ရေသူမင်းသမီးလေး၏ ဖိတ်ကြားချက်
Vol. 20 Ch. 300
အခန်း (၃၀၀) : ရေသူမင်းသမီးလေး၏ ဖိတ်ကြားချက်
အတိသုခမြို့တော်၌ …
ချီရှောက်ရွမ်က မားမားမတ်မတ် ရပ်နေပြီး ခရမ်းအငွေ့အသက်များက သူ့အား ဝန်းရံထားလေသည်။
သူနှင့် မျက်နှာချင်းဆိုင် ရပ်နေသည့် ပိရွမ်ချင်းက ဒဏ်ရာအပြင်းအထန် ရထားသည်။ သူက သူ့အစေခံဆီမှ ကုသဆေးလုံးများ မြန်မြန် ထုတ်ကာ မည်မျှကုန်ကျမည်ကို တွေးမပူဘဲ သောက်ပစ်လိုက်သည်။
မြွေမျိုးနွယ်အတွက် သည်းခြေမှာ အလွန်အရေးပါလှသည်။ သူ့သည်းခြေ ထိုးဖောက်လိုက်သည့်အခါ တိုက်ပွဲကို ရှုံးနိမ့်ပြီးသား ဖြစ်သွားလေပြီ။
နိဗာနအဆင့် နတ်ဆိုးအသျှင်တစ်ယောက်က ရွှေအမြုတေ လူသားတစ်ယောက်ဆီ ရှုံးနိမ့်သွားတယ်တဲ့လား …
ပိရွမ်ချင်းက ကိုယ့်ဘာသာ ရှက်ရွံ့နေမိသည်။
ချီရှောက်ရွမ်ကား သူ့ဘာသာ ဂုဏ်ယူနေလေသည်။
ပင်လယ်နတ်ဆိုးများက ရုပ်ရည်ကို အလေးပေးကြသော်လည်း လုံလုံလောက်လောက် အားကောင်းနေပါက သာမန်ရုပ်ရည် ပိုင်ရှင်ကိုလည်း လေးစားတတ်ကြသည်။
ထို့အပြင် ချီရှောက်ရွမ်က ရှန်ထျန်းနှင့် မယှဉ်နိုင်သော်ငြား သူ့ဘာသာတော့ ချောမောခန့်ညားပေသည်။
ပင်လယ်နတ်ဆိုးမလေးများစွာက ချီရှောက်ရွမ်၏ တိုက်ပွဲကို ကြည့်ကာ ရှက်သွေးဖြာကုန်ကြသည်။ သူက သူ့စိတ်နတ်ဆိုးများအနက် တစ်ယောက် ဖြစ်သည့် ရှန်ထျန်းမှလွဲ၍ နယ်မြေငါးခုအနက် ထိပ်တန်းကျင့်ကြံသူ ဖြစ်ကြောင်း သူ့ဘာသာ သက်သေပြလိုက်နိုင်သည်။
………………....
ချီရှောက်ရွမ်က သူ့ခန္ဓာကိုယ်ပေါ်မှ ဓားကို တွန်းထုတ်ဖို့ ကြိုးစားရင်း အတွေးများနေလေသည်။ သူ့လက်ရှိအင်အားဖြင့် တင်းတိမ်ကျေနပ်နေ၍ မဖြစ်သေးကြောင်း ခံစားမိ၏။
သူက ရှန်ထျန်းကို အနိုင်မယူနိုင်သော်လည်း သူ့အား အားပိုကောင်းစေဖို့ရာအတွက် ရည်ရွယ်ချက် မြင့်မြင့် ထားသင့်ကြောင်း ယုံကြည်သည်။ သူက ရှန်ထျန်းဆီမှ စိတ်ရောကိုယ်ပါ မရှုံးနိမ့်သွားစေရန် သဘောထားကိုလည်း ပြင်ဆင်ထားရသည်။ မဟုတ်ပါက ရှန်ထျန်း ပြောသည့်စကားက အမှန်ဖြစ်လာလိမ့်မည်။
သူ့ထံ ရှုံးနိမ့်သူတိုင်း နောင်ဘယ်သောအခါမှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ငါ ချီရှောက်ရွမ်က ရှန်ထျန်းကို သေချာပေါက် အနိုင်ယူနိုင်ရမယ် …
ချီရှောက်ရွမ်က အတော်လေး စိတ်လှုပ်ရှားမိနေစဉ် သွေးတစ်ပွက် အန်လိုက်ရသည်။
ဖူး …
သူက ဘေးရှိကျောက်တုံးပေါ် အပြာရောင်သွေးများ အန်ထုတ်လိုက်သည့်အခါ ထိုကျောက်တုံးက ချက်ချင်း ယိုယွင်းပျက်စီးသွားလေသည်။
ပိရွမ်ချင်း၏ တိုက်ခိုက်မှုက အားကောင်းလွန်းမှန်း သိသာလှ၏။ ထိုဓားအငွေ့အသက်ကို ရှင်းထုတ်ပစ်ဖို့ ခက်ရုံသာမက အင်မတန်လည်း ပျက်စီးစေနိုင်သည်။
ချီရှောက်ရွမ်ပင် အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် ရက်အနည်းငယ်ခန့် အနားယူရပေမည်။ သို့သော်လည်း ပိရွမ်ချင်းဘေးမှ ပါရမီရှင်များက အလွယ်တကူ လက်မလျော့လိုကြပေ။ အထူးသဖြင့် ပိရွမ်ချင်း ရှုံးနိမ့်သွားသည့်အခါမျိုးတွင် ဖြစ်၏။
အကယ်၍ သူတို့သာ ဘာမှမလုပ်ဘဲ ထွက်သွားခဲ့ရလျှင် အရှက်ရပေမည်။
အားကောင်းကောင်း အမျိုးသားတစ်ယောက်က ရှေ့ထွက်လာကာ “ ခရမ်းစံအိမ် သူတော်စင်က တကယ်အားကောင်းတာပဲ။ မင်း ပိရွမ်ချင်းကို အနိုင်ယူနိုင်လိမ့်မယ် မထင်ထားမိဘူး။ ဒါပေမဲ့ မြောက်ပင်လယ်မှာ လျှောက်သွားနေရအောင် မလုံလောက်သေးဘူး။
မင်းတို့ကို အနိုင်မကျင့်ပါဘူး။ တကယ်လို့ ငါ့ရိုက်ချက် ဆယ်ချက်အောက်မှာ အသက်ရှင်မယ်ဆိုရင် ဒီနေ့ ဘာမှမဖြစ်သလို ယူဆပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ကောင်တွေ မြောက်ပင်လယ်ကနေ ချက်ချင်း ထွက်သွားရမယ်။ ဒီနေရာမှာ လူသားတွေကို မကြိုဆိုဘူး ”
သူက ဧရာမမိချောင်းမျိုးနွယ်မှ ပါရမီရှင် ဖြစ်ပြီး ပိရွမ်ချင်းထက် သာလွန်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။ အကယ်၍ ဤတိုက်ပွဲတွင် ပြသခဲ့သော ပိရွမ်ချင်း၏ စွမ်းအားက ၆၀၀ ယူနစ်လောက် ဖြစ်နေမည်ဆိုလျှင် အာ့ထုံထျန်း၏ စွမ်းအားက တစ်သောင်းလောက် ဖြစ်ပေမည်။ မြွေနက်မျိုးနွယ်နှင့် မတူသည်ကား ဧရာမ မိချောင်းမျိုးနွယ်သည် နဂါးမျိုးနွယ်၏ လွှမ်းမိုးမှုကို မခံရပေ။
ထို့ကြောင့် ချီရှောက်ရွမ်အတွက် သူနှင့် ရင်ဆိုင်ဖို့ရာ ခက်ခဲပေမည်။ ထို့အပြင် ချီရှောက်ရွမ်က ဒဏ်ရာရနေသေး၏။
ပြောရလျင် အာ့ထုံထျန်း၏ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ဖို့ သိပ်မလွယ်လှပေ။ သူသာ သေချာမခုခံနိုင်ပါက ရှုံးနိမ့်သွားပေမည်။ သူ ရှုံးနိမ့်သွားပါက အာ့ထုံထျန်းတို့က သူတို့ပျောက်ဆုံးသွားသော ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်သွားပြီး ချီရှောက်ရွမ်က အရှက်ရသူ ဖြစ်သွားလိမ့်မည်။
ဧရာမ မိချောင်းကြီးက တုံးအဟန်ပေါ်သော်လည်း အတော်လေး ဉာဏ်များလှသည်။
သူက သေချာကြံစည်ထားလေသည်။
……………....
