နတ်မိမယ်လေးရဲ နှလုံးသားကို ဘယ်လိုအရယူမလဲ
Vol. 20 Ch. 297
အခန်း (၂၉၇) : နတ်မိမယ်လေးရဲ နှလုံးသားကို ဘယ်လိုအရယူမလဲ
အရှင်းဆုံးပြောရလျှင် ရှန်ထျန်းက မသွားချင်ပေ။
အတိသုခမြို့တဲ့လား … နာမည်နဲ့တင် စိတ်မချရတဲ နေရာ ဖြစ်နိုင်လောက်တယ် …
ဒါပေမဲ့ မင်းသားလေးယောက်လုံးက ဧည့်ဝတ်ကျေချင်နေမှတော့ လက်ခံရုံအပြင် ရွေးချယ်စရာ မရှိတော့ဘူးလေ
ရလဒ်အနေနှင့် ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် အတိသုခမြို့ဆီ အဖွဲ့နောက်မှ လိုက်လာလိုက်ရတော့သည်။
မှန်ပေသည် … သူက သွားသော်လည်း ကြည့်ရုံမျှသာ ဖြစ်၏။
ရှန်ထျန်းက ဂုဏ်သရေညိုးနွမ်းစေမည့် အရာမျိုး ဘယ်တော့မှ မလုပ်ပေ။
နဂါးနက်ကျွန်းက မြောက်ပင်လယ်တွင် အာဏာအကြီးဆုံး ဖြစ်၍ ကျွန်းတစ်ခုလုံးအနှံ့ ပို့ဆောင်ဆက်သွယ်ရေး စက်ဝန်းများ ရှိထားသည်။ ထိုပို့ဆောင်ဆက်သွယ်ရေး စက်ဝန်းများက နဂါးနက်ကျွန်းနေရာမှ အခြားသော မြောက်ပင်လယ်နေရာအမျိုးမျိုးသို့ သွားဖို့ လွယ်ကူအဆင်ပြေစေသည်။
သူတို့ခုနှစ်ယောက်လုံး စက်ဝန်းကို အသက်သွင်းကာ အတိသုခမြို့ဆီ သွားလိုက်ကြသည်။
ရှန်ထျန်းက စိတ်အခြေအနေ ကြိုတင်ပြင်ဆင်ထားသော်လည်း သူတို့ ပို့ဆောင်ဆက်သွယ်ရေး စက်ဝန်းမှ ထွက်လာသည်နှင့် မြင်ကွင်းကြောင့် မူးနောက်နောက်ပင် ဖြစ်သွားရသည်။
အကယ်၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သဘာဝအတိုင်း ခမ်းနားသည်ဟု ညွှန်းဆိုပြီး နဂါးနက်ကျွန်းမှာ ခမ်းနားထည်ဝါသည်ဟု ဆိုရလျှင် အတိသုခမြို့ကို အရာအားလုံး ပိုင်ဆိုင်ထားသည့် စည်ကားသိုက်မြိုက်သော မြို့အဖြစ် ဖော်ညွှန်းရပေမည်။
အတိသုခမြို့သည် ပင်လယ်အနက်ပိုင်းအတွင်း တည်ဆောက်ထားသော ရေအောက်မြို့တော်တစ်ခု ဖြစ်ပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းနှင့် အတော်လေး နီးပေသည်။
ရှေးခေတ်အခါကတည်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပွင့်လာခါနီးတိုင်း မျိုးနွယ်စုအမျိုးမျိုးမှ ပါရမီရှင်များက အတိသုခမြို့တော်သို့ လာပျော်ပါးလေ့ရှိကြသည်။
ပါရမီရှင်များစွာက သူတို့အတွက် အသုံးမလိုသည့် ကံအပြောင်းအလဲ အခွင့်အရေးများကို အတိသုခမြို့တော်ရှိ ကုန်သည်များဆီ ရောင်းချကြသည်။ အပြန်အလှန်အားဖြင့် သူတို့က ကျင့်ကြံရေးခရီး ဆက်လျှောက်နိုင်မည့် ဆေးပင်များနှင့် အရင်းအမြစ်များကို ရကြသည်။
ဤအလွန်အမင်း ချမ်းသာကြွယ်ဝခြင်းက အတိသုခမြို့တော်၏ ကြီးပွားခြင်း အုတ်မြစ် ဖြစ်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက အလွန်အန္တရာယ်များပြီး ကျွန်းအတွင်း အန္တရာယ်များစွာ ရှိရုံသာမက အခြားသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို သတိထားရပေဦးမည်။
