ရှန်ထျန်းကလွဲရင် ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ဘူး
Vol. 20 Ch. 299
အခန်း (၂၉၉) : ရှန်ထျန်းကလွဲရင် ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ဘူး
ရှန်ထျန်းက ပိရွမ်ချင်း၏ ဒေါသတကြီး စကားများကို ကြားကာ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားတော့သည်။
ကြာပြာကောင်းကင်အသျှင်က ထိခိုက်စေခဲ့တာလေ .. ဘာလို့ ကျွန်တော်နဲ့ လာဖြေရှင်းချင်ရတာလဲ
အဲလူ မြောက်ပင်လယ်ကို လာတုန်းက ကျွန်တော် မွေးတောင် မမွေးသေးဘူးလေ … ကျွန်တော်အပေါ် အပြစ်ပုံချတာ လွန်လွန်းသွားပြီ မဟုတ်ဘူးလား
သို့သော် မြောက်ပင်လယ် နတ်ဆိုးများက အကျိုးအကြောင်းသင့်သင့် တွေးတောဖို့ ရည်ရွယ်ချက် မရှိကြပေ။ အထူးသဖြင့် သူတို့၏ ရုပ်ရည်ဖြင့် မပြိုင်ဆိုင်နိုင်သည့်အခါမျိုးတွင် ဖြစ်၏။
ကြာပြာကောင်းကင်အသျှင်နှင့် မြွေနက်မျိုးနွယ်ကြားရှိ အငြိုးတရားက ဘယ်သူအမှန်၊ ဘယ်သူ အမှားလဲဟု ခွဲခြားဖို့ တကယ်အရေးပါလို့လား …
တကယ်တမ်း ထိုကိစ္စက လုံးလုံးအရေးမပါပေ။ ရုပ်ချောချော လူသားကို ရိုက်နှက်ရန် အကြောင်းပြချက်တစ်ခုသာ ဖြစ်၏။ ရည်ရွယ်ချက်အစစ်အမှန်မှာ သူ့အမေ မမှတ်မိတော့သည့်အထိ ရိုက်နှက်ရန် ဖြစ်သည်။
တကယ်တော့ “မင်းက ရုပ်ချောလွန်းနေတော့ ရိုက်ချင်တယ်” နှင့် “ မင်းရဲ့ဦးလေး ကျူးလွန်သမျှ အပြစ်တွေကြောင့် မင်းကို ရိုက်ချင်တယ်” ဆိုသော အကြောင်းပြချက်နှစ်ခုကြား ဖြစ်သည်။
နောက်တစ်ခုက ဖြောင့်မတ်ယုံကြည်ရဟန် ပေါ်သည် မဟုတ်ပါလော။
ထိုစဉ် ရှန်ထျန်းဆီ အကြည့်များစွာ ကျရောက်လာလေသည်။
အားလုံးနီးပါး ချူးလုံဟယ် လက်ချက်ဖြင့် ခံခဲ့ရသူများ ဖြစ်ကြပြီး ရှန်ထျန်းအား လက်စားချေနိုင်ဖို့ မျှော်လင့်နေကြသည်။
ငွေဖြူရောင် မင်းသားက ပြုံးကာ “ဟားဟား မြွေနက် နတ်ဆိုးအသျှင် ပြောပုံက ပြင်းထန်လွန်းနေပြီ။ ခင်ဗျားတို့ မြွေနက်မျိုးနွယ်နဲ့ ကောင်းကင်အသျှင် ဟယ်တုကြားက ရန်ငြိုးနဲ့ပတ်သတ်တဲ့ သတင်းမှန်သမျှကို အာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်ထားပေမဲ့ ဒီကမ္ဘာမှာ မချိုးဖောက်နိုင်တဲ့ အတားအဆီးဆိုတာ မရှိဘူး။
ဒီလိုအကြောင်းပြချက်မျိုးနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ခက်ခဲအောင် လုပ်ချင်တာလား။ ရယ်စရာကောင်းလိုက်တာ … မြောက်ပင်လယ်က မင်းတို့ကောင်တွေရဲ့ မကောင်းမှုတွေကို မသိဘူးများ ထင်နေလား ”
ပိရွမ်ချင်းက ငွေဖြူရောင် မင်းသား၏ စကားများကို ကြားလိုက်ရသည့်အခါ ချက်ချင်း ဖြူဖျော့သွားလေသည်။
သူက ငွေဖြူရောင်မင်းသားကို ကြည့်ကာ “ အတင်းအဖျင်းသမားက လာမောက်မာပြနေတာပဲ။ မင်းက ရွှေရောင်ကိုယ်ထည်အဆင့်လေးနဲ့ ငါ့မြွေနက်မျိုးနွယ်ရဲ့ ဂုဏ်သတင်းကို ညစ်ညမ်းအောင် လုပ်ဖို့ သတ္တိရှိတယ်ပေါ့လေ ”