“ဘာ … ခင်ဗျားက ကျုပ်ကို ဆယ်ကွက်လောက်နဲ့ အနိုင်ယူချင်တာလား။ အိပ်မက်မက်မနေစမ်းပါနဲ့”
ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုကာ ကောင်းကင်ပုဆိန်လှံရှည်ကို ကောက်ယူလိုက်သည်။
တစ်ချိန်တည်းတွင် ချီရှောက်ရွမ်ရှေ့ လက်တစ်ဖက်ရောက်လာကာ တားဆီးလိုက်ပြီး ရှန်ထျန်းက အသာပြောလိုက်သည် “ ကိုယ့်ဘာသာ တွန်းအားမပေးနဲ့ ”
သူက ဖြူဆွတ်နေသည့် ဝတ်စုံဖြူကို ဝတ်ထားကာ သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေသည်။
ရှန်ထျန်းက ချီရှောက်ရွမ်၏ ပခုံးပေါ် လက်တင်ထားလိုက်သည်။ ချီရှောက်ရွမ်က နာကျင်မှုကို ချက်ချင်း ခံစားမိပြီး မသိစိတ်ဖြင့် ရုန်းဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ဘာသာ ပြန်တားလိုက်သည်။ သူက ရှန်ထျန်းသည် သူ့ကို မထိခိုက်စေကြောင်း ခံစားမိ၏။ ရှန်ထျန်းက သူ့အား ထိခိုက်စေလိုလျှင်ပင် သူ့အနေနှင့် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်ပြီးနောက် အသက်ဓာတ်စွမ်းအင်တချို့ ချီရှောက်ရွမ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ထိုအခါ မြွေဆိပ်က ချက်ချင်း ထွက်လာလေ၏။
ထို့နောက် ချီရှောက်ရွမ်က သူ့ခန္ဓာကိုယ်မှ ဓားအငွေ့အသက်ကို ဖယ်ရှားနိုင်ကြောင်း ခံစားမိလိုက်သည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် စိမ်းပြာရောင် ဓားအငွေ့အသက်က သူ့ခန္ဓာမှ ထွက်လာသည်။
မီတာရာချီအဝေးရှိ ကျောက်တုံးအချို့ပင် နှစ်ပိုင်း ပြတ်သွားသည်။
“ ဘာ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ပိရွမ်ချင်းက အားလုံးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက ဒေါသထွက်လွန်း၍ သွေးထပ်အန်လိုက်ရသည်။ သူ့မျိုးနွယ်က လုပ်ကြံသတ်ဖြတ်ရေး၌ ကျွမ်းကျင်ကြပြီး အဝေးတိုက်ကွက်များကား သူတို့အကျွမ်းကျင်ဆုံးအရာ ဖြစ်၏။
မြွေမျိုးနွယ်များက တစ်ဖက်ပြိုင်ဖက်ကို တိုက်ခိုက်သည့်အခါ အငွေ့အသက်နှင့် အဆိပ်ကို ထည့်သွင်းလေ့ ရှိကြသည်။ အကယ်၍ သူတို့က အဓိကနေရာ လွဲချော်သွားခဲ့လျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ကို ပျက်စီးလာပေလိမ့်မည်။
အဆိပ်နှင့် ဓားအငွေ့အသက် သက်ရောက်မှုဖြစ်လာသည့်အခါ မြွေမျိုးနွယ်က နောက်ထပ် တိုက်ခိုက်လိုက်မည် ဖြစ်၏။ ထိုအခါ သူတို့က ချက်ချင်း အဆုံးသတ်ပစ်နိုင်လိမ့်မည်။
ချီရှောက်ရွမ်က နဂါးနက်ကျွန်း၏ လူသားတွဲဖက် ဖြစ်သောကြောင့် တကယ် သတ်ပစ်ဖို့ မရည်ရွယ်ထားသော်လည်း ထိုပူးပေါင်းတိုက်ခိုက်မှုက ချီရှောက်ရွမ်အား အမှန်တကယ် ရှုံးနိမ့်သွားစေလိမ့်မည်။
အကယ်၍ ချီရှောက်ရွမ်သာ ပိရွမ်ချင်းကို အနိုင်မယူခဲ့လျှင် ရလဒ်ကား မသေမချာ ဖြစ်သွားနိုင်သည်။
ချီရှောက်ရွမ်က တိုက်ပွဲတွင် အနိုင်ရသွားသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ အဆိပ်နှင့်ဓားအငွေ့အသက် သူ့ကိုယ်ထဲ ရှိနေသေးသည့်အတွက် အာ့ထုံထျန်း၏ တိုက်ကွက် ဆယ်ကွက်ကို ခုခံနိုင်ရုံမျှသာ ဖြစ်လိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာလုပ်ပေးလိုက်တာလဲ …
သူက ချီရှောက်ရွမ်ရဲ့ ပခုံးပေါ် လက်တင်လိုက်ရုံနဲ့ ဓားအငွေ့အသက်ကို ဖယ်ထုတ်ပေးလိုက်တာလား …
ချီရှောက်ရွမ်၏ သွေးက အနီရောင် ပြန်ဖြစ်လာသည့်အတွက် အဆိပ်အားလုံး သန့်စင်ပြီးကြောင်း ပြသနေသည်။
ရှန်ထျန်းက ပိရွမ်ချင်းတွင် ရှိသမျှ အကြံအားလုံး ဖျက်စီးပစ်လိုက်သည်။
သူက ချီရှောက်ရွမ်ကို ရှုံးနိမ့်ခဲ့စဉ်အချိန်ထက် ပို၍ ဆိုးဆိုးရွားရွား ခံစားနေရသည်။
…………....
