ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း
Vol. 20 Ch. 295
အခန်း (၂၉၅) : ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း
အောင်းယဲ့က လေထဲ ရပ်နေရင်း မျက်နှာပူလာသလို ခံစားလာရပြီး ဘေးပတ်ဝန်းကျင်မှ ထူးထူးဆန်းဆန်း အကြည့်များကြောင့် မသက်မသာ ဖြစ်လာမိသည်။
အောင်းယဲ့က ချောင်းအသာဟန့်ကာ “ ဒါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဝေးက ဧည့်သည်ကို ကြိုဆိုတဲ့ပုံစံလား”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားသည်။
သို့သော်လည်း သူ့အသံက တည်ငြိမ်နေဆဲ ဖြစ်၏ “ ဘယ်ဟုတ်ပါ့မလဲ … ကျုပ်တို့ ကြိုဆိုပွဲလေး ပြင်ထားပြီးပါပြီ။ နဂါးဘုရင် ဒီဘက်ကိုကြွပါ ”
ထိုစကားအဆုံးတွင အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဝိညာဉ်တောင်များက ခမ်းခမ်းနားနား တောက်ပလာသည်။
တိမ်တိုက်များက ကခုန်နေသလို ကြိုးကြာတို့ကလည်း ပျံဝဲနေကြပြီး နဂါးငါးတို့ကလည်း စမ်းချောင်းထဲကနေ တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက်လာကြသည်။ နတ်ဗိမာန်ကဲ့သို့ အံ့ဩဖို့ကောင်းလှသည်။
ဤအခိုက်အတန့်မျိုး၌ ချူးလုံဟယ်လည်း မဆင်မခြင် မပြုမူရဲဘဲ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စိတ်ခံစားချက်ကင်းမဲ့နေလျှင်ပင် ဒေါသထွက်လာပါက သူတော့ အရိုက်နှက်ခံရပေလိမ့်မည်။
ဂိုဏ်း ဂုဏ်သိက္ခာနှင့် ပတ်သတ်နေသည့် ကိစ္စကြီးတစ်ခု ဖြစ်၏။
နဂါးဝေါယာဉ်က အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးအတွင်း ရောက်ရှိလာကာ နဂါးအငွေ့အသက်နှင့် ကြီးကျယ်မှုတို့က ထင်းထွက်နေသည်။ သို့သော်လည်း စောစောလေးနှင့် ယှဉ်လိုက်လျှင် ထိုနဂါးများက စိတ်ဓာတ်ကျနေပုံပေါ်သည်။ သူတို့အားလုံး တိတ်တဆိတ် ပူဆွေးနေကြ၏။
ဘာကြောင့်လဲ …
အကြောင်းမှာ သူတို့က ဝါစဉ်အရ ရှုံးနိမ့်သွားပြီ မဟုတ်ပါလော။
နဂါးနက်ဘုရင် အောင်းယဲ့က နဂါးမျိုးနွယ်၌ အကြီးဆုံး စီနီယာထဲမှ တစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း ရှန်ထျန်းအား ဦးလေးဟု ခေါ်ရပေမည်။
တခြားနဂါးအစောင့်များက ရှန်ထျန်းအား မည်သို့ခေါ်ရမည်နည်း။ သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ အကြီးအကဲများကို မည်သို့ခေါ်ရမည်နည်း။
အဆုံးသတ်၌ သူတို့က အံ့ဖွယ်မိုးကောင်းကင်မှ အကြီးအကဲများအား အနည်းဆုံးတော့ အဘိုးဟု ခေါ်ရပေမည်။
သူတို့စွမ်းအား ပြသ၍ အံ့ဖွယ်မိုးကောင်းကင်မှ လူများကို ခြိမ်းခြောက်မည့်အကြောင်း ပြောစရာမလိုတော့ပေ။ သူတို့ မျက်နှာမပျက်လျှင် ကံကောင်းနေလေပြီ။
………....