ပိရွမ်ချင်းနောက်တွင် ဧရာမ မြွေပုံရိပ်သဏ္ဌာန်ကြီး ပေါ်ထွက်လာသည်။ မြွေက ငွေဖြူရောင်မင်းသားဆီ ဦးတည်သွားလိုက်၏။
အတိသုခမြို့ထဲ၌ မည်သူမှ တိုက်ခိုက်ခွင့် မရှိသော်လည်း စည်းမျည်းအတွက် ခြွင်းချက်များလည်း ရှိပေသည်။
နံပါတ်တစ် - နှစ်ဖက်လုံးက မျှမျှတတ တိုက်ခိုက်ဖို့ သဘောတူရမယ်။
နံပါတ်နှစ် - ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ပုံရိပ်သဏ္ဌာန်နဲ့ တစ်ဖက်လူကို ဖိနှိပ်ရမယ်။
ယခု ပိရွမ်ချင်း လုပ်သလိုမျိုး ဖြစ်၏။
နောက်ဆုံးအချက်ကား ပြိုင်ဖက်ကို ကြီးကြီးမားမား မထိခိုက်စေရန် ဖြစ်၏။ အလွန်ဆုံး မျက်နှာပျက်ရုံလောက်ဆို လုံလောက်လေပြီ။
ငွေဖြူရောင် မင်းသား၏ စကားက ပိရွမ်ချင်းအား ရန်စနေမှန်း သိသာလှသည်။ သူက နိဗာနအဆင့်ကို အသုံးချာ ငွေဖြူရောင်မင်းသားကို ဖိနှိပ်လိုက်၏။
ကျင့်ကြံဆင့် တိုးမြင့်ဖို့အတွက အချိန်ယူရပေသည်။ သို့သော် ပါရမီထူးကဲသည့် ပါရမီရှင်ကျင့်ကြံသူတစ်ယောက်အနေနှင့် သူတို့အဆင့်ကို ကျော်လွန်၍ တိုက်ခိုက်နိုင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ပိရွမ်ချင်းသည်လည်း မြွေနက်မျိုးနွယ်မှ ပါရမီရှင်တစ်ဦး ဖြစ်သည့်အတွက် သူ့အရည်အချင်းများက ငွေဖြူရောင် မင်းသားနှင့် ယှဉ်နိုင်လေ၏။
တစ်ချိန်တည်းတွင် ပိရွမ်ချင်း၏ ကျင့်ကြံဆင့်က ငွေဖြူရောင်မင်းသားထက် ပိုမြင့်သည်။
အဖက်ဖက်မှ ဖိအားများကို ခံစားမိပြီး ငွေဖြူရောင် မင်းသားက ခြေတစ်ဖက် မ ဖို့ပင် ခက်ခဲလာရသည်။ သူ့လက်တံရှစ်ချောင်းဖြင့် ရုန်းကန်ရင်း ခုခံနေရ၏။ သို့သော် ပိရွှမ်ချင်း၏ ပုံရိပ်သဏ္ဌာန် ဖိအားအောက်တွင် သူက ကူကယ်ရာမဲ့နေသည်။
“ ရေဘဝဲမျိုးနွယ်ရဲ့ မင်းသားက လူသားကို ကူညီပေးနေတာပဲ။ မင်းအဖေအစား သင်ခန်းစာပေးရမယ်”
ပိရွမ်ချင်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့ပုံရိပ်သဏ္ဌာန် အားကောင်းလာသည်နှင့်အမျှ ငွေဖြူရောင် မင်းသားအပေါ် ဖိအားများစွာ သက်ရောက်လာပြီး အခန်းအတွင်း လွှင့်စင်သွားလေသည်။
ငွေဖြူရောင်မင်းသားက နံရံနှင့် တိုက်မိသွားကာ လုံးဝ အရှက်ခွဲခံလိုက်ရသည်။ ထိုစဉ် ပုံရိပ်တစ်ခုက သူနောက်မှ ပေါ်လာကာ ကူထူပေးလိုက်သည်။
ဖိအားသည်လည်း အစကတည်းက မတည်ရှိခဲ့သည့်အလား တမဟုတ်ချင်း ပျောက်ကွယ်သွားသည်။
ပိရွမ်ချင်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူက ပုံရိပ်သဏ္ဌာန်ထဲ၌ အင်အားအပြည့် ထုတ်မပြခဲ့သော်လည်း အလွယ်တကူ ချေဖျက်နိုင်သည့် အင်အားမျိုးတော့ မဟုတ်ပေ။
သို့သော် ဤလူသားကောင်လေးအပေါ် လုံးဝသက်ရောက်မှု မရှိဘဲ ငွေဖြူရောင် မင်းသားကိုပင် ကူပေးလိုက်သေး၏။ သူက စွမ်းအားထိန်းချုပ်နိုင်စွမ်း မြင့်မားသည်မှာ သိသာလှသည်။
ဒီအံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မရိုးရှင်းဘူးပဲ …
.....................
