ဂျူမြစ်ပန်းခြံ
Vol. 18 Ch. 234
လေဆိပ်မှ ထွက်လာသော လီဇီသည် အသက်ပြင်းပြင်း ရှူလိုက်၏။ (၁၀) နာရီကြာ ခရီးသွားပြီးနောက် သူသည် ဟာဝိုင်အီကျွန်းစုသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
သူသည် လွန်ခဲ့သော တစ်ပတ်အကြာက သူဌေးထံတွင် နှစ်စဉ်ခွင့်ကို တောင်းဆိုခဲ့သည်။ မနေ့က သူဌေးဆီကနေ ခွင့်ပြုချက်ရခဲ့ပြီး သူသည် လေယာဉ်ပေါ်သို့ တက်ကာ ဟာဝိုင်အီကျွန်းစုသို့ အပန်းဖြေ ခရီးထွက်လာခဲ့သည်။
ဟာဝိုင်အီကို သူ၏ အားလပ်ရက်အပန်းဖြေရန် ရွေးချယ်ရခြင်းသည် အင်တာနက်ပေါ်တွင် လူကြိုက်များနေသော အသစ်ဖွင့်လှစ်လိုက်သော ဂျူမြစ်ပန်းခြံကြောင့် ဖြစ်သည်။
သားရဲတိရစ္ဆာန်များ၏ တိုက်ပွဲကို ကြိုက်နှစ်သက်သူ အနေဖြင့် သူသည် ဒိုင်နိုဆောများကိုလည်း သဘာဝကျစွာ စိတ်ဝင်စား၏။
သူသည် ဒိုင်နိုဆောများကို ကြည့်ရှုဖို့အတွက်သာ ဤနေရာသို့ လာခြင်း မဟုတ်ပေ။ သူသည် ထိုစိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲများ ဂိမ်းများကိုလည်း မြင်တွေ့လို၏။
လေဆိပ်အပြင်ဘက်တွင် လူများစွာသည် သွားလာနေကြ၏။ လမ်းမပေါ်တွင် ကားများစွာ ဖြတ်သန်းမောင်းနှင်းနေကြပြီး ဟွန်းသံများနှင့် စကားပြောသံများက ဆူညံနေကာ လမ်းမဟာ လှုပ်ရှားသက်ဝင်နေသည်။
ဖြတ်သန်းသွားလာနေကြသော လူများသည် အနောက်တိုင်းသားများ ဖြစ်သည်။ ဤမြင်ကွင်းကို မြင်တွေ့နေရသော လီဇီသည် စိမ်းသက်နေသော ဤနိုင်ငံက သူ့အား ဤမြေနှင့် မသက်ဆိုင်မှန်း ခံစားရစေသည်။
သို့သော် ဤအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်အချို့ သူ့အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် အာရှသားများဖြစ်ပြီး အများစုက ဟွာရှနိုင်ငံသားများ ဖြစ်သည်။
သူသည် အာရှလူမျိုး ခုနစ်ယောက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အား အာရုံစိုက်လိုက်သည်။ ၎င်းတို့သည် အမျိုးသားလေးယောက်နှင့် အမျိုးသမီးသုံးယောက်ဖြစ်ပြီး၊ သူနှင့် အသက်အရွယ်တူများဖြစ်ကာ အသက်သုံးဆယ်ကျော်တွေချည်း ဖြစ်သည်။
လမ်းပေါ်တွင် လျှောက်လှမ်းရင်း ၎င်းတို့သည် သူနှင့် အလွန်ရင်းနှီးသော တရုတ်ဘာသာစကားဖြင့် စကားပြောနေကြ၏။
"ရှောင်လန် မင်း အခုထိ တကယ်ပဲ လက်မထပ်ရသေးဘူးလား"
လီဇီသည် ထိုအဖွဲ့အတွင်းက အရပ်အရှည်ဆုံး အမျိုးသားက ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ယောက်အား စကားပြောနေသည်ကို ကြည့်လိုက်သည်။ ထိုလူ၏ အသံတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
"နင်ပြောတာမှန်တယ်"
