အန်လင်းရဲ့ ချစ်ကြမ္မာ
Vol. 1 Ch. 10
အန်လင်းက စာသင်ခန်း အတွင်းသို့ ဝင်ပြီးနောက် အတန်း အနောက်ဘက်ရှိ သူ့နေရာတွင် ထိုင်လိုက်သည်။
ကျောင်းသားများ၏ သူ့အပေါ် စိတ်ဝင်စားမှုမှာ အနည်းငယ် မြင့်တက်လာသည်ဟု သူခံစားရသည်။
အချို့ ကျောင်းသားများဆိုလျှင် သူရောက်ရှိလာသည်ကို မြင်သဖြင့် တိတ်ဆိတ် သွားကြသေးသည်။
ထိုသူတို့ ပြောဆို နေကြသည်များကို အန်လင်းက မသိပေမဲ့လည်း သေချာသည်မှာတော့ သူတို့က သူ့အား ချီးကျူးနေခြင်း မဟုတ်တန်ရာ။
အန်လင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို တစ်ယောက်ပြီးတစ်ယောက် ပြောနေကြခြင်း ဖြစ်သည်။ ထိုကျောင်းသားများ အကြိတ်အနယ် ဆွေးနွေး နေကြသည်ကို ကြည့်ရင်း အန်လင်းမှာ သူ့ကိုသူ လှောင်ရယ် ရယ်မိတော့သည်။
ယနေ့အတွက် အဓိက သင်ယူရမည်မှာ သေမျိုး ဘာသာရပ် ဖြစ်သည်။ ထို့သဖြင့် အတန်းအတွင်းရှိ ကျောင်းသားအားလုံးသည် ကမ္ဘာမြေပေါ်တွင် ရေပန်းစားနေသည့် ဖက်ရှင်ပုံစံ အမျိုးမျိုးကို အခြေခံပြီး ဝတ်ဆင်လာကြသည်။
ဂျင်းများ၊ စွပ်ကျယ်များ၊ တီရှပ်များ၊ ဂါဝန်များ ... တချို့ဆိုလျှင် အနောက်တိုင်း ဝတ်စုံများနှင့် တရုတ် အမျိုးသမီးများ ဝတ်လေ့ရှိသည့် သင်တိုင်းများကိုပင် ချဲ့ချဲ့ကားကား ဝတ်ဆင် ထားကြသေးသည်။ ထိုမြင်ကွင်းက အလွန်ကို ဆန်းကြယ်လွန်းလှသည်။ ထိုသူတို့ ဝတ်ဆင်ထားသည့် အမျိုးမျိုးသော ဝတ်စုံ အသွင်အပြင်များကို ကြည့်ရသည်မှာ ဝတ်စုံပြပွဲ နှင့်ပင် တူနေသေးသည်။
ဖော်ပြရမည် ဆိုလျှင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော တစ်ဦးတည်းသော ပါရမီရှင်သည် သူတို့၏ အတန်းခေါင်းဆောင် ရွှမ်ယွမ်ချန်မှလွဲ အခြားမရှိပေ။
သူဝတ်ဆင် ထားသည်မှာ ပြောစရာ မလိုအောင် ခန့်ညားနေပြီး အပြာရောင် လည်စည်းကို တပ်ဆင်ထားကာ နေကာမျက်မှန် တစ်လက်ကိုပင် တပ်ထားလိုက်သေးသည်။
သူ့သွင်ပြင်မှာ ၀၀၇ နှင့်ပင် တူနေသေးသည်။
သို့သော်ငြား အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် သူတစ်ယောက်သည် စာသင်ခန်း အရှေ့ဆုံးတွင် ထိုင်ကာ လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ရိုကျိုးစွာ တင်ထားပြီး ဆရာမ သင်သည်ကို အလေးအနက် နားထောင်နေသည့် ပုံကို စိတ်ကူး ကြည့်လိုက်သည့်အခါ ...