အံ့ဖွယ်မိုးကောင်းကင်၏ ကြိုဆိုပွဲအခမ်းအနား၏ အဓိက ဧည့်သည်တော်က နဂါးနက်ဘုရင် ဖြစ်နေသည့်အတွက် အင်မတန် ကြီးကျယ်ပေသည်။
မြောက်ပင်လယ်၏ နဂါးနက်ကျွန်း အဆင့်အတန်းက တောင်ပိုင်းနယ်မြေ၏ နိဗာနတောင်တန်းနှင့် ယှဉ်နိုင်သည်။ သူတို့နှစ်ဦးလုံးက နယ်မြေတစ်ခုလုံးကို အုပ်စိုးထားသည့် ခေါင်းဆောင်များ ဖြစ်ကြသည်။
နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အဆင့်အတန်းက နဂါးနက်ကျွန်းထက် အတော်လေး နိမ့်ကျနေသည်။ ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနှင့် နဂါးနက်ဘုရင်အတွက် ကြိုဆိုပွဲအခမ်းအနားက ကြီးကျယ်နေခြင်း ဖြစ်၏။
သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင်၏ အကြီးအကဲများအနေနှင့် နဂါးနက်ကျွန်း၏ အဆင့်အတန်းက သူတို့ကို ဖိနှိပ်နေသည့် ခံစားချက်မျိုး မရှိကြပေ။
အချုပ်အားဖြင့် သူတို့က ခေါင်းမော့ရင်ကော့ထားလျက် ရှိသည်။
ဘာကြောင့်လဲ …
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ သူတို့ရဲ့ သူတော်စင်ရှန်ထျန်း ရှိနေတယ်လေ ဟားဟား …
ပွဲအခမ်းအနား စတင်ပြီ ဖြစ်၍ ထိုအကြီးအကဲများက ဤသို့သော စကားများသာ ပြောကြသည်။
“ ငါတို့သူတော်စင်လေးက ဘယ်လောက်တာင် ကောင်းလိုက်လဲ …”
“ ငါတို့ဂိုဏ်းရဲ့ သူတော်စင်က ကောင်းချီးပေးခံထားရတာပဲ …”
“ ငါတို့သူတော်စင်က နတ်ဧကရာဇ် ဖြစ်လာဖို့ အလားအလာရှိတယ် ”
ထိုစဉ် နဂါးနက်ကျွန်းမှ နဂါးများနှင့် နဂါးဘုရင်က ထိုစကားများ ကြားသည့်အခါ အံ့ကြိတ်လိုက်မိကြသည်။
အစက သူတို့သည် ဧည့်ခံပွဲအခမ်းအနား၌ သူတို့တပည့်များကို ချီးကျူးဖို့ ပြင်ထားကြသည်။ သို့သော်လည်း ယခုအခြေအနေမှာ ထူးခြားလွန်းပြီး ရှန်ထျန်းက နဂါးဘုရင် အောင်းယဲ့၏ စီနီယာတစ်ဦး ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် အောင်းယဲ့အနေနှင့် ရှန်ထျန်းကို ထိ၍ မဖြစ်တော့ဘဲ အားတင်းပြုံးကာ ပြောလိုက်ရသည် “ဦးလေးက အရမ်းပါရမီထူးပြီး ကြိုးစားတာဆိုတော့ ဝိဇ္ဇာတစ်ပါး ဖြစ်လာဖို့ အနှေးနဲ့အမြန်ပဲ … ”
ထိုမြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် ကျောရိုးတစ်လျှောက် ကြက်သီးထလာမိသည်။
ဒေါ်လေးအောင်းပင်း ဒီတစ်ခါတော့ တကယ်ကြီး လုပ်ချလိုက်ပြီဗျာ …
................
