နဂါးနက်ကျွန်းမှ ဧည့်သည်
Vol. 20 Ch. 293
အခန်း (၂၉၃) : နဂါးနက်ကျွန်းမှ ဧည့်သည်
ချီရှောက်ရွမ် ကြယ်ခြောက်ပွင့် ပါရမီရှင် ဖြစ်လာသည့်အကြောင်းက အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး အလျှင်အမြန် ပျံ့နှံ့သွားသည်။ ကျင့်ကြံရေးအသိုင်းအဝိုင်းက ကျယ်ပြောလွန်းပြီး ယခုလက်ရှိ သူတို့ကြား ခေတ်အစားဆုံး ခေါင်းစဉ်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင်သာ ဖြစ်၏။
ချီရှောက်ရွမ်က ကြယ်ခြောက်ပွင့် ပါရမီရှင်ဖြစ်လာသည့်အတွက် ဂုဏ်ပြုပွဲ ကျင်းပဖို့ ထိုက်တန်ပေသည်။ သို့သော်လည်း ခရမ်းစံအိမ် အထွတ်အမြတ်မြေကား ငြိမ်သက်နေဆဲ ဖြစ်သည်။
ခရမ်းစံအိမ် သူတော်စင်က နောက်ရက်ပိုင်းကြာသည့်အထိ လူကြားထဲ ထွက်မလာပေ။
အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူက ကြယ်ခြောက်ပွင့် ပါရမီရှင်တစ်ယောက်အနေနှင့် … အရမ်းသနားစရာကောင်းလွန်း၍ ဖြစ်သည်။
ကြယ်ခြောက်ပွင့် ပါရမီရှင် ဖြစ်လာပြီးနောက် ဟွမ်ရှီက ငယ်ရွယ်စဉ် ပြိုင်ဖက်ကင်း အင်အားတစ်ခု ဖြစ်ခဲ့သည်။ သူက နယ်မြေများကို အုပ်စိုးကာ ခိုင်မာသည့် ဂုဏ်သတင်းကို ထူထောင်နိုင်ခဲ့သည်။
သို့သော် ချီရှောက်ရွမ်ကား …
သူက ကြယ်ခြောက်ပွင့် ပါရမီရှင် အောင်အောင်မြင်မြင် ဖြစ်လာခဲ့သော်လည်း ရှန်ထျန်း၏ အနိုင်ယူမှုကို ခံခဲ့ရသည်။ ထိုအခါက အားလုံး မြင်တွေ့ဖို့ တိုက်ရိုက်ထုတ်လွှင့်မှုပင် ပြသလိုက်သေး၏။
တိုက်ပွဲ သုံးပွဲ .. အရှုံး သုံးပွဲ …
နောက်ဆုံးတိုက်ပွဲ၌ ရှန်ထျန်းထံ စက္ကန့်ပိုင်းလေးအတွင်း ရှုံးနိမ့်သွားခဲ့ရသည်။
ဤသို့သော တိုက်ပွဲရလဒ်က ဆိုးရွားသောကြောင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေက လူသိရှင်ကြား ထုတ်ပြောဖို့ မျက်နှာပူလွန်းလှသည်။ အချုပ်အားဖြင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ကြောက်ခမန်းလိလိ တိုက်ကွက်များကိုသာ ကြည့်ရှုသူများက မှတ်သားထားကြမည် မဟုတ်ပါလော။
ထိုဧရာမလက်ဝါးကြီးက အဆင့်တူ ပါရမီရှင်မြောက်များစွာကို ထိတ်လန့်သွားစေခဲ့သည်။
ရှန်ထျန်း၏ ဂုဏ်သတင်းက ပို၍ ပျံ့နှံ့သွားလေပြီ။
ပြောရလျှင် ချီရှောက်ရွမ်၏ “အရှေ့ပိုင်းလွင်ပြင် အားအကောင်းဆုံး ပါရမီရှင်” ဂုဏ်ပုဒ်မှာ ရှန်ထျန်းအတွက် ခြေနင်းတုံးတစ်ခုလို ဖြစ်သွားခဲ့ရသည်။
