အခန်း (၁၉၃)
Vol. 20 Ch. 193
ကျောင်းသားတွေက ကျန်းကျန်းရဲ့ အော်ပြောတဲ့စကားကို နားထောင်ပြီးနောက် ပစ္စည်းပြတ်လပ်နေပြီလို့ ထင်ယောင်ထင်မှားဖြစ်နေခဲ့ကြပြီး အလုအယက်ဝယ်ယူနေခဲ့ကြတာကြောင့် ကျန်းကျန်းကတော့ တိတ်တဆိတ် အပျော်လွန်နေခဲ့တယ်။
သူမက ပိုက်ဆံတွေကိုသိမ်းယူပြီး သတင်းစာတွေကို ပြန်ပေးတဲ့ လုပ်ငန်းစဉ်အတွင်းမှာ တစ်ခါတရံ အံ့သြဖွယ်ကောင်းတဲ့သတင်းအကြောင်း စာပိုဒ်နှစ်ပိုဒ်လောက်ကို ပြောပြတတ်တယ်။
သတင်းစာဝယ်တဲ့လူတွေက ပြန်ထွက်သွားဖို့ အလျင်စလိုမလုပ်ခဲ့ကြဘဲ ကျန်းကျန်း ပြောတဲ့နေရာကို ရှာတွေ့ဖို့ သတင်းစာကိုဖွင့်ကြည့်နေခဲ့ကြတယ်။
သတင်းစာဝယ်ဖို့ တွန့်ဆုတ်နေသူတွေကလည်း ချက်ချင်းပဲ အနားကိုတိုးကပ်လာကြကာ အထဲမှာပါတာကို မြင်တွေ့ချင်နေခဲ့ကြတယ်။
ဒီလိုနှင့် ခဏအကြာမှာ ကျန်းကျန်းနှင့် ကွေ့ရှောင်ချင်းတို့ရဲ့ အနီးတဝိုက်မှာ လူအုပ်ကြီးက ပိုပိုပြီး စည်ကားလာခဲ့ပြီး သူတို့ယူဆောင်လာခဲ့တဲ့ သတင်းစာပေါင်း နှစ်ရာကျော်ကလည်း နာရီဝက်တောင် မကြာခဲ့ဘဲ ရောင်းကုန်သွားခဲ့တော့တယ်။
ကျန်းကျန်းတစ်ယောက် ကွေ့ရှောင်ချင်းကို ဆွဲယူပြီး သတင်းစာဖတ်နေတဲ့ လူအုပ်ကြားထဲကနေ အတင်း ညှစ်ထုတ်ထွက်လာခဲ့တယ်။
သူတို့နှစ်ယောက်လုံး လက်ထဲမှာ မင်တွေနှင့် ပေစွန်းနေခဲ့ပြီး လက်တွေက ညစ်ပတ်လွန်းနေတာကြောင့် စာကြည့်တိုက်ကို ဒီပုံအတိုင်းမသွားနိုင်ကြဘူး။
ကျန်းကျန်း သူမရဲ့လက်ကို ဆပ်ပြာနဲ့ အရင်ဆေးဖို့ အိပ်ဆောင်ကို ပြန်သွားဖို့စီစဥ်ခဲ့တယ်။ ပြီးမှသာ သင်ခန်းစာတွေကို စာကြည့်တိုက်ထဲမှာ နေရာရှာပြီး ပြန်လည်သုံးသပ်ဖို့ တွေးလိုက်တယ်။
ကွေ့ရှောင်ချင်းကတော့ သတင်းအေဂျင်စီရဲ့ အရေးပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်နေခဲ့တာကြောင့် စာမေးပွဲအတွက် စဉ်းစားနေပေမဲ့လည်း သူမက သတင်းစာဖြန့်ချီရေးအလုပ်ကိုလည်း လက်မလွှတ်နိုင်ခဲ့ဘူး။
ဒါကြောင့် သူမက ကျန်းကျန်းနှင့် အလျင်အမြန် လမ်းခွဲပြီးနောက် သတင်းဌာနရဲ့ ရုံးဆီသို့ အလျှင်အမြန်ပြန်သွားခဲ့ကာ နောက်ထပ် သတင်းစာတွေကို ထပ်ယူပြီး ဆက်လက်ရောင်းချရန် အဆင်သင့် ဖြစ်နေခဲ့တယ်။
