← Chapters

အရှက်ကွဲမှုကို ခံစားခြင်း၊ အရှက်ကွဲမှုကို ဆင်ခြင်ခြင်း၊ အရှက်ကွဲမှုကို လက်ခံခြင်း

Vol. 20 Ch. 292

အရှက်ကွဲမှုကို ခံစားခြင်း၊ အရှက်ကွဲမှုကို ဆင်ခြင်ခြင်း၊ အရှက်ကွဲမှုကို လက်ခံခြင်း

Vol. 20 Ch. 292

အခန်း (၂၉၂)  :   အရှက်ကွဲမှုကို ခံစားခြင်း၊ အရှက်ကွဲမှုကို ဆင်ခြင်ခြင်း၊ အရှက်ကွဲမှုကို လက်ခံခြင်း

ချီရှောက်ရွမ်က ရှန်ထျန်းအား ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ၌ မျက်ရည်စများပင် ရှိနေသည်။

အမလေး  …

ရှန်ထျန်းက ထိုအကြည့်ကြောင့် ခေါင်းကျိန်းလာမိသည်။ သူက ချီရှောက်ရွမ်၏ မျက်နှာမှ အကြည့်ပြောင်းလိုက်ရ၏။ သူ့ကို မျက်နှာချင်းဆိုင် မကြည့်တာက ပိုကောင်းပေသည်။

ချီရှောက်ရွမ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။

ဒီကောင်စုတ်လေး .. ငါ့ကို တည့်တည့်တောင် မကြည့်ချင်ဘူးပေါ့လေ .. ဒီလောက်တောင် စိတ်ကြီးဝင်နေတာလား

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ် မောက်မာတာပဲ … ငါ့ဆရာလည်း ကျန်းလုံယွမ်နဲ့ ချူးလုံဟယ်တို့နဲ့ တွေ့ရင် ဒီလိုခံစားရရှာမှာပဲ

လျစ်လျူရှုခံရတဲ့ အရှက်ကွဲမှုမျိုးကို အခုတော့ ငါ နားလည်သွားပြီ …

ထိုစဉ် ချီရှောက်ရွမ်က သူ့ဆရာသည် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အကြောင်း ပြောတိုင်း လက်သီးဆုပ်ထားရသည့် အကြောင်းအရင်းကို နားလည်သွားလေပြီ။

သူတို့လိုမျိုး မာနကြီးသည့် ပါရမီရှင်များအတွက် ဤသို့ပုံစံမျိုးဖြင့် ဖိနှိပ်ခံရသည်မှာ သည်းမခံနိုင်စရာပင်

ချီရှောက်ရွမ်က လက်နှစ်ဖက်ယှက်ကာ ရှန်ထျန်းအား နှုတ်ဆက်လိုက်သည်

“ အရင်ဆုံး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တောင်းပန်ချင်ပါတယ်။ ကျုပ် သူတော်စင်တောင်ကို ကျူးကျော်ပြီး ညီအစ်ကိုရှန်ရဲ့ ဓားရေးလေ့ကျင့်တာကို အနှောင့်အယှက် ဖြစ်စေခဲ့မိတယ်။ ဒါက ကျုပ်အမှားပါ … တကယ်လို့ ညီအစ်ကိုရှန် လျော်ကြေးလိုချင်ရင်လည်း ကျုပ်ကို အသိပေးပါ ”

အာ ..  ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။

ဒီလူက ဘာလို့ အရမ်းယဉ်ကျေးပြနေတာလဲ … သူ့ကို ဒီလိုမြင်ရတာ ငါတောင် မသက်မသာ ဖြစ်လာပြီ