နဂါးအားလုံး စိတ်ဓာတ်ကျနေခြင်းတော့ မဟုတ်ပေ။ အောင်းဝူက နမူနာကောင်း တစ်ခု ဖြစ်ပြီး စိတ်အခြေအနေကောင်းမွန်နေလေ၏။
အကြောင်းမှာ သူက ရှန်ထျန်းကို အဘိုးလေးဟု ခေါ်ရမည်ဖြစ်သော်လည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာကြသည့် နဂါးအစောင့်များက သူနှင့် ဝါစဉ်တူ ဖြစ်ကြသည်။ ထို့အပြင် သူတို့က သူ့ထက် များစွာအသက်ကြီးနေလျက်နှင့် ရှန်ထျန်းအား ဦးလေးဟု ခေါ်ရမည် ဖြစ်ကြောင်း တွေးလိုက်သောအခါ အောင်းဝူက ဖိအားမခံစားရတော့ပေ။
ငါ့ထက် အခြေအနေ ဆိုးတဲ့သူ ရှိနေသရွေ့ နေလို့ကောင်းတယ် …
နဂါးနက်ဘုရင်ကလည်း စားသောက်ပြီးသည်နှင့် စားပွဲမှ ချက်ချင်း ထွက်လာလိုက်သည် “ ဂိုဏ်းချုပ်လုံယွမ် အရှင်းဆုံးပြောရရင် ကျုပ်က ဒေါ်လေးကို ခင်ဗျားရဲ့ အထွတ်အမြတ်မြေကနေ နဂါးနက်ကျွန်းဆီ ပြန်ဖို့ လာခေါ်တာ … ”
လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း မြောက်ပင်လယ်၏ တစ်ကောင်တည်းသော အဆင့် ၉ နဂါးနက်အနေနှင့် သူမက နဂါးနက်ကျွန်း၌ အစားထိုးမရနိုင်သည့် အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသည်။
သူမ နဂါးနက်မျိုးနွယ်ဆီ ပြန်ပြီး ကျင့်ကြံဆင့် ပြန်ရကာ ထိပ်တန်းအနေအထားသို့ ပြန်ရောက်ပြီးသည့်နောက်မှသာ ဇာမဏီအရှင်မနှင့် ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက် ရှိလာပေမည်။ ထိုအခါ နဂါးနက်မျိုးနွယ်က မြောက်ပင်လယ်ကို အုပ်စိုးလွှမ်းမိုးနိုင်မည့် စွမ်းအားရှိကာ ခေါင်းဆောင်အစစ်အမှန် ဖြစ်လာလိမ့်မည်။
သို့သော်လည်း အောင်းပင်းသာ အပြင်ဘက်မှာ ရှိနေပါက သူမ ကျင့်ကြံဆင့်ကို မြန်မြန် ပြန်မရနိုင်ဘဲ ဘေးတွေ့လာနိုင်သည်။
နယ်မြေငါးခုက အေးချမ်းဟန်ပေါ်နေသော်လည်း အပေါ်ယံမျှသာ ဖြစ်ပြီး နဂါးနက်မျိုးနွယ် ပြန်လည်မြင့်တက်လာမှာကို လူတိုင်းက လိုလားကြသည်မျိုး မဟုတ်ပေ။
ဇာမဏီအရှင်မက သူမ ပြိုင်ဖက် ပြန်လည်နိုးထသည်ကို ဝမ်းသာလောက်သော်လည်း တောင်ပိုင်းနယ်မြေ၏ အခြားသော ဝိဇ္ဇာများ ထိုသို့တွေးမည် မဟုတ်ပေ။
မြောက်ပင်လယ်၏ စွမ်းအားကြီးမျိုးနွယ်တချို့က နဂါးမျိုးနွယ်ပေါ် သစ္စာမရှိကြောင်း ထည့်မပြောရသေးပေ။
ထို့အပြင် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ပုဂ္ဂိုလ်များက လှုပ်ရှားလာနိုင်သည်။
နဂါးဝိဇ္ဇာလောင်းကို သတ်ဖြတ်ဖို့က မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် သေချာပေါက် ဆွဲဆောင်မှု တစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် အောင်းပင်းကို နဂါးနက်ကျွန်းဆီ ပြန်ခေါ်ဖို့ အလွန်အရေးပါနေခြင်း ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကောင်းကင်အရှိန်အဝါတို့က အသာလှုပ်ခတ်သွားပြန်သည်။
“ နဂါးမယ် အောင်းပင်းက နဂါးနက်ကျွန်းရဲ့မင်းသမီးဆိုတော့ သူမ နဂါးနက်ကျွန်းဆီ ပြန်တာ သဘာဝကျပါတယ်။ ပြီးတော့ သူမက ကျုပ်တို့ ထျန်းအာနဲ့ စာချုပ်ချုပ်ဆိုတာဆိုတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူမကို အချိန်မရွေး ကြိုဆိုပါတယ်။
ကျုပ်တို့နဲ့ နဂါးနက်ကျွန်းတို့ ဆက်ဆံရေးပြေလည်ပြီး မိသားစုတစ်ခုလိုမျိုး ကြာရှည်ခံတဲ့ ဆက်ဆံရေးမျိုး ရှိလာဖို့ မျှော်လင့်ပါတယ် ”
