အရှိန်အဝါ
Vol. 156 Ch. 2220
ရီဖူရှင်းနှင့် သူ့လူများ ထွက်ခွာသွားပြီးနောက် သူတို့က ကြယ်ကောင်းကင်၏ အမြင့်ပိုင်းဆီ ဦးတည်လိုက်ကြသည်။ သူက ချန်ယိ၏ ပြဿနာတောထဲ သူ့ကိုယ်သူ ဝင်ရှုပ်စေလိမ့်မည် မဟုတ်ပေ။ သူသည် ချန်ယိ၏ အမြန်နှုန်းကို ကိုယ်တိုင် တွေ့ကြုံဖူးခဲ့သည်။ ယခင်က နင်ဟွာပင် သူတို့ကို လိုက်ဖမ်းရန်အတွက် အခက်တွေ့ခဲ့ရသည်။ ထို့အပြင် ချန်ယိ၏ ကျင့်ကြံဆင့်က ပိုမို မြင့်မားလာပြီး သူ့ အလင်းလမ်းစဥ်ကလည်း သေချာပေါက် ပို၍ သန်မာလာသဖြင့် သူ့ အရှိန်နှုန်းကလည်း ယခင်ကထက် လျင်မြန်လာမည်မှာ သေချာပေသည်။ သူက အသက်အတွက် ထွက်ပြေးရသည့်အခါ လောကတွင် အလျင်မြန်ဆုံးသူ ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် သူက များပြားလှသည့် အစွမ်းထက် ကျင့်ကြံသူများ ကြားမှနေ၍ ရတနာကို လုယူသွားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
ကြယ်ကောင်းကင်တွင် မတူညီသည့် အပိုင်းများအတွင်း မရေတွက်နိုင်သော ဟင်းလင်းပြင်များစွာ ရှိပေသည်။ တိုက်ခိုက်မှုများက နေရာများစွာတွင် ဖြစ်ပွားနေပြီး ၎င်းက ကြောက်မက်ဖွယ်ဖြစ်လာသည် မြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။ ကျေးဇူးတင်စရာကောင်းစွာပင် သူတို့က မြေပြင်မှာ မဟုတ်ဘဲ လေဟာနယ်အတွင်း ဖြစ်နေသည့်အတွက်ကြောင့် ဤတိုက်ခိုက်မှုများက မသက်ဆိုင်သည့်သူများကို ထိခိုက်မှုများ ယူဆောင်လာနိုင်လိမ့်မည် မဟုတ်ဘဲ လူတိုင်းက သူတို့စိတ်ရှိသလို တိုက်ခိုက်နိုင်ကြပေသည်။
ရီဖူရှင်းက ဤနေရာ၌ စီဝေ့အင်ပါယာနန်းတော်မှ ထားထားသော ရတနာ မည်မျှများပြားသည်ကို မသိသော်လည်း သည်နေရာက စီဝေ့မဟာအင်ပါယာ ကျင့်ကြံရာနေရာ ဖြစ်ပေသည်။ ဥပမာအနေနှင့် ရီဝူချင်း အစောပိုင်းက ဝါးမြိုခဲ့သော ဟင်းလင်းပြင်သည် ဓားသဏ္ဌာန်ဟင်းလင်းပြင် အဖြစ် ပြောင်းလဲသွားသည့် စီဝေ့မဟာအင်ပါယာ ချန်ရစ်ထားခဲ့သည့် ဓားစွမ်းအား ဖြစ်နိုင်ပေသည်။
ထိုနေရာအပြင် အခြားနေရာများသည်လည်း နားလည်ရန် အလွန် ခက်ခဲလှသည်။ အဆင့်မြင့်ကျင့်ကြံသူများစွာသည် နားလည်သဘောပေါက်ရန် အကောင်းဆုံး ကြိုးစားနေကြပြီး အတွင်းရှိ လျှို့ဝှက်ချက်များအားလုံးကို ရှာဖွေရန် လုပ်ဆောင်နေကြသော်လည်း သူတို့က အောင်မြင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
"ကျုပ်တို့ ဘယ်သွားကြမလဲ။" ရီဖူရှင်း ဘေးတွင် ရပ်နေသည့် ဖန်းကိုင့်က သူ့ကို မေးလိုက်သည်။
