← Chapters

အရှုံးသမားတွေအတွက်လည်း နွေဦးက ရောက်လာစမြဲ

Vol. 1 Ch. 9

အရှုံးသမားတွေအတွက်လည်း နွေဦးက ရောက်လာစမြဲ

Vol. 1 Ch. 9

သုံးရက်လွန်ပြီး နောက်တွင် အန်လင်းနှင့် လျှိုတပေါင် တို့သည် မှောင်မည်းလွန်းသည့် ထိန်းသိမ်းရေးဆောင်မှ လွတ်မြောက် လာခဲ့ကြပြီ ဖြစ်သည်။

မိန်းကလေးများ ရေချိုးခြင်းကို ချောင်းကြည့်သည့် စက်ဆုပ်ရွံရှာဖွယ် ပြစ်မှုကို ကျူးလွန်ခဲ့သည့် ကျောက်ဟွိုင်ရင်နှင့် တပိုင် တို့မှာတော့ အန်လင်းတို့ထက် လေးရက်ပို အထိန်းသိမ်း ခံရမည် ဖြစ်သည်။

ထို့ကြောင့် အန်လင်းနှင့် လျှိုတပေါင် တို့မှာ နောင်တရသည့် အမူအရာများ ဖြစ်သွားကြသည်။

ရဲစွမ်းသတ္တိ အပြည့်ရှိသော စစ်သည်နှစ်ယောက်ကို ထိန်းသိမ်းခန်းထဲ မလိုလားဟန်ဖြင့် ထားခဲ့ရပြီးနောက် သူတို့၏ သာမန် ကျင့်ကြံခြင်း ကျောင်းတော်သား ဘဝသို့ ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်သည်။

အန်လင်းသည် နေရောင်အောက်တွင် ရွှန်းရွှန်းစိုနေသည့် ကျောင်းမြေပြင်ဆီသို့ ကြည့်လိုက်သည်။ လေပြင်က ညှင်းသွဲ့သွဲ့ တိုက်ခတ်နေပြီး ပန်းပေါင်းစုံ၏ သင်းပျံ့ မွှေးကြိုင်သော ရနံ့လေးများကို သယ်ဆောင်လာသည်။ အရာအားလုံးက တောက်ပကာ ညှို့ငင်လျက် ရှိနေသည်။

လတ်ဆတ်သည့် လေနုအေးကို လောဘတကြီး ရှူရှိုက် လိုက်ပြီးသည့်နောက် သူ့စိတ်သည်လည်း ငြိမ်းအေးသွားသည်။

“ဒါက လွတ်လပ်ခြင်းပဲကွ ...” အန်လင်းက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ညည်းညူသည်။

“အမှန်ပဲ ... ငါက ပြန်လည် ရှင်သန်လာတယ် လို့တောင် ခံစားမိတယ် ...” လျှိုတပေါင် သည်လည်း စိတ်လှုပ်ရှားစွာ ညည်းညူလိုက်သည်။

“အန်လင်း ... ငါအတန်းကို အရင်ဆုံး သွားကြည့်လိုက်ဦးမယ် ... အတန်းခေါင်းဆောင် ဖြစ်ပြီးပြီးချင်း သုံးရက် ထိန်းသိမ်းခံရတော့ တော်တော်လေး ရှင်းပြရမယ်နဲ့ တူတယ် ...” လျှိုတပေါင်က တခစ်ခစ် ရယ်လိုက်သေးသည်။

“လုပ်ရမှာပေါ့ ... ဂရုစိုက်ဦး ...” အန်လင်းက ခေါင်းညိတ်ပြလိုက်သည်။

“အေး ... မင်းရောပဲ ...” လျှိုတပေါင်က မထွက်သွားခင် အန်လင်း၏ ပခုံးကို ပုတ်လိုက်သည်။