မိသားစုမျိုးတဲ့လား…
အောင်းယဲ့က မဲ့ရွဲလိုက်မိသည်။ အရှင်းဆုံးပြောရလျှင် သူက မိသားစုအဖြစ် တကယ်ကြီး အသိအမှတ်မပြုချင်ပေ။
သို့သော်လည်း အကျိုးဆက်က ရှုပ်ထွေးလာမည်ကို စိုး၍ မငြင်းလိုက်ပေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်က အောင်းပင်းအား ပြန်ခေါ်ဖို့ မပိတ်ပင်သည့်အတွက် အောင်းယဲ့က သက်ပြင်းချလိုက်မိသည်။
အဆင့် ၉ နဂါးသွေးမျိုးဆက်သည် အထွတ်အမြတ်မြေအတွက်ပင် မျက်စိကျလောက်စရာ ဖြစ်၏။ သူတို့က အောင်းပင်း၏ သွေးအဆီအနှစ်ကို ခိုးယူကာ ဆေးလုံးများ၊ လက်နက်များ ဖန်တီးနိုင်သည်။ ပို၍ ဆိုးပါက အောင်းပင်းကို အသုံးချ၍ နဂါးနက်ကျွန်းအား အကျပ်ကိုင်ကာ ရတနာများစွာ တောင်းဆိုကြလိမ့်မည်။
အောင်းပင်း၏ တန်ဖိုးမှာ တိုင်းတာမရနိုင်ပေ။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူမအား အလွယ်တကူ ပြန်ခွင့်ပေးလိုက်သည်မှာ ရှားပါးလှပေသည်။
ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အပေါ် သူ့အမြင်တို့ အနည်းငယ် ကောင်းမွန်လာရသည်။
“ အဲဆိုတော့ ဒေါ်လေးအောင်းပင်း ကျွန်တော်တို့ နဂါးနက်ကျွန်းဆီ ဘယ်တော့ပြန်ကြမလဲ ”
အောင်းယဲ့က အောင်းပင်းအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ သူက တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေမိသည်။ သူက အားလုံးနီးပါး သူ့ထက် ဝါစဉ်ကြီးနေကြသည့် အထွတ်အမြတ်မြေတွင် တစ်စက္ကန့်လေးပင် မနေလိုတော့ပေ။
“ နဂါးနက်ကျွန်းဆီ ပြန်ဖို့လား ”
အောင်းပင်းက သေရည်သောက်ရင်း ပြောလိုက်သည်။ အောင်းယဲ့က သူမကို ပြန်ခေါ်မည့်အကြောင်း ကြားလိုက်သည့်အခါ ချက်ချင်း ဆူပုတ်သွားလေ၏။
“ ဘာလို့ပြန်ရမှာလဲ … နဂါးနက်ကျွန်းက အားလုံး ရုပ်ဆိုးတယ်။ တစ်ယောက်မှ ကြည့်မကောင်းဘူး ”
အောင်းယဲ့ “ … ”
အောင်းပင်းက ရှန်ထျန်း လက်မောင်းကို ဖက်ထားလိုက်ရင်း “ရှန်ထျန်းက ချောတယ်။ သူ့အနားမှာပဲ နေမယ် ”
ကျန်းယွင်ရှီး၏ မျက်နှာထားက ဖြည်းဖြည်းချင်း မှုန်မှိုင်းလာသည် “ နဂါးမယ် အောင်းပင်းက လွန်သွားပြီ။ ဂိုဏ်းတူမောင်လေး ရှန်ထျန်းက စာချုပ်ချုပ်ဆိုထားသူဆိုပေမဲ့ အမြဲတမ်း အပိုင်သိမ်းထားလို့ မရဘူးလေ ”
အောင်းပင်းက ကျန်းယွင်ရှီးအား တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။
“ ကလေးမလေး မင်းရဲ့အရပ်ကိုမှ မထောက် ပြားချပ်နေတဲ့ ရင်ဘတ်ကို ကြည့်လိုက်ပါဦး … ငါ့ကို မေးခွန်းလာထုတ်နေတာလား။ ဘာလဲ မင်းက ဘယ်လောက်ရင်ဘတ်ပြားကြောင်း သက်သေပြဖို့ ကြိုးစားနေတာလား ”
ကျန်းယွင်ရှီး၏ စားပွဲမှ ရွှေရောင်မိုးကြိုး ထွက်ပေါ်လာသည် “ နဂါးအိုမကြီး လွန်လွန်းသွားပြီ ”
နဂါးနက်ဘုရင်၏ မျက်နှာထားလည်း မည်းနက်သွားကာ “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မ … ကျုပ်အဒေါ်အပေါ် လေးစားမှုရှိပြီး အပြောအဆို ဂရုစိုက်ပေးပါ ”
ကျန်းယွင်ရှီးက သရော်လိုက်သည် “ သူမက နဂါးဘုရင်ရဲ့ အဒေါ်ဆိုပေမဲ့ သူမက ကျွန်မနဲ့ ဝါစဉ်အတူတူပဲ”
အောင်းယဲ့ “… ”
ငါ ဒေါသထွက်နေပြီ … နဂါးမီးနဲ ဒီကောင်မလေးကို လောင်မြိုက်ပစ်လိုက်ချင်တယ်
...............