“ ဒါက မြွေနက်မျိုးနွယ် ဖြေရှင်းတဲ့ပုံစံလား။ ဆရာဦးလေးကြာပြာနဲ့ ခင်ဗျားတို့ကြား ပြဿနာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်ကို ဆွဲထည့်ပြီးတော့ ဒီညီအစ်ကိုကို ဘာလို့ တိုက်ရတာလဲ ”
ရှန်ထျန်းက ပိရွမ်ချင်းအား တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။
ဒီတီကောင်အပေါ် သူ့အမြင်တို့က အောက်ဆုံးရောက်သွားလေပြီ …
နှစ်အများကြီး ကျင့်ကြံခဲ့တာကို အခွင့်ကောင်းယူပြီးတော့ လူငယ်မျိုးဆက်ကို အနိုင်ကျင့်နေတာလား .. တကယ်ကို အရှက်မရှိလိုက်တာ
ပိရွမ်ချင်းက ရှန်ထျန်းအား ပြန်ကြည့်လိုက်ပြီး “ ဘာလဲ မပျော်ဘူးလား … အဲဆို ငါနဲ့ တစ်ပွဲလောက် လက်ရည်စမ်းလိုက်လေ”
အရှက်မရှိလိုက်တာ …
အောင်းဝူက ဝင်ပြောလိုက်သည် “ ငတုံးတီကောင် … ခင်ဗျားလိုမျိုး နတ်ဆိုးအသျှင်က အဆင့်နိမ့်တဲ့သူကို လာစိန်ခေါ်နေတာလား။ မြွေနက်တွေက တကယ်ကို အရှက်မရှိဘူးပဲ ”
ချီရှောက်ရွမ်လည်း သရော်လိုက်သည်။ သူ့ကောင်းကင်ပုဆိန်လှံရှည်ကို မြဲမြံစွာ ကိုင်ထားရင်း
“အရူးတီကောင် … ခင်ဗျားတို့က ညီအစ်ကိုရှန်ကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်ချင်ရင် ကျုပ်ကို အရင်ဖြတ်ကျော်ရမယ်။ မဟုတ်ရင်တော့ ကိုယ့်ပိုင်နက်ကို ပြန်သွားလိုက် ”
ချီရှောက်ရွမ်၏ ခရမ်းအငွေ့အသက်များက စတင် ထွက်ပေါ်လာသောကြောင့် နတ်ဘုရားဘုရင်ငယ်နှင့် တူသွားစေသည်။ ချီရှောက်ရွမ်၏ အမြင်အရ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့အလေးစားရဆုံး ပြိုင်ဖက် ဖြစ်၏။ သူ့အတွက် ရည်မှန်းချက်တစ်ခုလည်း ဖြစ်ပေသည်။
ဒီမြွေနက်ကောင်က ဘယ်သူမလို့လဲ … ဒီလိုဆိုးရွားတဲ့ သဘောထားနဲ့ ညီအစ်ကိုရှန်ကို စိန်ခေါ်ဖို့ မထိုက်တန်ဘူး။ ညီအစ်ကိုရှန်အတွက် သူ့လိုလူမျိုးရဲ့ စိန်ခေါ်တာ ခံရတာ အရှက်ရဖွယ်တစ်ခုပဲ …
ဒီလိုဘာမှမဟုတ်တဲ့သူကို ညီအစ်ကိုရှန် ကိုယ်စား ငါပဲ ရှင်းပေးလိုက်မယ် …
နဂါးနက်ကျွန်းရဲ့ လူသားတွဲဖက်လား …
ပိရွမ်ချင်းက ချီရှောက်ရွမ်ကို အာရုံစိုက်ထားလိုက်သည်။ သူက ချီရှောက်ရွမ်ဆီမှ ထွက်လာသည့် ဖိအားများကို ခံစားမိ၏။
ဤသည်မှာ နဂါးမျိုးနွယ်မှ မြွေမျိုးနွယ်ကို သွေးမျိုးဆက် ဖိနှိပ်မှုတစ်ခု ဖြစ်၏။ နဂါးစွမ်းအားကြောင့် ပိရွမ်ချင်းက မသက်မသာ ဖြစ်လာမိသည်။
သို့သော် မသက်မသာဖြစ်မှုမျှသာ ဖြစ်၏။
အကယ်၍ သူတို့သာ အဆင့်တူ ဖြစ်နေပါက ချီရှောက်ရွမ်က နဂါးစွမ်းအားဖြင့် ပိရွမ်ချင်းအပေါ် သိသိသာသာ ဖိအားပေးနိုင်မည် ဖြစ်သော်လည်း ပိရွမ်ချင်းက နိဗာနအဆင့် နတ်ဆိုးအသျှင် တစ်ယောက် ဖြစ်နေလေပြီ။ ဤသွေးမျိုးဆက် ဖိနှိပ်မှုက သက်ရောက်မှု အားမပြင်းဘဲ အနည်းနှင့်အများ သူ လျစ်လျူရှုထားနိုင်သည်။