ထို့နောက် ချီရှောက်ရွမ်က ရှန်ထျန်းအား တဖန် ဦးညွှတ်လိုက်ပြန်သည်။

“ ပြီးတော့ ကျေးဇူးလည်း တင်ချင်ပါတယ်။ ဆရာဦးလေး ကျီရွှမ်က ကျုပ်အတွက် မိသားစုဝင်လိုပါပဲ။ သူက ကျုပ်အတွက် ဓားချက်ကို ဝင်ခံပေးခဲ့တာပါ။ ညီအစ်ကိုရှန်က သူ့ဒဏ်ရာကို ပျောက်ကင်းအောင် ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

ရှန်ထျန်း၏ နဖူးမှ ချွေးစက်များ စို့လာလေသည်။

ဒါနဲ့ ပတ်သတ်ပြီး ကျေးဇူးတင်နေဖို့ မလိုဘူးလေ … သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာ ငါပဲကို

သူက ငါ့ရုပ်ရည်ကြောင့် တဖြည်းဖြည်း အယုံသွင်းဖို့ လုပ်နေတာလား …

ချီရှောက်ရွမ်က တတိယအကြိမ် ဦးညွှတ်လိုက်ကာ  “ တတိယတစ်ခုက ညီအစ်ကိုရှန်က ကျုပ်ရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ် ”

ရှန်ထျန်း  “ … ”

ချီရှောက်ရွမ်က ရှန်ထျန်းကို ကြည့်နေရင်း မျက်ဝန်းတို့ တောက်ပလာသည်။

“အရှင်းဆုံးပြောရရင် ကျုပ်က ပြိုင်ဖက်ကောင်း မတွေ့တာ အတော်လေးကြာနေပြီ။ ဒီတစ်ကြိမ်တော့ ကျုပ် ရှုံးသွားပေမဲ့ ယာယီပါပဲ။ ညီအစ်ကိုရှန်ကို  လိုက်မီအောင် ဆက်တိုက် ကြိုးစားနေမယ်။”

ရှန်ထျန်းက တိုက်ခိုက်စိတ် ပြင်းပြနေသော ချီရှောက်ရွမ်ကို ကြည့်ကာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

သူက ကြောင်ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်  “ညီအစ်ကိုချီ .. ကျွန်တော်တို့ အရင်က ပြိုင်ဖူးလို့လား ”

ဝုန်း ဝုန်း ဝုန်း

ချီရှောက်ရွမ်က သူ့ခေါင်းအထက် မိုးကြိုးပစ်ချလိုက်သလိုမျိုး ခံစားလိုက်ရသည်။ သူ့ဘဝကိုပင် သံသယဝင်လာမိ၏။

အရင်က ပြိုင်ဖူးလို့လားတဲ့ …

ရှန်ထျန်း၏ မေးခွန်းက ချီရှောက်ရွမ်အား အားမလိုအားမရ အခြေအနေအထိ ဖြစ်သွားစေသည်။

ဤလောက၌ ဝမ်းနည်းစရာအကောင်းဆုံးအရာမှာ ကျရှုံးသွားခြင်း မဟုတ်ပေ။ အနိုင်ယူလိုက်သူက သူ လုပ်ခဲ့သည့်အရာကို မမှတ်မိခြင်းပင် ဖြစ်၏။

ထိုလူက “မင်းနဲ့ အရင်က  ပြိုင်ခဲ့ဖူးလို့လား”  ဆိုသည့် မှတ်ဉာဏ်မရှိသည်က ပိုဆိုးသွားသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အမြင်မှာ ငါက လူပြက်တစ်ယောက်လား … ငါ့ကို လုံးဝ အလေးမထားဘူးပဲ

သေစမ်း သေစမ်း…  အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လွန်လွန်းသွားပြီ … နှစ်တစ်ထောင်ကျော်  ဆရာ ခံစားခဲ့ရသမျှ အရှက်ကွဲမှုအားလုံး၊ မျက်နှာပျက်မှုအားလုံးကို ကျွန်တော် နားလည်သွားပြီ …

အရှက်ကွဲမှုကို ခံစားရခြင်း၊ အရှက်ကွဲမှုကို ဆင်ခြင်ခြင်း၊ အရှက်ကွဲမှုကို လက်ခံခြင်း၊ အရှက်ကွဲမှုကို နားလည်သွားခြင်း …

