← Chapters

အဖြူရောင်စာရွက် ထွက်ခွာသွားခြင်း...

Vol. 40 Ch. 601

အဖြူရောင်စာရွက် ထွက်ခွာသွားခြင်း...

Vol. 40 Ch. 601

ယခင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုများပါဝင်သော အလင်းလုံး၏ သက်ရောက်မှုကို သိထားသော လင်းယွမ်က တုန့်ဆိုင်းနေလျှင် အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ၎င်းက ကောင်းကင်ကျလာသော ကြီးမားသည့် ကံကောင်းမှုဖြစ်သည်။

" ဒါဆို သူတို့က မင်းဟာပဲ။ " အဘိုးအိုက တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အလင်းလုံးလေးခုကို လင်းယွမ်ဆီသို့ ပစ်ပေးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှု အလင်းလုံးနှင့်ယှဉ်လျှင် ထိုအလင်းလုံးလေးခုက များစွာကြည်လင်ခြင်းမရှိပေ။

" အဲ့ဒီအစိတ်အပိုင်းလေးခုကို ငါသေချာမသန့်စင်ရသေးဘူး။ မင်းလေ့လာနေချိန်မှာ အနှောက်အယှက်အချို့ ရှိနိုင်တယ်။ " အဘိုးအိုက သတိပေးလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

၎င်းတို့က မသန့်စင်လျှင်တောင် ၎င်းတို့ကို လေ့လာခြင်းက ပေါင်းစပ်နိယာမများကို တိုက်ရိုက်လေ့လာခြင်းထက် များစွာရိုးရှင်းပြီး ဖြတ်လမ်းတစ်ခုဖြစ်လေသည်။

" ဖြစ်နိုင်ရင် မင်း အလွှာဆယ့်နှစ်ကို စိန်မခေါ်ခင် ဖရိုဖရဲနိယာမကို နားလည်အောင် ကြိုးစားပါ။ " အဘိုးအိုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

" ဖရိုဖရဲနိယာမလား။ " လင်းယွမ်က အလင်းလုံးငါးခုကို သိမ်းဆည်းပြီး ထိုင်နေသော အဘိုးအိုကို ကြည့်လိုက်သည်။

သူက ဖရိုဖရဲနိယာမအကြောင်း ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ကျောက်ရုပ်တုရှန်းကျိ၊ ကြီးမြတ်သူရှချင်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လက်ခြောက်ဖက်ရှိသော ပုံရိပ်တို့ကလည်း ပြောပြခဲ့ဖူးသည်။

" မှန်တယ်။ ဒါပေမယ့် ဖရိုဖရဲနိယာမကို အရမ်းလိုက်မရှာနဲ့။ နောက်ဆုံးမှာတော့ အဲ့ဒါက အလွှာဆယ့်နှစ်အောက် သက်ရှိတွေအတွက် ဒဏ္ဍာရီတစ်ခုပဲ။ " အဘိုးအိုက ပြောလိုက်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဖရိုဖရဲနိယာမကို နားလည်ခြင်းက အလွှာဆယ့်နှစ်ကို တက်လှမ်းရန်အတွက် များစွာအကျိုးရှိသောကြောင့် လင်းယွမ်က နားလည်ရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။

" ကစားပွဲက ပြီးသွားပြီ။ ငါထွက်သွားဖို့ အချိန်ကျပြီ။ " အဘိုးအိုက သက်ပြင်းချလိုက်သည်။

သူက အဖြူရောင်စာရွက်ကို ထိန်းချုပ်ပြီး ဤစကြာဝဠာထဲတွင် ရပ်နေခဲ့သည်။ အပြင်တွင် ကြီးမြတ်သူများက အဖြူရောင်စာရွက်ကို တားဆီးလိုက်နိုင်သည်ဟု ထင်ရသော်လည်း အမှန်တော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ လုံလောက်သော သက်ရှိများ စုပ်ယူခဲ့သောကြောင့် ကစားပွဲစတင်ပြီး အလိုအလျောက် ရပ်တန့်သွားခဲ့ခြင်းသာဖြစ်သည်။

