမ့်မည် သို့မဟုတ် အရှေ့ပိုင်းလွင်ပြင်ကိုပင် လွှမ်းမိုးကြီးစိုးနိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ရှန်ထျန်း၏ ပါရမီနှင့် ကြုံတွေ့ပြီးနောက် ကောင်းကင်အသျှင် ကျီရွှမ်က ဝန်လေးလာမိသည်။ ရှန်ထျန်းသာ အသက်ရှင်နေသရွေ့ ချီရှောက်ရွမ် တစ်ယောက် သူ့ကို ဘယ်သောအခါမှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်အသျှင် ကျီရွှမ်က ခရမ်းစံအိမ် အထွတ်အမြတ်မြေ ပြန်ရောက်သည်နှင့် ဂိုဏ်းချုပ်အား အကြံပြုရမည်ဟု အားခဲထားလိုက်သည်။
ရှန်ထျန်း လုံလုံလောက်လောက် အားမကောင်းလာခင် ချက်ချင်း …
အရှုံးကို ဝန်ခံရမည် ….
မှန်ပေသည်။ ချက်ချင်း အရှုံးကို ဝန်ခံရမည်။
ရှန်ထျန်းကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။
ကံကြမ္မာကောင်းချီးပေးခံထားရသူမှာ မည်မျှအားကောင်းကြောင်း ခရမ်းစံအိမ် အထွတ်အမြတ်မြေထက် မည်သူမှ ပိုမသိနိုင်ပေ။ ခရမ်းစံအိမ် သူတော်စင်က အခက်အခဲ မည်မျှကြုံတွေ့ရစေကာမူ အသက်ရှင်လျက်ရှိပြီး ကံအပြောင်းအလဲ အခွင့်အရေးများပင် တွေ့ရှိခဲ့သည်။
လက်ရှိ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ပါရမီက ချီရှောက်ရွမ်ထက် ကျော်လွန်နေလေပြီ။ ကောလဟာလများအရ သူ့ကံကြမ္မာက ချီရှောက်ရွမ်ထက် ပိုသာလွန်သည်ဟု ဆိုကြသည်။
ဒီလိုတည်ရှိမှုမျိုးကို ငယ်တုန်းက အမြစ်ဖြတ်သုတ်သင်ချင်တာလား … ဟားဟား အဲလိုအတွေးရှိတဲ့သူက စိတ်မမှန်လို့ပဲ နေရမယ်
အောင်မြင်ဖို့ အခွင့်အရေးမရှိဘဲ သူ့ခြေနင်းတုံး ဖြစ်သွားမည့် အခွင့်အရေးကို ထည့်မပြောရသေးပေ။ အကယ်၍ ခရမ်းစံအိမ် အထွတ်အမြတ်မြေက ရှန်ထျန်းကို သတ်နိင်လိုက်သည်ဆိုလျှင်ရော … သူတို့က ဟာကွက်မရှိဘဲ လုပ်နိုင်လိမ့်မည်ဟု အာမခံနိုင်မည်လား။
ကိစ္စတစ်ခုခုသာ ပေါ်ပေါက်သွားသည်နှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘယ်လောက်အထိ လက်စားပြန်ချေမည်ကို တွေးကြည့်နိုင်ပေသည်။ ရှန်ထျန်းက သူတို့အထွတ်အမြတ်မြေ ပြန်လည်မြင့်တက်လာစေဖို့ မျှော်လင့်ချက်လေး မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ ချီရှောက်ရွမ်ကို ခရမ်းစံအိမ် အထွတ်အမြတ်မြေ အရေးထားပုံအရ တခြားအထွတ်အမြတ်မြေသာ ချီရှောက်ရွမ်ကို သတ်လိုက်မည်ဆိုလျှင် သူတို့ဂိုဏ်းချုပ်က သေသည့်အထိ သေချာပေါက် ပြန်လက်စားချေပေလိမ့်မည်။
အကယ်၍ အထွတ်အမြတ်မြေနှစ်ခုသာ သေသည့်အထိ တိုက်ခိုက်ကြလျှင် နှစ်ဖက်လုံး အဆုံးရှုံးများပေရာ တခြားအထွတ်အမြတ်မြေများသာ အကျိုးထူးသွားပေမည်။
ဤသို့သော ရလဒ်မျိုးကို မည်သူမှ မလိုချင်ပေ။
…………....