ဤသည်မှာ ရှန်ထျန်း အလိုရှိသည့်အရာ မဟုတ်ပေ။ သူက ဒုက္ခများလွန်းလှသည်ဟုပင် ထင်မိ၏။ သူ့ရုပ်ရည်ကြောင့် စွဲလမ်းနေကြသည့် ပရိသတ်များစွာ ရှိနေပြီးသား မဟုတ်ပါလော။
ယခု သူက ရုပ်ချောရုံတင်မကဘဲ ပါရမီရှိကာ တိုက်ရည်ခိုက်ရည်ကောင်းမှန်း သိကုန်ကြတော့မည်။
သူ့အနေနဲ့ ဒီလိုမျိုး ခပ်ချောချောကောင်လေးက ဘယ်လိုလုပ် လူမသိသူမသိလေး နေလို့ ရတော့မှာလဲ …
ရှန်ထျန်းက သူတော်စင်တောင်ထိပ်မှ ဆင်းမလာဘဲ တောင်ထိပ်၌သာ နေ့စဉ်နေ့တိုင်း ဓားတာအို ဆက်လေ့ကျင့်နေသည်။
မှန်ပေသည်။ သူက ဓားတာအိုထဲ စိတ်နှစ်မြှပ်နေသည်။
လွန်ခဲ့သော သုံးရက်ခန့်က ကြေးလက်စွပ်ပေါ် သွေးစက်ချလိုက်သည်။ ထိုလက်စွပ်က သူ့သွေးကို စုပ်ယူသွားခဲ့သော်လည်း သူ့အား ပိုင်ရှင်အဖြစ် အပြည့်အဝ အသိအမှတ်မပြုသေးပေ။
သူက ကြေးလက်စွပ် စောင့်ဆိုင်းနေသည့် ပိုင်ရှင် မဟုတ်လောက်ကြောင်း ခံစားမိ၏။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ကြေးလက်စွပ်က သူ့သွေးအဆီအနှစ်ကို စုပ်ယူကာ သူ့အား ဓားပညာရပ်တစ်ခု ပေးလာသည်။
ရှန်ထျန်းက ထိုဓားပညာရပ်၏ အမည်ပင် မသိချေ။ ထိုအရာက အံ့ဖွယ်အလင်းတန်းလိုမျိုး သူ့စိတ်ထဲ တည်ရှိနေရုံသာ ဖြစ်၏။
ရှန်ထျန်းက ထိုအလင်းတန်းအကြောင်း တွေးမိလိုက်သည့်အချိန်တိုင်း ထိုဓားတာအို၏ ထူးခြားနက်နဲမှုကို ခံစားမိပေသည်။ ထိုဓားပညာရပ်က တိကျသည့် လှုပ်ရှားကွက်မျိုး မရှိပေ။ ဤသည်က နက်နဲကာ ပဟေဠိဆန်သည့် သဘောတရားတစ်ခုသာ ဖြစ်၏။
ရှန်ထျန်းက ထိုသဘောတရား၌ ရိုးရှင်းသော ဓားပညာရပ်များကို ထည့်သွင်းဖို့ ကြိုးစားခဲ့ပြီး တစ်ခုချင်းစီကလည်း သိသိသာသာ တိုးတက်လာနိုင်ကြောင်း တွေ့လိုက်ရသည်။
သူတို့က ထိုအံ့ဖွယ်အလင်းတန်းအတွင်း ပေါင်းစပ်သွားပုံပေါ်၏။
ဤထူးကဲဖွယ် ဓားရေးသည် ဆိုးဆိုးရွားရွား အရာတစ်ခုကို ထူးခြားသွားအောင် လုပ်ပေးနိုင်စွမ်း ရှိပုံပေါ်သည်။ ရှန်ထျန်းက နတ်ဓားဖွဲ့စည်းပုံ ပိုင်ဆိုင်ထားကာ ဓားရေးပညာရပ်တိုင်းကို အကြမ်းဖျင်း နားလည်နိုင်စွမ်း ရှိထားသော်လည်း ထိုဓားပညာရပ်၏ သေးငယ်သော အစိတ်အပိုင်းလေးမျှသာ နားလည်နိုင်သေးသည်။
ထိုအနည်းငယ်မျှဖြင့် လောကရှိ ဓားသမားအားလုံးကို အံ့ဩသွားအောင် လုပ်ဖို့ လုံလောက်နေလေပြီ။
………….....