ရီဖူရှင်း၏ မျက်လုံးများက ကောင်းကင်အမြင့်ဆုံးသို့ မော့ကြည့်နေခဲ့ပြီး ထိုနေရာတွင် မဟာအင်ပါယာ၏ ပုံရိပ်က ကောင်းကင်စာလိပ်တစ်ခုကို လက်ထဲတွင် ကိုင်ထားကာ ကြယ်ကောင်းကင်၌ ရပ်နေခဲ့သည်။ ထိုနေရာတွင် အဆင့်မြင့်ကျင့်ကြံသူများစွာ စုစည်းနေပြီး သူတို့က ဘုံအသီးသီးမှ အကောင်းဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် ထိုလျှို့ဝှက်ချက်ကြီးကို ရှာဖွေဖော်ထုတ်ချင်ကြပြီး စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သည့် အကြီးမြတ်ဆုံးအမွေအနှစ်က မည်သည့်အရာ ဖြစ်သည်ကို သိချင်နေကြသည်။
ထို့အပြင် ထိုကောင်းကင်စာလိပ်အတွင်း မည်သည့်အရာ ရှိနေသနည်း။
ဤသည်မှာ ရီဖူရှင်း၏ စိတ်ဝင်စားမှုကို အဆွဲဆောင်နိုင်ဆုံး တစ်စုံတစ်ရာ ဖြစ်ပေသည်။ သို့သော် စီဝေ့မဟာအင်ပါယာက ဤနေရာ၌ အမွေအနှစ်ကို အမှန်တကယ် မြှုပ်နှံထားပါလျှင် ၎င်းက အလွယ်တကူ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ စီဝေ့မဟာအင်ပါယာက ရှေးခေတ်အခါမှ မဟာအင်ပါယာတစ်ပါးဖြစ်ပြီး ဤနေရာက ယနေ့ထိတိုင် နှစ်ပေါင်းများစွာ တည်ရှိလာပေသည်။ စီဝေ့မဟာအင်ပါယာနန်းတော်က ဤနေရာရှိ အရာအားလုံးကို ထိန်းချုပ်ထားသော်လည်း စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများက ယနေ့အထိ ထိုလျှို့ဝှက်များမှ ဉာဏ်အလင်းမရရှိနိုင်သေးပေ။ ထို့ကြောင့် ဤသည်မှာ ရှုပ်ထွေးလှသော ဖြစ်စဥ်ဖြစ်မည်က သေချာပေသည်။
စီဝေ့မဟာအင်ပါယာက စီဝေ့ကြယ်ကမ္ဘာ၏ အုပ်စိုးသူဖြစ်သည်။ ဤကြယ်ကမ္ဘာတစ်ခုလုံးက စီဝေ့မဟာအင်ပါယာကို ကိုးကွယ်ကြပြီး ထိပ်သီးကျင့်ကြံသူများက သူ့ကဲ့သို့ ကျင့်ကြံကြသည်။ ဤနေရာတွင် ဘုံအချို့မှ အရည်အချင်းအရှိဆုံး ပါရမီရှင်များဖြင့် ပြည့်နှက်နေသော်လည်း ထိုလူမျာ နားလည်သဘောပေါက်နိုင်သည့် အခွင့်အရေးက အလွန် နည်းပါးလှသည်။
သို့သော် လုံးဝ မျှော်လင့်ချက်မဲ့နေသည်တော့ မဟုတ်ပေ။ ဤတစ်ကြိမ်၌ မဟာအင်ပါယာ ချန်ရစ်ထားခဲ့သော အမွေအနှစ်ပစ္စည်းများစွာကို ဆက်ခံနိုင်ခဲ့ကြပြီး ဖြစ်သည်။ အဆုံးမှာတော့ နယ်မြေအားလုံးမှ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အများစုမှာ အလွန် ပါရမီအရည်အချင်းနှင့် ပြည့်စုံသည့်အတွက်ကြောင့် သူတို့အားလုံး၏ စွမ်းရည်များက စီဝေ့ကြယ်ကမ္ဘာအတွင်းရှိ ကျင့်ကြံသူများထက် ပို၍ ကြီးမားပေသည်။
ရီဖူရှင်းက လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကျယ်ပြောလှသည့် ကြယ်ကောင်းကင် တစ်နေရာ၌ ရပ်တန့်လိုက်သည်။ ကောင်းကင်ထက်ရှိ ကြယ်များက သူ့အပေါ်သို့ တောက်ပနေပြီး သူက ကျယ်ပြောလှသည့် ကြယ်ကမ္ဘာကို ကြည့်လိုက်သည်။
