← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

“ဟင်းပွဲတွေရပါပြီ!”

စားပွဲထိုးက ကြက်သားမွှကြော်နှင့် အအေးသုပ်ကို စားပွဲပေါ်သို့လာချခဲ့ပြီး သိပ်မကြာခင် ခေါက်ဆွဲကြော်နှစ်ပွဲကိုယူလာပေးခဲ့သည်။

ကျန်းကျန်းလည်း ယပ်တောင်ကို ရှီကျွင့်ကျဲဆီသို့ အမြန်ပြန်ပေးလိုက်ပြီး အပြုံးဖြင့်ပြောလိုက်လေ၏။

“ဒီယပ်တောင်က အရမ်းလှပပြီး တန်ဖိုးလဲကြီးသေးတယ် ၊ ကျွန်မ အပျော်အနေနဲ့တောင် မသုံးနိုင်ဘူးဆိုတော့ မြန်မြန်လေး ပြန်ယူလိုက်တော့”

ရှီကျွင့်ကျဲ ယပ်တောင်ကိုပြန်သိမ်းလိုက်ပြီးနောက် တူတစ်စုံကိုယူကာ ကျန်းကျန်းကို ပေးလိုက်လေသည်။ ထို့နောက်မှသာ သူ့အတွက် နောက်တစ်စုံကိုယူလိုက်သည်။

ဤစားသောက်ဆိုင်ရှိ ခေါက်ဆွဲသုပ်သည်ကား အလေးချိန်ပမာဏအပြည့်ပင်။

ကျန်းကျန်း ခေါက်ဆွဲကို မွှေလိုက်ပြီးနောက် မအောင့်အီးနိုင်တော့စွာ တစ်လုပ်စားလိုက်ကာ စိတ်ကျေနပ်စွာ မျက်လုံးကိုမှေးကျဥ်းလိုက်မိသည်။

ဤအစိုးရပိုင်စားသောက်ဆိုင်၏ ပထမဆုံးစားဖိုမှူးက တော်ဝင်စားဖိုမှူးတစ်ယောက်ဟုဆိုကြပြီး လက်ရာသည်လည်း မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့သည်။

ခေါက်ဆွဲမှာ စေးကပ်ပြီး ဆော့စ်မှာလည်း မွှေးကြိုင်နေခဲ့သည်။ ကျန်းကျန်း တစ်လုတ်စားပြီးနောက် စွဲလမ်းသွားရပြီး နောက်ထပ်တစ်လုတ်စားရန် မစောင့်နိုင်တော့ပေ။

ဤသည်မှာ ရှီကျွင့်ကျဲအနေနှင့် ကျန်းကျန်း စားသောက်သည်ကိုပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပေသည်။

သူမ၏ ပါးလေးများက စူဖောင်းနေခဲ့ပြီး ရှဉ့်ကလေးများ အခွံမာသီးစားနေသကဲ့သို့ တမြုံ့မြုံ့ဝါးနေခဲ့သည်။

သူမ ခေါက်ဆွဲစားနေစဉ် သူမ၏ ပါးစပ်ထောင့်မှ အသားဆော့စ်များက ပေကျံသွားခဲ့လေ၏။

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း တစ်လုပ်စားလိုက်ပြီးသည်နှင့် သူမ၏ ပါးစပ်ထောင့်တွင် ပေသွားသည်ကိုမြင်သည့်အချိန်တွင် သူ့စိတ်ထဲ၌ ညစ်ပတ်နေသည်ဟု မခံစားရဘဲ ထိုအစား ချစ်ဖို့ကောင်းလွန်းသည်ဟုထင်မိကာ မရယ်မောဘဲ မနေနိုင်တော့ပေ။

ကျန်းကျန်း ခေါင်းမော့ကာ သူ့အားသံသယဖြစ်စွာကြည့်လိုက်ပြီး သူမ၏ပါးစပ်ထဲမှ ခေါက်ဆွဲအားမျိုချလိုက်ပြီး သူ့အား စူးစမ်းစွာမေးလိုက်သည်။

“ရှင် ဘာလို့ မစားဘဲနဲ့ ကျွန်မကို ကြည့်နေတာလဲ?”