“ညီအစ်ကိုရှန် ကျေးဇူးပါ … ”
ချီရှောက်ရွမ်က အတော်လေး အံ့အားသင့်သွားမိသည်။ ရှန်ထျန်းက အားကောင်းလွန်းမှန်း သိထားသော်လည်း ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မြွေမျိုးနွယ်၏ အကဲစမ်းသော တိုက်ခိုက်မှုပင် သူ့အတွက် ပြဿနာ မဟုတ်ချေ။
ငါက တကယ်ကို ညီအစ်ကိုရှန် ပြိုင်ဖက် မဟုတ်သေးဘူးပဲ …
“ ညီအစ်ကိုချီက တစ်ပွဲ တိုက်ပြီးပြီဆိုတော့ ဒီမိချောင်းကို ငါ့ဆီ အပ်ထားလိုက်ပါ …” ရှန်ထျန်းက ချီရှောက်ရွမ်၏ နဖူးကို ကြည့်ကာ ပခုံးပုတ်ရင်း ပြောလိုက်သည် “ မဟုတ်ရင် သူတို့က ငါ့ကို လေးစားမှာ မဟုတ်ဘူး ”
ရှန်ထျန်း၏ အပြုံးကို မြင်ကာ ချီရှောက်ရွမ် တစ်ယောက် အားတက်လာသည်။
ချီရှောက်ရွမ်က မာနကြီးလွန်းသော်လည်း သူ မည်မျှကောင်းကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ သူ့ဘာသာ အထင်မကြီးပေ။
အာ့ထုံထျန်း၏ ကျင့်ကြံဆင့်နှင့် စွမ်းအားက ပိရွမ်ချင်းထက် သာလွန်နေသည်။ ချီရှောက်ရွမ်က အကောင်းဆုံး အခြေအနေမှာရှိလျှင်ပင် ထိုမိချောင်းအား အနိုင်ယူဖို့ မဖြစ်နိုင်သလောက် ဖြစ်၏။
ယခု သူ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် အကြောင်းကို ထည့်မပြောရသေးပေ။
သူက အာ့ထုံထျန်းရဲ့ တိုက်ကွက် ဆယ်ကွက်အောက်မှာ အသက်ရှင်တော့လည်း ဘာဖြစ်လဲ …
သူကိုယ်တိုင် အနိုင်မယူနိုင်သရွေ့ ဘာကိုမှ သက်သေမပြနိုင်ပေ။
ညီအစ်ကိုရှန်သာဆိုရင် ဒီမိချောင်းကို အနိုင်ယူနိုင်ခြေ ရှိတယ် …
ချီရှောက်ရွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ “ညီအစ်ကိုရှန် သတိထားနော် ”
.................
“ ကြည့်ရတာ မင်းက စောစောကတစ်ယောက်ထက် ပိုအားကောင်းပုံပဲ … မင်းက ရုပ်လည်းချောတယ်။ ကောင်ချောလေးတွေအားလုံး ငရဲကျသင့်တယ်။ မင်းလိုလူမျိုးကို ခြေမွပစ်ဦးမယ် ”
အာ့ထုံထျန်းက ရှန်ထျန်းအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် ခေါင်းတခါခါသာ ယမ်းလိုက်သည်။ သူက ကောင်ချောလေးများနှင့် အမှတ်တရဆိုးများရှိကြောင်း သိသာလှ၏။
“မင်းအတွက်ဆို ဆယ်ကွက်လောက်နဲ့ မလောက်ဘူး။ မင်းက သောက်ရမ်းချောနေတော့ အကွက်တစ်ရာလောက်နဲ့ သတိမေ့သွားအောင် ရိုက်ပစ်ရမယ် ”
အာ့ထုံထျန်းက ဧရာမဓားမြောင်ကို ထုတ်ကာ ရှန်ထျန်းဆီ ပြေးဝင်လာသည်။ သူ့ခက်ထန်ကြမ်းတမ်းသည့် အငွေ့အသက်က အစာကို ဆာလောင်နေသည့် မိချောင်းကြီးတစ်ကောင်လို ဖြစ်၏။
ချီရှောက်ရွမ်က မျက်မှောင်ကြုတ်လိုက်သည်။ အရှင်းဆုံးပြောရလျှင် အာ့ထုံထျန်းက သူ ထင်ထားသည့်ထက် များစွာ အားကောင်းနေသည်။
သူက တုံးအဟန်ပေါ်သော်လည်း တိုက်ပွဲဖြစ်လာသည့်အခါ ပိရွမ်ချင်းထက် များစွာ အားပိုကောင်းသည်။ ဓားမြောင်တစ်ချောင်းမျှ ဖြစ်သော်လည်း အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပုံပေါ်သည်။
အနည်းဆုံးတော့ ချီရှောက်ရွမ်က မိချောင်းကို အနိုင်မယူခင် ကနဦးဝိညာဉ်အဆင့် ရောက်ဖို့ လိုအပ်ကြောင်း ခံစားမိ၏။ မဟုတ်လျှင် အနိုင်ရဖို့က မဖြစ်နိုင်လောက်ပေ။
ဧရာမဓားက အာကာပြင်ကို ပိုင်းဖြတ်လိုက်ကာ ဧရာမ မိချောင်းပုံရိပ်သဏ္ထာန်ကြီး ပေါ်လာသည်။ မိုင်ရာချီအဝေးမှပင် သတ်ဖြတ်ငွေ့အား ခံစားမိကြသည်။
လှိုင်းလုံးများက ရှန်ထျန်းဆီ ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်က လှိုင်းလုံးများအဖြစ် ကွဲထွက်သွားသလို မြောက်များစွာသော ပုံရိပ်များ ဖြစ်ပေါ်လာစေသည်။
သူ့အနောက်ဘက်မှ ရွှေရောင်တောင်ပံတစ်စုံက တောက်ပခမ်းနားလှသည်။ တစ်ချိန်တည်းတွင် သူ့ညာဘက်လက်မှ ပြန့်ဟွားပန်း တွဲပါနေသည့် ကျောက်စိမ်းရောင် ကြာပွတ်တစ်ချောင်း ပေါ်လာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ပြန့်ဟွားပန်းတို့က ပင်လယ်ရေနှင့် သက်ဝင်လျက်ရှိ၏။
သူက ရှောင်လိုက်တာလား …
အာ့ထုံထျန်းက ဟိန်းဟောက်ကာ ထပ်မံ ပြေးဝင်လာပြန်သည်။ လှိုင်းလုံးကြီးများ ထပ်ပေါ်လာကာ ယခင်ထက် ပိုအားပြင်းပေသည်။ အာ့ထုံထျန်းက အတိသုခမြို့ထဲ မရှိနေသည်မှာ ကံကောင်းသွားလေသည်။ မဟုတ်ပါက ဒဏ်ကြေးအမြောက်အများ ပေးဆောင်ရလိမ့်မည်။