နဂိုတွဲဖက်ညီနေသည့် လေထုကနေ တုတ်ဓားဆွဲမည့် အနေအထားသို့ ရောက်ရှိသွားသည်ကို မြင်ပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝင်ပြောလိုက်ရတော့သည်
“ ယွင်ရှီး မယဉ်မကျေးမလုပ်နဲ့လေ။ နဂါးဘုရင်၊ နဂါးမယ်လေး စိတ်အေးအေးထားပါ … နဂါးမယ်လေးရဲ့ အခြေအနေက ထူးခြားတယ်ဆိုတော့ နဂါးနက်ကျွန်းဆီ ပြန်ပြီးတော့ ကျင့်ကြံဆင့် ပြန်ရအောင်လုပ်ဖို့ အကြံပြုချင်ပါတယ်။
အရင်ဆုံး နဂါးနက်ကျွန်းက နဂါးမျိုးနွယ်ရဲ့ ဘိုးဘွားပိုင်နယ်မြေဆိုတော့ ကျင့်ကြံဆင့်ကို မြန်မြန်ပြန်ရဖို့ သီးသန့်နည်းလမ်းတွေရှိမှာ သေချာတယ်။ နဂါးနက်ကျွန်းမှာဆိုရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်တယ်။
ဒုတိယအနေနဲ့ နဂါးမယ် အောင်းပင်းက နိဗာနကို ဖြတ်ကျော်ပြီး ပြန်လည်မွေးဖွားလာတဲ့ သတင်းက အတော်လေး ပျံ့နေပြီ။ အဲဒါကြောင့် ဒုက္ခပေးချင်တဲ့လူတွေလည်း ရှိလာမှာပဲ … ကျုပ်တို့ဂိုဏ်းဆီ ဧည့်သည်တော်တွေ အများကြီး လာနေတာဆိုတော့ နဂါးမယ်အောင်းပင်းရဲ့ ဘေးကင်းမှုကို အာမခံပေးနိုင်မှာ မဟုတ်ဘူးလေ …
တကယ်လို့ နဂါးမယ်အောင်းပင်းသာ နည်းနည်းလေး ထိခိုက်မိသွားရင် ကျုပ်တို့ဘက်က နဂါးနက်ကျွန်းကို ဘာမှပြန်မလုပ်ပေးနိုင်ဘူးလေ။ နဂါးနက်ကျွန်းမှာ အားကောင်းတဲ့ မြင့်မြတ်နဂါးတွေလည်း ရှိတာဆိုတော့ နဂါးမယ်အောင်းပင်းသာ ပြန်သွားရင် အကောင်းဆုံး အကာအကွယ်ကို ရမှာ သေချာပေါက်ပဲ …
တတိယအချက်အနေနဲ့ နဂါးနက်ဘုရင်က ဒီတစ်ခါကိုယ်တိုင် ရောက်လာတာဆိုတော့ နဂါးမယ်လေး ပြန်လိုက်သွားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ နဂါးနက်ဘုရင်ရဲ့ ကာကွယ်မှုအောက်မှာ ဘယ်သူမှ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပူးပေါင်းသည်ကို မြင်ကာ နဂါးနက်ဘုရင် အောင်းယဲ့က ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
ဟူး အနည်းဆုံးတော့ သူက အသိစိတ်ရှိသေးတာပဲ
ထားလိုက်ပါတော့ … သူနဲ့ တတိယမင်းသားတို့က မှတ်ဉာဏ်ဆိုးတွေ ရှိခဲ့ပေမဲ့ ငယ်ရွယ်တုန်း ပဋိပက္ခဖြစ်ကြတာ ပုံမှန်ပါပဲလေ ….
