၎င်းအစား တိုက်ခိုက်ခံရခြင်း
Vol. 156 Ch. 2219
ရီဖူရှင်းက အန္တရာယ်တွင်း ကျရောက်နေပုံရသည်။
ကျင့်ကြံသူအားလုံးက ထိုတိုက်ပွဲကို ကြည့်လိုက်ကြသည်။ သူတို့က ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို မြင်နေရပြီ ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းအဆင့်ဖြစ်သည့်အတွက်ကြောင့် သူက အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။ အစောပိုင်းက တိုက်ပွဲ၌ သူက ပြင်းထန်ကာ ကြီးမားသည့် စွမ်းအားတို့နှင့် သက်သေပြခဲ့ပြီး ဖြစ်လေသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခုနစ်ကျင့်ကြံသူများသည်ပင် သူ၏ အကာအကွယ်အား ချိုးဖျက်နိုင်ခြင်း မရှိပေ။ သို့သော် မှော်နက်လောကမှ ကျင့်ကြံသူက ရီဖူရှင်း၏ စိတ်ဝိညာဥ်အား အဓိကထားကာ တိုက်ခိုက်ခဲ့ပေသည်။
ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဥ်က ခန္ဓာကိုယ်ထ်က အများကြီး အားနည်းပြီး အလွန်နည်းပါးသော သူများသာလျှင် စိတ်ဝိညာဥ်ကို ကျင့်ကြံနိုင်ကြသည်။ စိတ်ဝိညာဥ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထက် ပိုမိုအားနည်းသောကြောင့် ထိုသို့တိုက်ခိုက်ခံရပါက ကျင့်ကြံသူသည် အကြီးအကျယ် ဒုက္ခရောက်ရပေလိမ့်မည်။
ဤမှော်နက်လောကကျင့်ကြံသူသည် ဤတစ်ကြိမ်၌ ထိုမျှ ရက်စက်သော ကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုရဲသည်မှာ သူက စိတ်ဝိညာဥ် တိုက်ခိုက်ရေးစွမ်းရည်ကိုသာ ကျွမ်းကျင်သောကြောင့် ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် ရီဖူရှင်း အစောပိုင်းက ဖော်ပြခဲ့သည့် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကို ချင့်တွက်၍ ထိုလူသည် တစ်ခုခုကို ကမူးရှုးထိုး လုပ်ရဲလိမ့်မည် မဟုတ်ပေ။
အဆုံးမှာတော့ ယခု သူက ဝိညာဥ်အား ဖမ်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ချုပ်နှောင်၍ ယူဆောင်သွားရန် ကြိုးစားနေခြင်း ဖြစ်ကာ ထိုလှုပ်ရှားမှုက အလွန် ရက်စက်ကြမ်းကြုတ်ပြီး ချစ်ကြည်ရေးပြိုင်ပွဲဟု သတ်မှတ်၍ မရနိုင်တော့ပေ။ စိတ်ဝိညာဥ်က ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ခွာကာ အဝေးသို့ ယူဆောင်သွားခြင်းကို ခံလိုက်ရလျှင် ရီဖူရှင်း၏ ရုပ်ခန္ဓာက ဝိညာဥ်မရှိသော အခွံလွတ်သက်သက် ဖြစ်လာလိမ့်မည်ဖြစ်ကာ အခြားသူများက လုပ်ချင်သလို လုပ်ဆောင်၍ ရသွားနိုင်ပေသည်။
သူတို့က ထိုအဖြစ်အပျက်ကို မြင်သောအခါ လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူအားလုံးက တိုက်ခိုက်နေသည့် နေရာသို့ သွားရန် စတင်လှုပ်ရှားလိုက်ကြသည်။ သို့သော် တစ်ချိန်တည်းတွင် အဆင့်ရှစ်ကျင့်ကြံသူများက သူတို့ထံ စတင်လျှောက်လာပြီး သူတို့၏ လမ်းကို ပိတ်ဆို့ တားဆီးလိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်၏။ "သူတို့က အခု ချစ်ကြည်ရေးတိုက်ပွဲကို တိုက်နေကြတာ။ ဘာလို့ ခင်ဗျားတို့က သွားဝင်စွက်ဖက်မှာလဲ။"
