← Chapters

နူးနူးညံ့ညံ့  ခုံးနတ်မိမယ်လေးများ

Vol. 20 Ch. 296

နူးနူးညံ့ညံ့  ခုံးနတ်မိမယ်လေးများ

Vol. 20 Ch. 296

အခန်း (၂၉၆)  : နူးနူးညံ့ညံ့  ခုံးနတ်မိမယ်လေးများ

နဂါးဝေါယာဉ်၏ အမြန်နှုန်းက အံ့မခန်း ဖြစ်၏။

နှစ်ရက်တာအတွင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ မြောက်ပင်လယ်သို့ ရောက်ဖို့ ခရီးတစ်ဝက်ကျိုးလာခဲ့လေပြီ။

ရှန်ထျန်းက ယခင်နှစ်ရက်အတွင်း နဂါးနက်ဘုရင်ကို တစ်ခါမှ မမြင်ရပေ။ အံ့ဖွယ်နဂါးအစောင့်များ၏ စကားအရ နဂါးနက်ဘုရင်သည် သီးသန့်လေ့ကျင့်နေလေသည်။

သူ တကယ်လေ့ကျင့်နေလား၊ လေ့မကျင့်နေလားဆိုတာတော့ အောင်းယဲ့သာ သိပေမည်။

မြောက်ပင်လယ်သို့ သွားနေသည့် လူသားထဲ ရှန်ထျန်း တစ်ယောက်တည်း မဟုတ်ချေ။ နဂါးနက်မျိုးနွယ်နှင့် စာချုပ်ချုပ်ဆိုထားသော တခြားလူသားတွဲဖက်ဖြစ်သည့် ချီရှောက်ရွမ်လည်း ခရီးထွက်လာလေသည်။

အောင်းဝူ၏ လူသားတွဲဖက်အနေနှင့် ချီရှောက်ရွမ်လည်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ဝင်ခွင့်ရထားသည်။

အောင်းပင်းက ထိုကိစ္စနှင့် ပတ်သတ်၍ မပျော်ပေ။ သူမ၏ အမြင်အရ ချီရှောက်ရွမ်သည် ရှန်ထျန်းလောက် မကောင်းပေ။ နဂါးနက်မျိုးနွယ်တွင် လူသားတွဲဖက်တစ်ယောက်သာ လိုပေ၏။ ထိုချီရှောက်ရွမ်က သာမန်မျှဖြစ်၍ အဆင့်မမီပေ။

ရှင်းရှင်းဆိုရလျင် အောင်းပင်းက လုံးဝကို မကျေနပ်ပေ။

နဂါးနက်မျိုးနွယ်ကလည်း အောင်းပင်း၏ အမြင်ကို အလေးထားကြသည်။ ချီရှောက်ရွမ်က နဂါးနက်မျိုးနွယ်မှ နုတ်ထွက်ရတော့မည့်အဖြစ်ကို မြင်ကာ ရှန်ထျန်းက ဝင်ပြောလိုက်သည်။

သူက အောင်းပင်းအား တောင်းဆိုလိုက်သောကြောင့် နောက်ဆုံးတွင် သူမက လိုက်လျောလိုက်ပြီး ချီရှောက်ရွမ်အား လူသားတွဲဖက် ဆက်ဖြစ်စေဖို့ ခွင့်ပြုပေးလိုက်သည်။

ချီရှောက်ရွမ်က ထိုအချင်းအရာကြောင့် လုံးဝ စိတ်လှုပ်ရှားသွားမိသည်။ ရှန်ထျန်း၏ အပြုအမူများက သူ့အား ထပ်ခါတလဲလဲ အံ့ဩသွားစေသည်။

တကယ်ကို ပြိုင်ဖက်ကောင်းတစ်ယောက်ပဲ … စိတ်သဘောထားကြီးပြီးတော့ ဖြောင့်မတ်တယ်

တစ်သက်တာလုံး ပြိုင်ဖက်ကောင်း တစ်ယောက် ဖြစ်စေရမယ်

ရှန်ထျန်း၏ အမြင်၌ သူ့အား အခွင့်ကောင်းယူလို့ရမည့် အခွင့်အရေးကြီးတစ်ခုအဖြစ် တွေးနေသည်ကို သိလျှင် ချီရှောက်ရွမ်တစ်ယောက် ဘာလုပ်မည်နည်း။

ခရမ်းရွှေရောင် ရောင်ဝါနဲ့ ကံကြမ္မာသားတော် …. သူ့အတွက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ ကံအပြောင်းအလဲ အခွင့်အရေးအများကြီး ရှိလောက်တယ်

ရှန်ထျန်းက ဤသို့သော အခွင့်အရေးကြီးကို လက်လွှတ်ခံမည် မဟုတ်ပေ။

……………....