ချီရှောက်ရွမ်အတွက်မူ ရှန်ထျန်း၏ အနိုင်ယူမှုကို ခံပြီးနောက် ဆုံးဖြတ်ချက်အသစ်ဖြင့် စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ခဲ့သည်မှာ သုံးရက်ကြာမြင့်သွားလေပြီ။ သို့သော် သူက တိုက်ရိုက်ထုတ်လွှင့်ရန် မရွေးချယ်တော့ပေ။ သူက နောက်ထပ် ပုံစံတမျိုးကို ရွေးချယ်လိုက်သည်။
ဤသည်မှာ ယဲ့ချန်းခန် အသစ်ဖန်တီးထားသည့် “လက်ရည်စမ်းပွဲ စင်မြင့်” ဖြစ်၏။
ဤသို့သော ပြိုင်ပွဲစင်မြင့်က ပုံမှန်တိုက်ပွဲစင်မြင့်နှင့် လုံးလုံး ကွာခြားပေသည်။ ဤနေရာ၌ လောင်းကြေးအမြောက်အများ မလိုအပ်ပေ။
ဤနေရာ၌ ကြယ်ခြောက်ပွင့် ပါရမီရှင်တစ်ယောက်နှင့် ပြိုင်ဖို့ စစ်နတ်ဘုရား အမှတ်တစ်ရာသာ ကျသင့်ပြီး ပုံမှန်တိုက်ပွဲစင်မြင့်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသည်။ သို့သော် လက်ရည်စမ်းပွဲ စင်မြင့်တွင် စိန်ခေါ်သူက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တစ်ခါလျှင် စစ်နတ်ဘုရား အမှတ် တစ်ရာ အနှုတ်ခံရပြီး ဆုကြေးအနေနှင့် အမွေအနှစ် ပညာရပ်မျိုးလည်း မရနိုင်ပေ။
ပြောရလျှင် ချီရှောက်ရွမ်က လက်ရည်စမ်းပွဲ စင်မြင့်အထက်၌ ကြယ်ခြောက်ပွင့် ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ကြယ်ခြောက်ပွင့်အဆင့် အမွေအနှစ် ရရှိမည် မဟုတ်ပေ။
တစ်ချက်တည်းကြည့်ရုံဖြင့် ဤသို့သော တိုက်ပွဲပုံစံကား ဆွဲဆောင်မှု မရှိပုံ ထင်ရသည်။ သို့သော်လည်း အဆင့်တူ ပြိုင်ဖက်မျိုးနှင့် စိတ်ကြိုက်တိုက်ခိုက်နိုင်သည့်အချက်က ပါရမီရှင်များစွာကို ဆွဲဆောင်ပြီးသား ဖြစ်သွားလေသည်။
လွန်ခဲ့သော သုံးရက်အတွင်း ချီရှောက်ရွမ်က နတ်ဘုရားလောက ပါရမီရှင် ၇၂ ယောက်နှင့် ဆက်တိုက် ယှဉ်ပြိုင်ခဲ့သည်။
သူ့တိုက်ပွဲစွမ်းရည်က စိန်ခေါ်မှုတစ်ခုပြီးတိုင်း သိသိသာသာ တိုးတက်လာသည်။ သူက ကနဦးဝိညာဉ်အဆင့် မရောက်သေးသော်လည်း သူ့ရွှေအမြုတေကား ပြစ်ချက်မရှိ ပြီးပြည့်စုံလောက်အောင်အထိ သန့်စင်ထားပြီးလေပြီ ဖြစ်၏။
ရလဒ်အနေနှင့် ချီရှောက်ရွမ်၏ တိုက်ပွဲဆာလောင်မှုလည်း ပိုအားကောင်းလာခဲ့သည်။