အန်လင်းက ရယ်မိမှာစိုးလို့ မနည်း ထိန်းထားရသည် အထိပင်။
သိပ်မကြာခင်မှာပင် ဆရာမ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် စာသင်ခန်း အတွင်းသို့ ဝင်လာသည်။
သူမက ဝါဖျော့ဖျော့ အကွက်ကလေးများ ပါသည့် အင်္ကျီကို ဝတ်ဆင်ထားပြီး အနီရောင် ဘောင်ကွပ်ထားသည့် မျက်မှန်ကို တပ်ဆင်ထားသည်။ သူမမှာ လှပသည့် ပညာတတ် အမျိုးသမီးတစ်ဦး သွင်ပြင်ဖြစ်သည်။
ထိုတင်မက သူမသည် ပိန်ပိန်ပါးပါးနှင့် အရပ်မြင့်သူ တစ်ဦးဖြစ်သဖြင့် အနည်းငယ် လှိုင်းတွန့်နေသည့် သူမ၏ ဆံနွယ်များသည် ခါးအထိ ဝေ့ဝဲကျနေပြီး အနက်ရောင် ပိုးသား ဘောင်းဘီကျပ်က အချိုးအစား လှပသည့် ခြေတံသွယ်များကို ဖုံးအုပ်ထားသည်။ သူမကို ကြည့်ရသည်မှာ ခေတ်မီသည် သာမက ဩချရလောက်အောင် ဆွဲဆောင်မှု ရှိနေပြန်သည်။
သူမသည် တက်ကြွမှု အပြည့်ဖြင့် စာသင်ခန်း အတွင်းသို့ ဝင်ရောက်လာသည်။ သို့ပေမဲ့လည်း အရှေ့ဆုံး အတန်းတွင် မျက်နှာတည်ဖြင့် ထိုင်နေသည့် ၀၀၇ ရွှမ်ယွမ်ချန်ကို မြင်လိုက်သည့် အခါတွင်တာ့ မထိန်းနိုင်တော့ဘဲ တခစ်ခစ် ရယ်မိတော့သည်။
ကျောင်းသားများက မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်ကို ထူးဆန်းစွာ ကြည့်လိုက်ကြပြီး သူမက ရုတ်တရက်ကြီး မည်သည့်အတွက် ရယ်မောရခြင်းကို မသိကြပေ။
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က သူမအကြည့်ကို ကမန်းကတန်း လွှဲလိုက်ပြီးနောက် ဘာမှ မဖြစ်သယောင်နှင့် သင်ခန်းစာ ပို့ချသည်။
စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်တွင် ကျောင်းသားများအား သေမျိုး ဘာသာရပ်ကို သင်ကြားပေးရသည့် ရည်ရွယ်ချက်မှာ သေမျိုးကမ္ဘာသို့ ဆင်းပြီး ကောင်းကင်ဘုံ ပိုင်နက်၏ တာဝန်များကို ထမ်းဆောင်သည့် အခါတွင် ပိုမိုနားလည် နေစေရန် ဖြစ်သည်။
သေမျိုးဘာသာရပ်တွင် ပါဝင်သည့် အကြောင်းအရာ များမှာ - နိုင်ငံများ၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများ၊ အာဏာ ဖြန့်ကြက်မှုများ၊ မြေကမ္ဘာ ပထဝီ အနေအထားများနှင့် မဖြစ်မနေ လိုအပ်သော ဘာသာစကားနှစ်မျိုး ဖြစ်သည့် တရုတ်ဘာသာ စကားနှင့် အင်္ဂလိပ်ဘာသာ စကားများ ဖြစ်သည်။
သူနားမလည် နိုင်သည့် အခြား စာသင်ချိန်များနှင့် ယှဉ်ကြည့်ပါက ယခုစာသင်ချိန်သည် အန်လင်းအတွက် ပိုကောင်းသည်ဟု ခံစားရသည်။ သူ့သိသမျှနှင့် အခြားသူများ အားလုံးကို ချေမှုန်းပစ်နိုင်သည် မဟုတ်ပါလား။
ထိုသည်က နောင်တရစရာ အတွေးတစ်စသာ ဖြစ်သည်။ အခြား စာသင်ချိန်များ နည်းတူ ယခုအချိန် သည်လည်း အန်လင်းအတွက် တူညီသည့် အကျိုး သက်ရောက်မှုများ ယူဆောင် လာခဲ့သည်သာ။
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က အခြေခံထဲမှ အခြေခံ အကျဆုံး အချက်များကို သင်ကြားနေသည်။ ဥပမာ ဆိုရသော် ကမ္ဘာမြေတွင် တိုက်ကြီး ခုနစ်တိုက်ရှိပြီး တရုတ်သည် အာရှတိုက်ထဲတွင် ပါဝင်သည် မှ စကာ အခြား အခြားသော အရာများသာ ...