ဆံပင်တို အမျိုးသမီးက ခေါင်းငြိမ့်ကာ ပြုံးလျက် ပြန်ဖြေသည်။ သူမသည် အသက်သုံးဆယ်ကျော်နေသော်လည်း ငယ်ရွယ်နုပျိုသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
"ရှောင်လန် မင်း ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးသင့်ဘူး။ တစ်နေ့ကျရင် မင်း ဘဝအတွက် လက်တွဲဖော်ကောင်း တွေ့ရမှာပါ။ ငါမင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား"
ဆံပင်တို အမျိုးသမီး၏ ဘေးက မြင်းမြီးဆံပင်နှင့် အမျိုးသမီးက စိုးရိမ်ပူပန်စွာနှင့် ပြောလိုက်သည်။
"အနာဂတ်မှာ မင်း တစ်ယောက်တည်းဖြစ်နေရင် ဒါက မင်းကို စိတ်မသက်မသာ ခံစားရစေလိမ့်မယ်"
ဤစကားကို ကြားလိုက်ရသော ဆံပင်တို အမျိုးသမီးက ခဏတာ တိတ်ဆိတ်နေခဲ့ပြီး၊ သူမ၏ ခေါင်းကို မော့ကာ ဟာသလုပ်လိုက်သည်။
"ငါ တစ်ယောက်တည်း နေသားကျနေပြီ၊ နောက်နှစ်နှစ်လောက်ကြာရင် နိုင်ငံက ကလေးတွေကို မွေးစားခွင့် ပြုကောင်းပြုလာလိမ့်မယ်။ အဲ့ဒီအခါကျရင် ကလေးတစ်ယောက်ကို ငါမွေးစားလိုက်မယ်"
သူမ၏ ဤဟာသကို ကြားလိုက်ရသော ဘေးရှိအဖော်များသည် ပြုံးလိုက်ကြပြီး သူမ၏ ပြဿနာကို ထပ်မပြောတော့ပေ။ ၎င်းတို့သည် သူမအား နာကျင်အောင် မလုပ်ချင်ကြပေ။
ဤသို့ဖြင့် ၎င်းတို့သည် ဆက်လျှောက်သွားကြပြီး တက္ကစီသုံးစီးဘေးတွင် ရပ်လိုက်ကြသည်။
လီဇီသည် ထိုအဖွဲ့ထံက သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။ ဤအချိန်မှာပင် သူစဉ်းစားမိ၏။ သူသည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း ဖြစ်ခဲ့ရသည်။ သူသည် အိမ်ထောင်ဖက်တစ်ယောက်ကို ရှာကြည့်သင့်နေပြီလား။
ခဏမျှတွေးတောမိပြီးနောက် လီဇီသည် ခေါင်းခါလိုက်ပြီး ဤအတွေးများကို ဖယ်ထုတ်လိုက်သည်။
အစိမ်းရောင်ပင်လယ်ပြင်သည် ပုံမှန်အတိုင်းပင် ရှိနေသည်ဟု ထင်ရသော်လည်း မမြင်နိုင်သော ရေအောက်စီးကြောင်းများက အစဉ်လှုပ်ရှားနေ၏။ ၎င်းသည် ယခင်ကကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေပြီး နိုင်ငံခေါင်းဆောင်များက ရေငုံနှုတ်ပိတ်နေကြခြင်းကြောင့် လူများက အတွင်း၌ ရှိသည့်အရာများကို မသိကြပေ။
တက္ကစီတစ်စီးကို တားလိုက်ပြီး လီဇီသည် ယာဉ်မောင်းအား Nubra ကျွန်းသို့ သွားမည့် သင်္ဘောဆိပ်သို့သွားရန် ပြောလိုက်ပြီး ကားပေါ် တက်ခဲ့သည်။
သူ၏ လက်ရှိတည်နေရာသည် Nubra ကျွန်း၏ အရှေ့ဘက် (၃၅) ကီလိုမီတာအကွာရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဖြစ်သည်။ သင်္ဘောဆိပ်သို့ ရောက်ရှိပြီးနောက် သင်္ဘောတစ်စင်းကို စီးလိုက်ပြီဆိုသည်နှင့် တစ်နာရီခန့်အတွင်း Nubra ကျွန်းသို့ ရောက်ရှိမည် ဖြစ်သည်။