" ထွက်သွားမှာလား။ " လင်းယွမ်က အဘိုးအိုကို ကြည့်လိုက်သည်။

" ဟုတ်တယ်။ မင်းရော ဘယ်လိုထွက်သွားချင်လဲ။ တိုက်ရိုက်ထွက်သွားမှာလား ဒါမှမဟုတ် ငါမင်းကို လျို့ဝှက်နေရာတစ်ခုကို ပို့ပေးရမှာလား။ " အဘိုးအိုက မေးလိုက်သည်။

သူက အဖြူရောင်စာရွက်၏ အပြင်ဘက်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကို သတိထားမိသောကြောင့် လင်းယွမ်ကို ထိုသို့မေးလိုက်ခြင်းဖြစ်သည်။

" ကျွန်တော်ကို လျို့ဝှက်နေရာတစ်ခုကိုပဲ ပို့ပေးပါ။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

တိုက်ရိုက်ထွက်သွားလျှင် ကြီးမြတ်သူများက သူ့ကို သတိထားမိသွားပေလိမ့်မည်။ ၎င်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းမှ အခြားသက်ရှိများမသေသေးလျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက လင်းယွမ်၏ အလွှာတစ်ဆယ် အော်ရာကို ဖုံးကွယ်ထားနိုင်သရွေ့ ပြဿနာမရှိပေ။

သို့သော် ယခုတော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ ပင်မစကြာဝဠာမှ သက်ရှိအားလုံးသေဆုံးသွားကြပြီး လင်းယွမ်၏ တိုးတက်မှုအတွက် အာဟာရ ဖြစ်သွားကြသည်။

ထိုအချိန်တွင် ထွက်သွားလျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူ ကိုးယောက်က သူ့ကို ကာကွယ်ပေးမည်ဖြစ်သော်လည်း ကြီးမြတ်သူများကြား ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားပေလိမ့်မည်။

" ကောင်းပြီ။ " အဘိုးအိုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ သူက အလွှာဆယ့်နှစ်သက်ရှိများ၏ အာရုံကို ရှောင်ရှားရန် နည်းလမ်းတစ်ခုရှိလေသည်။

သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ခဲ့သော ဒေသခံသက်ရှိများကို ပို့ဆောင်သောအခါတွင်လည်း မည်သည့်ကြီးမြတ်သူမှ သတိထားမိခြင်းမရှိခဲ့ပေ။

အဖြူရောင်စာရွက်၏ အပြင်ဘက်တွင် ကြီးမြတ်သူများက ဝန်းရံနေကြသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ သူတို့၏ မျိုးနွယ်ဝင်များ သေဆုံးပြီးနောက် ကြီးမြတ်သူရှချင်က အဖြူရောင်စာရွက်ကို ထိန်းချုပ်နေသော သက်ရှိတစ်ယောက်ရှိနိုင်သည်ဟု ပြောပြီးချိန်တွင် ကြီးမြတ်သူများက အဖြူရောင်စာရွက်ကို ဆန့်ကျင်ရန် စွမ်းအားများ အသုံးပြုရန် စဉ်းစားနေကြသည်။

ထိုအချိန်တွင် အဖြူရောင်စာရွက်က စတင်လှုပ်ရှားလာပြီး ကြီးမြတ်သူများက အံ့အားသင့်သွားကြသည်။ ထိုလှုပ်ရှားမှုက အချိန်လေဟာနယ် သန်းပေါင်းများစွာကို လှိုင်းထန်သွားစေခဲ့သည်။

" မကောင်းတော့ဘူး။ "

" အဖြူရောင်စာရွက်က ထွက်သွားချင်နေပြီ။ " ကြီးမြတ်သူများ၏ အမူအရာများက ပြောင်းလဲသွားကြပြီး အဖြူရောင်စာရွက်၏ ရည်ရွယ်ချက်ကို ခံစားမိလိုက်ကြသည်။ သို့သော် ၎င်းက အချည်းနှီးပင်ဖြစ်သည်။

ကြီးမြတ်သူအားလုံး ပူးပေါင်းပြီး ၎င်းကို ဖိနှိပ်လျှင်တောင် အဖြူရောင်စာရွက်ကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။

ဝုန်း....