ယခုအတန်းက သူ့အတွက် မည်သို့ အသုံးဝင်မည်ကို အန်လင်းက လုံးဝ မသိတော့သဖြင့် စတင်ပြီး အိပ်ငိုက် လာပြန်သည်။
သေမျိုး ဘာသာရပ်မှာ တစ်နေ့လုံး သင်ကြားရမည် ဖြစ်ပြီး အန်လင်းက မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်ကို မသိတော့ လောက်အောင်ပင်။
အဆုံးတွင်တော့ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ အဆုံးသတ် စကားဖြင့် အတန်းပြီးဆုံးပြီ ဖြစ်သည်။ "ကျောင်းသား အန်လင်းက ဒီဘာသာရပ် အတွက် ဘာသာရပ် ကိုယ်စားလှယ် ဖြစ်တယ် ... တစ်ယောက်ယောက်က မသိတာ ရှိရင် သူ့ကိုသွားမေးပြီး ဆွေးနွေးလို့ရတယ် ... ဟုတ်ပြီလား ..."
သူမ ထိုကဲ့သို့ ပြောပေမဲ့လည်း ဤပါရမီရှင်များ အဖွဲ့သည် စိတ်ကြီးဝင် ဘဝင်မြင့် နေကြသူများ ဖြစ်ကြောင်း အန်လင်းက သိနေသည်။
သူတို့ထက် အင်အားနည်းသူကို ရိုကျိုးစွာ မေးမြန်းမည့်အစား ကိုယ်တိုင်သိရှိ နားလည်အောင် အားထုတ်ကြမည့် လူစားများသာ ဖြစ်သည်။
သေချာတာပေါ့။ အတန်းပြီးသွားသော်လည်း မည်သူကမှ မေးမြန်းခြင်းမရှိ။
အန်လင်းက သက်ပြင်းဖျော့ဖျော့ ချလိုက်ပြီး မတ်တတ်ရပ်ရန် ပြင်လိုက်သည်။
"အမ် ... ကျောင်းသားအန်လင်း ... နင်အားမယ်ဆိုရင် ငါမေးလို့ရမလား ..."
နူးညံ့ ညင်သာသည့် အသံလေးက သူ့နံဘေးမှ ထွက်ပေါ်လာသည်။
အန်လင်းက အသံလာရာဆီ ကြည့်လိုက်သည့် အခါ သူ့အသိစိတ်များမှာ ချက်ချင်းဆိုသလို ဗလာ ဖြစ်သွားသည်။ သူ့ရှေ့တွင် ပေါ်လာသည့် မိန်းကလေးကို ငေးမော ကြည့်နေမိသည်။
အပြာတောက်တောက် မျက်ဝန်းများဖြင့် မိန်းကလေးသည် မျက်လွှာချကာ အန်လင်းအား အားတုံ့အားနာ ကြည့်လာသည်။
အန်လင်းက သူမအား အနီးကပ် မြင်နိုင်ရန် ယခင်က အခွင့်အရေး မရှိခဲ့သဖြင့် ရုတ်တရက် ဆိုသလို သူ့နှလုံးခုန်သံများပင် ရပ်တန့်သွားသည်။
"ငါ ... ငါ အားပါတယ် ... ကျောင်းသူ စုချန်းရန်က ဘာများ မေးချင်လို့ပါလဲ ..."
ခေတ္တမျှ ကြာပြီးနောက် အန်လင်းက မိန်းမောနေရာမှ သတိဝင်လာပြီး ထိတ်လန့်မှု တုန်လှုပ် ချောက်ချားမှုတို့ဖြင့် စကားတစ်ခွန်းကို အထစ်ထစ် အငေါ့ငေါ့ ပြောထွက်ခဲ့သည်။
ကျောင်းသို့ ဝင်ဝင်ချင်းမှာပင် အခြားသော မိန်းမလှများကို နင်းခြေ ပစ်လိုက်သည့် နတ်ဘုရားမနှင့် တူသော ကျောင်းတော် အလှဘုရင်မလေးသည် အန်လင်းအား မည်သည့်အတွက် ရှာနေခြင်းကို သူတကယ် မသိပါ။
"အဲဒါဆိုရင် အချိန်ရမယ်ဆိုရင် နင်ငါ့ကို တရုတ်နဲ့ အင်္ဂလိပ် စကားပြော သင်ပေးလို့ ရမလား ... ငါက ဘာသာစကားတွေနဲ့ ပတ်သက်ပြီး တကယ်ကို ပါရမီ ပါမလာဘူး ..."