“အရူး သေဖို့ စိတ်စောနေမှတော့ ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်မယ် ”
လူအုပ်ကြားက လမ်းဖယ်ပေးလိုက်ကြသည်။ ပိရွမ်ချင်းနှင့် ချီရှောက်ရွမ်တို့က အတိသုခမြို့စွန်ဆီ သွားလိုက်ကြသည်။
တိုက်ပွဲအတွက် နေရာကျယ်ကျယ်ရှိသည်က ပိုကောင်းပေသည်။ ပိရွမ်ချင်းက စကားတစ်ခွန်း ရေရွတ်လိုက်ပြီးနောက် သူ့လက်ထဲ အစိမ်းရောင် ဓားတစ်လက် ပေါ်လာသည်။
“မြစိမ်း ကျိန်စာဓား”
ပိရွမ်ချင်းက အေးစက်စက် ရေရွတ်လိုက်ပြီးနောက် သူ့အစိမ်းရောင် ဓားကို မြှောက်လိုက်သည်။ ဓားမျက်နှာပြင်အထက် ဆံချည်မျှင် အက်ကြောင်းလေးများ ပေါ်လာလေသည်။
ကောင်းကင်ယံတွင် အစိမ်းရောင် ဓားအငွေ့အသက်ပေါင်းများစွာ စုစည်းလာသောကြောင့် ချီရှောက်ရွမ်ဆီ နေရာဘက်ပေါင်းစုံမှ အဆိပ်မြွေများစွာ တိုးဝင်နေသလိုမျိုး ဖြစ်နေသည်။
ထို့အပြင် အာကာပြင်အတွင်းရှိ အက်ကြောင်းများတွင် ဓားအငွေ့အသက်အများစုက မြွေများ အရိပ်ထဲတွင် ပုန်းအောင်းနေသလိုမျိုး ပုန်းကာ အခွင့်ကောင်းကို စောင့်နေသည်။ သူတို့က ချီရှောက်ရွမ်နောက်မှ ရုတ်တရက် ဝင်တိုက်မည့်အချိန်ကို မည်သူမှ မသိကြပေ။
မြွေနက်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်အနေနှင့် ပိရွမ်ချင်းက လုံးဝ အားမနည်းပေ။
လွန်ခဲ့သော နှစ်ရာပိုင်းခန့်က ပိရွမ်ချင်းက မြောက်ပင်လယ်တွင် လူသိများသော ပါရမီရှင် ဖြစ်လာခဲ့သည်။ သူက မြောက်ပင်လယ်၏ စံပြနတ်ဆိုး ထိပ်တန်းဆယ်ယောက်စာရင်းထဲ ဝင်ခဲ့သည်။ စံပြနတ်ဆိုးသည် လူသားမျိုးနွယ်၏ စံပြပုဂ္ဂိုလ်ဘွဲ့နှင့် တူပေသည်။ ပြောရလျှင် ရွှေအမြုတေအဆင့်ကို ပြောခြင်း ဖြစ်၏။
စံပြနတ်ဆိုးအဆင့်စာရင်းက အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေအဆင့်စာရင်းနှင့် တူညီပေသည်။
နှစ်ရာချီ ကျင့်ကြံပြီးနောက် ပိရွမ်ချင်းက များစွာ တိုးတက်လာကာ နိဗာနအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
သူ့လက်ရှိ တိုက်ပွဲစွမ်းရည်က ယခင်နှစ်တစ်ရာနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေလို ကွာဟသွားပေသည်။ ပိရွမ်ချင်း၏ အမြင်အရ ထိုလူသားများက မည်မျှပါရမီထူးကဲစေကာမူ ကိစ္စမရှိပေ။ သူတို့ကျင့်ကြံဆင့်မှာ အားနည်းလွန်းလှ၏။
ထိုအချိန်က စံပြနတ်ဆိုးအဆင့်စာရင်းတွင် နံပါတ်တစ်ချိတ်သည့် နဂါးမင်းသား(၆)ပင် ရွှေရောင်ကိုယ်ထည်အဆင့်သာ ရှိပါက လက်ရှိ ပိရွမ်ချင်းအား ရှုံးနိမ့်ပေလိမ့်မည်။
ဒီလူသားနှစ်ယောက်က နဂါးမင်းသား(၆) ထက် ဘယ်လိုလုပ် အားကောင်းနိုင်မှာလဲ …
“ ဘယ်လိုတောင် ရှုပ်ထွေးတဲ့ ဓားကွက်လဲ … ပိရွမ်ချင်းက အရင်တစ်ခေါက်တုန်းကထက် ပိုအားကောင်းလာတာပဲ ”