တကယ်လို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ တကယ် ပါရမီထူးပြီး ဒေါ်လေးအောင်းပင်းက ကြိုက်နေမှတော့ အခွင့်အရေးလေး ပေးလိုက်ရတာပေါ့
ဝါစဉ်ကိစ္စကိုတော့ …
အရှေ့ပိုင်းလွင်ပြင်နှင့် မြောက်ပင်လယ်တို့က မိုင်ထောင်ချီ ကွာဝေးပေသည်။
အများဆုံး ငါ အရှေ့ပိုင်းလွင်ပြင်ကို နောင်ကျရင် မလာရုံပေါ့ …
အောင်းယဲ့က စိတ်ထဲ အကုန်စဉ်းစားပြီးနေလေပြီ။
တစ်ဖက်တွင် အောင်းပင်းက ဆူပုတ်ဆူပုတ်ဖြင့် “ ငါ သိတယ် ဒါပေမဲ့ မပြန်ချင်ဘူး ”
နဂါးနက်ကျွန်းကို ပြန်ရမှာတဲ့လား။ ငါ့ထက် ငယ်တဲ့ ကလေးတွေ ပြည့်နေတဲ့ နေရာလေ … သူတို့က မြေး၊ မြစ်၊ တီ၊ တွတ် အရွယ်လောက် ဖြစ်နေမှာလေ …
ငါက လက်တွဲဖော်တောင် ရှာမတွေ့ဘဲနဲ့ အဖွားအရွယ် တန်းဖြစ်သွားတာလား။ လုံးဝ မပြန်ဘူး .. ဘယ်လိုဖြစ်ဖြစ် လုံးဝ လုံးဝ မပြန်ဘူး
ရှန်ထျန်းဘေးမှာ နေရတာ ပိုကောင်းတယ် … သူက ရုပ်ချောတယ်။ ပြီးတော့ သေရည်လည်း အလကားသောက်ရတယ် … ဘဝကြီးက နေပျော်စရာကြီး
အောင်းယဲ့ “… ”
သူမက ဘာလို့ နေချင်နေရတာလဲ … နဂါးနက်ကျွန်းက သူမနဲ့ မထိုက်တန်ဘူးလို့များ တွေးနေတာလား …
အောင်းယဲ့က ငိုလုမတတ် ဖြစ်နေလေပြီ။
“ဒေါ်လေးအောင်းပင်း ပြန်လိုက်ဖို့ ကျွန်တော် ဘာလုပ်ပေးရမလဲ ”
အောင်းပင်းက ပြန်ဖြေလိုက်သည်
“ ဘာလို့ ပြန်လိုက်ရမှာလဲ။ ငါတို့နဂါးနက်ကျွန်း သမိုင်းကြောင်းရဲ့ ပြိုင်ဖက်ကင်း နဂါးတွေအားလုံးက နယ်မြေငါးခုမှာ ခရီးသွားလာရင် အဲလိုအဆင့်မျိုး ရောက်လာကြတာလေ။ ငါက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ နိဗာနဖြတ်ကျော်ပြီးကတည်းက ပစ်မှတ်ထားခံရမှာကို မကြောက်တော့ဘူး။ ပြီးတော့ အကာအကွယ်အတွက် နဂါးနက်ကျွန်းကိုလည်း မမှီခိုချင်ဘူး ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြုံးကာ “ နဂါးနက်ဘုရင် … တကယ်လို့ ကျုပ်ခန့်မှန်းတာသာ မမှားရင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက နောက်လကျ ပေါ်လာတော့မှာမလား”
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းလား …
ကျန်းလုံယွမ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ…
အောင်းယဲ့က အေးစက်စက် ပြောလိုက်သည် “ ဟုတ်တယ် ဒါပေမဲ့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက အသက်ငါးရာအောက်ကလူပဲ ဝင်ခွင့်ပြုတာ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည် “ ကျုပ် ကြားတာတော့ မြောက်ပင်လယ်ရဲ့ မျိုးနွယ်အသီးသီးရဲ့ ပါရမီရှင်တွေနဲ့ လူသားတွဲဖက်ကပဲ ဝင်ခွင့်ရှိတယ်ဆို .. အခု ထျန်းအာက နဂါးမယ်အောင်းပင်းနဲ့ စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတော့ သူ့အနေနဲ့ ကြယ်တာရာကျွန်းဆီ ဝင်ဖို့ အရည်အချင်း ပြည့်မှီနေပြီမလား ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲ ဝင်ချင်တာလား …