ချီရှောက်ရွမ်က လက်ရည်စမ်းပွဲ စင်မြင့်ကို ရွေးချယ်ရသည့် အကြောင်းအရင်းတစ်ခု ရှိပေသည်။ သူ မွဲနေ၍ ဖြစ်၏။
ချီရှောက်ရွမ် တစ်ယောက် ရှန်ထျန်းဆီမှ တိုက်ခိုက်လိုစိတ် နှိုးဆွခံလိုက်ရပြီးနောက် စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ ဝင်လာစဉ်အခါက အတော်လေး မောက်မာခဲ့သည်။
ငါက ညီအစ်ကိုရှန်ရဲ့ ပြိုင်ဖက် မဖြစ်ရင်တောင် သူတစ်ယောက်ပဲ ငါ့ကို အနိုင်ယူနိုင်တာ …
စစ်နတ်ဘုရား မျှော်နန်းဆောင်မှာ ငါက ကြယ်ခြောက်ပွင့် ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်တယ် …
ချီရှောက်ရွမ်က ထိုအတွေးဖြင့် ကြယ်ခြောက်ပွင့် ပါရမီရှင်များကို စိန်ခေါ်ဖို့ ရွေးချယ်ခဲ့သည်။ ထို့နောက် နတ်ဘုရားလောက ပါရမီရှင်များ၏ ဖွတ်ဖွတ်ညက်ညက် ကျေသည့်အထိ အနိုင်ပိုင်းခံရခြင်းကို ကြုံတွေ့သွားတော့သည်။
ယခင် ချီရှောက်ရွမ်က ကြယ်ခြောက်ပွင့် ပါရမီရှင်ကို အနိုင်ပိုင်းနိုင်ခြင်းမှာ တစ်ဖက်လူက မြွေမျိုးနွယ်က ဖြစ်နေပြီး သူ့ဆီမှ နဂါးသွေးဖြင့် ဖိနှိပ်ထားနိုင်သောကြောင့် ဖြစ်သည်။
ချီရှောက်ရွမ်က အချိန်တိုင်း ကံမကောင်းနိုင်ပေ။ အထူးသဖြင့် နောက်ကွယ်က တမင်ကြိုးကိုင်နေသည့်လူ ရှိသည့်အခါတွင် ဖြစ်၏။ တိုက်ပွဲကိုးပွဲ ဆက်တိုက်၌ ချီရှောက်ရွမ်က သူ့ဘဝသူ သံသယပြန်ဝင်လာမိသည့်အထိ ဆိုးဆိုးရွားရွား အရိုက်နှက်ခံခဲ့ရသည်။
သူက တစ်ချိန်လုံး ဖိနှိပ်ခံခဲ့ရပြီး တိုက်ကွက် ထုတ်ဖော်နိင်မည့် အခွင့်အရေးကိုပင် မရလိုက်ပေ။
စွမ်းအားအရ နတ်ဘုရားလောက၏ ကင်းကောင် လူဝံမျိုးနွယ်မှ ကြယ်ခြောက်ပွင့် ပါရမီရှင်၏ တုတ်ရိုက်ချက်အောက်တွင် ပြားပြားဝပ်ခဲ့ရသည်။
အမြန်နှုန်းအရ နတ်ဘုရားလောက၏ ငှက်မွေးမျိုးနွယ် ကြယ်ခြောက်ပွင့် ပါရမီရှင်က ချီရှောက်ရွမ်အား ခုခံဖို့ အခွင့်အရေးပင် မပေးချေ။
တောင့်ခံနှုန်းအရ ရေမျိုးနွယ် ကြယ်ခြောက်ပွင့် ပါရမီရှင်က ခန္ဓာဖွဲ့စည်းပုံကို ရေအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်မှုအားလုံး အသုံးမဝင် ဖြစ်သွားစေခဲ့သည်။
………....
