တိုက်ပွဲကွင်းပြင်
Vol. 18 Ch. 236
လီဇီသည် စောနက သူမြင်ခဲ့ရသော အရာကို ပြန်မှတ်မိရန် ကြိုးစားလိုက်၏။ သူသည် ၎င်းဒိုင်နိုဆော၏ ပုံပန်းသဏ္ဌာန်ကို အပြည့်အဝ မမြင်လိုက်ရသော်လည်း ၎င်းတွင် အကြေးခွံများ ဖုံးလွှမ်းနေသော အရေပြားနှင့် ခြေသည်းရှည်များ ရှိသည်ကို မှတ်မိနေသေးသည်။
၎င်းသည် အသားစားဒိုင်နိုဆောတစ်ကောင်ဖြစ်မှန်း သူသေချာနေ၏။
သူသည် ထိုအကြောင်းကို ဝုဒ်နှင့် ဆက်ပြောလိုနေသော်လည်း နောက်ဆုံးတွင် ၎င်းအတွေးကို ဖယ်ထုတ်လိုက်ရသည်။ သူသည် အခြားခရီးသည်များနှင့် စကားပြောနေသော ဝုဒ်က သူ့စကားကို အလေးအနက်ထားမည် မဟုတ်မှန်း သိနေခဲ့၏။
ထို့အပြင် အသားစားဒိုင်နိုဆော တစ်ကောင် ဒီပလိုဒေါကပ်စ်၏ ဧရိယာအတွင်း တိတ်တဆိတ် ဝင်ရောက်နိုင်ခဲ့လျှင်ပင် ၎င်းက အသားစား ဒိုင်နိုဆော အသေးလေးသာ ဖြစ်သည်။ ၎င်းသည် ကြီးကြီးမားမား မည်သည့်ပြဿနာကိုမှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ထိုကြောင့် လီဇီသည် ဤကိစ္စကို အခြားလူများနှင့် ပြိုင်ငြင်းကာ မပြောဖို့ ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကားသည် ဆက်လက်ရွေ့လျားလာခဲ့ပြီး မကြာမီတွင် စတင်သည့်နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ဘတ်စ်ကားပေါ်က မဆင်းမီ လီဇီသည် ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူ ဝုဒ်ကို နှုတ်ဆက်ခဲ့ပြီး၊ သူသည် ပန်းခြံအနီးတွင် တည်ရှိသော ဟိုတယ်တစ်ခုသို့ လျှောက်လာခဲ့လိုက်သည်။
သူသည် ဤရက်အနည်းငယ်ကို ဤဟိုတယ်တွင် အနားယူရန် စဉ်းစားထား၏။ သူသည် အခန်းအတွက် လုပ်ငန်းဆောင်တာများနှင့် ငွေပေးချေပြီးနောက် ဓာတ်လှေကားစီးကာ အပေါ်တတ်လာခဲ့သည်။
သူသည် သူ၏ အခန်းရှိရာ စင်္ကြံသို့ ရောက်ရှိချိန်တွင် လေဆိပ်တွင် တွေ့ခဲ့ရသော အာရှလူမျိုး ခုနစ်ယောက်ကို တွေ့လိုက်ရ၏။
၎င်းက သူ့ကို အနည်းငယ် အံ့အားသင့်စေသည်။
ဘေးချင်းကပ် ဖြတ်လျှောက်သွားချိန်တွင် ထိုလူခုနှစ်ယောက်က သူ့အား အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်ကြပြီး ၎င်းတို့သည် သူ့အား အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိမ့်ပြကြ၏။ ၎င်းသည် ခေါင်းညိမ့်ပြယုံသာ ဖြစ်ပြီး ၎င်းထက် ဘာမှမပိုခဲ့ပေ။
၎င်းတို့သည် လီဇီဘေးက ဖြတ်လျှောက်သွားကြပြီး ဆက်လက်စကားပြောနေခဲ့ကြသည်။
"ဟားဟားဟား၊ ငါ ဒီနေ့မှာ T-Rex တစ်ကောင်ကို တကယ်ဘဲ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ T-Rex က အရမ်းကြောက်ဖို့ကောင်းတယ်။ သူက ဆိတ်တစ်ကောင်ကို တစ်လုတ်တည်းနဲ့ စားပစ်လိုက်တာ"
"ဆက်မပြောနဲ့တော့။ အဲ့ဒီတုန်းက ကျွန်မ တကယ်ကြောက်နေတာ။ ဆိတ်ကလေးက အရမ်းချစ်စရာကောင်းတာကို သူတို့က ဘာလို့ T-Rex ကို ကျွေးပစ်လိုက်တာလဲ"
"မနက်ဖြန်ကျရင် ငါတို့တွေ ကစားကွင်းကို သွားကြရင် ကောင်းမလား။ တိုက်ခိုက်သူတွေ ဒိုင်နိုဆောတွေကို ဘယ်လို အနိုင်ယူလဲဆိုတာကို ငါမြင်ချင်တယ်။ ငါကြားတာတော့ အဲ့တာက စပိန်က နွားပွဲထက်တောင် စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကြားတယ်"
"မသွားတာ ကောင်းမယ်ထင်တယ်။ အဲ့တာတွေက သွေးထွက်သံယို တိုက်ပွဲတွေချည်းပဲ..."