နှစ်ရက်တာကား ယခုလို ကုန်ဆုံးသွားလေသည်။ သိပ်မကြာခင် နဂါးဝေါယာဉ်က မြောက်ပင်လယ်၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားပြီး ဧရာမကျွန်းတစ်ခုဆီ ရပ်တန့်သွားသည်။

ဤကျွန်းကား ကြီးမားလွန်း၍ ကျွန်းဟုပင် မခေါ်နိုင်လောက်ပေ။ ပြောရလျှင် ပင်လယ်ပေါ် ပေါ်လောပေါ်နေသည့် ကုန်းမြေတစ်ခုလို ဖြစ်နေသည်။

ကျွန်းကို ကြည့်လိုက်သည့်အခါ အဆုံးသတ်အနားကို မမြင်နိုင်ပေ။ အနည်းဆုံး မိုင်သောင်းချီ ကျယ်ဝန်းပေမည်။ ပို၍ အရေးကြီးသည်က နဂါးနက်ကျွန်း အပေါ်ယံတစ်လွှာလုံး အစီအရင်ဖြင့် ဖုံးအုပ်ထားသေးသည်။

ဤအစီအရင် ဝင်္ကပါက ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားကာ တခြားသီးသန့် နယ်မြေထဲ ရောက်နေသလို ဖြစ်နေသည်။ အထွတ်အမြတ်မြေများ၏ ကမ္ဘာငယ်လေးနှင့် ဆင်တူ၏။ ဝင်္ကပါချင်း မတူသော်လညး အရည်အချင်းကောင်းများဖြင့် ပုံဖော်ထားကြသည်။

နဂါးနက်ကျွန်းတစ်ခုလုံးကို အချိန်မရွေး အာကာပြင် လေဟာနယ်ထဲ ပို့လွှတ်နိုင်လေသည်။

နဂါးဝေါယာဉ်က နဂါးနက်ကျွန်း အကာအရံမျက်နှာပြင်ဆီ အလင်းတန်း ပစ်လွှတ်လိုက်သည့်အခါ ချက်ချင်း ပွင့်သွားလေသည်။

နဂါးဝေါယာဉ်ကြီးက နဂါးနက်ကျွန်းဆီ ဝင်ရောက်သွားပြီး သလင်းကျောက်နန်းတော်ရှေ့ ရပ်တန့်လိုက်သည်။ သလင်းကျောက် နန်းတော်ကို ကြည်လင်နေသည့် ကျောက်စိမ်းများကို လက်ရာမြောက်မြောက် ထွင်းထု၍ တည်ဆောက်ထားသည်။ ပထမဆုံးမြင်လိုက်ရုံနှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စံအိမ်တော်ထက် ကြီးကျယ်ခမ်းနားနေလေပြီ။

“ နှစ်တစ်သောင်းကုန်သွားပြီဆိုတော့ နဂါးနက်ကျွန်းလည်း အတော်လေး ပြောင်းလဲသွားတာပဲ ”

အောင်းပင်းက သေရည်ခရားကို ကိုင်ရင်း နဂါးဝေါယာဉ်ရှေ့မှ ရပ်ကာ ပြောလိုက်သည်။ သူမ၏ အပြုအမူတို့က ရှေးဟောင်းနှောင်းဖြစ် ရိုးအီနေသလို ဖြစ်နေသည်။

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်ချိုးတို့က အသာတွန့်ချိုးသွားမိသည်။ သူက သူမသည် နှစ်တစ်သောင်းကျော် နေထိုင်လာသူ ဖြစ်မှန်း သိနေကာ သူမ စကားတို့က ဘာမှမမှားသော်လည်း ကလေးမလေးတစ်ယောက်က ဘဝအကြောင်း ပြောနေသည်ကို မြင်ရသည့်အခါ မသက်မသာတော့ ဖြစ်မိသည်။

ချီရှောက်ရွမ်က ပြောလိုက်သည်  “ မြောက်ပင်လယ် သလင်းကျောက်နန်းတော်က တကယ်ကို အနုပညာတစ်ခုပဲ။ မျက်စိပွင့်နားပွင့် ဖြစ်သွားစေတယ် ”

ချီရှောက်ရွမ်နှင့် အောင်းဝူတို့လည်း ထွက်လာကြသည်။ ချီရှောက်ရွမ်က သလင်းကျောက်နန်းတော်ကို ကြည့်ကာ တအံ့တဩ ဖြစ်နေမိသည်။

အားလုံးက မြောက်ပင်လယ်သည် ရတနာများစွာ ပြည့်နှက်နေသည့် ပင်လယ်ပိုင်နက်တစ်ခုမှန်း သိထားကြသည်။ မြောက်ပင်လယ်၏ ခေါင်းဆောင်ဖြစ်သည့် နဂါးနက်မျိုးနွယ်ကလည်း အလွန်ကြွယ်ဝခြင်းကြောင့် လူသိများပေသည်။ သူတို့၏ ချမ်းသာကြွယ်ဝမှုက အထွတ်အမြတ်မြေများထက်ပင် ကျော်လွန်နေသည်။

ချီရှောက်ရွမ်ကဲ့သို့ ကံကြမ္မာသားတော်ပင် နဂါးနက်မျိုးနွယ်၏ ချမ်းသာကြွယ်ဝမှုကြောင့် တအံ့တဩ ဖြစ်ရသည်။

“ ဒါက ဥစ္စာပစ္စည်းကြွယ်ဝရုံလောက်ပါပဲ။ တကယ့် အားကောင်းတဲ့ ကျင့်ကြံသူအတွက် ဒီပစ္စည်းတွေက အဓိပ္ပါယ်မရှိတဲ့ အရင်းအမြစ်တစ်ခုလောက်ပဲ”