“ နှေးလွန်းတယ် .. ခင်ဗျားရဲ့ တိုက်ကွက်တွေက အရမ်းနှေးလွန်းလို့ စိတ်ပျက်မိသား ”
ရွှေရောင်ပုံရိပ်က ဖြတ်ခနဲ ပျောက်သွားကာ တိုက်ခိုက်မှုတိုင်းကို ရှောင်ရှားလိုက်သည်။ ရှန်ထျန်း၏ ရယ်သံက အာ့ထုံထျန်းအား စိတ်တိုစေသော်လည်း သူ လုပ်နိုင်သည့်အရာ မရှိပေ။
လူအုပ်ကြီးက ရှန်ထျန်း၏ လျှင်မြန်မှုကို ကြည့်ကာ တအံ့တဩ ဖြစ်နေကြသည်။
လူသားတစ်ယောက်အနေနဲ့ …
ရှန်ထျန်းက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ဦးအနေနှင့် အလွန်မြန်ဆန်လွန်းလှသည်။ သူ့အမြန်နှုန်းက ပိရွမ်ချင်းကိုပင် ကျော်လွန်နေလေ၏။
ပိရွမ်ချင်းက နိဗာနအဆင့် နတ်ဆိုးဖြစ်ပြီး လျှင်မြန်မှုနှင့် ဂုဏ်ယူရသည့် မြွေနက်မျိုးနွယ်လောက် လျှင်မြန်ပေသည်။ သို့သော်လည်း သူက ရှန်ထျန်းကို လိုက်မမီပေ။
ဤသို့သော အမြန်နှုန်း၌ သူ ရှုံးနိမ့်သွားလေသည်။
“ ပုန်းမနေနဲ့ ကောင်းကောင်း ထွက်တိုက်စမ်း … မင်းက အခွံထဲ ပုန်းနေတဲ့ လိပ်တစ်ကောင်လိုပဲ။ ကောင်းကောင်း ထွက်တိုက်စမ်း ” အာ့ထုံထျန်းက အော်ပြောလိုက်သည်။
တစ်ချိန်တည်းတွင် လိပ်မင်းသားက ရန်စခံလိုက်ရသလို ခံစားမိလိုက်သည်။
ဘာလို့လဲ … လိပ်ဖြစ်နေတာ ဘာများမှားလို့လဲ … ငါက ဘာများအနှောင့်အယှက် ပေးမိလို့လဲ …
တကယ်လို့ ငါသာ ဒီဖွတ်ကို အနိုင်ရရင် သူ့ဖင်ကို ကန်ပြီး လိပ်စွမ်းအား ပြလိုက်ဦးမယ် …
..............
ဝှီး …
အာ့ထုံထျန်းက ဒေါသအလွန်ထွက်လာစဉ် စိမ်းပြာရောင် ကြာပွတ်တစ်ချောင်းက သူ့ဆီ ကျရောက်လာသည်။
“ ဟာသတွေ လုပ်မနေနဲ့ … ဒါက ငါ့ကို နည်းနည်းလေးမှ မနာစေဘူး ”
အာ့ထုံထျန်းက ကြာပွတ် ထွက်ပေါ်လာပြီးနောက် သရော်လိုက်သည်။ ထို့နောက် သူက လက်ကို ဆန့်တန်းကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်အား ဆွဲယူဖို့ ကြိုးစားလိုက်သည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်ရှိ အနီရောင် ပြန့်ဟွားပန်းက အဖြူရောင် စတင်ပြောင်းလဲလာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်က အာ့ထုံထျန်း လက်ထဲ ရောက်သွားပြီးနောက် ပန်းအဖြူရောင်ကနေ အနီရောင် ပြန်ပြောင်းသွားသည်။
မြစိမ်းရောင် အံ့ဖွယ်ဝါးမျိုနွယ်ပင်က အာ့ထုံထျန်း မျက်နှာအား ရိုက်နှက်ပစ်ခဲ့သည်။
ဖြန်း …
အာ့ထုံထျန်း၏ မျက်နှာတွင် အရှိုးရာကြီး ထင်ကျန်ခဲ့ပြီး ရယ်စရာကောင်းလှပေသည်။
အာ့ …
အာ့ထုံထျန်းက မျက်ရည်ကျလုမတတ် ဖြစ်သွားရသည်။
“ အား … လူသားအစုတ်ပလုတ် … ငါ့ရဲ့ ခန့်ချောကြီးမျက်နှာကို ဖျက်စီးပစ်ရဲတယ်ပေါ့လေ ” အာ့ထုံထျန်းက အားရပါးရ အော်ဟစ်ပြောလိုက်ပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင်အား သူ့ဓားဖြင့် ခုတ်ချလိုက်သည်။
ဓားဝန်းကျင်၌ လေဟာနယ်ပင် အက်ကွဲလာသလို ဖြစ်လာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်က အသာတကြည် ဓားကို လက်ခံလိုက်သည်။ သို့သော်လည်း ဓားက နွယ်ပင်အား ဘာမှမလုပ်နိုင်ပေ။
ပြန့်ဟွားပန်း အနီရောင်မှ အဖြူရောင်သို့ တဖန်ပြောင်းလဲသွားပြန်လေပြီ။ ရှန်ထျန်းက နွယ်ပင်ကို ပြန်ဆွဲယူလိုက်ပြီး အာ့ထုံထျန်း အနောက်ဘက်သို့ သွားလိုက်သည်။
သူက နွယ်ပင်ဖြင့် တဖန် ရိုက်လိုက်ပြန်သည်။
ဖြန်း …
ယခင်ကဲ့သို့ အာ့ထုံထျနး မျက်နှာ၌ နောက်ထပ် အရှိုးရာတစ်ခု ထင်ကျန်သွားလေသည်။ ရိုက်ချက်နှစ်ချ်ဖြင့် အာ့ထုံထျန်း မျက်နှာတွင် ကြက်ခြေခတ် အရှိုးရာနှစ်ခု ထင်ကျန်ထားခဲ့သည်။
အာ့ထုံထျန်းက ဒေါသကြောင့် ပိုရှက်လာသည်။ သူက အနီးကပ်တိုက်ခိုက်ဖို့ ကြိုးစားရင်း ရှန်ထျန်းဆီ ဦးတည်လိုက်သည်။
သို့သော်လည်း ရှန်ထျန်းက အစကတည်းက အမြန်နှုန်းကို လေ့ကျင့်လာသူ ဖြစ်၍ အာ့ထုံထျန်းက သူ့အတွက် အလွန်နှေးကွေးလွန်းနေသည်။ သူက အာ့ထုံထျန်းအား အလွယ်လေး ရှောင်နိုင်လိုက်၏။
ဖြန်း
ဖြန်း ဖြန်း
ဖြန်း ဖြန်း ဖြန်း …
နောက်ထပ် ကြက်ခြေခတ် နှစ်ခုက အာ့ထုံထျန်း မျက်နှာပေါ် နေရာယူသွားလေသည်။
……………...