ရလဒ်အနေနှင့် အတိသုခမြို့တော်သည် ဤအန္တရာယ်များလှသော ခရီးစဉ်အတွက် စိတ်ဖိစီးနေကြသည့် လူငယ်လေးများအတွက် သက်တောင့်သက်သာ အနားယူအပန်းဖြေနိုင်ရန် ပြင်ဆင်ပေးထားသည်။
မြောက်ပင်လယ်၌ စိတ်သက်သာရာရပြီး အပန်းဖြေချင်သည့် နေရာကို ရှာလိုလျှင် အတိသုခမြို့တော်၌သာ တွေ့နိုင်သည်ဟုသော စကားလည်း ရှိသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ ဝင်ဖို့ ရည်ရွယ်ချက်မရှိသည့်သူများပင် မကြာခဏ လာရောက်လည်ပတ်ကြသည်။
နမူနာအားဖြင့် ရွှေဂဏန်းမျိုးနွယ်မှ အလွန်အမင်း ကြွယ်ဝချမ်းသာသော ပါရမီရှင် ဖြစ်၏။
အတိသုခမြို့တော်လိုမျိုး နေရာရှိ ဈေးနှုန်းများက မနည်းပေ။ ရွှေဂဏန်းမျိုးနွယ်၏ ပင်မတပည့်ရင်းဖြစ်သူအတွက်ပင် ဤသို့သော နေရာ၌ သုံးဖြုန်းသည့်အခါ ချင့်ချိန်ရသေး၏။ မိသားစုပိုင်ဆိုင်သမျှ တစ်ညတည်းဖြင့် ဖြုန်းတီးပစ်လျှင် အကြီးအကဲများက ဆူငေါက်ရိုက်နှက်နိုင်သည်။ ဤသို့သော ဖြစ်နိုင်ခြေလည်း တွက်ချက်ထားရသည်။
………...
အတိသုခမြို့တော်သည် ပင်လယ်အနက်ပိုင်း တည်ရှိသောကြောင့် ရေဖိအားများလှသည်။
သို့သော် အောင်းယဲ့ တစ်ယောက် ရှန်ထျန်းကို ပေးထားသော နဂါးနက် အမှတ်အသားပြားတွင် ရေခုခံရေး မန္တန် ရေးထွင်းထားလေသည်။ ရလဒ်အနေနှင့် ရှန်ထျန်းက ပင်လယ်အတွင်း သက်တောင့်သက်သာ အသက်ရှုနိုင်လေ၏။
နဂါးစစ်တော်ဝင်ကျမ်းမှ တိုက်ကွက်များမှလွဲ၍ ကျန်သည့် ပညာရပ်များ၊ တိုက်ကွက်များအားလုံးက ရေအောက်ထဲတွင် သိသိသာသာ အားလျော့နည်းသွားသည်။ အထူးသဖြင့် သူ့နတ်မိုးကြိုးတော်ဝင်ကျမ်း၏ မိုးကြိုးလက်သီးချက် ဖြစ်သည်။ ပင်လယ်ရေးက အလွယ်တကူ သက်ရောက်အား လျော့နည်းသွားစေသည်။
အကယ်၍ သူသာ ကောင်းစွာ မထိန်းချုပ်လျှင် သူ့ဘာသာ ဓာတ်လိုက်သွားနိုင်သေး၏။
သူ့ နဂါးရိုက်ချက်နှင့် အံ့ဖွယ်ဝါးမျိုနွယ်ပင် စွမ်းအားကသာ ရေအောက်တွင် အနည်းငယ် အားပိုကောင်းလာသည်။ ရေစီးအားအကူဖြင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်က မြွေတစ်ကောင်လို လှုပ်ရှားအသက်ဝင်လာသည်။ ထိုအရာက ရှန်ထျန်း၏ ရေအောက်တိုက်ခိုက်မှုများအနက် အကောင်းဆုံးတိုက်ကွက် ဖြစ်လာသည်။
ဤသည်က အရေးမကြီးသေးပေ။
သူက တိုက်ပွဲများ တားမြစ်ထားသည့် အတိသုခမြို့တော်အတွင်း ရောက်ရှိနေလေ၏။
အတိသုခမြို့တော်၏ စည်းမျည်းအရ မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များ မြို့တော်အတွင်း မတိုက်ခိုက်ရန် အရှင်းအလင်း ကြေညာထားသည်။ မြို့တော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့်သူတိုင်းကို မျိုးနွယ်စုအသီးသီးမှ အားကောင်းသော ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စည်းကမ်းထိန်းများမှ ချက်ချင်း မောင်းထုတ်ပစ်မည် ဖြစ်၏။ အနှောင့်အယှက်ပေးသူကို မြို့ဝင်ခွင့် တစ်သက်တာ ပိတ်ပင်ပစ်မည် ဖြစ်သည်။