"ဘာမှားနေလို့လဲ။" ဂူတုံးလျှိုက ခပ်တိုးတိုးမေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က တစ်ခုခုများ ထူးခြားတာ တွေ့မလားလို့ ဟိုဟိုဒီဒီ ကြည့်နေတာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ "ကျွန်တော် ဟိုနားကို ခဏသွားကြည့်ချင်တယ်။ အစ်ကိုတို့ အဲဒီကို ကျွန်တော်နဲ့ လိုက်ခဲ့မလား။ တခြားနေရာကို သွားချင်လား။ အဲဒီမှာ ဉာဏ်အလင်းရနိုင်တဲ့ တခြားနေရာတွေလည်း အများကြီး ရှိသေးတယ်။"
"ငါတို့ တခြားနေရာကို သွားလိုက်မယ်။ ဒီမှာ အချိန်မဖြုန်းတော့ဘူး။ ဒါပေမယ့် လူနှစ်ယောက်ကိုတော့ မင်းနဲ့အတူ ခေါ်သွားရမယ်။" ဂူတုံးလျှိုက ပြောလိုက်သည်။ သူက ထူးခြားပြောင်မြောက်လှသည့် အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ကိုယ်ပိုင် စွမ်းအားကို သေချာနားလည်ထားသည်။ ဤနေရာ၌ ရှိသည့် အခြားကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အပေါ်လွင်ဆုံး ဖြစ်နေမည့်သူမှာ ရီဖူရှင်း ဖြစ်လိမ့်မည် ဖြစ်ကာ အခြားလူများ မဟုတ်နိုင်ပေ။
ထိုသည်မှာ သူ့ကိုယ်သူ နှိမ့်ချနေခြင်း မဟုတ်ဘဲ အသေအချာ နားလည်ထားခြင်း ဖြစ်သည်။ ဤနေရာ၌ အလွန် များပြားလှသော ကျော်ကြားသူများ ရှိနေပေသည်။ မင်းသမီးဒွန်ဟောင်က ဤနှစ်များအတွင်း ကျင့်ကြံရန် ကောင်းကင်ဒေသသို့ ပို့လိုက်ပြီးနောက် သူသည်လည်း အချို့သော အစွမ်းထက်လှသည့် အကျော်ဇေယျများကို မြင်တွေ့ဖူးခဲ့ပြီး ထိုသူတို့က မတူညီသော အဆင့်များတွင် ထင်ရှားကျော်ကြားလှသည်ကို သိရှိခဲ့သည်။ သူက ဤကြယ်ကောင်းကင်မှ ကျင့်ကြံသူများကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်ဟု ပြောလျှင် ထိုသည်မှာ သေချာပေါက်ရဲတင်းခြင်းပင် ဖြစ်လေသည်။
သူက တစ်နေရာရာသို့ သွားရောက် ရှာဖွေကာ ကံစမ်းရန် ကြိုးစားကြည့်ရင်း ဉာဏ်အလင်းရနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
"ကျုပ် သူနဲ့အတူ သွားမယ်။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ သူက မမြင်နိုင်သည့်အတွက် တစ်ခုခု ရရှိနိုင်ရန် မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ သူသည် စောင့်ရှောက်သူ၏ နတ်ဘုရားတူကို အကောင်းဆုံး ဖြစ်ရန် ကျင့်ကြံနိုင်သည်ကပင် ပျော်စရာဖြစ်နေပြီ ဖြစ်၏။ အစွမ်းထက်တိုက်ကွက်တစ်ခု ရှိခြင်းက အဆင့်နိမ့်တိုက်ကွက်တစ်ထောင်ထက် ပိုကောင်းပေသည်။ ကျင့်ကြံခြင်းတွင် နည်းစနစ် တစ်ခုခုအား အဆင့်အမြင့်ဆုံးထိ ကျွမ်းကျင်ပိုင်နိုင်ခြင်းက မတူညီသော ကျင့်ကြံရေးနည်းစနစ်တစ်ထောင်ကို သင်ယူခြင်းထက် ပိုမိုကောင်းမွန်သည်မှာ သေချာသည်။