ထိုလူများထဲက မည်သူကမှ ရီဖူရှင်းကို ညှာတာထောက်ထားလိမ့်မည် မဟုတ်ကြောင်း သိသာပေသည်။ သူတို့၏ မူလရည်ရွယ်ချက်က တိုက်ခိုက်ရန် ဖြစ်လေရာ အခွင့်အရေး ရသည့်အခါ၌ ရီဖူရှင်းအား ပျော်ရွှင်စွာ ဖိနှိပ်ကြပေလိမ့်မည်။ ယခု ထိုမှော်နက်လောက၏ ကျင့်ကြံသူက ထိုသို့လှုပ်ရှားမှုကို ပြုလုပ်လာသောအခါ သူတို့အတွက် သတင်းကောင်း ဖြစ်သွားရပေသည်။ ထိုနည်းလမ်းဖြင့် သူတို့က လေးမျက်နှာကျေးရွာကို ဆန့်ကျင်မိလိမ့်မည် မဟုတ်ပေ။ လူအများစုသည် လေးမျက်နှာကျေးရွာမှ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူက မည်မျှ အစွမ်းထက်ကြောင်း ကြားဖူးကြပေသည်။
"ဖယ်စမ်း..." ဖန်းကိုင့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ် လေဟာနယ်နတ်အလင်းတို့ တောက်ပလာပြီး သူက လူအုပ်ကြီးကို ချက်ချင်း ဖြတ်သန်းသွားရန် ပြင်လိုက်သည်။ သို့သော် ထိုအဆင့်ရှစ်ကျင့်ကြံသူများက ချက်ချင်းပင် မဟာလမ်းစဥ် နယ်မြေအား ထုတ်လွှတ်လိုက်ကာ သူ့ကို တိုက်ပွဲမြေပြင်မှ ခွဲထုတ်ပစ်လိုက်၍ ရီဖူရှင်းအား သွားရောက်ကူညီခြင်းမှ တားဆီးလိုက်သည်။
ချက်ချင်းပင် ထိုနေရာ၌လည်း ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခြားတစ်ဖက်တွင် ရီဖူရှင်းတို့ တိုက်ပွဲအတွင်း၌ ဝိညာဥ်ချုပ်ကြိုးသည် ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာလာစေရန် အတင်းအကျပ် ဖိအားပေးနေခဲ့သည်။ ၎င်းက သူ၏ စိတ်ဝိညာဥ်ကို ဝါးမြိုနေသကဲ့သို့ နာကျင်လာစေသည်။ ဤအဖြစ်က ရီဖူရှင်း၏ အတွင်းဘက်မှ နက်ရှိုင်းသော အေးစိမ့်မှုကို ခံစားမိစေရန် ပြုလုပ်နေသည်။ ထိုအေးစိမ့်မှုက သူ၏ စိတ်ဝိညာဥ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ့နှလုံးသားက အေးစက်လာကာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။ သူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်ခြင်းက သူ့ကို သတ်ဖြတ်ရန် ကြိုးစားခြင်း ဖြစ်လေသည်။
ဝုန်း...
တောက်ပသော နတ်အလင်းက ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ သူ့ကို အိပ်မက်ဆန်ဆန် တောက်ပနေစေသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်က ထိုဝိညာဥ်ချုပ်ကြိုး၏ ဆွဲထုတ်သွားခြင်း ခံရသလို အမှန်တကယ် ရုပ်ခန္ဓာမှ ထွက်ခွာသွားပုံရပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ထိုလေဟာနယ်အတွင်း လှုပ်ရှားမှုမရှိဘဲ ရပ်နေခဲ့သည်။ သူ၏ စိတ်ဝိညာဥ်က ရုပ်ခန္ဓာအစစ်တစ်ခု ဖြစ်လာသလို ထင်မှတ်ရပြီး ကြောက်မက်ဖွယ် ပုံရိပ်ယောင်တစ်ခုက နတ်ဘုရားပုံရိပ်တစ်ခုကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။
မှော်နက်လောကမှ ရန်ဟောင်၏ မျက်လုံးများက အေးစက်လာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းသော ဝိညာဥ်ချုပ်ကြိုးများ ထိုနတ်ဘုရားပုံရိပ်ထံ ဦးတည်လာပေသည်။ သို့သော် ထိုအခိုက်အတန့်၌ ထိုကြိုးများက ရေခဲအလွှာဖြင့် ဖုံးအုပ်လိုက်ခြင်းကို ခံရကာ တဖြေးဖြေး အေးခဲလာခဲ့ပေသည်။ ထိုအေးစိမ့်မှုက အလျင်အမြန် ပျံ့နှံ့သွားကာ ဝိညာဥ်ချုပ်ကြိုးတလျှောက် ရွေ့လျားသွားပြီး လေဟာနယ်အတွင်းရှိ ကြီးမားသော နတ်ဘုရားပုံရိပ်ထံ ဦးတည်သွားလေသည်။
ဘုန်း..