"သွားကြရအောင်။ ဒါက စိတ်လှုပ်ရှားဖို့ကောင်းမယ့်ပုံပဲ။ သွေးထွက်သံယို တိုက်ပွဲတွေဖြစ်လာရင် မင်းမျက်လုံးကို ငါ ကာပေးမယ်"
"ဒါပဲလေ.. ငါတို့ယောင်္ကျားလေး လေးယောက်နဲ့ မိန်းကလေး သုံးယောက် မနက်ဖြန် ကစားကွင်းကို သွားကြမယ်!"
လီဇီသည် ဤစကား၏ အဆုံးသတ်တွင် ထိုအဖွဲထဲက အမျိုးသမီး သုံးယောက် စိတ်ဓာတ်အနည်းငယ် ကျသွားတာကို သတိပြုမိလိုက်၏။
လီဇီက ပြုံးပြီးသာ ခေါင်းခါမိ၏။ သူသည် ထိုလူတွေက သူ့နှင့် အသက်အရွယ်တူပုံရသော်လည်း ၎င်းတို့၏ စိတ်သည်က များစွာ ငယ်ရွယ်သည်ဟု ထင်မိသည်။
ဤအတွေးများကို တွေးလိုက်မိသော လီဇီက သက်ပြင်းတစ်ချက် ချလိုက်သည်။
အကယ်၍ သူ၏ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေသာ မသေဆုံးခဲ့ရင် သူလည်း သူတို့တွေလို ဖြစ်နေမှာပဲ မဟုတ်လား။
ဟိုတယ်အခန်းသို့ ရောက်ရှိပြီးနောက် သူသည် ရေမိုးချိုးကာ အတန်ကြာပြီးနောက် ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် လီဇီသည် ဝန်ထမ်းတစ်ယောက်၏ လမ်းပြမှုအောက်၌ တိုက်ပွဲကွင်းပြင်ရှိရာသို့ ရောက်ရှိလာခဲ့သည်။ တိုက်ပွဲကွင်းပြင်သည် လက်ကမ်းစာစောင်နှင့် အင်တာနက်ကြောငြာများတွင် ပြထားသော ဓာတ်ပုံတွေထဲကအတိုင်းပင် ဖြစ်သည်။
အတွင်း၌ ကြည့်ရူသူ ပရိသတ်များအတွက် ခုံတန်းများစွာရှိ၏။ တိုက်ခိုက်သူများနှင့် ဒိုင်နိုဆောများကြားက တိုက်ပွဲသည် အလည်ရှိ ကွင်းပြင်တွင် စတင်မည် ဖြစ်သည်။
လီဇီသည် သူ၏ ခုံနေရာကို ရှာကာ ထိုင်လိုက်သည်။ သူသည် အချိန်အနည်းငယ် စောရောက်လာသောကြောင့် ယခုအချိန်ထိ ကြည့်ရှုသူ ခုံတန်းများတွင် နေရာအနည်းငယ် လွတ်နေသေး၏။
သူသည် အချိုရည် တစ်ငုံသောက်လိုက်ပြီး လူသားနှင့် သားရဲကြား တိုက်ပွဲကို စိတ်ဝင်တစား စောင့်နေခဲ့၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ တိုက်ပွဲကွင်းပြင်အတွင်း လူများဖြင့် ပြည့်လာသည်။ သူ၏ အနားက ခုံများတွင်လည်း လူများဖြင့် ပြည့်လာပြီး ၎င်းတို့သည် နှစ်ယောက်၊ သုံးယောက် သို့မဟုတ် ဒီထက်ပိုသော အဖွဲ့များ ဖြစ်ကာ ၎င်းတို့သည် စကားစမြည်းပြောရင်း နေရာအနှံ့မျက်စိကစားနေကြ၏။