ငါးမန်းမင်းသားက ပိရွမ်ချင်း၏ ဓားရေးကို မြင်ပြီးနောက် “ သူက သက်ညှာမနေဘူးပဲ”
မြောက်ပင်လယ်တစ်ခွင်၌ မြွေနက်မျိုးနွယ်သည် အသေးအမွှားလေး မဟုတ်ကြောင်း သိကြသည်။ သူတို့က ခိုးကြောင်ခိုးဝှက် ဓားကွက်များ၌ ကျွမ်းကျင်ကြပြီး လုပ်ကြံသတ်ဖြတ်သူ ဖြစ်ဖို့ အသင့်တော်ဆုံး ဖြစ်သည်။
ကောလဟာလများအရ မြွေနက်မျိုးနွယ် ထွန်းတောက်ခဲ့ချိန်အခါက သူတို့ဆီမှ အင်မတန် အားကောင်းသည့် ကျင့်ကြံသူတစ်ဦးသည် လုပ်ကြံသတ်ဖြတ်ရေး တိုက်ကွက်များကို အဆုံးအစွန်အထိ ကျွမ်းကျင်တတ်မြောက်ခဲ့ပြီး နတ်ဧကရာဇ်ကိုပင် သတ်ဖြတ်ခဲ့သည်။
ထို မြစိမ်းကျိန်စာဓားသည် မြွေနက်မျိုးနွယ်၏ အားအကောင်းဆုံး တိုက်ကွက်များအနက် တစ်ခု ဖြစ်၏။
ပြောကြသည်ကား အဆင့်မြင့်ဆုံးအထိ လေ့ကျင့်တတ်မြောက်သွားပြီးလျှင် ကောင်းကင်ကိုပင် စိန်ခေါ်ကာ မဟာဝိဇ္ဇာကိုပင် ကြောက်ဒူးတုန်သွားစေနိုင်သည်။
ပိရွမ်ချင်း၏ မြစိမ်းကျိန်စာဓားက ထိပ်ဆုံး မရောက်သေးသော်လည်း သူ့အဆင့်တူအတွင်း လွှမ်းမိုးဖို့ ပြဿနာ မရှိပေ။
ချီရှောက်ရွမ်ပင် ဖိအားကို ခံစာနေရသည်။
“ခရမ်းစံအိမ် ကောင်းကင်မျက်လုံး အသက်ဝင်စမ်း ”
သူ့ခရမ်းအငွေ့အသက်တို့က ပေသုံးထောင်လောက် ပျံ့နှံ့လာပြီး သားရဲလိုမျိုး မျက်လုံးလည်း ချီရှောက်ရွမ်၏ နဖူး၌ ပေါ်ထွက်လာသည်။
ထိုတတိယမျက်လုံးမှ ရုတ်ချည်းဆိုသလို မျက်စိစူးမတတ် အလင်းတန်း ထွက်ပေါ်လာကာ ခရမ်းအငွေ့အသက်ထဲ စိမ့်ဝင်သွားသည်။
ခရမ်းအငွေ့အသက်နှင့် ခရမ်းအလင်းတန်းတို့ ပေါင်းစပ်သွားသည့်အခါ ယခင် အာကာပြင် အက်ကြောင်းအတွင်း ပုန်းအောင်းနေကြသည့် မြွေလိုမျိုး ဓားအငွေ့အသက်တွေက ချက်ချင်း ထင်ရှားလာကာ ထုတ်ဖော်ခံလိုက်ရသည်။
“ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေအပေါ် မှီခိုအားထားတဲ့ ပြိုင်ဖက်မျိုးက ကျုပ်အတွက် ပါးမွှားပဲ ”
ချီရှောက်ရွမ်က သရော်လိုက်သည်။ သူ့ကောင်းကင်ပုဆိန်လှံရှည်မှ ခရမ်းအလင်းတန်း သောင်းချီကာ ထွက်ပေါ်လာကာ နဂါးတစ်ကောင် ပုံရိပ်ဖွဲ့စည်းလိုက်သည်။
ဂါး …
နဂါးဟိန်းသံက အတိသုခမြို့တစ်ဝက်လောက်အထိ အသံလှိုင်းများ ပျံ့လွှင့်သွားစေသည်။
ခဏလေးအတွင်း ပင်လယ်နတ်ဆိုးများစွာ၏ မျက်နှာကား ပြောင်းလဲသွားကာ အားနည်းသူတချို့က တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ် လဲကျသွားကြသည်။
နဂါးအုပ်စု …
သူ့ထက် ကျင့်ကြံဆင့် မြင့်သည့် ပါရမီရှင်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ ချီရှောက်ရွမ်က ထိန်းချုပ်ထားဖို့ ရည်ရွယ်ချက် မရှိပေ။ ဤသည်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း သင်ယူခဲ့ရသော သင်ခန်းစာတစ်ခု ဖြစ်၏။
ဤသို့တိုက်ပွဲမျိုး၌ အရူးသာ စွမ်းအားကို ထိန်းချုပ်ထားပြီး တိုက်လိမ့်မည်။