အောင်းယဲ့က မျက်မှောင်ကြုတ်လိုက်မိသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသည် မြောက်ပင်လယ်၏ အရေးပါဆုံး ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်ကြောင်း သိရပေမည်။ မြောက်ပင်လယ်၏ ရှုပ်ထွေးပွေလီ အစီအရင်အတွင်းပိုင်း ပုန်းအောင်းနေပြီး ထူထဲသော ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။ ဝိဇ္ဇာများပင် မချိုးဖောက်နိုင်ကြပေ။
ရှုပ်ထွေးပွေလီ အစီအရင်၌ နှစ်သုံးရာတိုင်း သဏ္ဌာန်မဲ့အချိန်အခါမျိုး ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ အက်ကြောင်းများ ပေါ်လာတတ်၏။
မြောက်ပင်လယ်၏ မျိုးနွယ်စု ပါရမီရှင်များက ထိုအက်ကြောင်းများမှတဆင့် ကျွန်းဆီ ဝင်ရောက်နိုင်ကြသည်။
မြောက်ပင်လယ်အထက် ကျွန်းများသောင်းချီကာ ကောင်းကင်၌ ချိတ်ဆွဲထားသည့် ကြယ်တာရာများသဖွယ် မျှောလွင့်ပြီး တည်ရှိနေသည်။
ထိုကျွန်းကို အုပ်လွှမ်းထားသော သဘာဝအကာအရံကို ချိုးဖောက်ကာ ဝင်နိုင်သရွေ့ ကံအပြောင်းအလဲ အခွင့်အရေးနှင့် ရတနာများစွာ ရရှိလာနိုင်သည်။
အံ့ဖွယ်လက်နက်များ၊ တော်ဝင်ကျမ်းများနှင့် ထူးခြားအံ့ဖွယ်ပစ္စည်းများပင် တစ်ကြိမ်ထက်မက ရှာတွေ့သွားကြသည်။ ပြောရလျှင် မြောက်ပင်လယ်၏ ကံအပြောင်းအလဲ အခွင့်အရေး ၃၀ ရာခိုင်နှုန်းလောက်က ထိုကျွန်းဆီမှ ဖြစ်၏။
၃၀ ရာခိုင်နှုန်းဆို၍ အထင်မသေးသင့်ပေ။
မြောက်ပင်လယ်သည် အလွန်ကျယ်ပြောပြီး အနက်က တိုင်းတာ၍ မရပေ။ ထိုအတွင်း တည်ရှိနေသော ကံအပြောင်းအလဲ အခွင့်အရေးနှင့် ရတနာများက အတိုင်းအဆမဲ့ ဖြစ်၏။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသည် နှစ်သုံးရာနေမှ တစ်ခါပေါ်ထွက်လာလေ့ ရှိပြီး တစ်ခါလျှင် တစ်နှစ်မျှသာ ကြာမြင့်သည်။ ထိုတစ်နှစ်အတွင်း အကျိုးမြတ်များက နှစ်သုံးရာကျော် ရှာဖွေရသော ရတနာများနှင့် ညီမျှပေသည်။
ထို့ကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၌ ရတနာများ မည်မျှပေါများကြောင်း တွေးကြည့်နိုင်သည်။ ကြောက်ခမန်းလိလိ ဖြစ်၏။
………………..
အောင်းပင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ဝင်ကာ မျိုးဆက်တူအတွင်း အားလုံးကို လွှမ်းမိုးပြီး ကံအပြောင်းအလဲ အခွင့်အရေးအများစုကို ရရှိခဲ့ကြောင်း သိထားရပေမည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင် သူ့စည်းမျည်းများ ရှိသည်က နှမြောဖို့ ကောင်းလှပြီး သက်တမ်းငါးရာအထက် သက်ရှိများကို ဝင်ခွင့် တားဆီးထားသည်။ အကယ်၍ သူတို့က အတင်းကျူးကျော်လာမည်ဆိုလျှင် နဂိုပျောက်ကွယ်နေသော ရှုပ်ထွေးပွေလီ အငွေ့အသက်များက ချက်ချင်း ထွက်ပေါ်လာကာ သူတို့အား ဝါးမျိုသွားလိမ့်မည်။
ထိုအခါ မည်မျှပင် အားကောင်းစေကာမူ ရှုပ်ထွေးပွေလီ အငွေ့အသက်ကြောင့် ပြိုကွဲသွားပေသည်။
ထိုကြောင့်သာ မဟုတ်လျှင် အောင်းပင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ထပ်ဝင်ပြီး ကံအပြောင်းအလဲ အခွင့်အရေးများကို ထပ်ရယူနိုင်လိမ့်မည်။