သို့သော် သူသည် ယနေ့တွင် ဒိုင်နိုဆောများကို သွားရောက်ကြည့်ရှုရန် မဖြစ်နိုင်ပေ။ ယခုအချိန်က နေ့လည်ခင်းဖြစ်ပြီး ဆယ်နာရီကြာ လေယာဉ်စီးလာခဲ့ရသောကြောင့် သူအလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
တက္ကစီပေါ်က ဆင်းပြီးနောက် လီဇီသည် သင်္ဘောဆိပ်နှင့် အဝေးက အပြာရောင်ပင်လယ်ပြင်ကို ကြည့်လိုက်သည်။
သို့သော် သူ့တွင် ဤရှုခင်းအား ခံစားလိုစိတ်ရှိမနေပေ။ သူသည် ယခင်ကတည်းက ကြိုတင်ဘွတ်ကင်လုပ်ထားခဲ့ပြီဖြစ်သော ဟိုတယ်သို့ အလျင်အမြန် သွားရောက်ခဲ့ပြီး ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ အလွန်ပင်ပန်းနေပြီ ဖြစ်သော လီဇီသည် အဝတ်များပင် မလဲနိုင်တော့ဘဲ တခဏအတွင်း အိပ်ပျော်သွားခဲ့၏။
မနက်ခင်းတွင် လီဇီ နိုးလာခဲ့ပြီး သူသည် အနည်းငယ် ပြင်ဆင်ပြီးနောက် Nubra ကျွန်းသို့ ဦးတည်ကာ ပန်းခြံဆီသို့ တိုက်ရိုက်သွားခဲ့၏။
လမ်းမကြီး၏ ဘေးတွင် ဟိုတယ်များ၊ အမှတ်တရအရောင်းပစ္စည်းဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ပြည့်နှက်နေသည်။
ဟိုတယ်အမျိုးမျိုးကို ကြည့်ရူရင်း လီဇီသည် သူက အနည်းငယ် မိုက်မဲခဲ့သည်ဟု ခံစားလိုက်ရသည်။ သူသည် ဤဟိုတယ်များထဲက တစ်ခုကို ဘွတ်ကင်လုပ်ထားခဲ့သင့်၏။ လီဇီသည် ခေါင်းသာ ခါလိုက်ပြီး ပန်းခြံဆီသို့ ဆက်လျှောက်လာခဲ့သည်။
လမ်းတလျှောက်က အဆောင်အဦးများသည် အပူပိုင်းဒေသတွင် အသုံးပြုနေကျအမိုးချွန်များ ဖြင့်ကာ ဝါးများ သစ်သားများဖြင့် တန်ဆာဆင်ထားပြီး အပင်အမျိုးမျိုးဖြင့် အလှဆင်ထား၏။
တစ်ညတာ အနားယူပြီးနောက် အင်အားအပြည့်ရှိနေပြီ ဖြစ်သော လီဇီသည် ကော်ဖီဆိုင်တစ်ခုတွင် ကော်ဖီသောက်ရင်း ဖြတ်သန်းသွားလာနေသော လူများကို ကြည့်ရူနေသည်။
နွေးထွေးသော နေရောင်ခြည်သည် လမ်းမကြီးအား အလင်းပေးထားပြီး သက်ဝင်လှုပ်ရှားမှုများနှင့် အလှအပများစွာက ကြည့်ရူသူအပေါ် အပန်းဖြေပြေလျော့ခြင်းဟူသော ခံစားချက်များ ပေါင်းထည့်ပေးထားသည်။
လမ်းမပေါ်တွင် သွားလာနေကြသော အမျိုးသမီးအများစုသည် နွေရာသီအဝတ်အစားများ ဝတ်ဆင်ထားကြပြီး၊ အချိူ့အမျိုးသမီးများသည် စကားပြောလျက် အချိူ့အမျိုးသမီးများသည် စကားပြော ရယ်မောလျက် ဖြတ်သန်းသွားကြပြီး သူသည် ထိုအမျိုးသမီးများအား တစ်ကြိမ်ထက်မက ကြည့်ရူခဲ့မိသည်။
"ဟူးးး"
သူ့ရှေ့လမ်းမက ဖြတ်သန်းသွားသော စုံတွဲများကို ကြည့်ရင်း လီဇီသည် သက်ပြင်းချလိုက်၏။ ထိုနောက် သူသည် စားပွဲထိုးကို ခေါ်လိုက်ကာ ကော်ဖီဖိုး ပေးချေလိုက်ပြီး နာမည်ကျော် ဂျူမြစ်ပန်းခြံဆီသို့ လျှောက်သွားလိုက်၏။