အောင်းယဲ့၏ ပုံပန်းသွင်ပြင်က အားလုံးရှေ့မှောက်ပေါ်လာသည်။ သူက သလင်းကျောက်နန်းတော်အား တစ်ချက်ကြည့်လိုက်၏။

နဂါးနက်မျိုးနွယ်၏ ချမ်းသာကြွယ်ဝမှုက နယ်မြေငါးခုမှာ ကျော်ကြားပေသည်။

ဒါပေမဲ့ ဘာဖြစ်လဲ …

တကယ့်ရတနာတွေက ဝိညာဉ်ကျောက်တုံးတွေ၊ ဝိညာဉ်သလင်းကျောက်တွေနဲ့ ဝယ်လို့ မရဘူးလေ … ဈေးကွက်မှာ ဝယ်လို့မရတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာမျိုးတွေ

ပါရမီနှင့် သွေးမျိုးဆက်သာ ကျင့်ကြံသူအစစ်အမှန်တစ်ယောက်အတွက် အရေးပါဆုံး ဖြစ်၏။ ထိုအရာများက ငွေကြေးနှင့် မဝယ်ယူနိုင်ပေ။

အောင်းယဲ့လိုမျိုး ဖြစ်၏။ သူက အဆင့် ၈ နဂါးသွေးမျိုးဆက် ဖြစ်သော်လည်း သူက နှစ်ထောင်ချီ ကြိုးစားအားထုတ်လေ့ကျင့်လျှင်ပင် အဆင့်တက်လှမ်းဖို့ ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော်လည်း အဆင့် ၉ နဂါးသွေးမျိုးဆက်ဖြစ်သည့် အောင်းပင်းအနေနှင့် နှစ်တစ်ရာလောက် ကြိုးစားအားထုတ်ရုံဖြင့် အလွယ်လေး အဆင့်တက်လှမ်းနိုင်သည်။

နဂါးမျိုးနွယ်အတွက် သွေးမျိုးဆက်က အလွန်အရေးကြီးပေသည်။

ထိုကြောင့် အောင်းပင်း၏ အဆင့်အတန်းက အလွန်မြင့်မားနေခြင်း ဖြစ်၏။

“ဒေါ်လေးအောင်းပင်း … အဖေက ဒေါ်လေးအတွင်း နဂါးစွမ်းအားအရင်းအမြစ်တွေ ပြင်ဆင်ထားပြီးပြီ။ တကယ်လို့ ကျင့်ကြံရေးမှာ အားစိုက်လိုက်ရင် သိပ်မကြာခင် အားပြန်ပြည့်လာမှာပါ ”

အောင်းယဲ့က အောင်းပင်းအား မျက်လုံးတလက်လက်နှင့် မျှော်လင့်ချက်အပြည့်  ကြည့်လိုက်သည်။

ဒေါ်လေးအောင်းပင်းသာ အားပြန်ပြည့်လာသည်နှင့် နဂါးမျိုးနွယ်က ခမ်းနားထည်ဝါမည့် ခေတ်အခါသို့ ရောက်ရှိလာပေမည်။

အောင်းပင်းက ရှန်ထျန်းကို ကြည့်ကာ  “ လေ့ကျင့်ရမှာ ပျင်းစရာကြီး … ရှန်ထျန်း ငါနဲ့အတူ အဖော်လိုက်လုပ်ပေးပါ့လား ”

အောင်းယဲ့က မဲ့ရွဲ့သွားကာ မြန်မြန် ဝင်ပြောလိုက်ရသည်

“ ဒေါ်လေး အလျှင်မလိုပါနဲ့။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့အတွက်သူ ကံအပြောင်းအလဲ အခွင့်အရေး ရှိသေးတယ်လေ။ ကျွန်တော်တို့ မနှောင့်ယှက်သင့်ဘူး။

ဒေါ်လေးလည်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ရောက်ဖူးတာပဲ … အဲဒီမှာ ကံအပြောင်းအလဲ အခွင့်အရေးတွေ ဘယ်လောက်များမှန်း ကောင်းကောင်း သိပါတယ်။ လွဲချော်သွားရင် နှမြောစရာကြီးလေ ”

ဟုတ်သား …

အောင်းပင်းက စဉ်းစားကြည့်လိုက်ပြီးနောက် ရှန်ထျန်းဆီ လက်တစ်ဖက်ကမ်းကာ  “ အဲဆို အံ့ဖွယ်သေရည်ထပ်ပေးခဲ့ဦး ”

ရှန်ထျန်း  “… ”

ကျင့်ကြံအားထုတ်မှာကို သေရည်သောက်ချင်သေးတာလား … ပြီးတော့ အခု ခံနိုင်ရည်လည်း သိပ်မကောင်းသေးဘဲလေ။ ဒါက အကြံကောင်းတော့ မဟုတ်ဘူးနော်

မူးပြီးတော့ လမ်းကြောင်းသွေဖယ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ … သောက်နေတုန်းတော့ မကျင့်ကြံနဲ့။ ကျင့်ကြံနေတုန်း မသောက်နဲ့ …

ရှန်ထျန်းက သက်ပြင်းချကာ အံ့ဖွယ်သေရည်ခရားများကို ထုတ်ပေးလိုက်သည်  “ ဖြည်းဖြည်းချင်းသောက်နော် … ကျွန်တော်ဆီ သိပ်မကျန်တော့ဘူး ”