ချီရှောက်ရွမ်က တိုက်ပွဲကို ကြည့်နေရင်း ပိုမို စိတ်လှုပ်ရှားလာမိသည်။ ထိုအခိုက်အတန့် သူက ဂုဏ်ယူနေမိ၏။ ပင်လယ်နတ်ဆိုးများမှာမူ ရှက်ရွံ့နေကြသည်။ သူတို့က အာ့ထုံထျန်း မည်မျှအရှက်ကွဲသွားမည်ကို ဆက်မကြည့်နိုင်ကြတော့ပေ။
ပိရွမ်ချင်းအနေနှင့် ချီရှောက်ရွမ်အပေါ် သူ့အမုန်းတရားအားလုံး ကြေပျက်သွားလေပြီ။ ထို့အစား သူ့အား ကျေးဇူးပင် တင်မိနေသေး၏။
ငါ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်တုန်း ခရမ်းစံအိမ် သူတော်စင်က ရှေ့ထွက်ရပ်ခဲ့လို့ပေါ့။ ငါ တိုက်ပွဲ ရှုံးသွားပေမဲ့ ချီရှောက်ရွမ်လည်း ဒဏ်ရာရသွားတာဆိုတော့ သိပ်ရှက်စရာ မရှိဘူး …
အာ့ထုံထျန်းလိုမျိုးသာ ဆော့ကစားခံရရင် တကယ်ကို ရှက်စရာပဲ … သူက ရှန်ထျန်းကို တစ်ခါမှ မထိနိုင်သေးဘူး
ကျစ်ကျစ် တော်တော်လေး နာမှာပဲ …
ပိရွမ်ချင်းက အာ့ထုံထျန်းတစ်ယောက် ဤအခြေအနေ ဆက်ဖြစ်နေဖို့ တိတ်တဆိတ် မျှော်လင့်နေမိသည်။ ထိုအခါမှ သူ့တိုက်ပွဲကို မည်သူမှ မပြောကြမည် မဟုတ်ပါလော။
ဤရက်သတ္တပတ်ကား အာ့ထုံထျန်းကို မူတည်၍ အတင်းအဖျင်းများ ပြောကြလိမ့်မည်။
“ သေစမ်း … မင်းက ငါ့ကို ဖိအားပေးနေတာပဲ ” အာ့ထုံထျန်းက အော်ဟစ်ကာ မျက်ဝန်းမှ သွေးများ ထွက်လာသည်။
သူ့ခန္ဓာကိုယ်၌ ရွှေရောင်အစက်အပြောက်များ စတင်ပေါ်လာသည်။ ဤအရာများက သူ့တွင် ရှိသော အံ့ဖွယ်ဆုံမှတ်များ ဖြစ်၏။
နိဗာနအဆင့် နတ်ဆိုးတစ်ကောင်၏ စွမ်းအားလည်း ဖြစ်ပေသည်။ နိဗာနအဆင့်သည် ကျင့်ကြံသူများကို သူတို့အံ့ဖွယ်ဆုံမှတ်များ၌ စွမ်းအားအမြောက်အများ ဖြည့်တင်းနိုင်စေသည်။
ထိုအရာက ကျင့်ကြံသူများကို စွမ်းအားအမြောက်အများ ပေးစွမ်းလိမ့်မည်။
အကယ်၍ လုံလုံလောက်လောက် အံ့ဖွယ်ဆုံမှတ်များသာ ပိုင်ဆိုင်ထားပါက ကြေမွနေသော နံရိုးများပင် ပြန်ဆက်သွားလိမ့်မည်။ အကယ်၍ ခေါင်းဖြတ်ခံရလျှင်ပင် ချက်ချင်း ပြန်ကောင်းလာနိုင်သေး၏။
အံ့ဖွယ်ဆုံမှတ်များစွာ ပါရှိသော ပါရမီရှင်တချို့ကို မည်သူမှ မသတ်နိုင်ကြောင်း ဆိုကြသည်။ အကယ်၍ သွေးတစ်စက် ကျန်နေလျှင်ပင် အပြည့်အဝ ရှင်သန်ထမြောက်နိုင်သည်။
ချီသန့်စင်ခြင်း ကျင့်ကြံသူများနှင့် ယှဉ်လိုက်လျှင် နတ်ဘုရားကိုယ်ထည်မာ လေ့ကျင့်သူများက အသက်ရှင်နိုင်စွမ်း ပိုကောင်းကြ၏။
သူတို့ဝိညာဉ် အပြည့်အဝ မဖျက်စီးခံရသရွေ့ သတ်နိုင်ဖို့ အလွန်ခက်ခဲလှသည်။
………….....