ရှီကျွင့်ကျဲ သူ၏အိတ်ထဲမှ လက်ကိုင်ပုဝါအား ထုတ်ကာ သူမထံသို့ အပြုံးတစ်ခုဖြင့်ပေးလိုက်သည်။

“မင်းရဲ့နှုတ်ခမ်းထောင့်မှာ ဆော့တွေပေနေတယ်”

ကျန်းကျန်း လက်ကိုဝေ့ရမ်းလိုက်ပြီး ခေါင်းငုံ့ကာ သူမ၏ လက်ကိုင်ပုဝါထုတ်ရန် နှိုက်လိုက်သည်။

သို့သော်နှစ်ကြိမ်လောက်စမ်းပြီးနောက်တွင်ပင် မည်သည့်အရာမှမရှိသည်ကို တွေ့လိုက်ရပြီးနောက် သူမ ယနေ့ နေ့လည်ခင်း အပြင်သို့မထွက်ခင်တွင် အဝတ်လဲခဲ့ပြီး လက်ကိုင်ပုဝါသည်လည်း သူမ၏ ယခင်အင်္ကျီအိတ်ကပ်ထဲကျန်နေခဲ့ကြောင်း သတိရသွားရသည်။

ကျန်းကျန်း ရှီကျွင့်ကျဲအား ရှက်ရွံ့စွာကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“ကျွန်မ လက်ကိုင်ပုဝါယူဖို့မေ့လာခဲ့တယ်”

ရှီကျွင့်ကျဲ ပြုံးလိုက်ကာ သူ့၏လက်ကိုင်ပုဝါကို သူမထံသို့ ကမ်းပေးလိုက်သည်။

ကျန်းကျန်း သူ့ထံမှ လက်ကိုင်ပုဝါကို လှမ်းယူလိုက်ပြီး ပါးစပ်သုတ်လိုက်ပြီးနောက် တစ်ဖက်လူ၏ အဖြူရောင်လက်ကိုင်ပုဝါတွင် ဆော့များဖြင့် စွန်းထင်းသွားခဲ့သည်။

သူမ ပါးစပ်သုတ်ပြီးသည့်နောက် လက်ကိုင်ပုဝါအား သိမ်းလိုက်ပြီး ရှီကျွင့်ကျဲကို ပြောလိုက်လေ၏။

“ကျွန်မ လျှော်ပြီးမှ ရှင့်ကိုပြန်ပေးတော့မယ်”

“ကောင်းပြီ “

ရှီကျွင့်ကျဲ ပြုံးလိုက်ကာ နူးညံ့ညင်သာသည့်အသံဖြင့် ဆက်ပြောလိုက်သည်။

“မြန်မြန်စားတော့လေ၊ ခေါက်ဆွဲတွေက အချိန်ကြာသွားရင် ပွသွားလိမ့်မယ်”

သူတို့နှစ်ဦး စားသောက်ပြီးနောက် ကျန်းကျန်းက ပိုက်ဆံသွားရှင်းခဲ့ ပြီး ဆိုင်ထဲသို့ ပြန်လှည့်လာသည့်အချိန်တွင် ရှီကျွင့်ကျဲအား ဆိုင်ထဲတွင် မတွေ့တော့ပေ။

ကျန်းကျန်း သူနှင့်သိပ်မရင်းနှီးသော်လည်း မတိုင်ခင်က ထိုသူနှင့် တွေ့ဆုံမှုများမှတဆင့် ရှီကျွင့်ကျဲမှာ လူကြီးလူကောင်းဆန်လှသည့် အပြုအမူများရှိပြီး တစ်ဖက်သားအား နှုတ်ဆက်စကားမပြောဘဲ ထွက်သွားတတ်ခြင်းမျိုး မလုပ်တတ်ကြောင်း သိရှိထားခဲ့သည်။

သူမ ပိုနေသည့် ပိုက်ဆံများအား သူမ၏ကျောင်းလွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အပြင်သို့ ထွက်သွားခါနီးတွင် လက်တစ်ဖက်၌ ရေခဲချောင်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်တွင် အအေးပုလင်းကိုကိုင်ထားသည့် ရှီကျွင့်ကျဲကိုတွေ့လိုက်ရသည်။

“ မင်း အပူကြောက်တယ်ထင်လို့ ကိုယ်ဝယ်လာတာ၊ ရေခဲချောင်းစားလိုက်ဦး”

ကျန်းကျန်းလည်း ရှီကျွင့်ကျဲ၏ လက်ထဲမှ သူမအကြိုက်ဖြစ်သည့် နို့ရေခဲချောင်းကို မြင်သည့်အချိန်တွင် ချက်ချင်းပင် မျက်လုံးများ ဝင်းပသွားခဲ့ရပြီး ထုတ်ပိုးထားသည့်စက္ကူကိုဖယ်ကာ တစ်ကိုက်ကိုက်လိုက်သည်။