ပို၍ အရေးကြီးသည်မှာ ရှန်ထျန်းက သေရည် မည်သို့ချက်လုပ်ရမည်ကို မသိပေ။

မြင်သမျှ အကုန်ပဲ … များများသောက်လေလေ နည်းနည်းကျန်လေလေပဲ။ ထပ်ရဖို့ မဖြစ်နိုင်တော့ဘူး

ရှန်ထျန်းက သေရည်ချက်လုပ်နည်း သင်ယူပြီး သူ့ဘာသာ တစ်ခါလောက် ချက်လုပ်ဖို့ တွေးထားမိသည်။ သို့သော်လည်း သူ့သေရည်က မူလ အံ့ဖွယ်သေရည်လောက် အရသာကောင်းပါ့မလားတော့ မသိပေ။

………….....

အောင်းပင်းက အံ့ဖွယ်သေရည်ကို လက်ခံလိုက်သည်။ နောက်ဆုံးတွင် သူမက ကျေကျေနပ်နပ်ဖြင့် သီးသန့်လေ့ကျင့်ဖို့ ဝင်သွားတော့သည်။

အောင်းယဲ့က သက်ပြင်းချလိုက်၏။ ထို့နောက် သူက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် အောင်းယဲ့က ဖျစ်ညှစ်ပြုံးကာ  “ အောင်းဝူ … ငါလည်း တံခါးပိတ်လေ့ကျင့်ဖို့ လိုတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဝေးကရောက်လာတာ ဖြစ်တဲ့အပြင် ဒေါ်လေးရဲ့ လူသားတွဲဖက်ဆိုတော့ ဝါစဉ်အရ မင်းက သူကို အဘိုးလေးလို့ ခေါ်ရမယ်။

မင်းနဲ့ ချီရှောက်ရွမ်တို့ နှစ်ယောက်လုံး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ စွန့်စားခရီး ထွက်ကြမှာဆိုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ငါ့အစား မင်းတို့ပဲ ဧည့်ခံပေးထားလိုက်ဦး ”

ထိုသို့ပြောပြီးနောက် အောင်းယဲ့က အမှတ်အသားပြားတစ်ခု ထုတ်ပေးလိုက်သည်။

အမှတ်အသားပြားက မည်းနက်နေပြီး နဂါးနက် နတ်ဘုရားပုံရိပ်ကို ထွင်းထုထားသည်။ “နဂါးနက်ကျွန်း” ဟူသော စာလုံးကို နောက်တွင် ရေးထွင်းထားသေးသည်။

အောင်းယဲ့က ရှန်ထျန်းဆီ အမှတ်အသားပြား ပေးလိုက်ပြီး

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … ဒါက ကျုပ်တို့ မြောက်ပင်လယ်ရဲ့ နဂါးနက်ကျွန်း အမှတ်အသားပြားပါ။ ကျုပ်အာဏာကို ကိုယ်စားပြုတယ်။ တကယ်လို့ မြောက်ပင်လယ်မှာ တစ်ခုခု ပြဿနာတွေ့ခဲ့ရင် ဒီအမှတ်အသားပြားကိုသာ ပြလိုက်ပါ။

နဂါးနက်ကျွန်းက ဒီနေရာမှာ လေးစားခံရတယ်ဆိုတော့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်မှာပါ ”

နောက်ထပ် အမှတ်အသားပြားလား …

ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ မိုးကြိုးလှိုင်း ဗုဒ္ဓအမှတ်အသားပြားနှင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားအပြင် ယခု အမှတ်အသားပြား သုံးခုရှိသွားလေပြီ။

ငါက အမှတ်အသားပြား စုဆောင်းသူနဲ့ တူနေလို့လား …

သို့သော် စိတ်ထဲတွင် ပွစိပွစိ ပြောနေသလောက် အပြင်ဘက်၌ လေးလေးစားစား လက်ခံလိုက်ရသည်။

အထူးသဖြင့် ပင်လယ်မျိုးနွယ် ကြီးစိုးကြသည့် မြောက်ပင်လယ်တွင် ပင်လယ်မျိုးနွယ်အများစုက လူသားများအပေါ် ရင်းနှီးမှု မရှိကြပေ။ နဂါးနက်ကျွန်း အမှတ်အသားပြားကို လက်ခံလိုက်ခြင်းက သူ့အတွက် ပိုလွယ်ကူသွားပေမည်။ နဂါးနက်ဘုရင်ကလည်း အတော်လေး စဉ်းစားတတ်ပေသည်။

ရှန်ထျန်းက နဂါးနက်အမှတ်အသားပြားကို လက်ခံလိုက်ပြီးနောက်  “နဂါးနက်ဘုရင်က ကြင်နာလွန်းနေပါပြီ။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ် ”

“ ကောင်းပြီလေ … အဲဆို အခု သွားလေ့ကျင့်လိုက်ပါဦးမယ်။ အောင်းဝူ မင်းရဲ့ အဘိုးလေးကို မြောက်ပင်လယ်နဲ့ ရင်းနှီးအောင် လိုက်ပြလိုက်ဦး”

ထိုသို့ပြောပြီးနောက် အောင်းယဲ့က နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အားလုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။

သူက အလျှင်မလိုဘူးနော် …  လုံးဝ အလျှင်လိုနေတာ မဟုတ်ရပါဘူး ….