ပါရမီရှင်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
ထူးထူးခြားခြား စွမ်းရည်မျိုးနှင့် ကြုံတွေ့ရသည့်အခါ ချီရှောက်ရွမ်က ထိုရှုံးနိမ့်မှုများမှ ပြိုကွဲလုမတတ် ဖြစ်ခဲ့ရသည်။ ထိုစဉ် ချီရှောက်ရွမ်က သဘောပေါက်သွားတော့သည်။
ငါက အမည်ခံ ကြယ်ခြောက်ပွင့် ပါရမီရှင် ဆိုပေမဲ့ ဒီအဆင့်အတန်းအောက် နိမ့်ကျနေသေးတာပဲ
စစ်နတ်ဘုရား အမှတ်များကလည်း အလျှင်အမြန် ကုန်ဆုံးလာလေသည်။
အဆုံးသတ်၌ ချီရှောက်ရွမ်က မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အကြံပေးချက်နှင့် အားပေးမှုအရ စင်မြင့်ကို ပြောင်းလဲလိုက်သည်။ ကြယ်ငါးပွင့် အမွေအနှစ် နှစ်ခုနှင့် ကြယ်ခြောက်ပွင့် အမွေအနှစ်တစ်ခုကို ရွေးချယ်ပြီးနောက် ချီရှောက်ရွမ်က လက်ရည်စမ်းပွဲ စင်မြင့်၌သာ စတင်လေ့ကျင့်တော့သည်။
သူက ကြယ်ခြောက်ပွင့် ပါရမီရှင်များ၏ တိုက်ခိုက်မှုကို ကြာကြာခံနိုင်အောင် ကြိုးစားသလို သူ့ဟာကွက်များကိုလည်း တွေ့အောင် ရှာခဲ့သည်။
ဤသို့ဖြင့် သုံးရက် သုံးည ကုန်ဆုံးသွားလေသည်။
ချီရှောက်ရွမ်အနေနှင့် ယခင်က ဤမျှလောက် နက်နက်ရှိုင်းရှိုင်း မခံစားဖူးပေ။
သူက ကုန်ဆုံးသွားသည့် ပိုက်ဆံများကြောင့် နှလုံးနာမိသော်လည်း ကန့်သတ်ချက်ကို ကျော်လွန်နိုင်ခြင်းမှာ စွဲမက်ဖွယ် ခံစားချက်တစ်ခု ဖြစ်၏။
နောင်ကျရင် ကံအပြောင်းအလဲ အခွင့်အရေးတွေ့ဖို့ များများ လိုက်ရှာမှပဲ … မဟုတ်ရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ပိုက်ဆံ ထည့်နိုင်မှာ မဟုတ်ဘူး …
သူတော်စင်တစ်ယောက်ကား အတွေးမျှောနေလေသည်။
………..
တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် မိုင်ထောင်ချီအဝေးတစ်နေရာ၌ …
ကြောက်မက်ဖွယ် ဧရာမ နဂါးဝေါယာဉ် တစ်ခု လေဟုန်ခွင်း၍ ပျံသန်းလာနေသည်။
ထိုနဂါးဝေါယာဉ်က ပေတစ်ရာကျော် ရှည်လျားကာ နဂါးများနှင့် ဇာမဏီများ၏ ပုံသဏ္ဌာန်ကို ထုထွင်းထားပြီး အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်စိမ်းနှင့် အံ့ဖွယ်ပုလဲများဖြင့် ထည့်သွင်းအလှဆင်ထားသည်။
နဂါးဝေါယာဉ်က ဖြတ်လာစဉ် မိုးခြိမ်းသံလိုမျိုး အသံကျယ်ကြီး ထွက်ပေါ်လာစေသည်။ နေရာတစ်ခုလုံးကို ကောင်းကင်ဘုံ နန်းတော်ကနေ စောင့်ကြည့်နေသလိုမျိုး ဖြစ်၏။
ပို၍ အာရုံစိုက်ဖွယ် ဖြစ်သည်က နဂါးဝေါယာဉ်ကို နဂါးကိုးကောင်က ဆွဲလာခြင်း ဖြစ်၏။ နဂါးတစ်ကောင်ချင်းစီက ကနဦးဝိညာဉ်နှင့်အထက် သွေးသန့်နဂါးနက်များ ဖြစ်ကြသည်။
နဂါးဝေါယာဉ် ဘေးတစ်ဖက်တစ်ချက်စီတွင် ချပ်ဝတ် စစ်သူကြီးရှစ်ယောက် ပါရှိသေး၏။ သူတို့အားလုံး၏ ခေါင်းအထက်တွင် နဂါးနက်ချို ထွက်ပေါ်နေပြီး သူတို့ ထုတ်လွှင့်နေသည့် အငွေ့အသက်က ကြောက်ဖို့ကောင်းလှသည်။ သူတို့အငွေ့အသက်က တစ်ယောက်နှင့် တစ်ယောက် ပေါင်းစပ်ထောက်ပံ့ပေးနေသလိုမျိုး ဖြစ်နေသည်။
ပေတစ်ထောင်ရှည်သည့် နဂါးနက်ကြီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ကျဆင်းလာသလိုမျိုး ဖြစ်နေ၏။