"အရမ်းတော့လည်း စိုးရိမ် မနေပါနဲ့ ... ငါက နင့်အချိန်တွေ အများကြီး မယူပါဘူးနော် ..." အန်လင်းက သူမ တောင်းဆိုချက်ကို ငြင်းပယ်မည် ဆိုးသဖြင့် စုချန်းရန်က အလျင်အမြန် ထပ်ပြောလာသည်။
ဒီ ... ... ပျော်ရွှင်မှုဆိုတာ အခုလို အရမ်းကို ရုတ်တရက်ကြီး ရောက်လာတတ်သလား။
အန်လင်း နှလုံးသားလေးမှာ အခုဆိုလျှင် ပုံမှန်ထက် နှစ်ဆ သုံးဆ မြန်မြန် ခုန်နေပြီ ဖြစ်သဖြင့် ရှော့ခ်ရတော့ မတတ်ပင်။
ကြိုးစားလိုက်စမ်း အန်လင်း ... မင်းလုပ်နိုင်ပါတယ်ကွ။ ဒီလို အခွင့်အရေးက တစ်သက်မှာ တစ်ခါပဲ ရတာ ... လက်လွှတ်လိုက်မယ် ဆိုရင် မင်းတစ်ဘဝလုံး တစ်ယောက်တည်း အထီးကျန် ဘဝနဲ့ အရိုးထုတ်လိုက်တော့ ငါ့ကောင်ရေ ...
အန်လင်း နှလုံးသားမှာ လှုပ်ခါနေပြီး ထိုကဲ့သို့ အနေအထားမျိုးတွင် သူက တည်ငြိမ်စွာ ပြုမူရမည်ကို သိနေသည်။
"စိတ်ပူ မနေပါနဲ့ ... ငါက ဘာသာရပ် ကိုယ်စားလှယ်ပဲလေ ... ကျောင်းသားတွေ လိုအပ်တဲ့အခါ ကူညီရမှာက ငါ့တာဝန် ဖြစ်ပြီးတော့ ဂုဏ်ယူရမယ့် အရာလေ ..."
"ကဲ ... ထိုင်လေ ... ငါနင့်ကို ဖြည်းဖြည်းချင်း သင်ပေးမယ် ..."
အန်လင်းက စုချန်းရန်အား နွေဦး၏ နေရောင်ခြည် ကဲ့သို့ နွေးထွေးသည့် အပြုံးနှင့် အဖြေပေးလိုက်သည်။
စုချန်းရန်က ခေါင်းညိတ်ပြီးနောက် အန်လင်းဘေးတွင် ထိုင်လိုက်သည်။ "အနှောင့်အယှက် ပေးရတာ တောင်းပန်ပါတယ်နော် ..." သူမက ကျေးဇူးတင်စွာ ပြောသည်။
စုချန်းရန် ထိုင်လိုက်သည်နှင့် သစ်ခွနံ့ သင်းသင်းလေးက အန်လင်း နှာခေါင်းသို့ ဝေ့ဝဲလာသည်။
သူက အတော်လေး စိတ်လှုပ်ရှား နေပေမဲ့လည်း အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားထားသည်။
"အဲတော့ ကျောင်းသူ စုချန်းရန် ... နင့်ရဲ့ တရုတ်နဲ့ အင်္ဂလိပ် ဘာသာစကားက လက်ရှိမှာ ဘယ်အဆင့်လဲ ..." အန်လင်းက အလေးအနက် ထားပြီး မေးသော်လည်း သူ့အသံမှာ ညင်သာနေသည်။
စုချန်းရန်က သူမ နှုတ်ခမ်းများကို ဖိကိုက်လိုက်ပြီးနောက် အနည်းငယ် ရှက်ရွံ့သည့် အမူအရာဖြင့် "ငါက ပုံမှန်ဆို စကားပြောရတာ မကြိုက်ဘူးလေ ... ဘာသာစကားတွေ ကလည်း ငါ့အကြိုက် မဟုတ်ဘူး ... တရုတ်နဲ့ အင်္ဂလိပ်က ဘယ်လိုပြောရမယ် ဆိုတာ မသင်ဖူးဘူး ... အမ်မ် ... သေချာ ပြောရရင်တော့ စကားလုံး တစ်လုံးရဲ့ အသံထွက်တောင် ငါက အခုထိ မသင်ဖူးသေးဘူး ..."