တစ်ဖက်လူက တုံ့ပြန်ဖို့ အချိန်မရခင် သူက မြန်မြန်ဆန်ဆန်ဖြင့် အကောင်းဆုံးတိုက်ကွက်ကို ထုတ်သုံးကာ အနိုင်ပိုင်းပစ်လိုက်မည်။ ဤသည်မှာ ကိုယ့်ထက် အားကောင်းသည့်သူကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်၏။
အရှင်းဆုံးပြောရလျှင် ချီရှောက်ရွမ်၏ လူကြီးလူကောင်းမဆန်သော တိုက်ကွက်က ပိရွမ်ချင်းအား ထိတ်လန့်သွားစေသည်။
လူသားပါရမီရှင်တွေအားလုံးက ဒီလိုကျင့်ဝတ် မရှိကြတာလား …
သာမန်တိုက်ပွဲ ကျင့်ဝတ်အရ တစ်ဖက်လူ၏ အရည်အချင်းကို စမ်းသပ်ရန် တိုက်ကွက်အသေးလေးဖြင့် စတင်ရမည် မဟုတ်ပါလော။
တစ်ခါတည်းနဲ့ ဘယ်လိုက အကြမ်းဆုံးတိုက်ကွက်ကို ထုတ်သုံးလို့လဲ … လွဲချော်သွားပြီးတော့ လိုက်မမီတော့မှာကို မစိုးရိမ်ဘူးလား …
ပိရွမ်ချင်းက နဂါးပုံရိပ်မှ နဂါးအရှိန်အဝါကို ခံစားနေရသည့်အတွက် မျက်နှာက အတော်လေး မှုန်မှိုင်းလာသည်။ ထိုနဂါးပုံရိပ်တွင် ကိန်းအောင်းနေသော စွမ်းအားကို သူ ခံစားမိပေသည်။ ဤသည်မှာ နဂါးသွေးမျိုးဆက် ဖိနှိပ်မှုတစ်ခုမျှတင် မကဘဲ တိုက်ခိုက်မှုကိုက သူ့အား ထိခိုက်သွားစေနိုင်သည်။
သူ့ကျင့်ကြံဆင့်က ချီရှောက်ရွမ်ထက် ပိုမြင့်မားသော်လည်း ထိသွားပါက အခြေအနေဆိုးရွားသွားနိုင်သည်။
“ ငါ့ကို မီဖို့ နောက်ထပ် နှစ်နှစ်ရာလောက် ကျင့်ကြံလိုက်ဦး ”
ပိရွမ်ချင်းက လှောင်ပြောင်လိုက်ပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ဤသည်မှာ မြွေနက်မျိုးနွယ်၏ လျို့ဝှက်ပညာရပ်အနက် တစ်ခု ဖြစ်ပေသည်။ သူတို့က ပင်လယ်ရေအတိုင်း ပေါင်းစပ်ကာ ရွေ့လျားနိုင်ကြ၏။
အာကာပြင်ကြား ပျောက်ကွယ်သွားသည်လောက် မကောင်းသော်လည်း သူတို့လှုပ်ရှားမှုများကို ပြိုင်ဖက်အများစုဆီမှ ဖုံးကွယ်ထားနိုင်ကြသည်။ ထိုအခါမှ သူတို့က တိတ်တဆိတ် လုပ်ကြံတိုက်ခိုက်မည် ဖြစ်၏။
နဂါးပုံရိပ်က ဆက်လက် ဟိန်းဟောက်လိုက်သည့်အခါ ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်နှင့် နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ပင်လယ်နတ်ဆိုးများစွာအား ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်လိုက်သည်။
သို့သော် မင်းသားလေးယောက်နှင့် ကျန်လူများက ကိစ္စကောင်း မဟုတ်ကြောင်း သိကြသည်။ ချီရှောက်ရွမ်က စွမ်းအားများစွာ သုံးစွဲနေရသည် မဟုတ်ပါလော။ သူ့နဂါးအုပ် တိုက်ကွက်က ကြီးကျယ်သော်လည်း ပိရွမ်ချင်းအား ထိခိုက်အောင် မလုပ်နိုင်သေးပေ။
ပိရွမ်ချင်းက ပင်လယ်ရေထဲ ပုန်းအောင်းနေသောကြောင့် ချီရှောက်ရွမ်ထက် စွမ်းအားအနည်းငယ်သာ သုံးစွဲရသေးသည်။ အကယ်၍ ဤအခြေအနေသာ ဆက်လက်ဖြစ်နေပါက ချီရှောက်ရွမ် တစ်ယောက် အန္တရာယ်ကြီးသွားနိုင်သည်။
……………….....