အချိန်လေဟာနယ်၏ ကြီးမားသော စွမ်းအားများက ပြင်းထန်စွာ လှုပ်ရှားလာပြီး အဖြူရောင်စာရွက်က ကြီးမြတ်သူများ၏ ဖိနှိပ်မှုမှ လွတ်မြောက်၍ ကြောက်စရာကောင်းသော အရှိန်ဖြင့် ပျံသန်းသွားခဲ့သည်။

မကြာမီ ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာပြီး အဖြူရောင်စာရွက်က အက်ကြောင်းထဲသို့ ဝင်ရောက်ကာ စကြာဝဠာထဲမှ ထွက်ခွာသွားသည်။ ကြီးမြတ်သူများက အဖြူရောင်စာရွက်ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူတို့၏ အမူအရာများက မဲမှောင်သွားကြသည်။

ကြီးမြတ်သူများက ဖရိုဖရဲဟင်းလင်းပြင်သို့ ဝင်ရောက်လျှင် စကြာဝဠာတစ်ခုလုံး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဘယ်သူမှ မလိုက်ရဲကြပေ။

" ဒီတစ်ခါ ငါတို့ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတာပဲ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ခါးသီးစွာ တွေးလိုက်သည်။

ထိုဖြစ်စဉ်တွင် ကြယ်စကြာဝဠာမဟာမိတ်က အခြေခံဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရပြီး ကြီးမြတ်သူဖြစ်လာရန် အလားအလာအရှိဆုံး နတ်ဘုရင်ကလည်း အခွင့်အရေးများ လျော့ကျသွားခဲ့သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က အဖြူရောင်စာရွက်ထွက်ခွာသွားသော အက်ကြောင်းကို ကြည့်လိုက်သည်။ အဖြူရောင်စာရွက်က ကြယ်စကြာဝဠာထဲသို့ နှစ်တစ်ရာကျော်သာ ရပ်တန့်နေခဲ့သော်လည်း ကြယ်စကြာဝဠာမှ မျိုးနွယ်များအတွက် သက်ရောက်မှုပြင်းထန်လှသည်။

အခြားမျိုးနွယ်များက ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသော်လည်း လင်းယွမ်ကတော့ တစ်ခါမှမကြုံတွေ့ဖူးသော အကျိုးအမြတ်ကို ရရှိလိုက်သည်။

ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာတစ်ခုတွင်။

၎င်းက ပျက်စီးယိုယွင်းနေသော ကြယ်နယ်မြေတစ်ခုဖြစ်ပြီး အလင်းနှစ်ရာပေါင်းများစွာအတွင်း ကြယ်တစ်လုံးမှ မမြင်ရပေ။ ထိုနေရာတွင် လေဟာနယ်လှိုင်းများဖြစ်ပေါ်လာပြီး လင်းယွမ်၏ ပုံရိပ်ကပေါ်လာသည်။

" ဒါဘယ်နေရာလဲ။ ကြယ်စကြာဝဠာမဟာမိတ်ရဲ့ နယ်မြေလား။ " လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်ကို အသုံးပြုပြီး လက်ရှိတည်နေရာကို စဉ်းစားလိုက်သည်။

" အဖြူရောင်စာရွက်က အကြီးအကဲက ငါ့ကို ဒီနေရာပို့လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ကြယ်စကြာဝဠာထဲမှ မထွက်ခွာမီ အဘိုးအိုက လင်းယွမ်ကို သာမန်အတိုင်း ပစ်ချခဲ့သည်။ ကြီးမြတ်သူများက အဖြူရောင်စာရွက်ကို ဝန်းရံထားကြသောကြောင့် လင်းယွမ်အတွက် ဝေးလေ ပိုကောင်းလေဖြစ်သည်။

" အဲ့ဒီအကြီးအကဲနဲ့ နောက်ထပ်တွေ့ဆုံဖို့ အခွင့်အရေးရှိသေးလားမသိဘူး။ " လင်းယွမ်က လေဟာနယ်အလွှာထဲတွင် စဉ်းစားနေရင်း အဝေးမှ ပြန်လည်ကောင်းမွန်လာသော လေဟာနယ်အက်ကြောင်းကို ကြည့်လိုက်သည်။

အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာသို့ ခရီးစဉ်က လင်းယွမ်အတွက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးအပေါ် ထင်မြင်ချက်အချို့ ပေးခဲ့လေသည်။ အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာများကို အခြားဒိုင်မန်ရှင်းများကို ရှာဖွေရန် ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သော သက်ရှိများက ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သော သက်ရှိများက ဒိုင်မန်ရှင်း၏ ကန့်သတ်ချက်များကို မချိုးဖျက်နိုင်ဘဲ အခြားဒိုင်မန်ရှင်းများသို့ သွားလာနိုင်ခြင်းမရှိပေ။ သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ၎င်းကို အလွယ်တကူ ပြုလုပ်နိုင်လေသည်။

" အနန္တကမ္ဘာများရဲ့ ဂိတ်တံခါးက ပြည့်စုံတဲ့ အချိန်သက်ရှိအဆင့် ဖြစ်နိုင်လား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

" ထားလိုက်တော့။ ဒီအကြောင်းကို အခုချိန် စဉ်းစားဖို့ အချိန်မတန်သေးဘူး။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

သူက ယခု ကြီးမြတ်သူတစ်ယောက်ပင် မဟုတ်သေးဘဲ ပြည့်စုံသော အချိန်သက်ရှိကို စဉ်းစားခြင်းက အဓိပ္ပါယ်မရှိပေ။ မည်သို့ပင်ဖြစ်စေ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီဖြစ်သောကြောင့် သူ၏ စွမ်းအား ထိုအဆင့်သို့ရောက်လျှင် အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။

" ငါ အတတ်နိုင်ဆုံး မြန်မြန် ပြန်သွားရမယ်။ " လင်းယွမ်က ပတ်ဝန်းကျင်တွင် အထူးသက်ရှိများ မရှိကြောင်း အတည်ပြုပြီးနောက် လူသားမျိုးနွယ်၏ နယ်မြေသို့ ပြန်ရန် စီစဉ်လိုက်သည်။

ကြယ်စကြာဝဠာမဟာမိတ်၏ နယ်မြေက ကြီးမားပြီး သက်ရှိအရေအတွက် နည်းပါးလေသည်။ သူတို့ အထူးသက်ရှိများက မျိုးပွားနိုင်စွမ်းနည်းပါးလှသည်။ အထူးသက်ရှိတစ်ယောက်က မျိုးပွားရန် နှစ်ပေါင်းများစွာ အချိန်ယူရလေသည်။

အင်းဆက်မျိုးနွယ်က စစ်သည်များကို ဖန်တီးခြင်းသာဖြစ်ပြီး မျိုးပွားသည်ဟု မဆိုလိုနိုင်ပေ။ အင်းဆက်စစ်သည်များက လွတ်လပ်သော စိတ်အသိပိုင်ဆိုင်ခြင်းမရှိဘဲ အင်းဆက်ဘုရင်မက ထိန်းချုပ်ထားသောကြောင့် သူတို့ကို သက်ရှိဟုခေါ်ရန် အရည်အချင်း မပြည့်မီပေ။ သက်ရှိများကြားတွင် အထူးသက်ရှိများက မျိုးပွားရန် အချိန်ပိုယူရလေသည်။

" သွားမယ်။ " လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး အလင်းနှစ်တစ်သန်းအကွာတွင် ပေါ်လာသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ပြီးနောက် လင်းယွမ်၏ အမြန်နှုန်းက များစွာ တိုးတက်လာခဲ့သည််။ သူက ပတ်ဝန်းကျင်ရှိ အထူးသက်ရှိများ၏ အာရုံစိုက်မှုကို ခံရမည်စိုးသောကြောင့် ခြေတစ်လှမ်းလျှင် အလင်းနှစ်တစ်သန်းအထိ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ လင်းယွမ်သာ အစွမ်းကုန်ထုတ်သုံးလျှင် ခြေတစ်လှမ်းနှင့် အလင်းနှစ်ဆယ်သန်းကျော်ကို လွယ်ကူစွာ ရောက်နိုင်လေသည်။

All Chapters