ကော်ဖီဆိုင်နှင့် ဂျူမြစ်ပန်းခြံသည် သိပ်မဝေးသောကြောင့် မြေပုံအတိုင်း နှစ်ကီလိုမီတာ လျှောက်လှမ်းပြီးနောက် သူသည် ပန်းခြံရှေ့သို့ ရောက်ရှိခဲ့၏။
ပန်းခြံရှေ့တွင် ဘောလုံးကွင်းတစ်ကွင်းခန့် အကျယ်ရှိသော ရင်ပြင်တစ်ခု ရှိသည်။ ၎င်းကို မြက်ခင်းစိမ်းများနှင့် ပန်းအမျိုးမျိုးအပြင် သစ်ပင်မံပင်များက ဖုံးလွှမ်းထားပြီး အလွန်သဘာဝကျသော အပန်းဖြေစရာတစ်ခု ဖြစ်လို့နေသည်။
ရင်ပြင်၏ အလယ်တွင် ဆယ်မီတာခန့် အကျယ်ရှိသည့် လမ်းကြောင်းတစ်ခုရှိပြီး ပန်းခြံ၏ ဂိတ်များဆီသို့ ၎င်းက ဦးတည်နေသည်။ ဂိတ်တွေ၏ အရှေ့မှာတော့ လုံခြုံရေးဝန်ထမ်းများနှင့် ရှုခင်းဝန်ထမ်းများစွာက ခရီးသွားများကို လက်ခံနေကြသည်။
၎င်းတို့အပြင် မြက်ခင်းစိမ်းများနှင့် ခုံတန်းလျားများပေါ်တွင် ထိုင်နေကြသော ခရီးသွားများစွာနှင့် ဂိတ်များဆီသို့ သွားသည့် လမ်းကြောင်းပေါ်တွင် ခရီးသွားများစွာ ရှိနေ၏။
သုံးရာကျော် လေးရာခန့် ရှိသော ခရီးသွားများတွင် တစ်ရာခန့်က ဂိတ်ဝတွင် တန်းစီနေကြပြီး ကျန်လူများက မြက်ခင်းစိမ်းပေါ်တွင် ထိုင်ကာ လှပသော ရှုခင်းများကို ကြည့်ရှုနေကြခြင်း သို့မဟုတ် ၎င်းတို့၏ သူငယ်ချင်း၊ မိတ်ဆွေများ မိသားစုဝင်များနှင့် စကားစမြည်းပြောနေကြသည်။
ဤမြင်ကွင်းသည် သဘာဝကျသော မြင်ကွင်းတစ်ခု ဖြစ်သည်။
သူသွားမည့် နေရာများ လိုအပ်သည်များကို ယခင်ကတည်းက စီစဉ်ထားခဲ့ပြီ ဖြစ်သည်။ သူ့တွင် အားလပ်ရက် ခုနှစ်ရက်ရှိပြီး ၊ ခရီးသွားလာခြင်းအတွက် နှစ်ရက်၊ အနားယူရန်က နှစ်ရက် ကစားကွင်းအတွက် သုံးရက်ဟူ၍ ခွဲခြားထားသည်။
လီဇီသည် တိုက်ပွဲကွင်းပြင်အတွက် တစ်ရက်ကို လျှောက်သွားကာ ဒိုင်နိုဆောအမျိုးမျိုး၏ နေထိုင်မှုပုံစံကို ကြည့်ရှုရန်အတွက် စီစဉ်ထားသည်။ ခရီးသွားလာခြင်း ဒုတိယရက်အတွက် ကစားကွင်းတွင် ဒိုင်နိုဆောများနှင့် တိုက်ခိုက်နေကြသော သားရဲတိုက်ခိုက်သူများ၏ တိုက်ပွဲကို ကြည့်ရှုရန် စီစဉ်ထားပြီး နောက်ဆုံးနေ့ရက်ကိုမူ သူသည် ကမ်းခြေတွင် နေရောင်ခြည်ခံရန် ရည်ရွယ်ထားသည်။
လက်မှတ်ဝယ်ယူရန် တန်စီရခြင်း၌ လီဇီ၏ အလှည့်ကျရောက်လာသည်။ သူသည် လက်မှတ်ဝယ်ယူပြီးနောက် ဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သတ်မှတ်ထားသော ဧရိယာသို့ လျှောက်သွားခဲ့သည်။
သူသည် ထိုနေရာတွင် ခရီးသွားဘတ်စ်ကားသည် စောင့်ဆိုင်းနေခဲ့၏။