ဒီလိုမျက်နှာပျက်ရမှုမျိုးကို နားမလည်ဖူးတဲ့  လူတွေက … ဘယ်တော့မှ  သူတို့တိုက်ပွဲဝိညာဉ် နိုးထလာမှာ မဟုတ်ဘူး

ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုကာ ရှန်ထျန်းကို တည့်တည့်စိုက်ကြည့်လိုက်ပြီး  “ ညီအစ်ကိုရှန်က အခု ကျုပ်ကို လျစ်လျူရှုထားပိုင်ခွင့် ရှိပေမဲ့ ကံကြမ္မာစက်ဝန်းဆိုတာက အချိန်မရွေး ပြောင်းသွားနိုင်တယ် … နောက် … ”

ရှန်ထျန်းက ချီရှောက်ရွမ်သည် သူ့အား ကျိန်ဆဲတော့မည် ဖြစ်ကြောင်း သတိပြုမိသွားသည့်အခါ ခေါင်းကျိန်းလာမိသည်။

ကံကြမ္မာသားတော်သာ ငါ့ကို ကျိန်ဆဲရင် ငါ့ဘဝလေးတော့ သွားပြီ …

စကားလေးပါပဲလေ … ဘယ်သူမဆို ပြောနိုင်နေတာပဲ …

ရှန်ထျန်းက ချီရှောက်ရွမ် စကားအား ဝင်ဖြတ်ပြောလိုက်သည်  “ ကျွန်တော်မှာ ပြိုင်ဖက် တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ ကိုယ့်ဘာသာပဲ … ကျွန်တာ် အနိုင်ယူခဲ့တဲ့ ရန်သူတွေကို ပြိုင်ဖက်လို့ တစ်ခါမှမတွေးဖူးဘူး။ အမီလိုက်နိုင်ဖို့ အချိန်ပေးပါ့မယ် …  ဒါပေမဲ့ ကျွန်တော်ကို မြင်နိုင်ဖို့ အဝေးကြီးမှာ ရှိနေသေးတယ်”

ရှန်ထျန်း၏ နောက်ကျောဘက်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်စကားများကို ကြားပြီး ချီရှောက်ရွမ် တစ်ယောက် ကြောင်အမ်းသွားသည်။

သူ ကြားလိုက်သမျှက ရှန်ထျန်း၏ နှုတ်ဆက်စကား ဖြစ်၏။ သူ့နားထဲက တဝဲလည်လည် ဖြစ်နေသည်။

“ ကျွန်တော်မှာ ပြိုင်ဖက် တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ ကိုယ့်ဘာသာပဲ … ကျွန်တာ် အနိုင်ယူခဲ့တဲ့ ရန်သူတွေကို ပြိုင်ဖက်လို့ တစ်ခါမှမတွေးဖူးဘူး။ အမီလိုက်နိုင်ဖို့ အချိန်ပေးပါ့မယ် … ကျွန်တော်ကို မြင်နိုင်ဖို့ အဝေးကြီးမှာ ရှိနေသေးတယ် ”

ဒီလိုလွှမ်းမိုးတဲ့ စကားတွေ …အားကောင်းလိုက်တဲ့ ကိုယ့်ဘာသာ ယုံကြည်မှုတွေ

ဒါက ပါရမီရှင်အစစ်အမှန် တစ်ယောက် ရှိသင့်တဲ့ အနိုင်မခံ အလျော့မပေးတတ်တဲ့ စိတ်ဓာတ်မျိုးလား …

ငါ့လမ်းစဉ်က အစကတည်းက ပြက်လုံးတစ်ခုလို ဖြစ်ခဲ့တာပါ့လား …

ပြိုင်ဖက်ကင်း ကျင့်ကြံသူအစစ်အမှန်တစ်ဦးက သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ အားလုံးကို လွှမ်းမိုးပစ်သည်လား ..