ထိုအစွမ်းထက်သော နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်သည် အေးစိမ့်မှုက ကျောရိုးတလျှောက်စိမ့်တက်လာသည်အား ခံစားမိလိုက်ပြီး မှော်နက်လောက၏ ကျင့်ကြံသူက ခိုက်ခိုက်တုန်လာပေသည်။ သူသည် သူ၏ စိတ်ဝိညာဥ်က ရေခဲစွမ်းအားဖြင့် တိုက်ခိုက်ခံရသကဲ့သို့ အေးစက်မှုကို ခံစားနေရပေသည်။
ဘုန်း...
ကြောက်စရာကောင်းလောက်အောင် အေးစက်မှုက ပိုမို မြင့်မားလာခဲ့ပြီး ဝိညာဥ်ချုပ်ကြိုးတလျှောက် လိုက်ကာ နတ်ဘုရားပုံရိပ်အတွင်း ဝင်ရောက်သွားပေသည်။ ထို့နောက် ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်က တောက်ပသော အလင်းတို့ စီးဆင်းနေကာ နေတစ်စင်းနှင့် လတစ်စင်းက ရောယှက်သွားပြီး ယင်ယန်သင်္ကေတဖြစ်ပေါ်လာသည်။ အပူနှင့် အအေးစွမ်းအားနှစ်ခုလုံးက တပြိုင်တည်း ထွက်ပေါ်လာကာ ယင်ယန်စွမ်းအားတို့က နတ်ဘုရားပုံရိပ်၏ ခန္ဓာကိုယ်အတွင်း တိုးဝင်သွားသည်။
ထိုနတ်ဘုရားပုံရိပ်က ၎င်း၏ စိတ်ဝိညာဥ်ကို ကြောက်မက်ဖွယ်ဖြစ်လာသည် စွမ်းအားတို့နှင့် တိုက်ခိုက်ခံလိုက်ရသလိုမျိုး ချက်ချင်းခံစားလိုက်ရပြီး သွေးပျက်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာပေသည်။ မရေတွက်နိုင်သော အမှောင်စွမ်းအားနတ်အလင်းတန်းတို့က ထိုးထွက်လာပြီး ရီဖူရှင်း၏ တောက်ပနေသော
စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလာသည်။ သို့သော် ရီဖူရှင်း၏ စိတ်ဝိညာဥ်က ယင်နှင့်ယန် စွမ်းအားနှစ်ခုလုံးကို သယ်ဆောင်ထားပြီး အမှောင်စွမ်းအင်များကို ဝါးမြိုကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
တစ်ဖက်လူက သူ၏ စိတ်ဝိညာဥ်ကို ထိန်းချုပ်ချင်နေသည်ဖြစ်ရာ သူက တစ်ဖက်လူ၏ ဆန္ဒအတိုင်း ပြန်ပေးဆပ်စေမည် ဖြစ်ပေသည်။
ဘုန်း..