ယခု အောင်းဝူနှင့် ချီရှောက်ရွမ်သာ ကျန်ရှိတော့သည်။ သူတို့က စိတ်ရှုပ်ထွေးသော အမူအယာများဖြင့် ရှန်ထျန်းအား ကြည့်လိုက်ကြသည်။

ရှန်ထျန်းက သူတို့ မည်သို့စိတ်ရှုပ်ထွေးနေကြောင်း သိပေသည်။ “မင်းအတွက် ကောင်းရင် ငါ့အတွက်လည်း ကောင်းတယ်” ဆိုသော စကားကို လက်ကိုင်ထားပြီး ရှန်ထျန်းက ပြုံးပြလိုက်သည်။

“ညီအစ်ကိုချီ၊ ညီအစ်ကိုအောင်း … ငါတို့က သက်တူရွယ်တူပဲလေ။ နဂါးနတ်ဘုရားစာချုပ် စည်းမျည်းအရဆိုရင် အစ်မအောင်းပင်းနဲ့ အဆင့်တူဆိုပေမဲ့  အဲလိုဆို ငါက အရမ်းအသက်ကြီးသွားသလို ဖြစ်သွားတယ်။ နောင်ကျရင် အောင်းပင်ကို အစ်မလို့ ခေါ်မယ်။ မင်းတို့က အဖွားလို့ ခေါ်ကြပေါ့။

ဒါပေမဲ့ ငါတို့သုံးယောက်တည်း ရှိတဲ့အခါကျ ပုံမှန်လို ညီအစ်ကိုပဲ ခေါ်ရအောင်လေ … ဘယ်လိုလဲ ”

ရှန်ထျန်းက အောင်းဝူသည် သူ့တို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲ ရောက်သည့်အခါ ပင်လယ်မျိုးနွယ် ပါရမီရှင်အချို့နှင့် မိတ်ဆက်ပေးဖို့ မျှော်လင့်ထားမိသည်။

ဤနည်းဖြင့် သူ့ရောင်ဝါဖတ်စွမ်းရည်ပေါ် မှီခိုပြီး အကျိုးမြတ်များ ရရှိနိုင်သလို ပင်လယ်မျိုးနွယ် ပါရမီရှင်များနှင့်လည်း မိတ်ဆွေဖြစ်သွားနိုင်သည်။ မဟုတ်လျှင် ပင်လယ်နတ်ဆိုးအများစုက လူသားများကို ရန်သူအဖြစ်သာ မြင်တတ်ကြသည်။

ရှန်ထျန်းက သူ ရောက်လာသည်နှင့် ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ဟု ခံစားနေရသည်။ အကယ်၍ ထိုသို့မဟုတ်လျှင်ပင် သူ့အနေနှင့် တခြားသူများ၏ ယုံကြည်ချက်ကို ရယူဖို့ မဖြစ်နိုင်ပေ။

အကယ်၍ သူသာ အောင်းဝူနှင့် ချီရှောက်ရွမ်တို့ကို  သူ့အား အဘိုးလေးခေါ်ခိုင်းလျှင် သူတို့နှစ်ယောက်လုံးက သူအား တတ်နိုင်သမျှ ရှောင်ကြပေမည်။

ထိုအခါ သူ့အနေနှင့် သူတို့ကံအပြောင်းအလဲ အခွင့်အရေးများမှ အကျိုးမြတ်များကို မည်သို့ရရှိတော့မည်နည်း။

ရှန်ထျန်းက မွေးရာပါ အချောင်သမား ဖြစ်၏။ သူက အလားအလာရှိသူများကို မည်သို့ပြုစုပျိုးထောင်ရမည်ကို ကောင်းကောင်း သိထားသည်။

မျှော်လင့်ထားသည့်အတိုင်း ရှန်ထျန်း၏ အဆိုပြုချက်အောက်တွင် အောင်းဝူနှင့် ချီရှောက်ရွမ်တို့၏ အမူအယာက ပြေလျော့သွားသည်။

အောင်းဝူက ချောင်းဟန့်ကာ  “ အဟမ်း .. အစ်ကိုရှန် အဲလိုတော့ မဖြစ်ဘူးလေ။ အဖေနဲ့ အဖွားသာ သိသွားရင် စိတ်ပျော်မှာ မဟုတ်ဘူး”

ရှန်ထျန်းက ဖျောင်းဖျလိုက်သည်  “ ငါ ဘာမှပြန်မပြောဘူးလေ။ အဲလိုဆို မင်းအဖေလည်း ဘယ်လိုလုပ် သိတော့မှာလဲ။ ပြီးတော့ အစ်မပင်းကလည်း သူမကို အဖွားလို့ ခေါ်တာကို ကြိုက်တယ်များ ထင်နေလား။ အခု သူမက ပြန်မွေးဖွားလာပြီဆိုတော့ သူမကို နဂါးပေါက်စလေးလို ဆက်ဆံတာ လိုချင်နေတာ”

အောင်းဝူ  “ … ”

ချီရှောက်ရွမ်  “… ”