သုံးရက် အတူတူ နေပြီးသည့် နောက်တွင်တော့ လျှိုတပေါင်သည် မုန်းတီးစရာ လူတစ်ယောက်မဟုတ် ဆိုသည်ကို  အန်လင်း သိလိုက်ရသည်။

ပြောရမည်ဆိုလျှင် အချိန်တွေ ရှိခဲ့တာတောင်မှ တိုက်ပွဲ ခေါ်သံနှင့်အတူ သူ့ အပြုအမူများ၏ အကျိုးဆက်နှင့် ပတ်သက်ပြီး သူက စဉ်းစားခြင်း မရှိခဲ့ပေ။

သူက ပွင့်လင်းတဲ့ သဘောထားရှိပြီး ရိုးသားသူလည်း ဖြစ်သည်။ သူနှင့် အန်လင်းတို့ ရင်းနှီးသွားသည့် အချိန်မှစကာ သူက အလွန် ပွင့်လင်းသည့် လူဖြောင့် တစ်ယောက်သာ ဖြစ်သည်။

ထို့အပြင် ‘တိုက်ပွဲတွေ ပြီးဆုံးလျှင် ခင်မင်မှုတွေ ကြီးထွားကြသည်’ ဆိုသည်က အန်လင်းနှင့် လျှိုတပေါင်တို့ အကြား ဖြစ်လာခဲ့သည်။

လျှိုတပေါင် အဝေးတွင် ပျောက်ကွယ် သွားပြီးသည့်နောက် ပတ်ဝန်းကျင်က တစ်ဖန်ပြန်လည် ငြိမ်းအေးခြင်းသို့ ရောက်ရှိလာခဲ့သည်။

အန်လင်းက အဝေးကို ကြည့်လိုက်ပြီး ညနေခင်း နေမင်းသည် တိမ်များအကြား သက်ဆင်းနေသည်ကို တွေ့လိုက်ရသည်။ ကျောင်းမြေပြင်သည် ရွှေရောင်တိမ်များ ဆီမှာ ကျဆင်းလာသည့် ရွှေရောင် အလင်းတန်းများကြောင့် တလက်လက် တောက်နေသည်။

တိမ်တိုက်များအကြား ပျံသန်းနေသည့် ကြိုးကြာဖြူများ၏ အော်မြည်သံမှာလည်း မပီမပြင် ဝိုးတဝါး ပေါ်ထွက် နေသေးသည်။

အန်လင်းက ကျောင်းအတွင်းရှိ တောင်ကုန်းထိပ်တွင် မိန်းမောတွေဝေစွာ ရပ်တန့်နေပြီး အဝေးရှိ ရှုမြင်ကွင်းကို ကြည့်နေလျက် ရှိသည်။

အန်လင်း ခန္ဓာကိုယ်ကို ရုပ်သိမ်းစပြုနေသည့် နေမင်း၏ နောက်ဆုံးသော ရောင်ခြည်မှ ဝါဖျော့ဖျော့ အလင်းများက လွှမ်းခြုံထားသည်မှာ အိုဟောင်းနေသည့် မြင်ကွင်း တစ်ခုခုလိုပင်။

“အမ် ... နောက်တောင် ကျနေပြီပဲ ... ဒီနေ့ စာသင်ချိန်တွေ ပြီးနေလောက်ရောပေါ့ ... မနက်ဖြန်မှပဲ အတန်းတက် ပါတော့မယ်လေ ...” အန်လင်းက အသိပြန်ဝင် လာပြီးနောက် ညည်းတွားလိုက်သည်။

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကို ကောင်းကင်တွင် လွင့်မျောနေသည့် ကုန်းမြေကြီးပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျောင်းဆင်းသည့် အခါတိုင်း နေမင်းကြီး တိမ်တိုက်များထဲ သက်ဆင်းသွားသည့် လှပြပြီး အရောင်အသွေးစုံ မြင်ကွင်းကို မျက်မြင် တွေ့နိုင်ပြီပဲ ဖြစ်သည်။