ဤတစ်ကြိမ်၌ မှော်နက်လောက၏ ကျင့်ကြံသူ နာကျင်ရမည့် အလှည့် ဖြစ်သည်။ နတ်ဘုရား၏ ပုံရိပ်က ဖျက်ဆီးခံလိုက်ရပြီး သူက ခပ်တိုးတိုး ညည်းညူလိုက်ရသည်။ ထို့နောက် ကျယ်လောင်သည့် အော်သံတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်က အထက်သို့ ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူက ဝိညာဥ်ချုပ်ကြိုးကို ဖြတ်ပစ်လိုက်ပြီး ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ထိန်းထားရန် မကြိုးစားတော့ပေ။
သို့သော် ရီဖူရှင်း၏ စိတ်ဝိညာဥ်မှ ထွက်ပေါ်နေသော ယင်ယန်နတ်အလင်းတို့က နတ်ဘုရားပုံရိပ်အား သေးငယ်လှသည့် အပိုင်းအစများအဖြစ် ပြိုကွဲသွားစေခဲ့သည်။ တစ်ဖက်လူက ချက်ချင်းပင် အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာရင်း စူးရှစွာအော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် အစစ်အမှန်မဟုတ်သလို ဖြစ်လာခဲ့သည်။
"အိုး.. ဘုရားရေ..." ကျင့်ကြံသူများအားလုံးက ထိုမြင်ကွင်းကို မြင်ပြီးနောက် သူတို့၏ နှလုံးသားများက တုန်ယင်နေသည်ကို ခံစားလိုက်ကြရသည်။ မှော်နက်လောက၏ ကျင့်ကြံသူက အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်လား။
သူတို့က ရီဖူရှင်း၏ စိတ်ဝိညာဥ်က နောက်သို့ ပြန်လည်မျောလွင့်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ပြန်ဝင်သွားသည်အား စောင့်ကြည့်နေခဲ့ကြသည်။ သူ၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရပြီး တောက်ပနေပေသည်။ သူက အဝေး၌ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို မော့ကြည့်လိုက်သည်။ မှော်နက်လောက၏ ကျင့်ကြံသူက သူ၏ စိတ်ဝိညာဥ်ကို ယူဆောင်ရန် တိုက်ခိုက်ခဲ့သော်လည်း ထိုသူသည်သာ အတိုက်ခိုက်ခံရသူ ဖြစ်ခဲ့ပေသည်။ ရီဖူရှင်းက ထိုလူကို သတ်ဖြတ်ရန် စီစဥ်မထားသော်လည်း ထိုသူ့စိတ်ဝိညာဥ်က အပြင်းအထန် ဒဏ်ရာရရှိသွားမည်မှာ သေချာပေသည်။ ထိုသူကို အကူအညီပေးနိုင်သော အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက်ဖြစ်စေ အဖိုးတန်သော စိတ်ဝိညာဥ်ဆေးလုံးများ မရရှိနိုင်လျှင်ဖြစ်စေ ထိုသူ ပြန်လည်သက်သာလာရန်မှာ ယနေ့မှစ၍ နောက်ထပ် ရှစ်နှစ်မှ ဆယ်နှစ်ထိ ကြာမြင့်နိုင်ပေသည်။
သူက လူအုပ်ကြီးကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဆက်ပြီး တိုက်ခိုက်ချင်တဲ့သူ ရှိသေးလား။"
ယခင်က ကျင့်ကြံသူများစွာက သူ့ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြပြီး လူတိုင်းသည် ဒဏ်ရာရကာ နောက်ဆုတ်ရစေရန် ဖိအားပေးခဲ့သည်။ သို့သော် အချို့မှာ အစောကတည်းက မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ကြရသေးပေ။ သူတို့အားလုံးသည် ပါရမီရှင်များ ဖြစ်နေလျှင်ပင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခုနစ်ရန်ဟောင်များက ရီဖူရှင်းကို ရှုံးနိမ့်စေရန် မဖြစ်နိုင်သည်အား သိရှိကြပေသည်။
သူသည် အဓိကဘုံသုံးခုမှ ကျင့်ကြံသူများကို ခြွင်းချက်မရှိ ရှုံးနိမ့်စေခဲ့သည်။ မှော်နက်လောကမှ ကျင့်ကြံသူများက ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်လာသည့်အခါ၌ပင် ထိုသူကသာ ပြန်၍ တိုက်ခိုက်ခံရသူ ဖြစ်သွားခဲ့၏။ ဤတိုက်ပွဲက ရီဖူရှင်းအား ခြိမ်းခြောက်ရန်ပင် မတတ်နိုင်သော တစ်ဖက်သတ်ဆန်သည့် တိုက်ပွဲဖြစ်ကြောင်း သိသာလှသည်။