“ အစ်ကိုရှန် အတိသုခမြို့ကို ဘယ်လိုထင်လဲ … ”
ဂဏန်းမင်းသားက ရှေ့ဆုံးကနေ လက်မကြီး တကားကားဖြင့် ဆရာကြီးပုံစံ ဦးဆောင်လာလေသည်။ သူ့ဂုဏ်သတင်းအရ မည်သူမှ သူ့အား မနှောင့်ယှက်ရဲသော်လည်း ဖြတ်သွားဖြတ်လာများစွာက လှည့်ကြည့်ကြကုန်၏။
အာ လူသားတွေလား …
နဂါးမျိုးနွယ်က ကောင်လေးနဲ့ လူသားမျိုးနွယ်က အမျိုးသားတွေ …
လူသားတစ်ယောက်က အရမ်းချောလိုက်တာ … လူသားက အဲလောက်ချောနေတာ ဖြစ်နိုင်ရဲ့လား
ငါတော့ ချစ်မိသွားပြီ …
“ အတိသုခမြို့တော်က အတော်လေး စည်ကားပြီးတော့ သိပ်ကောင်းတာပဲ ”
ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။ သူက လမ်းပေါ်လျှောက်လာရင်း စူးရှတောက်ပလွန်းသည့် မြင်ကွင်းမျိုးစုံ မြင်ခဲ့ရသည်။ ပင်လယ်မျိုးနွယ်စုအသီးသီးက ညီတူညီညာ သီဆိုကြရင်း ကခုန်နေကြသည်။
ပင်လယ်ရေစီးကြောင်းအလိုက် ညင်သာစွာ ယိမ်းနွဲ့နေသည့် ထူးခြားဆန်းပြား အပင်မျိုးစုံလည်း ရှိသေးသည်။ သူတို့က နှစ်လိုဖွယ်ကောင်းကာ သဘာဝဆန်လှ၏။
ရှန်ထျန်း ဒေါသထွက်စေသည့် တစ်ခုတည်းသောအရာမှာ သူက သူ့ကိစ္စနှင့်သူ လမ်းလျှောက်နေရုံ ဖြစ်သော်လည်း အများအပြားက သူ့အား ပစ္စည်းများဖြင့် ပစ်ပေါက်နေကြသည်။
ပန်းစည်းများ၊ သလင်းကျောက် ဆွဲပြားများနှင့် ငါးနံ့ ရေညှိပဝါများပင် ပါသေး၏။
ဘာတွေလဲ … ပင်လယ်မျိုးနွယ်က အမျိုးသမီးတွေက ဒီလောက်တောင် ပွင့်လင်းကြတယ်လား …
“ ခင်ဗျားက တကယ်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ။ ကျုပ်တို့ ပင်လယ်မျိုးနွယ် အမျိုးသမီးတွေကြားမှာတောင် နာမည်ကြီးတယ် ”
ငွေရောင် ရေဘဝဲမျိုးနွယ်မှ မင်းသားက ပြုံးကာ “ ကြည့်ရတာ ညီအစ်ကိုယွင်ဖုန်းရဲ့ချီးကျူးစကားတွေက အလကား မဟုတ်ဘူးပဲ ”
ညီအစ်ကိုယွင်ဖုန်းတဲ့လား …
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားကာ “ ညီလေး လီယွင်ဖုန်းကို ပြောတာလား ”
ငွေဖြူရောင် မင်းသားက အပြုံးလေးဖြင့် “ ဟုတ်တယ် .. ကျုပ်က အရှေ့ပိုင်းလွင်ပြင်ဆီ တစ်ခါ လာဖူးတယ်လေ။ အဲဒီမှာ ညီအစ်ကိုယွင်ဖုန်းနဲ့ ချက်ချင်း အချိတ်အစပ်မိသွားတာပဲ။
ညီအစ်ကိုယွင်ဖုန်းရဲ့ သတင်းစုဆောင်းရေး အရည်အချင်းကိုတော့ တကယ်လေးစားမိတယ်။ အဟမ်း … ညီအစ်ကိုယွင်ဖုန်းက အစ်ကိုရှန်ကို တစ်သက်မှာတစ်ခါ ကြုံတွေ့ဖူးတဲ့ ခန့်ချောကြီးလို့လည်း ပြောဖူးသေးတယ် …
အရှေ့ပိုင်းလွင်ပြင်က မိန်းကလေးတွေ၊ သူတော်စင်မတွေက အစ်ကိုရှန်ကို ချစ်မြတ်နိုးနေကြတာဆို … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မ ကျန်းယွင်ရှီးတောင် အစ်ကိုရှန် ရင်ခွင်ထဲ ပစ်ဝင်ချင်နေတာဆိုပဲ…