လီဇီ ရှိရာနေရာသည် မဆိုးလှဟု ဆိုနိုင်၏။ သူသည် အလယ်ထပ်တွင် ရှိနေကာ အောက်ဘက်ရှိ ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဤအချိန်မှာပင် သူနှင့် ရင်းနှီးနေသော အသံများနှင့်အတူ လူခုနှစ်ယောက် အဖွဲ့သည် သူ၏ အနောက်ဘက်က နေရာလွတ်ခုံများတွင် ထိုင်ချလာပြီး၊ လီဇီကို အံ့အားသင့်သွားစေသည်။
၎င်းအဖွဲ့သည် အငြင်းပွားနေကြပြီး ၎င်းတို့၏ စကားဝိုင်းမှတစ်ဆင့် လီဇီသည် ၎င်းတို့၏ နာမည်အချို့ကို ကြားခဲ့ရသည်။
အရပ်ရှည်သော အမျိုးသားသည် လော်ယန် ဖြစ်ကာ အရပ်ပုသော အမျိုးသားက ယန်ဖေ့ ဖြစ်၍ ငယ်ရွယ်နုပျိုသော အငွေ့အသက်နှင့် အမျိုးသမီးကတော့ ရှောင်လန် ဖြစ်သည်။
"ရှောင်လန် စိတ်ချစမ်းပါ။ သွေးထွက်သံယို မြင်ကွင်းတွေကြောင့် မင်း ကြောက်လာရင် ငါ့လက်ကို ကိုင်ထားလိုက်..."
သူ၏ စိတ်မတည်မငြိမ်ဖြစ်နေသော သူငယ်ချင်းမကို ကြည့်ရင်း လော်ယန်သည် သူမ၏ ကြောက်စိတ်ကို လျော့ပါးစေရန် ဟာသလုပ်လိုက်သည်။
လော်ယန်၏ စကားကို ကြားပြီးနောက် ရှောင်လန်က သူမ၏ မျက်လုံးများကို လှိမ့်လိုက်ကာ ပြောလိုက်သည်။
"လော်ယန် နင်ပြောတဲ့ ဒီစကားကို ငါမှတ်ထားလိုက်ပြီနော်... ငါနင့် မိန်းမကို ပြောလိုက်ရင် နင်ဘာဖြစ်မယ်ထင်လဲ။ သေချာတာကတော့ နင်အိမ်ပြန်ရောက်ရင် ဆိုဖာပေါ်မှာ အိပ်ရလိမ့်မယ်"
သူမက မကျေမနပ်ပြောလိုက်ပြီး အနည်းငယ် ညည်းတွားလိုက်၏။
"ငါ သွေးထွက်သံယို မြင်ကွင်းကို ကြောက်လိမ့်မယ်လို့ ဘယ်သူက ပြောလဲ။ ငါကလေးဘဝကတည်းက ငါ့အဘိုး ကြက်သတ်တာကို မကြာခဏ မြင်ဖူးတယ်"
ရှောင်လန်၏ စကားများကို ကြားလိုက်ရသော လီဇီသည် ကျယ်လောင်စွာ ရယ်မောမိလုနီးပါး ဖြစ်သွားသည်။
ကြက်သတ်တာနဲ့ ဒိုင်နိုဆောသတ်တာက တူလို့လား....။
အခြားတစ်ဖက်က လော်ယန်သည်တော့ ရှောင်လန်၏ သူ၏ မိန်းမကို တိုင်ပြောမည့် စကားကို ကြားပြီးနောက် ချက်ချင်းပင် အသနားခံတော့၏။
ရုတ်တရက် ကွင်းတစ်ခုလုံး ဆူညံသံများ ပြည့်သွားသည်။
လူများစွာက ဦးတည်ရာတစ်ခုသို့ ကြည့်ကာ အားပေးစပြုလာသည်။
ကြွက်သားများဖြင့် တုတ်ခိုင်သန်မာသော အရပ်ခုနစ်ပေမြင့်သည့် အမျိုးသားတစ်ယောက်သည် တိုက်ခိုက်သူ ဝင်ပေါက်က လျှောက်ဝင်လာ၏။
ထိုလူသည် နောက်ဆုံးပေါ် သံမဏိကိုယ်ထည်ကို ဝတ်ဆင်ထားပြီး ဧရာမဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
လီဇီသည် ထိုအမျိုးသားအား မှတ်မိနေ၏။ ၎င်းသည် နာမည်ကျော် နဂါးသတ်သမားဟု နာမည်ကျော်ကြားသော အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။