နို့၏ မွှေးပျံ့လှသည့် အရသာက သူမပါးစပ်ထဲသို့ ပြည့်နှက်သွားခဲ့ပြီး အေးစိမ့်လှကာ နွေရာသီ၏အပူသည်လည်း တစ်ခဏအတွင်း တစ်ဝက်ခန့်လျှော့ကျသွားခဲ့သည်။

ကျန်းကျန်းတစ်ယောက် မူလက တော်ဝင်မြို့တော်၏ စာအုပ်ဆိုင်သို့ ဆက်လက် လည်ပတ်ချင်ခဲ့သည်။

သို့သော် သူမ၏ လက်ထဲတွင် ရေခဲချောင်းရှိနေပြီဖြစ်၍ သူမ ရိုးစင်းစွာသာ ထိုင်ချလိုက်ကာ စာအုပ်ဆိုင်သို့ ထပ်မသွားခင် ရေခဲချောင်းကို ကုန်သည်အထိစားရန်ပြင်ဆင်လိုက်သည်။

သူမ နို့ရေခဲချောင်းကို နောက်ထပ် တစ်ကိုက် ကိုက်လိုက်ပြီးနောက် ရှီကျွင့်ကျဲ၏ လက်ထဲတွင် လက်ဗလာဖြစ်နေကြောင်း တွေ့လိုက်ရကာ မမေးမြန်းဘဲမနေနိုင်တော့ပေ။

“ရှင်ရော မစားဘူးလား?”

ရှီကျွင့်ကျဲ ပြုံးလျှက်ခေါင်းခါလိုက်သည်။

“ကိုယ်က ကလေးမှမဟုတ်တာ”

ကျန်းကျန်း၏ မျက်လုံးများက စားပွဲပေါ်တွင် ရှိနေသည့် အအေးပုလင်းဆီသို့ ကျရောက်သွားပြီး တစ်ဖက်လူကို မကျေမနပ်ကြည့်လိုက်သည်။

“ ရှင်ကျတော့ အအေးဝယ်လာတာပဲမဟုတ်ဘူးလား၊ အအေးကလည်း ကလေးသောက်တာပဲလေ”

ရှီကျွင့်ကျဲ ရယ်မောလိုက်ကာ အလွန် ရွှင်မြူးစွာဖြင့် ပြောလာခဲ့သည်။

“ဒါလည်း ကိုယ် မင်းအတွက်ဝယ်လာတာလေ ၊ ကိုယ်က ရေနဲ့ လက်ဖက်ရည်ပဲသောက်တာ”

“စည်းမျဉ်းဟောင်းတွေကိုလိုက်နာတဲ့ လူအိုကြီးတွေလိုပေါ့”

ကျန်းကျန်း ရှီကျွင့်ကျဲအား နှာခေါင်းရှုံ့လိုက်ပြီး ရေခဲချောင်းကို နောက်တစ်ကိုက် ကိုက်လိုက်သည်။

ကျန်းကျန်းက အအေးစာများစားသောက်ခြင်းကို နှစ်သက်သော်လည်း သမားတော်ကျန်း ပြောထားသည်များကို သူမ မှတ်မိနေသေးသည်။ ထို့ကြောင့် သူမ ဗိုက်ထဲသို့ မမျိုချမီတွင် နွေးထွေးသွားစေရန် ရေခဲမုန့်ကို ပါးစပ်ထဲတွင် ထည့်ထားခဲ့သည်။

ကျန်းကျန်း ထိုကဲ့သို့နည်းလမ်းနှင့် ရေခဲချောင်းကို ဖြည်းဖြည်းချင်း စားလိုက်ပြီးနောက် ရေကန်ဆီသို့ သွားကာ လက်နှင့် ပါးစပ်ကို ဆေးကြောခဲ့သည်။

ထို့နောက် သူမ လက်ကိုင်ပုဝါကို ထုတ်ကာ ပါးစပ်ကို သုတ်လျက် ရှီကျွင့်ကျဲဆီသို့ မေးလိုက်သည်။

“ကျွန်မ စာအုပ်ဆိုင်ကိုသွားတော့မယ်၊ ရှင်ရော ဘယ်လိုလဲ”

“ကိုယ်လည်း လိုက်ခဲ့မယ်”

ရှီကျွင့်ကျဲ ပြုံးလိုက်သည်။

“ကိုယ် ပြင်သစ်ဝတ္ထုစာအုပ် နှစ်အုပ်ဝယ်ချင်နေတာ၊ ဒါပေမဲ့ ဆိုင်မှာ ရှိမရှိကိုတော့ ကိုယ်မသိဘူး”