အဲတုန်းက ကျုပ် သူ့ကို မယုံခဲ့ဘူး။ အခုလို အပြင်မှာ မြင်လိုက်ရမှ အမှန်ဖြစ်နေတာကိုး ”
ရှန်ထျန်း “… ”
အစ်မယွင်ရှီးက ငါ့ရင်ခွင်ထဲ ပစ်ဝင်ချင်နေတာတဲ့လား …
လီယွင်ဖုန်း … အဲအကြောင်း လျှောက်မပြောတော့ဘူးလို့ ကတိပေးထားတာလေ … ဒီသတင်းက မြောက်ပင်လယ်အထိတောင် ရောက်နေပြီလား
ငါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ပြန်ရောက်ရင်တော့ မင်းပါးစပ်တွေကို ချုပ်ပစ်ရမယ်
ရှန်ထျန်းက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အားတင်းပြုံးကာ “ညီလေးယွင်ဖုန်းက တကယ်ကြီး အဲလိုပြောခဲ့တာလား ”
ငွေဖြူရောင်မင်းသားက ခေါင်းညိတ်ကာ “ ဟုတ်တာပေါ့ … ညီအစ်ကိုယွင်ဖုန်းက အစ်ကိုရှန်ကို အရမ်းလေးစားနေတာ။ သူက အစ်ကိုရဲ့ အောင်မြင်မှုတွေအကြောင်းလည်း ပြောပြခဲ့သေးတယ်။ ဒါပေမဲ့ အစ်ကိုရှန် စိတ်မပူပါနဲ့ … ကျုပ် ဘယ်သူမှ ပြန်မပြောရသေးပါဘူး။ အစ်ကိုရှန်အကြောင်း ဘာကောလဟာလမှ မဖြန့်ဘူး ”
ရှန်ထျန်း “ … ”
ဂဏန်းမင်းသားက ငွေဖြူရောင်မင်းသားသည် ရှန်ထျန်းနှင့် ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေသည်ကို ကြည့်ရင်း အားကျလာမိသည်။ သူက ငွေဖြူရောင်မင်းသားအား လက်မတစ်ဖက်ဖြင့် ဘေးကို ဆွဲခေါ်လိုက်သည်။
“ဖယ်စမ်းပါ … ငတုံးရေဘဝဲရဲ့ တစ်ရက် တစ်ရက် မင်း ပြောသမျှ အတင်းတုပ်တာတွေချည်းပဲ ”
ဂဏန်းမင်းသား မျက်နှာအထက် ကျီစယ်သည့် အပြုံးမျိုးပေါ်လာကာ “ အစ်ကိုရှန်၊ အစ်ကိုချီ … ဒီနေ့ ရေသူမျိုးနွယ် မင်းသမီးလေးက အတိသုခမြို့ရဲ့ ကောင်းကင်တေးသံ စံအိမ်မှာ ရှားရှားပါးပါး ဖျော်ဖြေပွဲ လုပ်မှာလေ။ အဲဒီရေသူမင်းသမီးလေးရဲ့ အသံက ကောင်းကင်ဘုံကနေ ကောင်းချီးပေးခံထားရတယ်လို့ နယ်မြေငါးခုမှာ ကျော်ကြားတယ်။ သူမ သီချင်းသံ ကြားရဖို့အတွက် နှစ်တစ်ရာလောက် သက်တမ်း လက်လျော့မဲ့သူတောင် အများကြီးနော် …
ကျုပ်တောင် သီးသန့်အခန်းရဖို့ ပိုက်ဆံအတော်သုံးထားရတာ။ တကယ်လို့ စိတ်ဝင်စားရင် ဒါက မလွဲသင့်တဲ့ အခွင့်အရေးမျိုးနော် ”
ဂဏန်းမင်းသား၏ စကားကို ကြားကာ ငွေဖြူရောင်မင်းသား၏ မျက်နှာက အတင်းစကားများကို တွေးမိကာ လင်းလက်လာသည်။
သူက ဝင်ပြောလိုက်သည် “ ဟုတ်တယ် ဟုတ်တယ် … ရေသူမင်းသမီးလေး ယုဖန်ရှန်းကို ရေသူမျိုးနွယ်ရဲ့ နံပါတ်တစ် အလှလေးလို့ သတ်မှတ်ထားကြတာ။ သူမက ပင်လယ်ဆိုင်ရန်ရဲ့ သီချင်းကို သီဆိုလိုက်ရင် လူတိုင်းလူတိုင်းရဲ့ အတွင်းဆုံးအထိ ခံစားချက်ကောင်းအောင် လုပ်ပေးနိုင်တယ်တဲ့။ အဲဒါက မြောက်ပင်လယ်မှာ ထိပ်တန်းသီချင်းလေ …
ပြီးတော့ ရေသူမင်းသမီးလေးက အခုလက်ထပ်ရမဲ့အရွယ် ရောက်နေပြီလေ။ သူမက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုအတွင်း ထိုက်တန်တဲ့ လက်တွဲဖော်ကို ရှာဖို့ ရည်ရွယ်ထားတယ်တဲ့ ”