သူတို့က ရှန်ထျန်းကို မသတ်နိုင်သလို အနိုင်လည်း မရနိုင်သောကြောင့် အရှုံးကို ဝန်ခံရုံသာ ရှိတော့သည်။ မည်သို့ပင်ဆိုစေကာမူ အဓိကဂိုဏ်းများအတွက် ဤကိစ္စလို အရာမျိုးက အလွန်အရေးကြီးကြသည်။
ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို နောက်နှစ်တစ်ရာကြာလျှင်ပင် အနိုင်မယူနိုင်သည့်အတွက် နှိမ့်ချနေကာ အခွင့်အရေးသစ်ကို စောင့်ဆိုင်းခြင်းက ပိုကောင်းပေမည်။
အကယ်၍ သူတော်စင်က စတေးရတာကို ကြိုက်လျှင်လည်း လွှတ်ထားပေးလိုက်မည်။ သူသာ ချူးလုံဟယ်လို ကံဆိုးပြီး ကျင့်ကြံဆင့် ပျောက်ဆုံးသွားပါက သူ့ကံဆိုးမှုကို ဝမ်းသာလိုက်မည်။
အကယ်၍ သူသာ ကံကောင်းကာ ဟွမ်ရှီလိုမျိုး ပြိုင်ဖက်ကင်း လမ်းစဉ်ကို လျှောက်လှမ်းလိုက်ပြီး ကျင့်ကြံရေးလောကတစ်ခုလုံးကို အုပ်စိုးပါက ခရမ်းစံအိမ်က သူ့ဆီ အရှုံးကို ဝန်ခံထားသည့်အတွက် ကိစ္စမရှိပေ။ အားလုံးက သူ့နောက်လိုက်ဖြစ်ဖို့ တန်းစီနေကြစဉ် ခရမ်းစံအိမ်က စောစောစီးစီး အရှုံးဝန်ခံထားသည့်အတွက် မြင့်မားသော အနေအထားသို့ ရောက်သွားနိုင်သေးသည်။
အထွတ်အမြတ်မြေများအတွက် အမြဲတမ်း ကြီးပွားချမ်းသာခြင်းမျိုး မရှိပေ။ ဂိုဏ်းတည်တံ့ရေးကသာ အရေးကြီးဆုံး ဖြစ်၏။
ထို့ကြောင့် ပါရမီရှင်တစ်ယောက်ထံ အရှုံးကို ဝန်ခံလိုက်ခြင်းက ရိုးရှင်းလှသည်။
အဆုံးသတ်၌ ခရမ်းစံအိမ် သူတော်စင်နှင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တို့က ယှဉ်ပြိုင်ကြသော်လည်း သေခြင်းရှင်ခြင်း အခြေအနေအထိ မဆိုးရွားသွားသေးပေ။ မိစ္ဆာဝိညာဉ်ဂိုဏ်း သို့မဟုတ် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက ပြန်ရောက်မလာဘူးဟု တထစ်ချ မပြောနိုင်ပေ။ သူတို့ကသာ နယ်မြေငါးခု၏ ရန်သူအစစ်အမှန် ဖြစ်ကြသည်။
တကယ်တော့ ဂိုဏ်းများက ရှန်ထျန်း၊ ချီရှောက်ရွမ်နှင့် ဖန်ချန်းလိုမျိုး ပါရမီရှင်များကို ကာကွယ်ပေးကြသည်။ အကြောင်းမှာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကပ်ဘေးကြီး၏ သက်ရောက်မှုက လုံးဝ မပြီးပြတ်သွားသေးပေ။
…………....
ထိုအတွေးဖြင့် ကောင်းကင်အသျှင် ကျီရွှမ်က အသက်ပြင်းပြင်းရှုလိုက်သည်။
“ သူတော်စင်ထျန်း စိတ်မပူပါနဲ့ … ဒီနေ့ဖြစ်ခဲ့သမျှ ကိစ္စအားလုံး ဘယ်သူမှ မသိစေရဘူး။ ပြီးတော့ သူတော်စင်ထျန်းက ပြိုင်ဖက်ကင်းပြီးတော့ ကြော့ရှင်းတောက်ပ ခန့်ညားလွန်းတဲ့အပြင် ဓားတာအိုကိုလည်း နက်နက်နဲနဲ နားလည်ထားသေးတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လိုမျိုး လူတစ်ယောက် အရှေ့ပိုင်းလွင်ပြင်မှာ ပေါ်ထွက်လာတာက တကယ်ကို ကံကောင်းမှုတစ်ခုပါပဲ … တကယ်လို့ စိတ်မရှိရင်လေ ခရမ်းစံအိမ် အထွတ်အမြတ်မြေကို မကြာမကြာ လာလည်လို့ ရတယ်နော် …
ပြီးတော့ ကျုပ်ဆီမှာ ၁၈ နှစ်အရွယ် သမီးလေးတစ်ယောက် ရှိတယ်။ သူမက အရမ်းလှပြီးတော့ သူတော်စင်ကို အရမ်းလေးစားနေတာ။ တကယ်လို့ သူတော်စင် စိတ်မရှိရင် သူမကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ဝင်ခိုင်းလိုက်ပါ့မယ်။ နောင်ကျ သူတော်စင်ဆီ ခစားလို့ ရတာပေါ့ ”
ရှန်ထျန်းက ကောင်းကင်အသျှင် ကျီရွှမ် လက်ပြတ်နေသော်လည်း တည်တည်ငြိမ်ငြိမ် ပြောပြီး သူ့သမီးကိုပင် ပေးနေသည်ကို မြင်ကာ အံ့ဩသွားမိသည်။
ဒီလိုတည်ငြိမ်မှုမျိုး …
စီနီယာ မနာဘူးလား … လက်ပြတ်ထားတာလေ ..