ထိုစဉ် ရှန်ထျန်းက ပိရွမ်ချင်းအား ငေးကြည့်နေမိသည်။ သူ့မျက်ဝန်းထဲ ဓားအလင်းတစ်ချက် ဖြတ်ခနဲ လင်းလက်သွားလေ၏။
သူက ပိရွမ်ချင်း၏ ဓားရေးကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်ထဲမှ ဓားပျံပညာရပ်မှ တုန်ခါမှုကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ ထိုအရာက မြစိမ်းကျိန်စာဓားပညာရပ်ကို စုပ်ယူကာ လေ့လာနေသလိုမျိုး ဖြစ်၏။
ရှန်ထျန်းက ထိုကြေးလက်စွပ်သည် သူ့အား အလွန်အစွမ်းထက်သည့် ဓားပညာရပ် ပေးခဲ့သည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ယခု သူက ထိုပညာရပ်ကို လျော့တွက်မိခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။
ဓားပျံပညာရပ်သည် အခြားဓားပညာရပ်များ၏ အနှစ်သာရကို စုပ်ယူကာ လေ့လာနိုင်လေသည်။ အခြားဓားပညာရပ်များ၏ နောက်ကွယ်မှ လျို့ဝှက်ချက်များနှင့် အဓိကသဘောတရားကို ကောက်နုတ်ပေးသည်။
ပိရွမ်ချင်းက မြစိမ်းကျိန်စာဓားကွက် ထုတ်သုံးသည်ကို ကြည့်ရင်း ရှန်ထျန်း စိတ်ထဲ သဘောထားတစ်ခု ပေါ်လာသည်။
ငါလည်း လုပ်နိုင်တယ် …
ရှန်ထျန်းက ဆက်လေ့လာနေရင်း ပိရွမ်ချင်း၏ ဓားကွက်မှ ပြစ်ချက်တချို့လည်း အာရုံခံမိလိုက်သည်။
အကယ်၍ ယခု ရှန်ထျန်းသာ ဝင်ပါလိုက်လျှင် ပိရွမ်ချင်း၏ ဓားရေးကို အကွက်တစ်ရာအတွင်း ချိုးဖောက်နိုင်မည်ဟု ယုံကြည်ချက် ရှိ၏။ လေ့လာစမ်းစစ်မှုဆက်လုပ်လိုက်လျှင် အကွက်ရေအနည်းငယ်အတွင်း ချိုးဖောက်နိုင်လိမ့်မည်။
“ ဒီဓားပညာရပ်ရဲ့ ဇစ်မြစ်က ဘာများပါ့လိမ့် ”
ရှန်ထျန်းက ပိရွမ်ချင်း၏ ဓားရေးကို ဆက်ကြည့်နေရင်း ရေရွတ်လိုက်မိသည်။
လူအိုကြီးယဲ့ပင် ထိုကြေးလက်စွပ် ဇစ်မြစ်အကြောင်း မသိသောကြောင့် အလွန်ဆန်းကြယ်လှပေသည်။
…………....
ရှန်ထျန်းက ပွဲကို သဘောကျနေစဉ် ပိရွမ်ချင်းနှင့် ချီရှောက်ရွမ်တို့ကြားက တိုက်ပွဲမှာ ပိုမို ပြင်းထန်လာသည်။
ပိရွမ်ချင်း၏ အေးစက်စက် ရယ်သံက လေထုထဲ ပျံ့လွှင့်လာသည်။
“ လူသား … ဒါက မင်းအကောင်းဆုံး တိုက်ကွက်လား။ မင်းက ရွှေအမြုတေအဆင့်မှာ ပါရမီရှင်ဖြစ် ယူဆနိုင်ပေမဲ့ ငါနဲ့ ထိပ်တိုက်လာတွေ့တဲ့အခါ အားနည်းလွန်းနေတာ သနားစရာပဲ ”
တစ်နေရာမှ သိပ်သည်းလွန်းနေသော ဓားအလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
ဓားအလင်းက မတောက်ပနေသော်လည်း မည်းမှောင်ကာ ငြီးငွေ့ဖွယ်ကောင်းပုံပေါ်နေသည်။
သို့သော် ထိုအလင်းတန်း ပေါ်ထွက်လာသည်နှင့် ချီရှောက်ရွမ်က သူ့ဆံပင်များပင် ထောင်တက်သွားကြောင်း ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မပြောပြတတ်သည့် အန္တရယ်တစ်ခု လွှမ်းခြုံသွားလေသည်။ ဤသည်မှာ မြစိမ်းကျိန်စာဓားမှ သေစေလောက်သည့် တိုက်ကွက် ဖြစ်ကြောင်း သိသာလှ၏။ ပိရွမ်ချင်းက ထိုအရာကို တဖြည်းဖြည်း အရှိန်မြင့်လိုက်သည်။
“ မိုက်ရူးရဲဆန်တဲ့ လူသား … သေစမ်း ”