ရှီကျွင့်ကျဲက ပြင်သစ်ဘာသာစကားအကြောင်းကို ပြောသည်ကို ကြားလျှင် ကျန်းကျန်းက သူမ၏စိတ်ထဲ၌ အချိန်အတော်ကြာအောင် ဖုံးကွယ်ထားခဲ့သည့် သံသယများကို မေးခဲ့သည်။

“ရှင့်ရဲ့ပြင်သစ်ဘာသာစကားအဆင့် နဲ့ဆိုရင် ပြင်သစ်ဘာသာစကားကို ထပ်ပြီးလေ့လာဖို့ မလိုအပ်ဘူးလို့ ထင်တာပဲ၊ ရှင် ဘာလို့ ဒီမေဂျာကို ရွေးချယ်ခဲ့တာလဲ၊ ရှင်က ပျင်းပျင်းရိရိနဲ့ပဲ ဖြတ်သန်းသွားဖို့ စီစဥ်ထားခဲ့လို့လား”

ရှီကျွင့်ကျဲ သူမကို ပြန်ကြည့်လိုက်မိသည်။

“ဘာလို့ ဒီလိုမျိုးထင်ရတာလဲ၊ တကယ်တော့ ကိုယ်က နိုင်ငံတကာဆက်ဆံရေးမေဂျာကိုလည်း ထပ်ပြီးယူထားသေးတယ် “

ကျန်းကျန်းရဲ့ ရှုပ်ထွေးနေတာကိုမြင်တော့ ရှီကျွင့်ကျဲက သူ့၏အကြောင်းပြချက်များကို သူမဆီသို့ စတင်ရှင်းပြဖို့ လုပ်ဆောင်ခဲ့သည်။

“ကိုယ့်ရဲ့ အဖေက ပြင်သစ်မှာ နှစ်အနည်းငယ်လောက် သွားလေ့လာခဲ့တယ်လေ၊ ဒါကြောင့် ကိုယ် ငယ်ငယ်တုန်းကပြင်သစ်မှာနေခဲ့တယ် ဒီတော့ ကိုယ်လည်း ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်တယ်၊

ဒါပေမဲ့ ကိုယ်က ပြင်သစ်ဘာသာစကားကို အတော်လေးပြောဆိုနိုင်ရုံပဲရှိတာ ၊ ကိုယ် ကျောင်းမှာ အရေးအသားဝေါဟာရတချို့ကို တတ်နိုင်သမျှ ထပ်ပြီး သင်ယူချင်သေးတယ်၊ ဒါက ကိုယ့်ရဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူဖြစ်စေလိမ့်မယ်”

“အနာဂတ်အသက်မွေးဝမ်းကြောင်း?”

ကျန်းကျန်း သူ့ကိုကြည့်ပြီး ပြန်မေးလိုက်မိတယ်။

“ရှင် ဘွဲ့ရပြီးရင် ဘာလုပ်ချင်တာလဲ”

ရှီကျွင့်ကျဲ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အိပ်မက်ကို ပထမဆုံး အကြိမ်အဖြစ် တခြားသောလူတစ်ယောက်ဆီမှာ ချပြခဲ့သည်။

“ကိုယ် သံတမန်တစ်ယောက် ဖြစ်ချင်တယ်၊ ဒါကြောင့်ပဲ ပြင်သစ်ဘာသာစကားမေဂျာကို သင်ယူရုံမကဘဲ နိုင်ငံတကာ ဆက်ဆံရေးမေဂျာကိုပါ ပူးတွဲပြီး သင်ယူခဲ့တာ”

“ရှင်က သံတမန်တစ်ယောက် ဖြစ်ချင်တာလား!”

ကျန်းကျန်း သူ့ကို အလွန်အမင်းလေးစားအားကျစွာ ကြည့်လာခဲ့သည်။

“ရှင်က ရှင််အတွက် အသက်မွေးဝမ်းကြောင်း အစီအစဉ်ကို အရမ်းကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်ထားတာပဲ! အရမ်းလေးစားစရာကောင်းတယ်!”