ရံဖန်ရံခါတွင် ခုနစ်ရောင်ခြယ် တိမ်တိုက်များသည် ကောင်းကင်ပေါ်တွင် မီတာ ထောင်သောင်းချီ၍ လှည့်ပတ်နေသည့် အံ့ဩဖွယ် မြင်ကွင်းကို ကျောင်းမြေပြင်မှနေ မြင်တွေ့နိုင်သည်ဟု ကြားဖူးထားသည်။

သို့ပေမဲ့လည်း အန်လင်းမှာ ကျောင်းတော်သို့ ရောက်သည့်အချိန် တိုတောင်းသေးသဖြင့် ထိုအံ့ဩဖွယ် မြင်ကွင်းကို မြင်တွေ့ဖို့ရာ ကံမပါသေးပေ။

သို့ပေမဲ့လည်း ပုံမှန် မြင်တွေ့နေကျ ရှုမြင်ကွင်းများ သည်ပင် အံ့ဩဖွယ် ကောင်းလွန်းလှသည်။ ထိုမြင်ကွင်းများကို မြင်တွေ့ရချိန်တိုင်း လုံးလုံးလျားလျားကို တွေဝေငေးမော သွားစမြဲသာ။

***

သူ့နေရာသို့ ပြန်ရောက်သည်နှင့် အန်လင်းက ချက်ချင်း ဆိုသလို စတင် ကျင့်ကြံတော့သည်။

ကျင့်ကြံခြင်းကို သူဘယ်တုန်းကမျှ လျှော့ချခြင်း မရှိ။

တာအိုခန္ဓာ အဆင့် ၄ ကို မည်သည့် အချိန်တွင်မှ ချိုးဖျက် ဝင်ရောက်နိုင်မည်ကို သူမသိပေ။ မနက်ဖြန်လည်း ဖြစ်နိုင်သလို ဆယ်နှစ်ကြာပြီး နောက်မှလည်း ဖြစ်နိုင်သည်။ တာအိုခန္ဓာ အဆင့် ၄ သို့ ဘယ်သောအခါမှ မရောက်နိုင်ခြင်းလည်း ဖြစ်နိုင်သေးသည်။

ရှေ့ဆက် လျှောက်ရမည့်လမ်းက မသိခြင်းများဖြင့် ပိတ်ဆို့နေသော်လည်း အန်လင်းက သူမည်မျှလောက် အထိ ရောက်ရှိနိုင်မည်ကို မဆုံးဖြတ် နိုင်သဖြင့် လက်လျှော့ဖို့ရာ တွေးမကြည့်ဖူးပေ။ ဒီကမ္ဘာကြီးက အံ့ဩဖွယ် ကောင်းလွန်းသည် မဟုတ်ပါလား။

သာမန်လူသားများ မမြင်တွေ့နိုင်သည့် အရာများကို မြင်တွေ့ချင်သည်။ စိတ်ဝင်စားဖို့ ကောင်းသည့် လူပုဂ္ဂိုလ်များနှင့် ဆုံတွေ့ချင်သည်။ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် အစစ်အမှန် ခြေလျှောက်လှမ်းချင်သည်။ အောင်မြင်ဖို့ရာ တစ်သောင်းပုံ တစ်ပုံသာ အခွင့်အလှမ်း ရှိလျှင်တောင်မှပဲ အန်လင်းက သူ့ရည်မှန်းချက်များ အောင်မြင်ဖို့ရာ အစွမ်းကုန် ကြိုးစားမည်သာ။

နောက်တစ်နေ့ မနက်ခင်းတွင်တော့ အန်လင်းက စုရှောင်လန် အခန်းတံခါးကို ခေါက်လိုက်သည်။

“ဟယ် ... အန်လင်း ... နောက်ဆုံးတော့ နင်လွတ်လာပြီလား ...” စုရှောင်လန်က အိပ်မှုန်စုံမွှား မျက်လုံးများဖြင့် တံခါးကို လာဖွင့်ပြီးနောက် အပြင်ဘက်တွင် အန်လင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။