ရှန်ထျန်းက ဘွင်းဘွင်း ပြောလိုက်သော်လည်း လုံးလုံးမှားနေခြင်းတော့ မဟုတ်ပေ။

မည်သူမှ မပြောသရွေ့ သူတို့ကြားက သဘောတူညီချက်ကို မည်သူက သိမည်နည်း။

ရှန်ထျန်းက လူကြီးလူကောင်း တစ်ယောက် ဖြစ်ပြီး မခြယ်လှယ်တတ်ပေ။

သူ နာမည်ကြီးနေတာ မဆန်းတော့ပါဘူး …

အောင်းဝူက ရှန်ထျန်းအား ကြည့်လိုက်ပြီး သူ့မျက်ဝန်း၌ အားကိုးမှုအရိပ်အယောင်တို့ ပါဝင်နေသည်။

ဒီလိုအားကောင်းတဲ့ ပါရမီရှင်မျိုးက ပြောလွယ်ဆိုလွယ်လေးဆိုတော့ အဖွား ကြိုက်နေတာ မဆန်းတော့ဘူး

“ ကောင်းပြီလေ အစ်ကိုရှန် … ကျွန်တော် နားလည်ပါပြီ။ ဒါက အစ်ကိုရှန် မြောက်ပင်လယ်ကို ပထမဆုံးရောက်ဖူးတာဆိုတော့ နေရာကောင်းလေးဆီ ခေါ်သွားပေးမယ် ”

အောင်းဝူက ရွှေခရုခွံအသေးလေးကို ထုတ်ကာ မှုတ်လိုက်သည်။

ထို့နောက် ပုံရိပ်လေးခုက အပြေးအလွှား ရောက်လာကာ တစ်တန်းတည်း ရပ်လိုက်ကြသည်။

…………....

“ နဂါးမင်းသား(၇) … အရှင့်သား ကျွန်တော် ရောက်ပါပြီ။ ဘာများ လုပ်ပေးရမလဲ ”

လေးယောက်အနက် ပထမဆုံးလူမှာ ဝတ်စုံဖြူနှင့် အမျိုုးသားတစ်ယောက် ဖြစ်ပြီး ချိုချိုသာသာ ပြုံးပြလိုက်သည်။ သူက ပညာရှင်တစ်ယောက်နှင့် တူနေသည်။

လူသားခြေနှစ်ချောင်းအစား အောက်ပိုင်းတစ်ဝက်မှာ ငွေဖြူရောင် လက်တံရှစ်ချောင်း ဖြစ်နေသည်။ ထိုလက်တံများက သူ့အနောက်ဘက် လူးလိမ့်လှုပ်ရှားနေပြီး ငွေရောင်ဓားတစ်ချောင်းနှင့် တူလှသည်။ သူက စက္ကန့်ပိုင်းလေးအတွင်း မီတာသောင်းချီ သွားလာနိုင်သောကြောင့် အမြန်နှုန်းက အံ့မခန်း ဖြစ်၏။

“ အရှင့်သား အရှေ့ပိုင်းလွင်ပြင်ကို သွားကတည်းက လွမ်းနေတာ ”

ဝတ်စုံဖြူ အမျိုးသားနောက်တွင် ပါလာသူက သားနားသည့် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ လမ်းလျှောက်လာပုံက လက်မကြီးနှစ်ချောင်းကို ဝေ့ယမ်းပြီး ဝင်ရောက်လာသောကြောင့် အတော်လေး ကားယားကြီး ဖြစ်နေသည်။

ဒီလက်မတွေနဲ့ဆို သူ လုပ်ချင်တာ လုပ်နိုင်မှာပဲ …

ကျန်ရှိနေသော နှစ်ယောက်အနက် တစ်ယောက်မှာ သွေးနီရောင် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြမ်းတမ်းခက်ထန်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ သူက ကိုးပေမျှ အမြင့်ရှိပြီး ကျောဘက်တွင် တောခုတ်ဓားတစ်လက် သယ်ဆောင်ထားသည်။ ထိုဓားက ချွန်ထက်နေသည့် ဓားသွားများဖြင့် ဆင်မြန်းထားသည်။

သူက ပြံးလိုက်သည့်အခါ ချွန်ထက်နေသည့် သွားများ ပေါ်လာ၏။ မြင်ကွင်းနှင့်တင် ကျောချမ်းဖို့ ကောင်းလှသည်။

နောက်ဆုံးပုံရိပ်မှာ ပျော်ပျော်နေတတ်သည့် လူငယ်လေးတစ်ယောက် ဖြစ်ပြီး အသက် ၁၄ မှ ၁၅ ကြားသာ ရှိပေဦးမည်။ ထိုလူငယ်လေးက လိပ်နက်ခွံချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် လိပ်ခွံက သူ့အား ရှေ့ရောနောက်ပါ လုံးဝ ကာကွယ်ပေးထားသည်။

သူ့ကြည့်ရသည်မှာ လိပ်ခွံထဲ ညှပ်နေသည့် လူသားကောင်လေးနှင့် တူသည်။

လေးယောက်လုံးက အောင်းဝူဆီ အလျှင်အမြန် ရောက်ရှိလာကြပြီး အောင်းဝူဘေးမှ လူသားနှစ်ယောက်ကို အကဲခတ်လိုက်ကြသည်။