ကျန်းကျန်းက သူ့ကို ပွင့်ပွင့်လင်းလင်း ချီးမွမ်းစကားပြောလာသည်ကို ကြားလျှင် ရှီကျွင့်ကျဲတစ်ယောက် အနေရခက်သွာဖြင့် သူ၏ အင်္ကျီကော်လံကို အနည်းငယ်သပ်ရပ်အောင်ပြင်ဆင်လိုက်သည်။

“တကယ်တော့ ကိုယ့်ရဲ့အဖေက သံတမန်ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ နိုင်ငံအတွင်း အရေးအခင်းလှုပ်ရှားမှုတွေဖြစ်လာခဲ့တာကြောင့် သံတမန်အလုပ်ကနေ ဖိအားပေးပြီးဆိုင်းငံ့ခံထားခဲ့ရတာ”

ရှီကျွင့်ကျဲ သူ၏ အသံကို လျှော့လိုက်သည်။

ထို့နောက် သူ ခေါင်းကို အသာငုံ့ကာ သူ့၏ဘောင်းဘီရှည်ကို ကြည့်ပြီး ဆက်ပြောခဲ့သည်။

“ကိုယ် ငယ်ငယ်လေးကတည်းက ကိုယ့်ရဲ့အဖေ့ကို အရမ်းလေးစားခဲ့တယ်၊ အဲဒီအချိန်ကတည်းက ကိုယ်ကြီးပြင်းလာခဲ့ရင် အဖေ့လိုမျိုး သံတမန်တစ်ယောက်လို ဖြစ်ချင်ခဲ့တာ”

ရှီကျွင့်ကျဲ ကျန်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာခဲ့သည်။

“ကိုယ်တို့ရဲ့ ကျောင်းမှာရှိတဲ့ အဲဒီကျောင်းသားအုပ်စုက အခြေခံအားဖြင့် အနာဂတ်လမ်းကြောင်းကို ချမှတ်ထားပြီးသားပဲလေ၊ မင်းတို့ရဲ့ဂျာနယ်လစ်မေဂျာမှာ ရှိတဲ့ကျောင်းသားအားလုံးကို နိုင်ငံပိုင်မီဒီယာက ကြိုတင်စာရင်းသွင်းထားပြီးပြီလို့ ကိုယ်ကြားထားတယ်၊

ကိုယ်တို့ရဲ့စပိန်ဌာနကလည်း အတူတူပဲ၊ ကျောင်းမှာ စာဆက်သင်ဖို့ရွေးချယ်ထားတဲ့ လူတွေကလွဲရင် ကျန်တဲ့သူတွေကတော့ အခြေခံအားဖြင့် နိုင်ငံခြားရေးရာဌာနကို ဝင်လို့ရလိမ့်မယ်”

ကျန်းကျန်းက ထိုကဲ့သို့သတင်းများကို သိပ်ပြီးဂရုမစိုက်ခဲ့ပါချေ။

အဆုံးတွင် သူမသည်ကား သူမ၏ဘဝအတွက် အနာဂတ်အစီအစဉ်ကို ရှင်းရှင်းလင်းလင်း အစီအစဉ်ရှိပြီးသားဖြစ်ကာ သတင်းထောက်ဖြစ်စေ၊ တခြားအရာတစ်ခုခုသာဖြစ်စေ လမ်းတွင်ရှိနေခဲ့သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် တော်ဝင်မြို့တော်ရှိ ခြံဝင်းတစ်ခု၌ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ပန်းပင်များကိုရေလောင်းနေခဲ့ရင်း နံရံပေါ်ရှိ နာရီကိုကြည့်ကာ အတော်လေး ရှုပ်ထွေးနေခဲ့ပုံရပြီး ညည်းညူပြောဆိုလာခဲ့သည်။

“ကျွန်မ ကျွင့်ကျဲကို အစောပိုင်းအချိန်ကတည်းက သူ့အဖိုးအိမ်ကို ယပ်တောင် သွားပို့ခိုင်းလိုက်တာ၊ အခုဆို နာရီတော်တော်ကြာသွားပြီ၊ သူ ခုချိန်ထိ မလာသေးဘဲ ဘယ်နေရာဆီကိုရောက်နေတာလဲမသိဘူး?”

တစ်ချိန်တည်းတွင် အဘိုးအိုတစ်ယောက်သည်လည်း သူ့၏ ကိုယ်ပိုင် ခြံတံခါးဝနားမှ စားပွဲတွင် ထိုင်ကာလက်ဖက်ရည်အိုးကိုင်လျှက် လည်ပင်းကို ဆန့်တန်းကာ လှည့်ပတ်ကြည့်ရင်း ပြောလာလေ၏။

“ကျွင့်ကျဲက ငါ့ရဲ့ယပ်တောင်ကိုယူပြီး ထွက်ပြေးသွားတာတော့မဟုတ်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား?”

All Chapters