အနီးအနားပတ်ဝန်ကျင်မှာ ကျောင်းသားတွေနှစ်ယောက်၊ သုံးယောက်လောက် ရှိနေတာကြောင့် ကျန်းကျန်းအနေနဲ့ နေရာကူးပြောင်းသွားလို့ မရနိုင်ဘူး။
သူမက ခေါင်းငုံ့ပြီး စာကြည့်တိုက်ကနေ မီတာရာဂဏန်းလောက်ဝေးတဲ့ အိပ်ဆောင်ကို ပြေးသွားခဲ့ပြီး တစ်နေရာကိုအရောက်မှာတော့ စာကြည့်တိုက်ကို သွားဖို့ထွက်လာခဲ့တဲ့ ရှီကျွင့်ကျဲနှင့် တွေ့ဆုံမိတော့တယ်။
ကျန်းကျန်းဆီမှာ ယောက်ျားလေးတွေနှင့် မိန်းကလေးတွေက စကားမပြောရဘူးဆိုတဲ့ ရှေးရိုးစွဲ ပဒေသရာဇ်အယူဝါဒမျိုးမရှိဘူး။
သူမက ရှီကျွင့်ကျဲကို ရက်ရက်ရောရော လက်ဝှေ့ရမ်း နှုတ်ဆက်လိုက်ကာ သူ့ကိုရှောင်တိမ်းပြီး ဖြတ်ကျော်သွားခဲ့ဖို့ လုပ်ခဲ့တယ်။
ရှီကျွင့်ကျဲရဲ့မျက်လုံးတွေက ကျန်းကျန်းရဲ့ လက်ဖဝါးပေါ်မှာ ခဏတာရပ်သွားခဲ့ကာ သူ့ရဲ့မျက်နှာပေါ်မှာ စိတ်ဝင်စားတဲ့အမူအရာအနည်းငယ်နှင့် မေးလာတယ်။
“မင်း ကျောက်မီးသွေးတူးထုတ်လာတာလား”
ကျန်းကျန်း သူမရဲ့ နှာသီးဖျားက ချွေးတွေကို သန့်ရှင်းတဲ့လက်ဖမိုးနှင့် သုတ်လိုက်ပြီး ရှင်းပြလိုက်တယ်။
“ကျွန်မတို့ ဂျာနယ်လစ်မေဂျာက သတင်းစာတစ်စောင် စတင်ထုတ်ဝေလိုက်ပြီလေ၊ ဒါကြောင့် ကျွန်မတာဝန်ယူထားတဲ့ ပမာဏကို ရောင်းချပြီးတော့ အခု လက်ဆေးဖို့ အိပ်ဆောင်ကို ပြန်သွားတော့မလို့”
ရှီကျွင့်ကျဲက ထိုစကားကိုကြားတော့ သူ့ရဲ့အင်္ကျီအိတ်ကပ်ထဲက သန့်ရှင်းသပ်ရပ်တဲ့ အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ပြီး ကျန်းကျန်းကို ပေးလာခဲ့တယ်။
“မင်းရဲ့ လက်ကို ဒါနှင့် အရင်သုတ်ထားလိုက်လေ၊ နေရာတိုင်းကို ပေသွားတာက ကာကွယ်နိုင်တာပေါ့”
ကျန်းကျန်းအနေနဲ့ ငယ်စဉ်ကတည်းက လက်ကိုင်ပုဝါနှင့် ဘယ်တော့မှ မကင်းကွာခဲ့တဲ့သူပဲ။ သို့ပေမယ့် မင်ကိုသုတ်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်လက်ကိုင်ပုဝါကို အသုံးပြုဖို့ရန် ဝန်လေးနေခဲ့တယ်။
သူမရဲ့ လက်ကို အကြိမ်ကြိမ်ဆေးကြောပြီးသွားရင် သန့်ရှင်းသွားမှာဖြစ်ပြီး လက်ကိုင်ပုဝါပေါ်မှာ မင်ပေသွားရင်တော့ အခြေခံအားဖြင့် အသုံးမပြုနိုင်တော့တာဖြစ်သွားလိမ့်မယ်။