အန်လင်းက စုရှောင်လန် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ရရှိသည့် သူငယ်ချင်းဖြစ်ပြီး အကောင်းဆုံးလည်း ဖြစ်သည်။

အန်လင်း ထိန်းသိမ်း ခံထားရသည့် ရက်များအတွင်း သူမ တကယ်ကို နေသားမကျခဲ့ပါ။

“အတန်း သွားတက်ကြမယ်လေ ...” အန်လင်းက ရယ်မောပြီး နှုတ်ဆက်လိုက်သည်။

“ခဏနေပါဦးဟဲ့ ... အဝတ်လေး လဲပါရစေဦး ...” စုရှောင်လန်က အန်လင်းရဲ့ အဖြေကို စောင့်မနေတော့ဘဲ တံခါးကို အရှိန်ဖြင့် ပိတ်လိုက်သည်။

စုရှောင်လန် ပြန်ရောက်လာသည့် အခါ အန်လင်းမှာ ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ဆင်ခြင်တုံတရား မရှိသည့် သူမအား စိုက်ကြည့်လိုက်သည်။

“ဘ ... ဘယ်ကနေ ဒီလို မင်းသမီးဝတ်စုံ ရောက်လာတာတုန်း ...” အန်လင်းက အံ့ဩလွန်းသဖြင့် စကားပင် ထစ်ကုန်သည်။

စုရှောင်လန်က အဖြူရောင် ဝတ်စုံဖြင့် တင့်တယ်စွာ လျှောက်လှမ်း လာခဲ့သည်။

သူမ၏ အလှအပ၊ နူးညံ့မှု၊ ငန်းမလေးနှင့် တူသည့် လည်တံ တို့အောက်တွင် ညှပ်ရိုးဖျော့ဖျော့က ရှိနေသည်။ အဖြူရောင် ခါးစည်းကြိုးက သူမ ခါးသွယ်သွယ်ကို ထင်းနေစေသည်။

သူမဝတ်စုံ၏ အနားစလေးသည် လေထဲတွင် တလှပ်လှပ် လွင့်နေပြီး သူမသည် အခြားကမ္ဘာမှ ရောက်ရှိလာသည့် နတ်မိမယ်လေး နှင့်ပင် တူနေသေးသည်။ ကောင်းကင်မှနေ ဆင်းသက်လာကာ တိမ်တိုက်များ အကြားမှ ထွက်ပေါ်လာသည့် နတ်သမီးလေး။

စုရှောင်လန်က ပင်ကိုအားဖြင့် အလွန်တရာ လှပသူဖြစ်သည်။ ထိုသို့ ဝတ်ဆင်လိုက်သည့် အခါတွင်တော့ သူမသည် ပန်းချီကားချပ်ထဲမှ ထွက်လာသည့် မင်းသမီးလေး တစ်ပါးနှင့်ပင် တူသွားသေးသည်။ သူမ၏ သွင်ပြင်မှာ ညှို့ငင် ဖမ်းစားနိုင်လွန်းသည်။

သို့ပေမဲ့လည်း အန်လင်း အံ့ဩမိသော အခါမှာ သူမ၏ အလှအပကြောင့် မဟုတ်ဘဲ ယခင်နှင့် မတူစွာ ဝတ်ဆင်ထားသည့် အဝတ်အစား ပုံစံဆန်းကြောင့် ဖြစ်သည်။

ထိုမင်းသမီး ဝတ်စုံသည် အသေအချာကို ကမ္ဘာပေါ်ရှိ ဝတ်စုံနှင့် တူလွန်းသည်။

ဒီလိုဝတ်စုံမျိုးက အင်မော်တယ် ကျင့်ကြံခြင်း လောကမှာ ဘယ်လိုလုပ်ပြီးများ ရောက်လာတာတုန်း။ ထူးဆန်းလွန်းသည်။

“ဘာဖြစ်နေတာတုန်း ... ဒီဝတ်စုံက နင့်မွေးရပ်ဂြိုဟ် ကမ္ဘာ က မဟုတ်ဘူးလား ... နင်က အဲလောက်အထိ အံ့ဩဖို့ လိုသလား ...”