လိပ်မင်းသား၏ မျက်နှာအထက် စိတ်အားထက်သန်သည့် အမူအယာမျိုး ဖြတ်ပြေးသွားကာ “ ငါသာ ရေသူမင်းသမီးလေးရဲ့ မျက်နှာသာပေးမှုကို ခံရမယ်ဆိုရင် သက်တမ်းတစ်ထောင်လောက် စတေးပစ်နိုင်တယ် ”
ငါးမန်းမင်းသားက နှာခေါင်းရှုံ့ကာ “ မင်းတို့ လိပ်မျိုးနွယ်က သက်တမ်းရှည်တယ်ဆိုတော့ မင်းသက်တမ်းက အလကားပဲ။ မင်းသမီးယုက မင်းလိုမျိုးကို ကြိုက်မယ် ထင်နေလား။ မိန်းမလှလေးတွေက အားကြီးတဲ့ ယောက်ျားမျိုးနဲ့ လိုက်ဖက်တာ ”
ထို့နောက် သူ့နောက်ကျောဘက်မှ ဓားရှည်ကြီးက လင်းလက်လာသည်။
ဂဏန်းမင်းသားက ခေါင်းခါလိုက်ပြီး “ မဟုတ်ဘူး … တဲအိမ်လေးထဲမှာ ငိုရတာထက် ရတနာစီခြယ်ထားတဲ့ ရထားလုံးထဲ ငိုရတာ ပိုကောင်းတယ်လို့ ပြောသံမကြားဖူးဘူးလား။ မိန်းမလှလေးရဲ့ ညင်သာနူးညံ့မှုကို ခံစားနိုင်ဖို့ ပိုက်ဆံရှိရမယ်ကွ ”
ငွေဖြူရောင် မင်းသားကလည်း ယပ်တောင်လေးထုတ်ကာ အပြုံးလေးဖြင့် “ အလှလေးရဲ့ နှလုံးသားကို အပိုင်ရဖို့ အလှလေးရဲ့ နှလုံးသားကို နားလည်တတ်ရတယ်။ မင်းတို့ကောင်တွေက သူမဆီက မျက်နှာသာမှုရအောင် လုပ်ဖို့ ဘာအချက်အလက်မှ မရှိပါဘူးကွာ။ လာနောက်နေတယ် … ဟာသပဲ ”
အောင်းဝူကလည်း သူတို့ ရေသူမင်းသမီးကို မမြင်ခင် သူ့သူငယ်ချင်းလေးယောက် အချင်းပွားနေသည်ကို ကြည့်ကာ ဒေါသထွက်လာသည်။ သူ့အသက်အမှန်က ချီရှောက်ရွမ်နှင့် ရွယ်တူဖြစ်သော်လည်း နဂါးနက်မျိုးနွယ်အတွင်း ကလေးမျှသာ ဖြစ်၏။
အရှင်းဆုံးပြောရလျှင် သူက လူကြီးအကြောင်းအရာ ခေါင်းစဉ်မျိုးကို စိတ်မဝင်စားပေ။
သူက ရှန်ထျန်းကို ကြည့်ကာ “အစ်ကိုရှန်ရော ဘယ်ဟာ အဓိပ္ပါယ်အရှိဆုံးလို့ ထင်လဲ ”
“ဘာကိုလဲ … ဘာပြောလိုက်တာလဲ ”
ဘယ်သူက အဓိပ္ပါယ်ရှိရမှာလဲ …
ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။ သူက မင်းသားလေးယောက် ပြောဆိုနေသည့် အကြောင်းများကို နားမထောင်နေပေ။ အကြောင်းမှာ သူတို့ လျှောက်လှမ်းလာစဉ် တခြားသော ပင်လယ်မျိုးနွယ် မိန်းမပျိုလေးများက သူ့အား ပန်းများ၊ သန္တာများ၊ ခရုခွံများဖြင့် ပစ်ပေါက်ကြလေသည်။
ရှန်ထျန်းက သူသာ အာရုံမစိုက်လျှင် ခေါင်းလာမှန်မည်ကို စိုးရိမ်နေရသည်။
အဲလိုဆို ရှက်စရာမကောင်းလွန်းဘူးလား …
ဟူး … လူသားမိန်းကလေးတွေက ပြဿနာများလှပြီ ထင်နေတာ နတ်ဆိုးမျိုးနွယ်လည်း အတူတူ ဖြစ်နေမယ် မထင်ထားမိဘူး
သူတို့က ပိုတောင် ရဲတင်းသေးတယ် … လမ်းလယ်ခေါင်မှာ ပစ္စည်းတွေ ပစ်ပေါက်နေကြတာလေ။ ဒီလိုအကျင့်ဆိုး ဘယ်ကနေ သင်လာတာလဲ
အောင်းဝူကလည်း လက်ဆောင်အပြည့် ပွေ့ပိုက်ထားသည့် ရှန်ထျန်းအား နားမလည်စွာ ကြည့်လိုက်သည် “ ကျွန်တော်မေးတာ သူတို့ထဲ ဘယ်သူက အကျိုးအကြောင်းအသင့်ဆုံးလဲလို့ ”