ကျန်းကျန်း သူမရဲ့လက်ကို ဝှေ့ရမ်းရင်း ရှီကျွင့်ကျဲရဲ့ ကြင်နာမှုကို ငြင်းဆိုခဲ့တယ်။
“ ကျွန်မ အခုချက်ချင်း လက်ဆေးဖို့အတွက် အိပ်ဆောင်ကို သွားလို့ရတယ်၊ ရှင့်ရဲ့ လက်ကိုင်ပုဝါကို မညစ်ပတ်စေနဲ့တော့၊ ကျွန်မ ရှင့်ကို အသစ် ပြန်မပေးချင်ဘူး “
ရှီကျွင့်ကျဲက ကျန်းကျန်း အလွန်အမင်း ဖြောင့်တန်းစွာပြောလာတာကိုမြင်တော့ သူ့ရဲ့နှုတ်ခမ်းထောင်မှာ သေးငယ်တဲ့အပြုံးရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ကျန်းကျန်းအတွက် အမြန်လမ်းဖယ်ပေးလိုက်တယ်။
ကျန်းကျန်းက သူမကို ကျေးဇူးတင်ကြောင်းပြောပြီး ရှီကျွင့်ကျဲကို ဖြတ်ကျော်သွားချိန်မှာ ရှီကျွင့်ကျဲက ရုတ်တရက် ပြန်လှည့်လာခဲ့တယ်။
“ခဏလေး!”
ကျန်းကျန်း ရုတ်တရက်ရပ်လိုက်ပြီး သူ့ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ ထို့အတူ သူမရဲ့လက်တွေက ရုတ်တရက်အရှိန်သတ်လိုက်မှုကြောင့် အလိုအလျောက် ရွေ့လျားသွားခဲ့လေတယ်။
“ဖက်” ခနဲ အသံလေးတစ်ခုကြားလိုက်ရပြီးနာက် ရှီကျွင့်ကျဲရဲ့ အဖြူရောင်ရှပ်အင်္ကျီပေါ်မှာ ကျန်းကျန်းရဲ့ မည်းနက်နေတဲ့ လက်ချောင်းတို့က ပုံနှိပ်ရိုက်နှက်ခဲ့ပြီး ပြီးပြည့်စုံတဲ့ လက်ဗွေရာတစ်ခုကို ဖန်တီးပေးလိုက်တယ်။
ရှီကျွင့်ကျဲ သူ့ရဲ့ရှပ်အင်္ကျီအဖြူပေါ်မှ အနက်ရောင် လက်ရာကိုမြင်တော့ အနည်းငယ်ကြောင်အန်းသွားပုံရတယ်။
ကျန်းကျန်း အပြုံးတစ်ခုနှင့် အနောက်သို့ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ပြီး ရှက်ရွံ့အားနာစွာပြောလိုက်မိတယ်။
“အာ၊ ဒါက တကယ်ကို မရည်ရွယ်ပါဘူး၊ ရှင် ဘာလို့ ရှင့်ရဲ့ရှပ်အင်္ကျီကိုမချွတ်လိုက်တာလဲ၊ ကျွန်မ ရှင့်အတွက် ပြန်လျှော်ပေးမယ်လေ”
ရှီကျွင့်ကျဲ သူမကို အမူအရာကင်းမဲ့နေတဲ့မျက်နှာနှင့် မော့ကြည့်လာခဲ့တယ်။
“ကိုယ် အတွင်းဘက်မှာ အင်္ကျီမဝတ်ထားဘူး”
ကျန်းကျန်း သူမရဲ့မျက်နှာကို အလွန်အမင်းအားနည်းစွာ ဖုံးကွယ်လိုက်မိတယ်။
“တာ့ကော၊ ကျွန်မက တကယ်ကြီး ယဉ်ကျေးမှုအရလုပ်ပေးချင်ခဲ့ရုံပါပဲ!”