အန်လင်း၏ မယုံကြည်နိုင်သည့် အကြည့်များကို မြင်သည့်အခါ စုရှောင်လန်က စဉ်းစားမရဘဲ ဖြစ်နေသည်။ သူ့ရဲ့ ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟနေပြီး ပန်းသီး တစ်လုံးကိုပင် အသားလေး ငုံထားလို့ ရနိုင်လောက်သည်။

“ငါ့မွေးရပ်ဂြိုဟ် ...” အန်လင်းက စုရှောင်လန်ကို ကြည့်လိုက်ပြီး အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေကာ “နင်က ကမ္ဘာကြီးကို သိတယ်ပေါ့ ...”

အန်လင်းက အမြဲလိုလို တွေးတောမိသည်မှာ သူနေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည့် ယခုနေရာသည် သီးခြား လောက တစ်ခုထဲတွင် တည်ရှိသည်ဟုပင်။

အန်လင်း သိသလောက်ဆိုလျှင် ကောင်းကင်ဘုံ ပိုင်နက်သည် ကိုးပြည်ထောင်ကိုသာ စီရင်ပိုင်ခွင့် ရှိပြီး ကမ္ဘာမြေနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိသင့်ပေ။

သူက ကမ္ဘာမြေမှ လာသည့် အကြောင်းကိုလည်း မည်သူ့ကိုမှ ထုတ်ဖော် ပြောဖူးခြင်း မရှိခဲ့ပါ။

စုရှောင်လန် နှုတ်မှနေ တည်ငြိမ်စွာဖြင့် ‘ကမ္ဘာမြေ’ ဟု ပြောလာလိမ့်မည် ဟုလည်း သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။ ထိုသည်က ချက်ချင်းဆိုသလို သူ့ခေါင်းထဲရှိ အတွေးများကို လှိုင်းထစေသည်။

“ဟဲ့ ... ဟဲ့ ... နင် ရူးကြောင်ကြောင်တွေ ထပ်တွေးနေပြန်ပလား ...” စုရှောင်လန်က သူမလက်များကို ခါးတွင် ထောက်လိုက်ပြီး အနည်းငယ် စိတ်တိုလာပုံ ရသည်။ “ကမ္ဘာမြေဆိုတာ ကောင်းကင်ဘုံ ပိုင်နက်ရဲ့ စီရင်မှုအောက်မှာ ရှိနေတဲ့ သေမျိုးကမ္ဘာ တစ်ခုပဲလေ ... ငါကဘာလို့ မသိရမှာတုန်း ...”

အန်လင်းက ပေါက်ကွဲလုနည်းနည်း စိတ်ခံစားမှုများကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။ စုရှောင်လန်၏ စကားလုံးများကို စဉ်းစားပြီးသည့်နောက် အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာသည့်အတွက် ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး “အဲဒါဆိုရင် ကမ္ဘာပေါ်က လူတွေက ကောင်းကင်ဘုံ ပိုင်နက်ရဲ့ တည်ရှိမှုကို ဘာလို့မသိကြရတာလဲ ...”

“အိုး ... အဲဒါလား ... ငါတို့က မတူညီတဲ့ နေရာတစ်ခုမှာ ရှိနေတာလေ ... ငါတို့တွေက သေမျိုးကမ္ဘာကို သွားချင်ရင် ကောင်းကင် တည်နေရာ ရွှေ့ပြောင်းခြင်း တံခါးပေါက်ကို သုံးကြရတယ် ...”