အာ့ထုံထျန်းက သွေးတစ်စက်ဖြင့် ပြန်လည်ရှင်သန်နိုင်သည့် အနေအထားမျိုး မရောက်သေးသော်လည်း အလွန်အားကောင်းသော နိဗာနအဆင့်ကျင့်ကြံသူအဖြစ် မှတ်ယူနိုင်သည်။
အစပိုင်းတွင် သူက ဤစွမ်းအားဖြင့် အနိုင်ရလျှင် ဂုဏ်ယူဖွယ်မရှိကြောင်း ခံစားမိ၍ ထုတ်မသုံးဖို့ ကြံရွယ်ထားခဲ့သည်။ တစ်ဖက်လူက သူ့ထက် ကျင့်ကြံဆင့် နိမ့်ကျလေရာ အားအပြည့် သုံး၍ အနိုင်ယူရမည်လား။ သူက ပြက်လုံးတစ်ခု ဖြစ်သွားလိမ့်မည်။
သို့သော်လည်း အာ့ထုံထျန်းက ရှန်ထျန်း လက်ထဲ ဆိုးဆိုးရွားရွား ရိုက်နှက်ခံနေရသည်။
သူ မရှက်တတ်လျှင် အရှက်မရှိလို့ပဲ ဖြစ်ရမည်။
“ မိချောင်းနတ်ဘုရား ပိုင်နက် …” အာ့ထုံထျန်းက အော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ အံ့ဖွယ်ဆုံမှတ်များက တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားသည်။
ဆုံမှတ်များမှ မိချောင်းနတ်ဘုရား ပုံရိပ်သဏ္ဌာန်က လေထဲ ဖြစ်တည်လာသည်။
သူက မိချောင်းနတ်ဘုရား ပုံရိပ်သဏ္ဌာန်ဖြင့် လေဟာနယ်တစ်ခုလုံးကို ထိန်းချုပ်ထားလိုက်သည်။
“ ဒီနေရာပတ်လည်ကို စည်းချပြီးပြီ။ မင်း ဘာလုပ်နိုင်မလဲ ကြည့်ရသေး … ”
ဖြောင်း …
နောက်ထပ် ကြာပွတ်ရိုက်ချက်က အာ့ထုံထျန်း မျက်နှာဆီ ကျရောက်လာပြန်သည်။ မိချောင်းနတ်ဘုရား ပိုင်နက်ကလည်း သူ့အတွက် လုံးလုံး အကူအညီမဖြစ်ပေ။
“ မင်းက လာစမ်းနေတာပဲ ” အာ့ထုံထျန်းက တဖန်အော်ဟစ်လိုက်ကာ ပုံရိပ်သဏ္ဌာန်အား ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူက ဤချပ်ဝတ်အလွှာများစွာဖြင့် ခေါင်းတစ်ခုလုံးအပြည့် ကာထားလိုက်သည်။
တစ်ချက်ကောင်းသည်က သူ့မျက်နှာမှ အရှိုးရာများကို ဖုံးကွယ်ပြီးသား ဖြစ်သွားလေသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲမှ အံ့ဖွယ်ဆုံမှတ်များက ပိုမို တောက်ပလာကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်အား ဆုပ်ကိုင်ထားလိုက်သည်။
ဤတစ်ကြိမ်၌ နွယ်ပင်က မလွတ်မြောက်နိုင်တော့ပေ။
“ ဟားဟား မိပြီ ”
အာ့ထုံထျန်းက အင်အားအပြည့်ဖြင့် နွယ်ပင်ကို ဆုပ်ကိုင်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူ့အမြီးက ပေတစ်ထောင်ကျော် ရှည်လျားထွက်လာပြီး ရှန်ထျန်းအား တိုက်ခိုက်လိုက်သည်။ အမြီးက သူ့ရှေ့ ရောက်လာသည်ကို မြင်ကာ ရှန်ထျန်းက တစ်ချက်ပြုံးလိုက်သည်။
အာ့ထုံထျန်း အနောက်ရှိ အာကာပြင်က အက်ကွဲလာကာ နောက်ထပ် နွယ်ပင်တစ်ချောင်း ထပ်ပေါ်လာပြီးနောက် ချက်ချင်း ချက်ချင်း ရစ်ပတ်ခံလိုက်ရပြီး ရှန်ထျန်းဆီ ဆွဲခေါ်ခံလိုက်ရသည်။
သူ ရုန်းကန်ဖို့ နည်းလမ်း မရှိတော့ပေ။
သူ ရှုံးသွားပြီလား … ဒီလောက် လွယ်လွယ်လေး ရှုံးနိမ့်သွားတာလား …
ရုတ်ရုတ်သည်းသည်း ဆူဆူညံညံ ဖြစ်လာကြသည်။ လူအုပ်ကြီးက ရှန်ထျန်း မည်မျှအားကောင်းကြောင်း မြင်ကာ အံ့ဩကုန်ကြသည်။
သူက ရုပ်ချောရုံတင် မဟုတ်ဘူး … စွမ်းအားလည်း ကြီးတယ် …
အကယ်၍ ဖြစ်နိုင်ပါက သူတို့လည်း ရှန်ထျန်းကို သူတို့လူသားတွဲဖက် ဖြစ်စေလိုကြသည်။ အားလုံးက တိုက်ပွဲပြီးဆုံးသွားပြီဟု တွေးစဉ် ပြောင်းပြန် ဖြစ်သွားတော့သည်။
အာ့ထုံထျန်း မျက်ဝန်း၌ ကောက်ကျစ်သော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီးနောက် သူက ဟိန်းလိုက်သည်။ သူက စွမ်းအားအပြည့် ဖြစ်လာ၏။ သူ့စွမ်းအားကြောင့် အံ့ဖွယ်ဝါးမျိုနွယ်ပင် ရစ်ပတ်မှုလည်း လျော့တိလျော့ရဲ ဖြစ်သွားရသည်။
တစ်ချိန်တည်းတွင် အာ့ထုံထျန်းက ဧရာမ မိချောင်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး ရှန်ထျန်းဆီ ခုန်အုပ်လိုက်သည်။ ပါးစပ်ဟလျက်သားနှင့် ရှန်ထျန်းဆီ ဝင်ရောက်လာသည်။ အကွာအဝေးက နီးကပ်လွန်းနေသည့်အတွက် ရှန်ထျန်းအနေနှင့် ရှောင်ဖို့ အချိန်မရှိချေ။
“ အစ်ကိုရှန် သတိထား … အဲဒါ မိချောင်းမျိုးနွယ်ရဲ့ သီးသန့် တိုက်ကွက် မရဏလှည့်ကွက် ”
အောင်းဝူက ရှန်ထျန်းအား သတိပေးဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျလွန်းသွားလေပြီ။ အာ့ထုံထျန်းက သူ့ရှေ့ ရောက်လာပြီ ဖြစ်၏။
ဤဧရာမ ရွှေရောင်မိချောင်းကြီးက အဆောက်အဦး အသေးလေးကို အလွယ်လေး မျိုချသွားနိုင်သည်။
ပို၍ အရေးကြီးသည်က ထိုအခိုက်အတန့်၌ အာကာပြင်ပင် အေးခဲသွားပြီး ရှောင်ရှားရေး ပညာရပ်အများစုက အလုပ်မဖြစ်တော့ပေ။
ရှန်ထျန်းက မရှောင်ပေ။ ထို့အစား သူ့ဘေးပတ်လည်တွင် ရွှေရောင်အလင်းများ ထွက်လာပြီး တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်း သူက ပေထောင်ချီ မြင့်မားသည့် ဧရာမ ရွှေရောင်လူသား ဖြစ်သွားလေသည်။
သူက အာ့ထုံထျန်း၏ မေးရိုးကို ခိုင်ခိုင်မာမာ ကိုင်ပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သက်ရောက်မှုအားကြောင့် ရှန်ထျန်းက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
သက်ရောက်အားက ပြင်းထန်လွန်းသည့်အတွက် ဘေးနားရှိ ကျောက်တုံးများပင် အမှုန့်ဖြစ်သွားပြီး သူတို့အောက်ရှိ မြေကြီးလည်း အက်လာသည်။
“ ငါ့မရဏလှည့်ကွက်ကို တားချင်တာလား … ဉာဏ်နည်းလိုက်တဲ့ လူသား မင်းတော့ မှားသွားပြီ ”
အာ့ထုံထျန်းက လှောင်ပြောင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို အရှိန်ပြင်းပြင်းဖြင့် မြန်မြန် လှည့်လိုက်သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်လည်း မိချောင်းခန္ဓာကိုယ်မှ အင်အားကြောင့် လှည့်ဖို့ အတင်းအကျပ် ဖိအားပေးခံလိုက်ရ၏။ အကယ်၍ ရှန်ထျန်းသာ အချိန်မီ လက်မလွတ်နိုင်ပါက လှည့်ပတ်အားကြောင့် လက်မောင်းတစ်ခုလုံး စုတ်ပြတ်သတ်သွားလိမ့်မည်။
......................