လိပ်ခွံလူငယ်လေးက ရှန်ထျန်းကို ကြည့်လိုက်မိသည်။ သူက ထိုလူသား၏ အရှိန်အဝါကြောင့် မသိမသာ ဆွဲဆောင်ခံလိုက်ရသည်။

သူတို့နှစ်ယောက် … ဇစ်မြစ်တစ်ခုတည်းကလိုပဲ …

“ မင်းသား(၇) က ခရမ်းစံအိမ် သူတော်စင်နဲ့ နဂါးစာချုပ်ချုပ်ဆိုလိုက်တယ်လို့ ကြားလိုက်တယ်။ ဒါက ခရမ်းစံအိမ် သူတော်စင်များလား ”

လိပ်ခွံလူငယ်လေးက ရင်းရင်းနှီးနှီး လက်တစ်ဖက်ကမ်းပေးကာ  “ မင်္ဂလာပါ .. ကျွန်တော်က လိပ်နက်မျိုးနွယ်ရဲ့ ဝူဝုတိပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီလူသားက မင်းရဲ့ အစေခံလား။ ငါတို့နဂါးမင်းသားလေးက မင်းကို အသိအမှတ်ပြုတာ မထူးဆန်းတော့ပါဘူး။ မင်းရဲ့ အစေခံကတောင် အားကောင်းနေတာကိုး ”

ချီရှောက်ရွမ်  “… ”

အောင်းဝူက မဲ့ရွဲ့မိသွားသည်။

အစေခံကတောင် အားကောင်းနေတယ်တဲ့လား …

အစ်ကိုရှောက်ရွမ်ရဲ့ အရှိန်အဝါက အစ်ကိုရှန်ထက် နည်းနည်းအားနည်းနေပေမဲ့ သူ့ကို အစေခံလို့ ဘယ်လိုများ ယူဆပစ်လိုက်တာတုန်း … ငတုံးရဲ့

မင်းမျက်လုံးတွေ သွားစစ်သင့်ပြီ

ချီရှောက်ရွမ်၏ မှုန်မှိုင်းမှိုင်း အမူအယာကို မြင်ကာ အောင်းဝူက ရှန်ထျန်းနှင့် ချီရှောက်ရွမ်အား မြန်မြန် မိတ်ဆက်ပေးလိုက်သည်။

“ အားလုံးနဲ့ မိတ်ဆက်ပေးမယ် … ဘယ်ဘက်က ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်။ သူက ငါ့လူသားတွဲဖက် … ညာဘက်ကတစ်ယောက်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်။ သူက အရှေ့ပိုင်းလွင်ပြင်မှာ အချောမောဆုံးဖြစ်ပြီးတော့ ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ။ ပြီးတော့ သူက ငါတို့တော်ဝင်အကြီးအကဲတစ်ယောက်ရဲ့ လူသားတွဲဖက်ပဲ။ အဲဒီအကြီးအကဲရဲ့ အကြောင်းကိုတော့ ထုတ်ပြောလို့ မရဘူး။

ဘယ်လိုဖြစ်ဖြစ် အစ်ကိုရှန်က အခု မြောက်ပင်လယ်ရဲ့အရေးကြီးဆုံး ဧည့်သည်တစ်ယောက်ပဲ ။ မင်းတို့ကို ခေါ်လိုက်တာက သူ့ကို ကောင်းကောင်း ကြိုဆိုပေးရအောင်လို့ ”

ချီရှောက်ရွမ်  “  … ”

ငါက ဝန်ပိုလား …

ခရီးရှည်ကြီး ဖြစ်တော့မှာပဲ …

ရှန်ထျန်းနှင့် ချီရှောက်ရွမ်ကို မိတ်ဆက်ပေးပြီးနောက် အောင်းဝူက ပင်လယ်မျိုးနွယ် ပါရမီရှင်လေးယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။

နဂါးမင်းသား၏ ရင်းရင်းနှီးနှီး ပြောဆိုပုံအရ သူတို့က ပုံမှန်နတ်ဆိုးတော့ မဖြစ်နိုင်ချေ။

ထိုလေးယောက်က နဂါးမျိုးနွယ်နှင့် ဆက်နွယ်နေသည့် နတ်ဆိုးမိသားစုမှ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြပြီး သူတို့လေးယောက်အား “မြောက်ပင်လယ်ရဲ့ မင်းသားလေးပါး” ဟု တင်စားကြသည်။

ဝတ်စုံဖြူအမျိုးသားက ငွေရောင်ရေဘဝဲမျိုးနွယ်မှ မင်းသား ဖြစ်၏။ သူ့ကျင့်ကြံဆင့်က မြင့်မားပြီး သတင်းစုဆောင်းရေး၌ ထူးချွန်လှသည်။

လူငယ်မျိုးဆက်အတွင်း မြောက်ပင်လယ်၏ ငွေဖြူရောင် မင်းသားကို “အားလုံးသိ” ဟု အသိအမှတ်ပြုထားကြသည်။ သူ မသိသည့်အရာ မရှိပေ။