"အာ ... အဲလိုမျိုးလား ... အဲဒါဆိုရင် ငါက ကမ္ဘာမြေက လာပါတယ် ဆိုပြီးကော ဘယ်လိုသိတာလဲ ..."

"ငါတို့ရဲ့ သေမျိုးဘာသာရပ် ဆရာမ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် ပြောပြတာ ..."

"သူမက သေမျိုးကမ္ဘာနဲ့ ပတ်သက်တဲ့ အသိပညာနဲ့ ယဉ်ကျေးမှု အကြောင်း သင်ကြားပေမယ့် တာဝန်ခံလေ ... ငါဒီဝတ်စုံကို ဝတ်လာတာကလည်း ဒီနေ့သူမ အတန်းချိန်အတွက် လိုအပ်တယ်လို့ ပြောလိုက်လို့ ..."

"ဘာပဲပြောပြော ... ဒီဝတ်စုံက ငါနဲ့ ကြည့်ကောင်းရဲ့လား ..."

စုရှောင်လန်က အန်လင်းကို ကြည့်ရင်း လှပစွာ ပြုံးပြပြီးနောက် သူမ၏ ဝတ်စုံကို လှုပ်ခါနေသည်။

"ဒီဝတ်စုံကိုဝတ်ပြီး အရမ်းလှတဲ့ သူမျိုး အရင်က တစ်ခါမှတောင် မမြင်ဖူးဘူး ..." အန်လင်းက သူ့ရှေ့ရှိ မိန်းကလေးကို ကြည့်ကာ ရိုးသားစွာ ဖြေလိုက်သည်။

စုရှောင်လန်က အန်လင်း အဖြေကြောင့် အရမ်း စိတ်ကျေနပ်သွားပြီး သူမမျက်နှာပေါ်ရှိ အပြုံးမှာလည်း တဖြည်းဖြည်း ကြီးလာတော့သည်။ သူတို့အလှကို ချီးမွမ်းခံရလျှင် သဘောမကျသည့် မိန်းကလေးဟူ၍ မရှိချေ။

"အိုး ... ဟုတ်သားပဲ ... နင့်ကို ပြောစရာရှိတယ် ... နင် ထိန်းသိမ်း ခံထားရတော့ မပြောရ သေးတာလေ ... အခွင့်အရေးမှ မရဘဲ ..."

စုရှောင်လန်က တစ်ခုခုကို သတိရသွားပုံ ပေါ်ပြီး သူမက ပြုံးကာ လက်ခုပ် တီးနေသည်။

"ဘာလား ..." အန်လင်းက သိချင်စိတ်ဖြင့် မေးသည်။

"မနေ့က မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က နင့်ကို တာဝန်ပေးထားတယ် ... ငါတို့အတန်းရဲ့ ဘာသာရပ် ကိုယ်စားလှယ် အဖြစ် ..." စုရှောင်လန်က သွားဖြီးပြလိုက်သည်။

"ဘာသာရပ် ကိုယ်စားလှယ် ... ..." အန်လင်းက ထိုသည်ကို ကြားလိုက်ရတော့ အစပိုင်းတွင် အံ့အားသင့် သွားခဲ့သည်။ သူ့ကိုသူ ပြန်ထိန်းလိုက်ပြီး ဦးခေါင်းကို ၄၅ ဒီဂရီမတ်ကာ ကောင်းကင်ကြီးကို မိန်းမောတွေဝေလျက် ကြည့်လိုက်သည်။

ကောင်းကင်ပြာက ကြည်လင်နေပြီး နေ့အလင်းက ဖြာထွက်နေသည်။

အရာအားလုံးက သာယာ လှပနေသည်။  နောက်ဆုံးတော့ ငါက ဘဝအသစ်တစ်ခု ရလာခဲ့ပြီလား။

***

All Chapters