အကျိုးအကြောင်းအသင့်ဆုံးလား …
မင်းသားလေးယောက်၏ အကြည့်ကို ရင်ဆိုင်လိုက်ရချိန် ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်သည် “ မင်းသားလေးယောက်လုံးက သူတို့မျိုးဆက်အတွင်း ပါရမီရှင်တွေလေ။ သူတို့ပြောသမျှ စကားကလည်း ကိုယ့်အကြောင်းနဲ့ကို သင့်တော်တယ်။ သူတို့ဆီကနေ နားထောင်ပြီး အများကြီးသိခဲ့ရတယ် ”
ဘယ်သူက ဂရုစိုက်မှာလဲ … ဘာမှပြောမနေနဲ့ ချီးကျူးလိုက် …
မင်းသားလေးပါးလုံးက ရှန်ထျန်း၏ စကားကြောင့် ပြုံးသွားကြသည်။
သို့သော် သိပ်မကြာခင် လမ်းမအထက် အဆောက်အဦးတစ်ခုဆီမှ ပန်းများစွာ ကျရောက်လာသည်။ အတိအကျဆိုရလျှင် ရှန်ထျန်းအပေါ် ကျရောက်လာခြင်း ဖြစ်၏။
မင်းသားလေးပါးလုံးက ချက်ချင်း ကြောင်အမ်းသွားကြသည်။
ငါက စိတ်အားထက်သန်/ အားကြီး/ ချမ်းသာ/ သတင်းစုံသိ တာလေ မိန်းမပျိုလေးတွေက ငါ့ကို ဘာလို့ ပန်းမပေးရတာလဲ …
လူသားတွေက ရေအောက်ကမ္ဘာမှာ ကျော်ကြားတယ်လို့တော့ လာမပြောနဲ့နော်
ဒါပေမဲ့ ခရမ်းစံအိမ် သူတော်စင်ကျ အတိသုခမြို့ထဲ ဝင်လာကတည်းက ဘာအာရုံစိုက်မှုမှ မရဘူးလေ
သူက ဒါက လုံးဝအဓိပ္ပါယ်မရှိကြောင်း တွေးလိုက်မိသည်။
………....
“ညီအစ်ကိုတို့ အငြင်းပွားနေရုံနဲ့တော့ ဒီကိစ္စက အဆုံးသတ်သွားမှာ မဟုတ်ဘူး ”
ငွေဖြူရောင်မင်းသားက အကြံပြုလိုက်သည် “ ငါတို့တွေ ဒီလိုလုပ်ရင်ရော ဒီနေ့ ကောင်းကင်တေးသံ စံအိမ်မှာ ခုံးနတ်မိမယ်လေး ကပွဲရှိတယ်။ ခဏနေကျရင် ငါတို့တွေ ကိုယ့်နည်းလမ်းနဲ့ကို ဘယ်သူက ခုံးနတ်မိမယ်များများ နိုင်မလဲ ကြည့်ကြမယ်။ အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့သူက စွဲဆောင်မှုအရှိဆုံးဆိုတာ သက်သေပြပြီးသားပဲ ”
ဂဏန်းမင်းသားက ဝင်ထောက်လိုက်သည်
“ ဟားဟား မင်းက ငါ့သီးသန့်အခန်းထဲ နေရာရချင်နေတာကို မသိဘူးထင်မနေနဲ့။ မဖြစ်နိုင်ဘူး … အစ်ကိုရှန်နဲ့ အစ်ကိုချီတို့က ငါ့ဧည့်သည်တွေ။ အောင်းဝူကလည်း အသက်မပြည့်သေးတော့ သူတို့အတွက် ငါ အကုန်အကျခံမယ်။ မင်းတို့အားလုံးလည်း တွေးကြည့်ဦး…. ငါ မှန်ကြောင်း ဝန်ခံရင်ခံ ဒါမှမဟုတ်ရင် ကိုယ့်စားရိတ်ကိုယ်ရှင်းပဲ … ”
ဟားဟား ငါက ရွှေဂဏန်းမျိုးနွယ်ရဲ့ ပါရမီရှင်လေ … ပိုက်ဆံနဲ့ ပတ်သတ်လာရင် ငါ့ထက် သိတဲ့သူ မရှိဘူး
ငါ့ဆီကနေ အခွင့်ကောင်းယူချင်နေတာလား …
အဆုံးသတ်၌ မင်းသားလေးပါးက သူတို့အငြင်းပွားစရာ ကိစ္စကို မဖြေရှင်းနိုင်သေးပေ။
ဂဏန်းမင်းသား၏ ဦးဆောင်မှုဖြင့် အဖွဲ့က အတိသုခမြို့လယ်ခေါင်းရှိ ကောင်းကင်တေးသံ စံအိမ်ဆီ ရောက်ရှိလာသည်။ ကောင်းကင်တေးသံ စံအိမ်က သက်တန့်ရောင်များ တောက်ပနေသည့် ဧရာမကမားခွံများဖြင့် တည်ဆောက်ထားသည်။