ရှီကျွင့်ကျဲ ကျန်းကျန်းကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်နေခဲ့ပြီး ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး ကျန်းကျန်းကို ကြင်နာစွာ အကြံဥာဏ်ပေးလာခဲ့တယ်။
“ကိုယ်ထင်တဲ့အတိုင်းဆိုရင် မင်းက ရှက်ရွံ့လာတဲ့အချိန်တိုင်း မင်းရဲ့မျက်နှာကို ဖုံးကွယ်ထားရတာကို ကြိုက်တယ်မလား၊ မင်း ဒီအကျင့်ကို ပြင်ဖို့ တွေးသင့်ပြီထင်တယ်”
“ဘာလဲ?”
ကျန်းကျန်းရဲ့ မျက်လုံးတွေက ရှီကျွင့်ကျဲရဲ့ အဖြူရောင်ရှပ်အင်္ကျီပေါ်မှ အစွန်းအထင်းကို စိုက်ကြည့်နေဆဲဖြစ်ပြီး သူမရဲ့ အတွေးတွေက လက်ရှိနေရာကို လှည့်မလာသေးဘူး။
ရှီကျွင့်ကျဲကတော့ ကျန်းကျန်းရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အမည်းရောင်မင်တွေကို ကြည့်ပြီး သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သူက ကျန်းကျန်းရဲ့ လက်ထဲကို လက်ကိုင်ပုဝါကို ထည့်ပေးရင်း ပြောလိုက်တယ်။
“မင်းရဲ့မျက်နှာကို သေသေချာချာသုတ်လိုက်ဦး”
ထို့နောက်မှာ အလျင်စလိုထွက်သွားခဲ့လေတယ်။
ကျန်းကျန်း သူမရဲ့လက်ထဲက လက်ကိုင်ပုဝါကို ငုံ့ကြည့်လိုက်ပြီး ရှီကျွင့်ကျဲရဲ့ နောက်ကျောကို ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ဘဲ အသံတိုးတိုးနှင့် ရေရွက်လိုက်မိတယ်
“ဒီကလေးက ဘာလို့ ငါ့ကို ကြိုက်နေသလိုမျိုး ပြုမူနေရတာလဲ”
သူမရဲ့စကားကို ရှီကျွင့်ကျဲ ကြားသွားလားဆိုတာကို မသိပေမဲ့ သူ့ရဲ့ခြေလှမ်းတွေက ခဏလောက် ရပ်တန့်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ထွက်သွားခဲ့လေတယ်။
ကျောင်းက နောက်ဆုံးစာမေးပွဲဖြေဆိုရမဲ့ရက်ကို ကြေညာပြီးတဲ့နောက်မှာတော့ ဝေ့ယွီကျင်းတစ်ယောက် နောက်ဆုံးတော့ ကျန်းကျန်း ပြောခဲ့တာတွေကို နားလည်သွားခဲ့ရတယ်။
သူတို့ဆီမှာ အခုအချိန်ထိ မရောင်းရသေးတဲ့ သတင်းစာတချို့ ရှိနေတုန်းပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ သူမအပါအဝင် သတင်းဌာနတစ်ခုလုံးက အဲဒီကိစ္စအကြောင်းကို အာရုံစိုက်ဖို့အတွက် ခွန်အားမရှိကြတော့ဘူး။
မူလတုန်းက အိပ်ဆောင်မှာရှိတဲ့ မိန်းကလေးတွေက စာဖတ်ရန်အတွက် အိမ်သာကိုသွားဖို့ မနက်အစောကြီး အိပ်ရာမှထခဲ့ကြတယ်။
ဒါပေမဲ့လည်း အခုအချိန်မှာတော့ အိမ်သာက အခြေခံအားဖြင့် သူတို့ရဲ့ ဒုတိယစာကျက်ခန်း ဖြစ်လာခဲ့တယ်။