လော်ယန်၊ ရှောင်လန်နှင့် အဖွဲ့ဝင်များသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ထိုအမျိုးသားကို ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် တိုက်ခိုက်ရေးသမား၏ အနောက်က လေးလံသော သံမဏိတံခါးသည် ရုတ်တရက် ပိတ်သွားပြီး တိုက်ပွဲကွင်းပြင်၏ အခြားတစ်ဖက်က သံမဏိတံခါးတစ်ခုသည် တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
"ဝေါင်းးးး"
နားစည်ကွဲလုမတတ် ဟိန်းသံနှင့်အတူ ဧရာမသားရဲကြီး တစ်ကောင် တဖြည်းဖြည်း ထွက်လာသည်။
"အဲ့တာ ဘာဒိုင်နိုဆောလဲ"
လီဇီ၏ အနောက်က မြင်းမြီးဆံပင်နှင့် အမျိုးသမီးက ထိုဒိုင်နိုဆောကို မြင်ပြီးနောက် မေးလိုက်သည်။
ထိုဒိုင်နိုဆောသည် အလျား ခုနှစ်မီတာရှိပြီး တင်ပါးဆုံကနေ အမြင့်သည် နှစ်မီတာခန့်ရှိ၏။
၎င်းဒိုင်နိုဆောတွင် အလွန်ကြီးမားသော တံစဉ်သဏ္ဌာန် ခြေသည်းများနှင့် လက်များရှိကာ ၎င်းသည် ရက်စ်တာနှင့် အနည်းငယ်ဆင်တူ၏။ သို့သော်လည်း ၎င်းသည် များစွာကြီးမားသည်ဟု ဆိုနိုင်သည်။
ရှောင်လန်နှင့် အဖွဲ့ဝင်များသည် ထိုဒိုင်နိုဆောကို စိတ်ဝင်တစား ကြည့်ရူနေကြပြီး ထိုဒိုင်နိုဆောက မည်သည့် အမျိုးအစားဖြစ်သည်ကို အလွန်သိချင်နေကြသည်။
"ဒီကောင်က ထယ်ရီဇင်နိုဆောရပ်စ် ဖြစ်နိုင်တယ်"
လီဇီက ခဏကြာ တွေးတောပြီးနောက် ပြောလိုက်သည်။
"ဒီထယ်ရီဇင်နိုဆောရပ်စ်က သူ့ရဲ့ စွမ်းအားကို အပြည့်အဝထုတ်ပြနိုင်ခြင်း မရှိသေးတဲ့အတွက် အရွယ်မရောက်သေးတဲ့ ထယ်ရီဇင်နိုဆောရပ်စ်ပဲ ဖြစ်လိမ့်မယ်"
လီဇီက တွေးတောကာ ဆက်ပြောတော့မည့်အချိန်တွင် တိုက်ပွဲကွင်းပြင်၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူည် ချက်ချင်းပင် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး အောက်ဘက်ရှိ အခြေအနေကို အာရုံစိုက်လိုက်သည်။
ဒိုင်နိုဆောသည် တိုက်ပွဲမြေပြင်သို့ ရောက်ရှိလာသော်လည်း တိုက်ခိုက်ရေးသမားကို မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ဒိုင်နိုဆောသည် ပရိသတ်အား လောဘကြီးတကြီး စိုက်ကြည့်နေခဲ့သည်။
၎င်းသည် ငှက်တစ်ကောင်၏ အသံနှင့် ဆင်တူသော အသံဖြင့် အော်မည်လိုက်၏။
"ထယ်ရီဇင်နိုဆောရပ်စ်က ငါတို့ကို စားချင်နေတယ်လို့ ဘာလို့ ခံစားရတာလဲ?"