ခရီးသွားဘတ်စ်ကားသည် ရိုးရာဘတ်စ်ကားနှင့် ကွဲပြားသည်။ ၎င်း၏ ဘေးနှစ်ဖက်သည် အထူးမှန်ဖြင့် ပြုလုပ်ထားပြီး ခရီးသွားများသည် အပြင်ဘက် ရှုခင်းကို ကြည့်ရှုနိုင်ကာ ဒိုင်နိုဆောအမျိုးမျိုးကို ကြည့်ရူနိုင်ပြီး နွေးထွေးသော နေရောင်ခြည်ကိုလည်း ခံစားနိုင်သည်။
လီဇီအပါအဝင် လူတိုင်းသည် ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြပြီး ဘတ်စ်ကားသည် ကွန်ကရစ်လမ်းမပေါ်တွင် စတင်ရွေ့လျားလာခဲ့သည်။
ဘေးနှစ်ဖက်တွင် ခြံစည်းရိုးများရှိပြီး သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထား၏။
ထိုဆိုင်းဘုတ်များတွင် ရေးထားသည်က သတိ! အန္တရာယ်ရှိသည်! ဗို့အားအလွန်မြင့်မား၏။
ဘတ်စ်ကား စတင်ရွေ့လျားလာချိန်ကစ၍ မိနစ်အနည်းငယ် ကြာပြီးနောက် ရှေးဟောင်းသစ်တောတစ်ခုသည် ရှေ့တွင် ပေါ်လာခဲ့၏။
ဧရာမသစ်ပင်ကြီးများသည် သစ်တောတစ်ခုလုံး ပြည့်နေပြီး၊ လမ်းမ၏ ဘေးနှစ်ဖက်တွင်လည်း ဧရာမသစ်ပင်ကြီးများက စီတန်းပေါက်ရောက်နေ၏။ ထိုသစ်ပင်ကြီးများသည် ဘတ်စ်ကားအတွက် အရိပ်ကြီးများ ဖန်တီးပေးထားသောကြောင့် ဘတ်စ်ကားပေါ်သို့ နေရောင်အစက်အပျောက်အနည်းငယ်သာ ကျရောက်လျက်ရှိ၏။
ဘေးနှစ်ဘက်တွင် ဖွင့်လှစ်ထားသော ပြတင်းပေါက်များမှတဆင့် နူးညံ့သော လေပြေသည် လွင့်မျောလာပြီး လူတိုင်းကို သက်သောင့်သက်သာ ဖြစ်နေစေသည်။
"ဦးချိုသုံးချောင်း ဒိုင်နိုဆော"
ရုတ်တရက် လီဇီသည် လမ်းဘေးတွင် ထရိုင်စီရာတော့ပ်စ်ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရ၏။
သူ၏ မျက်လုံးများ တောက်ပလာသည်။ ကြည့်ရသည်မှာ မကြာခင်တွင် ဒိုင်နိုဆောများကို မြင်တွေ့ရတော့မည် ပုံပေါ်သည်။
ရိုးသားစွာဖြင့် ဆိုရသော် ပင်လယ်ထဲက ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများ,များစွာ ပေါ်လာခဲ့သော်လည်း လူများစွာက ၎င်းတို့ကို ကိုယ်တိုင်မြင်တွေ့ဖူးခြင်း မရှိပေ။ ၎င်းတို့ထဲတွင် လီဇီလည်း ပါဝင်ပြီး လူများစွာသည် တီဗီများ ကွန်ပျူတာများ ဖုန်းများကနေ ၎င်းတို့ကို မြင်ခဲ့ရခြင်း ဖြစ်သည်။
ယခု ပထမဆုံးအကြိမ်အဖြစ် ရှေးဟောင်း သားရဲတစ်ကောင်ကို မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် လီဇီသည် အလွန်စိတ်လှုပ်ရှားနေ၏။
(ထရိုင်စီရာတော့ပ်စ်က ဦးချိုသုံးချောင်းရှိလို့ ဦးချိုသုံးချောင်း ဒိုင်နိုဆောလို့ ခေါ်လို့ရပါတယ်)
(ဒိုင်နိုဆောနာမည်တွေက မြန်မာပြန်သီသန့် မရှိပါဘူး။ မြန်မာလိုအခေါ်အဝေါ်မရှိပေမဲ့ ဖတ်ရူရလွယ်ကူစေဖို့ ဝီကီပီးဒီးယားနဲ့ အခြားနေရာတွေကနေ ရှာပြီးရေးထားတာပါ ဒိုင်နိုဆော နာမည်တွေမှာ အမှားအယွင်းရှိနိုင်ပါတယ်)
.....