ရွှေရောင်ဝတ်ရုံနှင့် ဝဝဖိန့်ဖိန့် အမျိုးသားမှာ မြောက်ပင်လယ် မင်းသားလေးပါးအနက် ဂဏန်းမင်းသား ဖြစ်ပြီး ရွှေဂဏန်းမျိုးနွယ်၏ ပင်မတပည့်လည်း ဖြစ်သည်။ ရွှေဂဏန်းမျိုးနွယ်က ရွှေရှာဖို့ မွေးရာပါ အရည်အချင်း ပိုင်ဆိုင်ထားကြပြီး ပင်လယ်အနက်ပိုင်းမှ ရွှေတွင်းများအထိ ရှာနိုင်ကြသည်။

ရွှေဂဏန်းမျိုးနွယ်က နဂါးနက်မျိုးနွယ်ထံ လက်အောက်ခံများအနက် အခြားမျိုးနွယ်များကြား အဆင့်အတန်း အလွန်မြင့်ကြသည်။ ရွှေဂဏန်းမျိုးနွယ်၏ ပင်မတပည့်တစ်ဦးအနေနှင့် ဂဏန်းမင်းသားသည် ပုံမှန်ဂဏန်းများထက် မောက်မာကာ ဇွတ်တရွတ်နိုင်သည်။

သွေးနီရောင် သားရေချပ်ဝတ်နှင့် အမျိုးသားမှာ ငါးမန်းမင်းသား ဖြစ်ပြီး သေမင်းတမန် ငါးမန်းမျိုးနွယ်မှ ဖြစ်ပြီး သန္ဓေပြောင်း သားရဲလည်း ဖြစ်ပေသည်။ ပြောကြသည်ကား သူ မွေးဖွားလာစဉ်အခါကတည်းက အလွန်ထူးခြားခဲ့သည်။ သူ မွေးဖွားလာပြီးနောက် ဝေလငါး ငါးကောင်ကို ဖမ်းကာ သတ်ပစ်ခဲ့သည်။

ရလဒ်အနေနှင့် တချို့လူများက သူ့အား ဝေလငါးကောင် သေမင်းတမန်ဟုလည်း ခေါ်ကြသည်။ နာမည်ပြောင်တစ်ခု ဖြစ်သော်လည်း သူ မည်မျှအားကြီးကြောင်း ပြသနေသည်။

နောက်ဆုံးသော်လည်း အားမနည်းသည့် လိပ်ခွံလူငယ်လေးက လိပ်မင်းသား ဖြစ်၏။ သူက မင်းသားလေးပါးအနက် အငယ်ဆုံး ဖြစ်သော်လည်း သူ့စွမ်းရည်များက အပြိုင်လိုက်နိုင်သည်။

လိပ်မင်းသားက စွမ်းပကား လိပ်နက်မျိုးနွယ်မှ ဖြစ်ပြီး နဂါးနက်မျိုးနွယ်၏ အယုံကြည်ရဆုံး လက်အောက်ခံလည်း ဖြစ်ပေသည်။ သူ့အဖေက နဂါးနက်ကျွန်း၏ လိပ်မှူးမတ်တစ်ဦး ဖြစ်၏။

ထိုစဉ် သူက အသန့်စင်ဆုံးသော လိပ်နက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီးး လိပ်နက်မျိုးနွယ်စုအနေနှင့် နှစ်တစ်ထောင်နေမှ တစ်ခါပေါ်ထွက်သည့် ပါရမီရှင်မျိုး ဖြစ်သည်။

သူ့နှစ်လွှာလိပ်ခွံချပ်ဝတ်ဖြင့် သူ့မျိုးဆက်အတွင်း မည်သူကမှ သူ့အား မထိခိုက်စေနိုင်ပေ။

ပြောရလျှင် မင်းသားလေးပါးလုံးက အင်မတန် ထူးခြားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။

အောင်းဝူ ကြီးပြင်းလာသည့်အခါ သူတို့က သူ့ပင်မအတိုင်ပင်ခံများ ဖြစ်လာပေမည်။

ခေါင်းဆောင်တစ်ယောက်က သစ္စာရှိနောက်လိုက်များ ရှိရပေမည်။

…………...

“ နားလည်မှုလွဲသွားတာပါ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ခရမ်းစံအိမ် သူတော်စင်တို့ကို တကယ်အားနာပါတယ်ဗျာ ”

ဂဏန်းမင်းသားက အရေးတယူဖြင့်

“ ခင်ဗျားတို့ နှစ်ယောက်လုံး မြောက်ပင်လယ်အထိ အဝေးကြီးလာခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပဲမလား။ ကျွန်တော်တို့ ဒါကို လုပ်ရအောင်လေ … အတိသုခမြို့ဆီ သွားပြီးတော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ရအောင်။ ကျွန်‌တော် ဒကာခံပါ့မယ်။ မြောက်ပင်လယ်ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အပြည့်အဝ ခံစားရစေမယ် … ”

ထို့သို့ပြောပြီးနောက် ဂဏန်းမင်းသားက သိနေပြီးသားဆိုသော အပြုံးလေး ပြုံးလိုက်သည်။

“ ကျွန်တော်တို့ဆီ အသစ်လေးတွေ ရောက်ထားတယ်။ အဲဒီ ခုံးနတ်မိမယ်လေးတွေက နူးညံ့ပြီးတော့ အိအိစက်စက်လေးတွေ ... ”

All Chapters