နံရံများမှ စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနေသည့် အသံမျိုးကို ဝိုးတိုးဝါးတား ကြားနိုင်ပေသည်။ ဤသည်မှာ ကောင်းကင်တေးသံ စံအိမ်၏ လိမ္မာပါးနပ်မှုတစ်ခုသာ ဖြစ်၏။
လက်တွေ့၌ ကောင်းကင်တေးသံ စံအိမ်က နေရာတစ်ခုလုံးကို အသံလုံအောင် လုပ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း မလိုအပ်ပေ။ သံဇဉ်အချို့ကို ကြားရအောင် တမင်လွှတ်ပေးထားခြင်းက … လူအများကို ပိုဆွဲဆောင်နိုင်လေသည်။
အသံအကာအရံ၏ စွမ်းအားကို ညှိလို့ ရ၏။ တစ်ခါတစ်ရံ၌ သံဇဉ်ကို ရှင်းရှင်းလင်းလင်း ကြားရသလို တစ်ခါတစ်ရံ၌ သံဇဉ်က ဝိုးတိုးဝါးတား ဖြစ်သွားတာမျိုး လုံးဝမကြားရတော့တာမျိုး ဖြစ်သွားတတ်သည်။ ဤနည်းဖြင့် ကောင်းကင်တေးသံ စံအိမ်အတွင်း ဝင်ဖို့ ရည်ရွယ်ချက်မရှိသော ဖြတ်သွားဖြတ်လာအများစုက လက်မှတ်ဝယ်ကာ ဝင်ရောက်ကြကုန်သည်။
…………...
ဂဏန်းမင်းသားက ကောင်းကင်တေးသံ စံအိမ်၌ ပုံမှန်ဖောက်သည်မှန်း သိသာလှသည်။ သူက ဝင်လိုက်ရုံမျှဖြင့် ကိုယ်လုံးကိုယ်ပေါက်လှလှ အမျိုးသမီးငယ်လေး တစ်ဦးက သူ့အား လာရောက်နှုတ်ဆက်လေ၏။
သူမက အသက် နှစ်ဆယ်မျှသာရှိဦးမည် ဖြစ်ကာ ကလူကျီစယ်တတ်ပြီး စွဲဆောင်မှုအားကောင်းလှသည်။
“အို ဂဏန်းမင်းသားလေးမလား။ မတွေ့ရတာ ရက်တောင်ကြာသွားပြီ။ တို့ အရမ်းလွမ်းနေတာ .. ဒီနေ့တော့ သူငယ်ချင်းတွေအများကြီး ခေါ်လာတာပဲ။ အို ငွေဖြူရောင် မင်းသားလေး၊ လိပ်မင်းသားနဲ့ ငါးမန်းမင်းသား ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ ကျွန်မတို့နှိမ့်ကျတဲ့နေရာလေးကို ရောက်လာပေးတာကိုက အလင်းရောင်တွေ ယူဆောင်ပေးလာသလိုပါပဲရှင် …
နဂါးမင်းသား(၇)လည်း ပါလာတာကိုး … နဂါးမင်းသားလေးက တကယ်ကို နဂါးမျိုးနွယ်ထဲမှာ အားအကောင်းဆုံးပဲ။ သူ့အစ်ကိုကြီးတွေ မလာခင် သူက ကျွန်မတို့နေရာကို အရင်ကြွရောက်လာပေးတာပဲ။
ဟွားအာ၊ ယွဲ့အာ၊ ရွယ်အာ၊ ပင်းအာ၊ လန်အာနဲ့ ရှောင်မိန်တို့ မြန်မြန် လာပြီး ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကြိုဆိုလိုက်ပါဦးကွယ် ”
ရှန်ထျန်းက မိန်းမငယ်လေးများ ထွက်လာသည်ကို မြင်ကာ ချွေးများထွက်လာမိသည်။
ဒီနေရာက သူ့ကို အပျော်စံအိမ် ရောက်လာသလိုမျိုး ခံစားချက် ဖြစ်နေစေတာလဲ
သို့သော်လည်း မင်းသားလေးယောက် တည်ငြိမ်နေသည်ကို ကြည့်ကာ သူတို့အနေနှင့် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာလှသည်။ အထူးသဖြင့် လိပ်မင်းသား ဝူဝုတိ ဖြစ်၏။ သူက ရေခူမိန်းမပျိုလေးကြောင့် သားရေတမျှားမျှား ဖြစ်နေလေပြီ။
“ဒီလူကြီးမင်းနှစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပါ့လား ”
အမျိုးသမီးငယ်လေးက ရှန်ထျန်းကို မြင်သည့်အခါ မျက်လုံးများ လင်းလက်လာသည်