အခုတစ်ကြိမ်မှာတော့ အိပ်ဆောင်မှာရှိတဲ့ မိန်းကလေးတွေက စာတွေဖတ်ရှုကျက်မှတ်ရန်အတွက် အချိန်ကြာကြာနေနိုင်စေရန် ခွေးခြေခုံတွေကို အိမ်သာထဲသို့ ရွှေ့လာခဲ့ရုံသာမကတော့ဘဲ အချို့တွေက ထိုနေရာကို စားပွဲခုံတွေကိုပါ ရွှေ့လာကြတယ်။
သူတို့က စာဖတ်ဖို့အတွက် အလွန်ကြိုးစားနေခဲ့ကြကာ မနက်မှ ညအထိ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ဆောင်နေခဲ့ကြတယ်။
ကျန်းကျန်းအတွက်ကတော့ သူမက စာကျက်အားကောင်းပေမဲ့လည်းသူမက စာမေးပွဲအချိန်မှာ မေဂျာသုံးခုကို ဖြေဆိုရမှာဖြစ်ပြီး ရှင်းရှင်းပြောရရင် သူမက တစ်ခန်းတည်းရှိ မိန်းကလေးတွေထက် သုံးဆပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်နေခဲ့တယ်။
ကံကောင်းထောက်မစွာနှင့် ထိုကဲ့သို့ ရူးသွပ်လောက်စရာနေ့ရက်တွေက ကြာရှည်မခံခဲ့ဘူး။
ပူပြင်းလှတဲ့ နွေရာသီကို ကူးပြောင်းလာချိန်မှာတော့ တော်ဝင်တက္ကသိုလ်ရဲ့ ကျောင်းသားတွေက သူတို့ ဒီကျောင်းကိုရောက်လာပြီးကတည်းက ပထမဆုံးသော နောက်ဆုံးစာမေးပွဲကို ဖြေဆိုခဲ့ကြရတယ်။
နောက်ဆုံးအဖြေလွှာစာရွက်ကို အပ်နှံပေးပြီးနောက် ကျန်းကျန်းတစ်ယောက် သူမရဲ့ နေ့လည်စာကို စားဖို့အတွက်တောင် အနှောင့်အယှက်အဖြစ်မခံတော့ဘဲ ဝမ်ရှင်းဝမ့်ကိုခေါ်ပြီး အိမ်အမြန်ပြန်ရန် မစောင့်နိုင်တော့ဘူး။
ဇူလိုင်လကုန်မှာ တော်ဝင်မြို့တော်ရှိ ရာသီဥတုက သည်းမခံနိုင်လောက်အောင် အလွန်အကြူး ပူပြင်းနေခဲ့ပြီ။
အခုချိန်မှာ သူတို့ရဲ့ အိပ်ဆောင်အတွင်း လူရှစ်ယောက်တောင်ရှိနေခဲ့ပြီး လေအေးပေးစက်ကိုမဆိုထားနှင့် လေမှုပေးမဲ့ ပန်ကာတောင်မရှိတာကြောင့် ရှူထုတ်လိုက်တဲ့လေတွေနှင့်ပြည့်နေခဲ့ကာ အလွန်အမင်း ပူလွန်းတာကြောင့် သည်းမခံနိုင်လောက်စရာဖြစ်နေခဲ့တယ်။
လီမင်ပေ၊ ဝမ်ရှင်းဝမ့်နှင့် ကျန်းကျန်းတို့က ဘတ်စ်ကားပေါ်ကို အတူတက်ကာ အိမ်ပြန်ခဲ့ကြပြီး ကျန်းကျန်းကတော့ အိမ်ကိုပြန်ရောက်တာနှင့် ကျောင်းလွယ်အိတ်ကို ပစ်ချလိုက်တော့တယ်။
ထို့နောက်မှာ လက်ကို အလျင်အမြန် ဆေးကြောလိုက်ပြီး ပန်းခြံထဲသို့ ပြေးဝင်ကာ မြေပြင်ပေါ်မှာခြေတင်ပြင်ခွေပြီးထိုင်ချလိုက်တယ်။ ထို့နောက် သူမရဲ့ဘေးက တည်သီးတွေကို လှမ်းခူးလိုက်ပြီးတစ်ကိုက် ကိုက်လိုက်တယ်။
ချိုချိုချဥ်ချဉ်အရသာက လန်းဆန်းစေနိုင်လွန်းတာကြောင့် ကျန်းကျန်း မထိန်းနိုင်ဘဲ သုံးလုံး ဆက်တိုက်စားခဲ့ပြီး ထိုအချိန်မှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့တယ်။
**