နူးညံ့ ပျော့ပျောင်းသည့် စုချန်းရန် အသံကို နားထောင် လိုက်ရသည့်အခါ အန်လင်း နှလုံးသားလေးမှာ အရည်ပျော် လုမတတ်ပင်။
စုချန်းရန် ကဲ့သို့ အေးတိအေးစက် အထက်စီးဆန်ပုံ ရသည့် လူမျိုးသည် အေးစက်စက် လေသံသာ ရှိမည်ဟု ယခင်က တွေးထင်မိခဲ့သည်။ မမျှော်လင့်ထားစွာ သူမအသံလေးမှာ နူးညံ့နှစ်လိုဖွယ် ကောင်းလွန်းသည်။
သူသိရသလောက် ထိုသည်က စုချန်းရန် ပထမဆုံး စကားပြောခြင်းပင်။
စုချန်းရန်က ကျောင်းဝန်းအတွင်း ပေါ်လာသည့် အခါတိုင်း အေးစက်စက် အငွေ့အသက် ကိုသာ ထုတ်လွှတ်လေ့ရှိပြီး အခြားသူများနှင့် အဆက်အဆံ ပြုလုပ်သည်မှာ ရှားပါးလွန်းသည်။
အခြားသူများ အပြောအရ သူမသည် တာအို စွဲလမ်းသူ တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းကိုသာ စိတ်ဝင်စားသူဟု ဆိုကြသည်။ ထိုအချက်ကို ကြည့်ရမည်ဆိုလျှင် သူမသည် စကားပြောရခြင်းကို အမှန်တကယ် နှစ်သက်ခြင်း မရှိပုံ ရသည်။
"စကားများများ ပြောတာက နင့်ရဲ့ ဘာသာစကား စွမ်းရည် တိုးတက်လာတယ်လို့ ခံစား မိစေလိမ့်မယ် ... ဒီလိုဆိုရင်ကော ငါက အရင်ဆုံး အခြေခံ စကားစုလေးတွေ သင်ပေးမယ် ... ပြီးတော့မှ တရုတ်စကားလုံး ပုံစံတွေ စနစ်တွေနဲ့ အသံထွက်တွေ သင်ပေးမယ် ..." အန်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စားပွဲပေါ်တွင် ခပ်ကြီးကြီး စကားလုံးအနည်းငယ် ရေးလိုက်သည်။
ထိုစကားလုံးများမှာ - ဆရာ၊ ကျောင်းသား၊ ကျောင်းနှင့် အတန်းတက်သည် တို့ဖြစ်ပြီး တရုတ်နှင့် အင်္ဂလိပ် နှစ်မျိုးစလုံးဖြင့် ရေးသားထားသည်။
အန်လင်းက တစ်ကြိမ် ဖတ်ပြပြီး စုချန်းရန်က အနောက်မှနေ လိုက်ဖတ်သည်။
ထိုစကားလုံး များ၏ အသံထွက်များကို နားလည် သဘောပေါက် လာစေရန် စုချန်းရန်အတွက် အချိန် အတော်ကြာ ယူရသည်။
စုချန်းရန် ပြောသည့် သူမတွင် ဘာသာစကားနှင့် ပတ်သက်သည့် ပါရမီ အနည်းငယ်ပင် မပါခဲ့ ဆိုသည်ကို အန်လင်းက ကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။ သူမက လိမ်ညာခဲ့ခြင်း မဟုတ်ပေ။
စုချန်းရန် သည်လည်းပဲ သူမက ထိုဘာသာ စကားများကို အလွန် နှေးကွေးစွာ သင်ယူနေမိကြောင်း သိသဖြင့် အားနာသည့် အမူအရာက သူမမျက်နှာတွင် ပေါ်လာပြီးနောက် "အာ ... နင့်အချိန်တွေ အလဟဿ ဖြစ်စေလို့ တောင်းပန်ပါတယ် ..."
အန်လင်းက ခေါင်းခါလိုက်ပြီး "အတန်းဖော်တွေ ဆိုတာ တစ်ဦးကိုတစ်ဦး ကူညီရမှာပေါ့ ... နင်အဲလို ထပ်ပြောမယ် ဆိုရင် ငါစိတ်ဆိုးရလိမ့်မယ် ..."
ထိုသည်ကို ကြားရတော့ စုချန်းရန်၏ မျက်လုံးများက ဝင်းလတ်လာပြီး နူးနူးညံ့ညံ့ ပြုံးလိုက်ကာ "အစ်မကြီး ချန်ဂီ ပြောလေ့ ရှိတာက ယောက်ျားတွေ အားလုံးက မကောင်းဆိုးဝါး တွေပဲတဲ့ ..."
"ဒါပေမဲ့လည်း အန်လင်းက ခြွင်းချက်ဆိုတာ ငါခံစားမိတယ် ... နင်က လူကောင်းတစ်ယောက်ပဲ ..."
သူမအပြုံးလေးက နွေဦး နေရောင်ခြည်လို တောက်ပပြီး အရာအားလုံးကို အရည်ပျော် သွားစေနိုင်သည်။ ထိုအပြုံးက ချက်ချင်းဆိုသလို အန်လင်း၏ အသိစိတ်ကို ချိုးဖျက်လိုက်သည်။
ထိုအခိုက်အတန့်တွင် အန်လင်းက အချစ်နွံ ထဲသို့ ကျရောက် သွားပြီဟု ခံစားမိလိုက်သည်။
**