ရှန်ထျန်းက ကောင်းကင်အသျှင် ကျီရွမ် လက်မောင်းမှ နောက်ဆုံးသော ဓားအငွေ့အသက်ကို တိတ်တဆိတ် ဖယ်ထုတ်ပေးလိုက်သည်။ နိဗာနတော်ဝင်ရေစင် လိမ်းလိုက်ပြီးနောက် ကောင်းကင်အသျှင် ကျီရွှမ်၏ လက်မောင်းက အောင်အောင်မြင်မြင် ပြန်ဆက်သွားသည်။
ချီရှောက်ရွမ်က ရှန်ထျန်းအား ခံစားချက်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ အရှင်းဆုံးပြောရလျှင် ယနေ့ သူ့ယုံကြည်ချက် အတော်လေး ပျက်ယွင်းသွားရသည်။
မူလက သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်ရောက်ချင်း ရှန်ထျန်းနှင့် အခြားသုံးယောက်ကို လေးယောက် တစ်ယောက် စိန်ခေါ်ဖို့ ကြံစည်ထားခဲ့သည်။ သူက အခြားသုံးယောက်၏ ဖိနှိပ်မှုကို ခံရပြီးနောက် ချီရှောက်ရွမ်က လေးယောက်လုံးကို မနိုင်လျှင်ပင် အနည်းဆုံးတော့ ရှန်ထျန်းနှင့် တစ်ယောက်ချင်းစီ ရင်ဆိုင်တိုက်ချင်သေးသည်။
ထို့နောက် သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ပြီး ရှန်ထျန်း၏ ပုံရိပ်ကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရပြန်သည်။ သူက ရှန်ထျန်းကို တစ်ကြိမ်တော့ အနိုင်ယူရမည်ဟု စိတ်ထဲ အားခဲထားလိုက်၏။
ထို့နောက် သူက ရှန်ထျန်း၏ ကောင်းကင်ခြေမွလက်ဝါးချက်ကြောင့် ရှုံးနိမ့်သွားကာ သူ့ဘာသာ သံသယဖြစ်လာမိသည်။ နောက်ဆုံးတွင် သူ့အနေနှင့် ရှန်ထျန်းက ထိုမျှအားကြီးနေစရာအကြောင်း မရှိကြောင်း အခိုင်မာ ယုံကြည်သွားသည်။ အရှေ့ပိုင်းလွင်ပြင်၌ ဤမျှထူးကဲသော ပါရမီရှင် ထွက်ပေါ်လာစရာအကြောင်း မရှိပေ။
ထို့ကြောင့် သူက ရှန်ထျန်းသည် အားလုံး ထင်ထားသလောက် အားမကောင်းကြောင်း သက်သေပြဖို့ သူတော်စင်တောင်ဆီ ရောက်လာခဲ့သည်။ သို့သော်လည်း သူ မှားယွင်းသွားခဲ့၏။
ရှန်ထျန်း၏ အင်အားက စိတ်ကူးပင် မယှဉ်ကြည့်နိုင်သည့်အရာမျိုး ဖြစ်ပေသည်။
ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် သူ့ “ အရှေ့ပိုင်းလွင်ပြင်၏ အားအကောင်းဆုံး ပါရမီရှင်” ဆိုသော ဂုဏ်ပုဒ်မှာ ဟာသတစ်ခုသာ ဖြစ်၏။
.............
သိပ်မကြာခင် ချီရှောက်ရွမ်က သူ့ဆရာဖြစ်သူသည် “အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ထံ ရှုံးနိမ့်သွားသည့် သနားစရာအကောင်းဆုံး ခရမ်းစံအိမ် သူတော်စင်” ဖြစ်ကြောင်း အခြားလူများ ပြောသံကို ကြားဖူးခဲ့သည်။ အစပိုင်းတွင် သူက ထိုစကားကို ကြားစဉ်အခါ သူ့ဆရာ၏ ရှက်ရွံ့စရာအတိတ်ကို တိတ်တခိုး မရယ်ဘဲ မနေနိုင်ခဲ့ပေ။
ထို့နောက် သူက သူ့ဆရာက ခေါင်းပြန်မော့လာနိုင်ဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ကောင်းကောင်း အနိုင်ယူပစ်မည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
သို့သော်လည်း ယခု သူက ထိုအကြောင်းကို တွေးမိသွားသောအခါ ခါးသက်မှုနှင့် ပြည့်နှက်သွားတော့သည်။
အကယ်၍ တစ်ခုခုသာ မလွဲချော်သရွေ့ နောင်၌လည်း သူက ရှန်ထျန်း၏ ဖိနှိပ်မှုကို ဆက်လက်ခံနေရပေဦးမည်။
ဆရာရဲ့ ဝမ်းနည်းမှုကို ကျွန်တော် နောက်ဆုံးတော့ နားလည်သွားပြီ …