“လူသားမျိုးနွယ်ကနေ ဒီလိုမျိုး ချောမောတဲ့ အမျိုးသားတစ်ယောက် မွေးထုတ်ပေးနိုင်မှန်း မသိခဲ့မိဘူး။ ရှင့်ကို မြင်လိုက်ရတာ သွေးသားရင်းချာတစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုမျိုးပဲ … ဟူး ဒါက ကံတရားများလား။ ဒီနေ့ည သီးသန့်အခန်းကြေးကို တို့ ရှင်းပေးမယ်လေနော် … လိုအပ်တာရှိရင် ခေါ်သာခေါ်လိုက် ”
ထိုသို့ပြောပြီးနောက် အမျိုးသမီးငယ်လေးက ရှန်ထျန်းအား မျက်စိမှိတ်ပြလိုက်သေးသည်။
သူမက ထွက်မသွားခင် ရှန်ထျန်းအား သူမနှင့် ဆက်သွယ်နိုင်ရန် ခရုခွံအသေးလေး ပေးခဲ့သေး၏။
“ အစ်ကိုရှန်က တကယ်ကို ဝါရင့်လူပေါ်ကြော့ပဲ။ အစ်မယွင်သဲ့တောင် သူကို တဲ့တိုးပြောသွားတာပဲ ”
ဂဏန်းမင်းသားက အလွန်အားကျနေပုံပေါ်သည် “ သူမက ခုံးမျိုးနွယ်မှာ နံပါတ်တစ် အကမယ် ဖြစ်ခဲ့ဖူးတယ်လေ။ ပါရမီရှင်အများစုက သူမကို ပိုးပန်းကြပေမဲ့ ဘယ်သူကိုမှ လက်မခံခဲ့ဘူး။ အစ်ကိုရှန် သူမကို ဘာတွေများ လျို့လျို့ဝှက်ဝှက် ပြောလိုက်တာလဲ။ ကြည့်ရတာ အစ်ကိုရှန်နဲ့ အချိန်မရွေး နေရာမရွေး အတူရှိချင်နေပုံပဲ ”
……………….
ဂဏန်းမင်းသားက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ ခုံးနတ်မိမယ်လေး ယွင်သဲ့က သာမန်အမျိုးသမီး မဟုတ်ပေ။ အခြားပင်လယ်မျိုးနွယ်စုများကဲ့သို့ ခုံးမျိုးနွယ်ကိုလည်း တော်ဝင်နှင့် သာမန်ဟု ခွဲခြားနိုင်သည်။
သာမန်ခုံးမိန်းကလေးများကလည်း တော်ဝင်များကဲ့သို့ အကအခုန် ကျွမ်းကျင်ကြသော်လည်း ကျင့်ကြံရေး ပါရမီကား ဆိုးရွားပေသည်။
အတိသုခမြို့တော်၌ အားလုံးနီးပါးက အကမယ်များနှင့် အစေခံများအဖြစ်သာ အဆုံးသတ်သွားလေ့ ရှိကြသည်။ သူတို့က အဆင့်အတန်း နိမ့်ပါးပြီး ဧည့်သည်တော်များကို ခစားပြုစုပေးရသည်။
တော်ဝင်ခုံးမျိုးနွယ်အတွက်မူ အခြေအနေချင်း လုံးဝ မတူပေ။ သူတို့အားလုံးက ကျင့်ကြံဆင့် မြင့်မားကြပြီး အလွန်အားကောင်းကြသည်။ ဤသို့သော ခုံးနတ်မိမယ်လေးက သူမလက်တွဲဖော်ကို သူမဘာသာ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မည်သူမှ သူမကို အတင်းကျပ် ဖိအားမပေးနိုင်ပေ။
နတ်မိမယ်ယွင်သဲ့က ခုံးမျိုးနွယ်၏ နံပါတ်တစ် အကမယ် ဖြစ်ခဲ့ဖူးသည့်အပြင် ခုံးမျိုးနွယ်၏ ပင်မတပည့်ရင်းတစ်ယောက်လည်း ဖြစ်ပေသည်။
မြောက်များစွာသော ပါရမီရှင်များက သူမနှလုံးသားကို အပိုင်ရလိုငြား ပိုးပန်းခဲ့ကြသော်လည်း သူမက အားလုံးကို လျစ်လျူရှုထားခဲ့သည်။ ထို့နောက် သူမက စင်မြင့်မှ အနားယူကာ ကောင်းကင်တေးသံ စံအိမ်၏ စီခံခန့်ခွဲရေးမှုးတစ်ယောက် ဖြစ်လာခဲ့သည်။
ရှန်ထျန်း၏ ဆွဲဆောင်မှုကြောင့် သူမ အာရုံစိုက်မိသွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ အားလုံးက အားကျမနာလိုဖြစ်မိနေကြ၏။