မဟုတ်ပေ …

သူက အရှေ့ပိုင်းလွင်ပြင်၏ အထွတ်အမြတ်မြေများကို စိန်ခေါ်ကာ သူ့ထက် နိမ့်ကျသည့် ကျင့်ကြံသူ ပါရမီရှင်များကိုပင် အတင်းအကျပ် သူနှင့် ယှဉ်ပြိုင်ခိုင်းခဲ့ကြောင်း အမှတ်ရသွားသည်။ စစ်နတ်ဘုရား အဆင့်စာရင်းတွင် နာမည်မပေါ်အောင် ရွေးချယ်ပြီး သိုသိုသိပ်သိပ် နေခဲ့သည့် ရှန်ထျန်းနှင့် ယှဉ်လိုက်ပါက ချီရှောက်ရွမ်သည် “သူ့ပြိုင်ဖက်ကင်း လမ်းစဉ်”မှာ ဟာသတစ်ခုသာ ဖြစ်နေကြောင်း သဘောပေါက်သွားသည်။

လောကရှိ အားကောင်းသော ကျင့်ကြံသူအားလုံးကို ပစ်မှတ်ထားပြီး ကိုယ့်စွမ်းရည်ကို ကျော်လွန်အောင် ဆက်တိုက်ကြိုးစားနေခြင်းကသာ အစစ်အမှန် ပြိုင်ဖက်ကင်း လမ်းစဉ် ဖြစ်ပေသည်။

………...

ချီရှောက်ရွမ်က ဉာဏ်အလင်းပွင့်သွားသလို သူ့အရှိန်အဝါများ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူ့ဆံပင်များက လွှင့်နေပြီး ချပ်ဝတ်ကလည်း တောက်ပလာသည်။ သူ့အတွင်း နဂါးအော်သံကိုပင် ကြားလိုက်ရ၏။

သူ့ကျင့်ကြံဆင့်က တဖန် မြင့်တက်သွားလေသည်။

ရှန်ထျန်းပင် ကြောင်အမ်းသွားလေ၏။

ဒီလိုအဆင့်တက်မှုမျိုးက လုံးဝကို ယုတ္တိမရှိဘူးလေ …

အခြားလူများက နှစ်ချီကာ ကျင့်ကြံရသော်လည်း အဆင့်မတက်လှမ်းနိုင်ကြပေ။

ဒါပေမဲ့ ငါက မဟုတ်တတ်ကရတွေ ပြောလိုက်တာ ချီရှောက်ရွမ်က အဆင့်တက်သွားတယ်တဲ့လား …

လခွမ်း … လာနောက်နေတာလား

ဒီလိုမျိုး ထိုက်တန်အောင် ဘဝမှာ ဘာတွေများ လုပ်ခဲ့တာလဲ … မင်း ကံကောင်းလွန်းနေတာ နည်းနည်းတောင် အရှက်မရှိဘူးလား

“ ညီအစ်ကိုရှန်ရဲ့ စကားတွေက ကျုပ်ကို အသိအမြင်အသစ် ဖွင့်ဟပေးလိုက်သလိုပါပဲ။ ကျုပ် ရှက်မိပါတယ် ”

ချီရှောက်ရွမ်က မျက်လုံးတလက်လက် ဖြစ်နေရှာသည်။ သူက ရှန်ထျန်းအား လက်နှစ်ဖက်ယှက်ကာ  “ အခုကစပြီး တခြားပါရမီရှင်တွေကို စိတ်ထဲ မထည့်တော့ဘူး။ ညီအစ်ကိုရှန်က ကျုပ်အတွက် တစ်ဦးတည်းသော ရည်မှန်းချက်ပဲ … ညီအစ်ကိုရှန်ကို အမီလိုက်ရင်း ကိုယ့်ဘာသာ တိုးတက်လာဖို့ ဆက်တိုက်ကြိုးစားမယ်။ တစ်ရက်ရက်တော့ ညီအစ်ကိုရှန်ကို လုံးဝ ကျော်သွားစေရမယ် ”