အောင်းယဲ့က အေးအေးဆေးဆေး ပြောလိုက်သည် “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒေါ်လေးအောင်းပင်းနဲ့ စာချုပ်ချုပ်ထားတယ်ဆိုတော့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ဝင်ဖို့ အရည်အချင်း ပြည့်မှီပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ကျုပ်က ဒေါ်လေးအောင်းပင်းကို နဂါးနက်ကျွန်းဆီ ခေါ်ဖို့ လာတာလေ … ဒါသာ မလုပ်နိုင်ရင် ပြန်မသွားနိုင်လောက်ဘူး ”
လာနောက်နေတာလား .. ငါက ဒေါ်လေးကို လာခေါ်တာလေ ဦးလေးကိုမှ မဟုတ်တာ …
သူ့ကို ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ဝင်ခိုင်းချင်တာလား။ အဲဆို ဒေါ်လေးအောင်းပင်းကို ပြန်ခိုင်းဖို့ နည်းလမ်းကို အရင်စဉ်းစားလိုက်ဦး
မဟုတ်ရင်တော့ မင်းတို့ဂိုဏ်းက သူတော်စင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ဝင်ပြီး ကံအပြောင်းအလဲ အခွင့်အရေးရမယ် ထင်နေလား … အိပ်မက်မက်နေလိုက်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြုံးကာ “ အဲဆိုရိုးရိုးလေးပါ။ ထျန်းအာ နဂါးနက်ဘုရင်နောက် လိုက်ပြီး အောင်းပင်းကို နဂါးနက်ကျွန်းဆီ ပြန်ပို့ပေးလိုက်ရင် ဘယ်လိုလဲ … ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စကားအဆုံးတွင် အောင်းပင်းအား လှည့်ကြည့်လိုက်သည် “နဂါးမယ်လေးရော ဘယ်လိုထင်လဲ။ ထျန်းအာက အတူတူလိုက်ပြီး အဖော်ပြုပေးမှာဆိုတော့ အဆင်ပြေတယ်မလား ”
အဖော်ပြုပေးမှာလား …
အောင်းပင်းက ရှန်ထျန်းကို ကြည့်လိုက်ပြီးနောက် ဘေးတွင် အံ့ကြိတ်နေသည့် ကျန်းယွင်ရှီးအား တစ်ချက်ကြည့်လိုက်သည်။ သူမ ကလေးမျက်နှာလေး၌ ကျီစယ်လိုသည့် အပြုံးလေး ထွက်ပေါ်လာသည် “ ရှန်ထျန်းက အတူတူ လိုက်ပေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်လေ ”
ကျန်းယွင်ရှီး “ … ”
အောင်းယဲ့ “… ”
သူမက ဒီလောက်လွယ်လွယ်လေး သဘောတူလိုက်တာလား …
ငါက အချိန်အကြာကြီး ဖျောင်းဖျခဲ့တာလေ … အခုတော့ “ရှန်ထျန်းက အဖော်ပြုပေးမှာ” ဆိုတဲ့ စကားလေးနဲ့ ဒေါ်လေးအောင်းပင်းက နာနာခံခံ အိမ်ပြန်တော့မယ်တဲ့လား …
အရင်တုန်းက အဖေပြောခဲ့သမျှက အမှန်တွေပဲ … ဒေါ်လေးအောင်းပင်းက ရုပ်ချောတဲ့လူဆီ အားပျော့သွားတတ်တာပဲ
.................
နဂါးနက်ဘုရင်က ကြိုဆိုပွဲအခမ်းအနားကို မဆင်နွဲလိုက်ရဘဲ နှုတ်ဆက်ပွဲ အခမ်းအနား တန်းဖြစ်သွားတော့သည်။
အောင်းယဲ့က စားသောက်ပြီးနောက် အောင်းပင်းနှင့် ရှန်ထျန်းအား နဂါးဝေါယာဉ်ထဲ ဖိတ်ခေါ်ကာ မြောက်ပင်လယ်ဆီ ဒုန်းဆိုင်းပြန်သွားလေသည်။
သူက ဒီနေရာ၌ ကြာကြာမနေလိုပေ။ ဝါစဉ်ကွာခြားချက်က အရမ်းကြီးမားလွန်း၏။
နဂါးဝေါယာဉ်က အဝေးသို့ ပျံသန်းသွားစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဝေးမှ ကြည့်နေလိုက်သည်။
သူ့အနီးအနားရှိ ကောင်းကင်အရှိန်အဝါတို့သည်လည်း အသာလှုပ်ခတ်နေသည်။
“ ထျန်းအာရေ အောင်ပွဲနဲ့ ငါတို့အထွတ်အမြတ်မြေဆီ ပြန်လာမဲ့အချိန်ကို စောင့်နေမယ် ”