ထယ်ရီဇင်နိုဆောရပ်စ်၏ သွေးနီရောင် မျက်လုံးများကို မြင်လိုက်ရသော မြင်းမြီးဆံပင်နှင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး သူမက ပြောလိုက်သည်။
"ဟုတ်တယ်။ ငါလည်း အဲ့လိုခံစားလိုက်ရတယ်။ ကံကောင်းတာက ငါတို့ခုံတန်း ရှိတဲ့နေရာက အတော်လေး မြင့်နေလို့ပဲ၊ နို့မို့ဆို အရမ်းကြောက်စရာကောင်းမှာ..."
မြင်းမြီးဆံပင်နှင့် အမျိုးသမီးသည် သူမဘေးရှိ အရပ်ပုပုနှင့် အမျိုးသားကို ကြောက်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။
ဒိုင်နိုဆော၏ ရက်စက်ကြမ်းကြုတ်သော လောဘတကြီး အကြည့်သည် ပွဲကြည့်စင်က ပရိသတ်များစွာကို ကြောက်လန့်စေခဲ့သည်။ အထူးသဖြင့် အောက်ဆုံးထပ်တွင် ထိုင်နေကြသူများကို ပိုအကျိုးသက်ရောက်၏။
၎င်းတို့ထိုင်နေသော နေရာကနေ တိုက်ပွဲဧရိယာကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း ၎င်းတို့သည် အောက်ဘက်ရှိ သွေးဆာနေသော ဒိုင်နိုဆောနှင့် အနီးဆုံးလည်း ဖြစ်သည်။
ခဏကြာ ထိတ်လန့်သွားပြီးနောက် ပရိသတ်က ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
"သတ်ပစ်လိုက်..."
"မြန်မြန်လေး အဲ့ဒီသားရဲကို ချလိုက်တော့"
"ဟေး ဂျင်နီ ဒီဒိုင်နိုဆောက ငါးမိနစ်တောင် မခံနိုင်ဘူးလို့ ဒေါ်လာ ငါးရာ ငါလောင်းမယ်ကွာ.."
"တိုက်"
ကြည့်ရှုသူ ပရိသတ်များသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြ၏။ လူများစွာက ၎င်းတို့၏ လက်များကို ဝှေ့ယမ်းကာ အောက်ဘက်ရှိ တိုက်ခိုက်သူကို အားပေးကြသည်။
"ဟားဟားဟား၊ ဒီပန်းခြံပိုင်ရှင်က တကယ်ကို အံ့အားသင့်စရာကောင်းတယ်။ သူက ထယ်ရီဇင်နိုဆောရပ်စ်လိုမျိုး ဒိုင်နိုဆောကိုတောင် ရအောင် လုပ်နိုင်တယ်"
"မင်းပြောတာ မှန်တယ်။ ဒါပေမယ့် လူသားနဲ့ T-Rex ကြားက တိုက်ပွဲကို ဘယ်တော့မှ မြင်ရမှာလဲ။ ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်"
"တကယ်ကို ပျင်းစရာကောင်းလိုက်တာ၊ တိုက်ခိုက်ရေးသမားတွေက ဒိုင်နိုဆောတွေကို အလွယ်တကူ သတ်ပစ်နိုင်တယ်"
ပရိသတ်များ၏ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံနေစဉ် လက်နက်အပြည့်အစုံတပ်ဆင်ထားသော တိုက်ခိုက်ရေးသမားက ဒိုင်နိုဆောဆီသို့ လျင်မြန်သောအရှိန်အဟုန်ဖြင့် ရုတ်တရက် ပြေးဝင်သွား၏။
ပရိသတ် ခုံတန်းများတွင် အားပေးသံများဖြင့် တစ်ဖန်ပြန်လည် ပြည့်နှက်လာသည်။
.....