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။

ငါ့ကို တစ်ရက်ကျ ကျော်သွားမယ်လို့ ဆက်ပြောနေတုန်းလား … တခြားလုပ်စရာလေး မရှိတော့ဘူးလား

ရှန်ထျန်းက ခါးသက်သက် ဖြစ်လာမိသည်။

ငါ လျှောက်ပြောနေတာကနေ ချီရှောက်ရွမ်က အဆင့်တက်သွားတာတဲ့လား …

ချီရှောက်ရွမ်အတွက် စိတ်အခြေအနေ အဆင့်တိုးတက်မှုတစ်ခု ဖြစ်သော်လည်း အဆင့်တက်ခြင်းက မည်မျှသေးငယ်စေကာမူ အဆင့်တက်ခြင်းသာ ဖြစ်ပေသည်။

ဟူး …  သူ့ကို လွယ်လွယ်လေးတော့ လွတ်ပေးလို့ မရဘူး

ရှန်ထျန်းက ချီရှောက်ရွမ်အား ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်  “ ညီအစ်ကိုချီက ကျွန်တော်ကို အမီလိုက်ပြီး ကျော်တက်ချင်တာလား ”

ချီရှောက်ရွမ်၏ မျက်ဝန်းတို့က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်  “ ဟုတ်တယ် … အမီလိုက်ချင်တယ်။ ညီအစ်ကိုရှန်ကိုသာ ကျော်တက်နိုင်ရင် ဘယ်လိုအဖိုးအခမဆို ပေးဖို့ ကိစ္စမရှိဘူး ”

ငါ့ကို အမီလိုက်ပြီး ကျော်တက်မှာတဲ့လား … ငါ့ရှေ့တည့်တည့်မှာ လာပြောနေတာလေ

ညီအစ်ကိုရေ ဒါက နည်းနည်းများသွားပြီ မထင်ဘူးလား …

ရှန်ထျန်းက ပြုံးကာ  “ ဒီလိုဆိုရင်တောင် နည်းနည်းလောက် လမ်းညွှန်ပေးလိုက်မယ်။ ကျွန်တော်ရဲ့ ကျင့်ကြံရေးအခြေခံအုတ်မြစ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကနေ ဆင်းသက်လာတာဆိုပေမဲ့ အားအကောင်းဆုံး ပညာရပ်က စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီကပဲ ”

ဟုတ်တယ်လေ … ရှန်ထျန်းကို စစ်နတ်ဘုရား မီးစာကျမ်း၊ ကောင်းကင်ခြေမွလက်ဝါးနဲ့ ဓားပျံပညာရပ် အသစ်တို့ကို သင်ပေးခဲ့တာ ယဲ့ချန်းခန်ပဲလေ …

ချီရှောက်ရွမ်က သူတို့ကို စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီကနေ သင်ယူနိုင်မလားဆိုတာတော့ ယဲ့ချန်းခန်ရဲ့စိတ်အခြေအနေပေါ် မူတည်တယ် …

ဘယ်လိုဖြစ်ဖြစ် ငါက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စီမံရေးကမှ မဟုတ်တာဆိုတော့ ငါ့အလုပ် မဟုတ်ဘူး

.................

ကောင်းကင်ခြေမွလက်ဝါးနဲ့ ဒီကြောက်စရာကောင်းတဲ့ ဓားပညာရပ်က စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီကတဲ့လား …

ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့မျက်ဝန်းတို့က တက်ကြွမှုအပြည့် ဖြစ်နေသည်။

ငါ အားပိုကောင်းလာချင်ရင် ပြိုင်ရမယ် … ငါ ပိုက်ဆံ ထပ်ဖြည့်ရမယ် …

All Chapters