ရှန်ထျန်းက ယခင်ဘဝတုန်းက ဖတ်ဖူးသည့် စွယ်စုံကျမ်းကို အမှတ်ရလိုက်သည်။ အားလုံးက မိချောင်းများသည် ပစ်မှတ်ကို ကိုက်ခဲပြီးသည်နှင့် ဝေ့ယမ်းပစ်တတ်သောကြောင့် အန္တရာယ်များသည်ဟု လူသိများကြသည်။ ထိုတွန်းအားကြောင့် ကိုက်ဝေ့ပစ်ခြင်းက သားကောင်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ချိုးဖျက်နိုင်သွားလိမ့်မည်။
သူက ကျင့်ကြံရေးလောကရှိ ဧရာမ မိချောင်းမျိုးနွယ်က ဤသို့သော သိပ္ပံကျကျ တိုက်ခိုက်မှုမျိုး အသုံးပြုလိမ့်မည်ဟု မထင်ထားပေ။ မိချောင်းတိုက်ခိုက်မှုက ရှန်ထျန်း နားလည်နိုင်စွမ်းထက် အားကောင်းနေသော်လည်း အလွယ်တကူ ချေဖျက်နိုင်သေး၏။
သူက မိချောင်းနှင့်အတူ လှည့်လိုက်ရုံသာ ဖြစ်၏။
သူသာ မိချောင်းထက် မြန်မြန် လှည့်နိုင်သရွေ့ ထိုခေါင်းကို အလွယ်တကူ ပြုတ်သွားစေနိုင်သည်။
ရှန်ထျန်းက ဤနည်းလမ်းသည် သိပ္ပံနည်းကျကြောင်း ယုံကြည်မိ၏။ ထို့ကြောင့် သူလည်း စတင်လှည့်တော့သည်။ နှစ်ယောက်လုံးက မြန်မြန်ဆန်ဆန် လှည့်လာကြသည်။ သူတို့က မြန်ဆန်လွန်းသည့်အတွက် ပွဲကြည့်ပရိသတ်ပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
သူတို့အားလုံးက အာ့ထုံထျန်း တစ်ယောက် မြန်မြန်ဆန်ဆန် လှည့်နိုင်ကြောင်းကို ကြည့်ကာ အံ့ဩနေကြသည်။ ဤအမြန်နှုန်းကား ယခင်နှစ်ပတ်လောက်ထက်စာလျှင် နှစ်ဆမက မြန်ဆန်နေသည်။
အာ့ထုံထျန်းက တကယ်ကို နတ်ဆိုးပါရမီရှင်ပဲ .. ငါတို့အတွက် ဂုဏ်ယူမှုတစ်ခုပဲ …
....................
အောင်းဝူ ထိုအမြန်နှုန်းကို ကြည့်ကာ စတင် စိုးရိမ်လာမိသည်။
သူက ဝင်ပြောလိုက်သည် “ အာ့ထုံထျန်း … အစ်ကိုရှန်က ငါတို့နဂါးနက်ကျွန်းရဲ ဂုဏ်အယူရဆုံး ဧည့်သည်ပဲ။ မင်းက သူ့ကို သတ်ရဲတယ်ပေါ့ ”
ချီရှောက်ရွမ်လည်း ကောင်းကင်ပုဆိန်လှံရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
အကယ်၍ အာ့ထုံထျန်းသာ မရပ်တန့်လျှင် သူက တိုက်ပွဲမှာ ဝင်ပါပြီး ဘယ်လိုဖြစ်ဖြစ် ရှန်ထျန်းကို ရအောင် ကယ်ရမည်။
နတ်ဆိုးများပင် ရှန်ထျန်းအတွက် စတင်စိုးရိမ်လာကြသည်။ သူတို့က မရဏလှည့်ကွက်၏ စွမ်းအားအကြောင်း ကောင်းကောင်း သိထားကြ၏။
ခံရသူတိုင်း မရှုမလှ အခြေအနေနှင့်သာ အဆုံးသတ်သွားလေ့ရှိကြသည်။
ပြိုင်ဖက်က ရုပ်မချောရင်တော့ ကိစ္စမရှိပါဘူး … ရှန်ထျန်းလို ကောင်ချောလေး အသတ်ခံရရင် နှမြောစရာပဲ …
နောက်ဆုံးတွင် နှစ်ယောက်လုံး ရပ်တန့်သွားကြသည်။
ရှန်ထျန်းက ဧရာမ မိချောင်းကြီးကို အဝေးလွှင့်ပစ်နိုင်လိုက်သည်။ ထိုသူက ကြောင်အမ်းအမ်းဖြင့် ခြေနှစ်လှမ်းဆုတ်ကာ မြေပြင်ပေါ် ဒူးထောက်လျက်သား လဲကျသွားသည်။
ဝေါ့ …
သူက အပြင်းအထန် ထိုးအန်တော့သည်။
……….....
“ဘာဖြစ်သွားတာလဲ ”
အောင်းဝူက အာ့ထုံထျန်းကို မေးခွန်းမြောက်များစွာဖြင့် ကြည့်လိုက်သည်။
နှစ်ယောက်သား ပုံမှန်အရွယ်အစား ပြန်ပြောင်းသွားကြပြီးနောက် ရှန်ထျန်းက အဆင်ပြေနေပုံ ပေါ်သည်။
အောင်းဝူက ပို၍ နားမလည်နိုင် ဖြစ်လာရသည်။
ဒါက မရဏလှည့်ကွက် မဟုတ်ဘူးလား … အစ်ကိုရှန်က ဘာလို့ ဘာမှမဖြစ်ရတာလဲ … ပြီးတော့ မိချောင်းတွေ မရဏလှည့်ကွက် သုံးပြီးရင် အန်တယ်ဆိုတာ မကြားဖူးပါဘူး
ဘာတွေဖြစ်ကုန်တာလဲ … ဘယ်သူနိုင်သွားတာလဲ ..