စောင့်ရှောက်သူ၏ နတ်ဘုရားတူက သမိုင်းထဲမှ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် လေးမျက်နှာမဟာအင်ပါယာမှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။ သူက လေးမျက်နှာကျေးရွာ၏ ရှေ့ဆောင်လမ်းပြပင် ဖြစ်သည်။
သူက မည်သည့်အတွက်ကြောင့် ရီဖူရှင်းအား ကာကွယ်ပေးချင်ရသနည်းဟူသော အကြောင်းပြချက်ကမူ ရီဖူရှင်းအပေါ်တွင် ထားရှိသော သူ၏ မျှော်လင့်ချက်ကြောင့် ဖြစ်နိုင်ပေသည်။ ရီဖူရှင်းသည် လေးမျက်နှာကျေးရွာ၏ ကံကြမ္မာကို ပြန်လည်ရေးသားနိုင်ခဲ့ပြီး သူတို့က လေးမျက်နှာကျေးရွာ၏ ကံကြမ္မာကို ပြောင်းလဲလိုပါလျှင် ရီဖူရှင်းက အရေးကြီးဆုံးသူဖြစ်သည်ကို သူတို့အားလုံး သိကြပေသည်။ သူက ရွာသားများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း သူ့သားအပါအဝင် ရီဖူရှင်း၏ တပည့်များအားလုံးက ကျေးရွာအနာဂတ်ပင် ဖြစ်သည်။
ထို့အပြင် သူတို့ လေးမျက်နှာကျေးရွာမှ ထွက်လာခဲ့ပြီးနောက် မျက်မမြင်ထျယ်သည် ရီဖူရှင်းကို ကာကွယ်ရန် တာဝန်ယူထားခဲ့သည်။ ဖန်းကိုင့်သည်လည်း အတူတူပင် ဖြစ်သည်။
"ကျုပ်လည်း သူနဲ့အတူ နေခဲ့မယ်။ ကျန်တဲ့လူတွေ တခြားနေရာကို သွားကြည့်လို့ရတယ်။" ဖန်းကိုင့်ကလည်း ပြောလိုက်သည်။ သူ့နောက်မှ မျိုးဆက်နှစ်ခုက ပို၍ ထူးချွန်နေသည်ဖြစ်ရာ သူ့တွင်လည်း အခြား ကြီးမားသည့်ရည်မှန်းချက်များ မရှိနေပေ။ သူနှင့် ဖန်းဟွမ်က ရှေးဟောင်းသွမ့်မိသားစုမှ ရှင်သန်နိုင်ခြင်းမှာ ရီဖူရှင်းကြောင့် ဖြစ်ပြီး ဖန်းချွင့်က ရီဖူရှင်း၏ တပည့်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက သူ့မိသားစုအပေါ်တွင် ကြီးမားသည့် ကျေးဇူးကြွေးရှိနေပြီး ယခု သူလုပ်သမျှ အရာအားလုံးက ဖန်းမိသားစုအနာဂတ်အတွက် ဖြစ်ရုံမျှမက ရီဖူရှင်း၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန်လည်း ဖြစ်သည်။
ထို့အပြင် ဖန်းကိုင့်ကိုယ်တိုင်သည်လည်း ရီဖူရှင်းက မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ပြောနိုင်သည့် ဉာဏ်ကောင်းသောသူတစ်ယောက် ဖြစ်သည်။ ထိုသည်ကပင် သူက မုယွင်မိသားစုအား ရွာမှ မောင်းထုတ်ပစ်ရန် အဘိုးမာ၏ လုပ်ဆောင်မှုနောက်သို့ လိုက်ပါခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ဖြစ်ပျက်သမျှ အရာအားလုံးသည် သူ၏ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း ပြသနေပေသည်။