ထိုနတ္ထိတောင်တန်းမှ အစွမ်းထက်ကျင့်ကြံသူသည် ထိုကဲ့သို့သော လွှမ်းမိုးနိုင်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။ သူက လေဟာနယ်ကို နတ်လက်သီးဖြင့် ပျက်စီးစေနိုင်သော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူ၏ တိုက်ခိုက်မှုက ပြိုကွဲသွားပြီး ရီဖူရှင်းကို ထိခိုက်စေနိုင်စွမ်း မရှိခဲ့ပေ။
ထိုသို့သော မကောင်းဆိုးဝါးဆန်လှသည့် သူကို မည်သူက ဆက်လက်တိုက်ခိုက်နိုင်ပါမည်နည်း။
ရီဖူရှင်းက အဓိကဘုံသုံးခု၏ အတော်ဆုံးများထဲမှ သူအချို့ကိုပင် ရှုံးနိမ့်စေနိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က ရီဖူရှင်းကို ရှုံးနိမ့်စေချင်လျှင် အဆင့်ရှစ်ရန်ဟောင်ကို တိုက်ခိုက်ခိုင်းရပေလိမ့်မည်။
"ဒါဆိုရင် ဒီကိစ္စက ဒီနေရာမှာပဲ ပြီးပြီ။ ခင်ဗျားတို့က ရတနာကို ပြန်ယူချင်ရင် ယူသွားတဲ့လူကို သွားရှာကြ။ မဆိုင်တဲ့လူတွေကို လာမရှုပ်နဲ့။" ရီဖူရှင်းက ဖန်းကိုင့်နှင့်အခြားလူများ ရှိရာသို့ ပြန်လာရင်း ပြောလိုက်သည်။
သူတို့၏ တိုက်ပွဲကလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ အဆင့်ရှစ်ကျင့်ကြံသူများ အားလုံးက ရီဖူရှင်းကို စိုက်ကြည့်နေကြပြီး သူတို့က အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရသည်။ သူတို့သည် အစောပိုင်းက တိုက်ခိုက်မှုမှာ အလုပ်မဖြစ်သည်ကို မယုံကြည်နိုင်ကြပေ။
သူတို့က ဖန်းကိုင့်နှင့် အခြားလူများ ရီဖူရှင်းကို ကူညီမည်စိုးသောကြောင့် မှော်နက်လောက၏ ကျင့်ကြံသူက ရီဖူရှင်းအား အနိုင်ယူနိုင်ရန် အခွင့်အရေး ပေးသည့်အနေနှင့် ဖန်းကိုင့်တို့ကို ရည်ရွယ်ချက်ရှိရှိ တားဆီးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ထိုကြိုးစားမှုက ကျရှုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"အချိန်ထပ်မဖြုန်းပါနဲ့တော့။ တခြားနေရာတွေလည်း ရတနာတွေ ရှိနိုင်ပါတယ်။" ရီဖူရှင်းက ထိုစကားများ ချန်ရစ်ကာ လှည့်ထွက်သွားခဲ့သည်။ သူ့လူများကလည်း သူ့နောက်မှ လိုက်ပါသွားပြီး ဤနေရာမှ ပြတ်သားစွာ ထွက်ခွာသွားခဲ့သည်။
ဤတစ်ကြိမ်၌ မည်သူကမှ ရီဖူရှင်းကို တားဆီးရန် မကြိုးစားကြတော့ပေ။ လူတိုင်းက ရီဖူရှင်း လျှောက်သွားသည်ကို စောင့်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများထဲ၌ နက်ရှိုင်းသည့် အတွေးများ ကျန်ရှိနေသည်။
"ဒီလူက နတ်ဘုရားကုန်းမြေတစ်ခွင်မှာ တကယ့်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ စိုးမိတယ်။" နောက်ဆုံး၌ တစ်စုံတစ်ယောက်က စကားပြောလာသည်။ သူတို့အားလုံးက သူတို့ခေတ်အခါ၌ ပြိုင်ဘက်ကင်းများ ဖြစ်ကြသော်လည်း ရီဖူရှင်းကဲ့သို့ ထူးချွန်လှသော ရန်ဟောင်မျိုးနှင့် တွေ့ကြုံရသည်မှာ အချိန်အတော်ကြီး ကြာမှသာ ဖြစ်လေသည်။
သူက ယခု အဆင့်ခြောက်ရန်ဟောင်တစ်ပါးသာ ဖြစ်သေးသည်။ သို့သော် အနာဂတ်တွင် သူက ကျိန်းသေ ကြီးမြတ်ကာ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်တစ်ဦး ကျိန်းသေဖြစ်လာပေလိမ့်မည်။ သို့သော် သူက ထိုသို့မဖြစ်ခင် မသေဆုံးရန် လိုအပ်ပေသည်။
***