ရှန်ထျန်းကား ယခင်က ဖတ်ဖူးသည့် စွယ်စုံကျမ်းကို ဝေဖန်လေကန်နေသည်။
ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ … မိချောင်းနဲ့ လိုက်လှည့်ရမယ်တဲ့လား ပြီးတော့ ခေါင်းပြုတ်သွားနိုင်တယ်ပေါ့လေ .. ဟာသပဲ
အာ့ထုံထျန်း၏ လှည့်အားက အတော်လေး မြန်ဆန်လွန်းပြီး သူ့အနေနှင့် ပို၍ မြန်မြန်ဆန်ဆန် လှည့်ခြင်းဖြင့် ပြန်လည် မချေဖျက်နိုင်ပေ။
သူက တခြားတစ်ဖက်ကို လှည့်လိုက်ရမှာ …
ရှန်ထျန်းက အာ့ထုံထျန်းဆီ ရောက်လာပြီး ပုတ်ပေးလိုက်ကာ “ ညီအစ်ကို အဆင်ပြေရဲ့လား ”
အာ့ထုံထျန်းက ရှန်ထျန်းက ခက်ထန်စွာ ကြည့်လိုက်ပြီး “ မင်းကိုယ်မင်း အနိုင်ရတယ် ထင်မနေနဲ့ .. ငါ အရှုံး …ဝေါ့ ”
သူ့စကားမဆုံးခင် စတင် အန်ပြန်သည်။
ရှန်ထျန်းက ပြောလိုက်သည် “ခင်ဗျား အရှုံးမပေးဘူးဆိုတာ သိပါတယ်။ ခင်ဗျားရဲ့ မရဏလှည့်ကွက်အကြောင်း အရမ်းသိချင်နေလို့ … ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် ပြပေးလို့ ရမလား ”
နောက်တစ်ကြိမ် လာသုံးခိုင်းနေတာလား … ငါ့ကို လာပြောင်နေတာလား …
အာ့ထုံထျန်းက အံ့ကြိတ်ထားလိုက်သည်။
ငါ ဒီလူသားကို လုံးဝ ခွင့်မလွတ်ဘူး … မင်းက ငါ့ကို လာလှောင်မှတော့ မင်းကို … ဝေါ့ …
ငါ ထပ်မလှည့်တော့ဘူး … ဘယ်တော့မှ ထပ်မလှည့်ဘူး … ဝေါ့ …
ငါသာ ထပ်လှည့်ရင် မရဏလှည့်ကွက်ကနေ အမူးလွန်ပြီး သေတဲ့ ပထမဆုံး မိချောင်း ဖြစ်သွားလိမ့်မယ် …
...................
အာ့ထုံထျန်းက အန်နေစဉ် အတိသုခမြို့မှ သက်တောင့်သက်သာ ဖြစ်စေသည့် သံဇဉ်လေး ထွက်ပေါ်လာသည်။ သိပ်မကြာခင် သာယာဖွယ် သီဆိုသံလေးလည်း သံဇဉ်နှင့်အတူ ပျံ့လွှင့်လာ၏။ သီချင်းက ရှေးဟောင်း ဘာသာစကားဖြင့် သီဆိုထားပြီး အတော်လေး ဆန်းကြယ်လှသည်။
လူအများစုက သီချင်းကို နားထောင်ရင်း ဝိညာဉ်ချီ နဂိုအတိုင်း ပြန်ကောင်းလာသလို ခံစားလိုက်ရသည်။ သူတို့စိတ်ထဲရှိ အဆိုးမြင် ခံစားချက်အားလုံးလည်း လွှင့်ပျောက်သွားရသည်။
ကောင်းကင်ဘုံမှ တေးသံအလား ဖြစ်၏။
အားလုံးက သီချင်းသံကြားရာဆီ ကြည့်လိုက်ကြသည်။ ဤသည်မှာ ရေသူမင်းသမီးလေး ယုဖန်ရှန်း နေထိုင်သည့် ကောင်းကင်တေးသံ စံအိမ်၏ ထိပ်ဆုံးအလွှာမှ ဖြစ်၏။
ရေသူမင်းသမီးလေးက ရာစုနှစ်အတွင်း အကောင်းဆုံး မင်းသမီးတစ်ပါးအဖြစ် သတ်မှတ်ခံထားရသောကြောင့် အတော်လေး ကျော်ကြားပေသည်။ သူမတွင် မြောက်ပင်လယ်မျိုးနွယ်စုများမှ ပိုးပန်းသူများစွာ ရှိထား၏။
နတ်ဆိုးအများစုကလည်း သူမ သီဆိုတာကို နားထောင်ရဖို့အတွက် ပိုက်ဆံအမြောက်အများ အသုံးပြုကြသည်။ အများစုက သူမ မျက်နှာကို မြင်ပြီးနောက် သူမအကြောင်းတွေးကာ စားသောက်ဖို့ပင် ငြင်းဆန်ကြသည်။
“ ညီအစ်မဖန်ရှန်းက သီဆိုတာ ပိုကောင်းလာတာပဲ ”
အောင်းဝူလည်း မျက်လုံးပြူးကျယ်လာကာ “အစ်ကိုရှန် … သူမက အစ်ကိုရှန်ကို ဖြားယောင်းဖို့ ကြိုးစားနေတာ ထင်တယ် ”
ရှန်အောင်း “… ”
ချီရှောက်ရွမ် “… ”
မင်း ပြောတာ မှန်ပေမဲ့ မင်းက ငါ့စာချုပ်ချုပ်ဆိုထားတဲ့သူလေ … ငါ့ဖက်က ပါပေးလို့ မရဘူးလား …
ငါ့ကို ဖြားယောင်းနေတယ်လို့ ဘာလို့ မထင်ရတာတုန်း … ငါက သူမအတွက် မလုံလောက်သေးဘူးလား …
အာ ငါလေးက နဂါးသူရဲကောင်းအတုပဲ နေမယ် …
.........................
သံဇဉ် ဆက်လက် ထွက်ပေါ်လာသည့်အခါ တင်းကျပ်နေသည့် လေထုလည်း ပို၍ နေလို့ကောင်းလာသည်။
မည်သူကမှ ထိုသီချင်းလှလှလေးကို မနှောင့်ယှက်လိုကြပေ။
ကောင်းကင်တေးသံ စံအိမ်အတွင်းမှ ပိန်ပါးပါး ရေသူမလေးတစ်ယောက်က လက်ထဲတွင် ရွှေရောင်ဖိတ်စာကို ကိုင်ဆောင်ရင်း ထွက်လာသည်။ သူမက ပဝါဖြင့် ကာထားသော်လည်း သူမ၏ စိတ်လိုလက်ရ မျက်ဝန်းများကို မဖုံးအုပ်ထားနိုင်ပေ။
သူမက ရှန်ထျန်းကို ကြည့်နေရင်း တဖြည်းဖြည်း ချည်းကပ်လာသည်။
“ရေသူမင်းသမီးလေးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သူမနေရာဆီ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် ”
သီချင်း ပြီးဆုံးသွားပြီ ဖြစ်၍ အားလုံးက ထိုရေသူမလေး ပြောစကားအား ကြားလိုက်ကြရသည်။
သူတို့က ရှန်ထျန်းအား အားကျမနာလိုစွာ ကြည့်လိုက်ကြသည်။ သို့သော်လည်း ရှန်ထျန်းက အံ့ဩသွားဟန် မပေါ်ပေ။ သူက အနည်းငယ်သာ ပြုံးလိုက်၏။
သူမ ပေါ်လာပြီ … ဟားဟား ငါတော့ ထပ်ချမ်းသာတော့မယ် …