အစိမ်းဖျော့ဖျော့ ဓားအလင်းတန်းက အာကာပြင်ကို ခွင်းကာ ချီရှောက်ရွမ်၏ ဘယ်ဘက်ပခုံးကို ထိုးစိုက်သွားလေသည်။
ကံကောင်းစွာဖြင့် ချီရှောက်ရွမ်က မြန်မြန်ဆန်ဆန် ရှောင်နိုင်လိုက်သည်။ မဟုတ်လျှင် သူ့ပခုံးကို မဟုတ်ဘဲ နှလုံးသားဆီ ထိုးစိုက်သွားမည် ဖြစ်၏။
နှလုံးသား ပျက်စီးသွားခြင်းက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်အတွက် သေစေလောက်သည့် ဒဏ်ရာပေးနိုင်သည်။ ချီရှောက်ရွမ်တွင် နိဗာနတော်ဝင်ရေစင် ရှိသောကြောင့် နှလုံးသား ထိုးစိုက်ခံရလျှင်ပင် သေမည် မဟုတ်ပေ။
သို့သော်လည်း ဤတိုက်ပွဲ၌ လုံးဝ ရှုံးနိမ့်သွားပေမည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ငါ့တိုက်ကွက်ကို ရှောင်နိုင်တယ်ပေါ့ ”
ပိရွမ်ချင်းက မျက်လုံးမှေးကာ ကြည့်လိုက်သည်။ သူ့အမြန်နှုန်းက အဆုံးအစွန်အထိ ရောက်ရှိနေလေပြီ။ နတ်ဆိုးအသျှင် ပြိုင်ဖက်နှင့် ရင်ဆိုင်ရလျှင်ပင် တချို့သာ ရှောင်ရှားနိုင်ကြသည်။
ချီရှောက်ရွမ်က ရွှေအမြုတေအဆင့်လောက်ဖြင့် ဘယ်လိုလုပ် ရှောင်နိုင်သွားတာလဲ …
“ ဟားဟား ခင်ဗျားက မြန်ပေမဲ့ ညီအစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် အရမ်းနှေးတယ် ”
ချီရှောက်ရွမ်က ပိရွမ်ချင်း၏ ညာဘက်ကို ဆွဲကိုင်ထားလိုက်ပြီး သူ့တတိယမျက်လုံးမှ အလင်းတန်း တောက်ပလာသည် “ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ တိုက်ပွဲတွေအများကြီး တိုက်လာပြီးတော့ ဘာမှမရခဲ့ဘူးများ ထင်နေလား။ ကျုပ်အမြင်တော့ ခင်ဗျားရဲ့ တူတူပုန်းတိုင်း ကစားနည်းက ဟာသတစ်ခုပဲ … ကျုပ် ပခုံးကို ဓားထိုးစိုက်သွားကတည်းက ဒီတိုက်ပွဲက အဆုံးသတ်သွားပြီ ”
ချီရှောက်ရွမ်၏ မျက်ခုံးကြား ခရမ်းအလင်းတန်း ထွက်ပေါ်လာသည်။
“ ဖျက်စီးခြင်း ခရမ်းမျက်လုံး အလင်းတန်း ”
ရုတ်ချည်းဆိုသလို အားလုံးက မျက်စိစူးမတတ် ခရမ်းရောင် အလင်းတန်းကိုသာ မြင်လိုက်ကြရသည်။
ပိရွမ်ချင်းက ရုန်းကန်နေသော်လည်း အလင်းတန်းက သူ့သည်းခြေထဲ ထိုးဖောက်သွားတော့သည်။ ပိရွမ်ချင်းတစ်ယောက် သွေးထွက်ကာ လေထဲမှ ပြုတ်ကျလာသည်ကို ကြည့်ရင်း ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ကို ပြန်သိမ်းလိုက်သည်။
သူက အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့မျက်နှာလည်း ဖြူဖျော့နေသောကြောင့် ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သိသာလှသည်။
မည်သို့ပင်ဆိုစေကာမူ ချီရှောက်ရွမ်၏ မျက်ဝန်း၌ ယုံကြည်ချက်အပြည့် ဖြစ်နေသည်။
ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်အနေနှင့် နိဗာနအဆင့် နတ်ဆိုးအသျှင်ကို အနိုင်ယူနိုင်လိုက်သည် မဟုတ်ပါလော။
ဤသည်မှာ အောင်မြင်မှုလမ်းစဉ် အစစ်အမှန် ဖြစ်၏။
ရှန်ထျန်းကလွဲ၍ မည်သူမှ သူ့အား အနိုင်မယူနိုင်ချေ။