ယခု ရှန်ချင်းကုန်းမြေအတွင်းတွင် လေးမျက်နှာကျေးရွာသည် နန်ဟိုင်မိသားစုကပင် မဖိနှိပ်နိုင်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ သူတို့ ကျေးရွာက ပို၍ အားကောင်းလာသည့်အတွက်ကြောင့် အနာဂတ်၌ မုယွင်လုံသည် နန်ဟိုင်မိသားစုဘက်မှ နေမိခဲ့ခြင်းကို နောင်တရလာနိုင်ပေသည်။
"ကောင်းပြီ။" သူတို့အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ အဆင့်ရှစ်ကျင့်ကြံသူ နှစ်ယောက်က ရီဖူရှင်းကို ကာကွယ်ပေးနေပြီး ရီဖူရှင်းကိုယ်တိုင်ကလည်း အစွမ်းထက်လေရာ သူတို့က အလွန့်အလွန် အစွမ်းထက်သည့် တစ်စုံတစ်ယောက်နှင့် မဆုံတွေ့သရွေ့ အဆင်ပြေလိမ့်မည်မှာ သေချာပေသည်။
အမှန်တွင် ရီဖူရှင်းက သူတစ်ယောက်တည်းနှင့် လုံလောက်နေပြီ ဖြစ်သော်လည်း ယခုအချိန်၌ သူက အခြားလူများအတွက် အလွန် အရေးကြီးနေလေရာ သူတို့က သူ့လုံခြုံရေးကို ပထမဦးစားပေးထားပေသည်။ ထို့အပြင် ရီဖူရှင်းက အစွမ်းထက် တိုက်ပွဲများကို မကြာခဏ ဆွဲဆောင်နိုင်သူ ဖြစ်သည်။ ယခု သူက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို နားလည်လိုပြီး ဤနေရာအတွင်းမှ အစွမ်းထက်ဆုံး ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့နိုင်ပေသည်။
သူတို့လူစုက လမ်းခွဲသွားကြပြီး ရီဖူရှင်း၊ မျက်မမြင်ထျယ်နှင့် ဖန်းကိုင့်တို့က အထက်သို့ ဦးတည်သွားကြကာ ကျန်သည့် သူများက ကြယ်ကောင်းကင်၏ အခြားအပိုင်းသို့ ထွက်ခွာသွားကြသည်။
သူတို့က အထက်သို့ ဦးတည်သွားသည်နှင့် အစစ်အမှန်စွမ်းအားကဲ့သို့ ခံစားမိနိုင်သော နတ်အရှိန်အဝါတစ်ခုက သူ့ကို ရိုက်ခတ်လာသည်။ ရှေးခေတ်ကာလ၏ မဟာအင်ပါယာများထဲမှ တစ်ယောက်က ယခုထိတိုင် ရှိနေသေးသလို ခံစားရပေသည်။ စီဝေ့မဟာအင်ပါယာ၏ စွမ်းအင်များက ဤနေရာ၌ ရှိနေဆဲ ဖြစ်ပြီး ထိုသည်ကပင် တည်ရှိနေသည့် စွမ်းအားအရှိန်အဝါကို ခံစားမိခြင်း ဖြစ်ပေသည်။
ထိုအချိန်၌ ရီဖူရှင်းနှင့် သူ့လူများသည် သူတို့၏ နှလုံးသားထဲမှ လေးနက်သော ခံစားချက်တို့ မြင့်တက်လာသည်ကို ခံစားမိလိုက်သည်။ သူတို့ အထက်သို့ ရောက်လာပြီး သူတို့၏အထက်မှ ထိုနတ်ဘုရားမျက်နှာ၏ ပုံရိပ်ကို မော့ကြည့်လိုက်သည့်အခါ ထိုနတ်ဘုရားကလည်း သူတို့ကို ပြန်ကြည့်နေသလို ထင်မှတ်ရပေသည်။ သူတို့က နတ်ဘုရားတစ်ပါးရှေ့၌ ရပ်နေပြီး အရိုအသေပေးချင်လာသလို ထင်မှတ်ရပေသည်။
သူတို့အပြင် အခြား ကျင့်ကြံသူများသည်လည်း တူညီသည့် နေရာ၌ပင် ရှိနေခဲ့ကြသည်။ ထို့အပြင် ထိုလူများက ဘုံအသီးသီးမှ အကျော်ကြားဆုံး ပါရမီရှင်များ ဖြစ်ကြပေသည်။ ထိုသို့သော လူများသာလျှင် ဤနေရာသို့ တိုက်ရိုက်ရောက်လာပေလိမ့်မည်။
***