← Chapters

မြွေဟောင်သံ

Vol. 18 Ch. 240

မြွေဟောင်သံ

Vol. 18 Ch. 240

ဖန့်ရန်၏ အသံထွက်ပေါ်လာသော အခိုက်အတန့်တွင် အပြာရောင် အလင်းစခရင်တစ်ခုသည် သူ၏ ရှေ့မှောက်၌ ပေါ်လာသည်။ သွေးလိုင်းပြောင်းလဲမှုနှင့် ဆင့်ကဲဖြစ်စဉ်အပြီးတွင် သူ၏ အခြေခံဂုဏ်သတ္တိတွေက ပုံမှန်အတိုင်း တိုးတက်လာ၏။

စွမ်းရည်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိလျှင်ပင် သန့်စင်သော ဂုဏ်သတ္တိများဖြင့် သူသည် ဤဆင့်ကဲဖြစ်စဉ် မပြီးခင်က သူသုံးယောက်ကို အလွယ်တကူ ချေမှုန်းနိုင်သည်။

ဖန့်ရန်သည် အလွန်ပျော်ရွှင်နေသော်လည်း လက်တစ်လုံးခန့်အရွယ်ကလို စိတ်လှုပ်ရှားမှုများ မရှိပေ။ ယခုအခါတွင် သန့်စင်သော ဂုဏ်သတ္တိများက (ခေါ်) အခြေခံခွန်အားက သိပ်အရေးမပါတော့ဘဲ စွမ်းရည်တွေက ပိုအရေးကြီးလာခဲ့သည်။

စွမ်းရည်ဖြင့် သူသည် ပုံမှန်သန့်စင်သော ဂုဏ်သတ္တိကို (သန့်စင်သော ခွန်အား) ဆယ်ဆပို၍ မြင့်မားသော တိုက်ခိုက်ရေးစွမ်းအားသို့ ပြောင်းလဲဖော်ထုတ်နိုင်သောကြောင့် ယခုအချိန်တွင် စွမ်းရည်က ပို၍ အရေးကြီးလာသည်။

ဥပမာ ဆိုရသော် သူ၏ ပုံမှန်တိုက်ခိုက်ရေး စွမ်းအားက တစ်သိန်းဖြစ်လျှင် စွမ်းရည်ဖြင့်ဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ငါးသန်း ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စွမ်းရည်တွေက သူ့ကို ခွန်အားကို မည်မျှတိုးပွားလာစေနိုင်သည်ကို သိနိုင်ပေမည်။

အရွယ်အစား၏ အရေးပါမှုသည် စွမ်းရည်ထက် အကျိုးသက်ရောက်မှုနည်းပါး၏။ ၎င်းသည် အာကာသထဲမှာဆို အလွန်ကောင်းမွန်မည် ဖြစ်သော်လည်း ဤအပြာရောင်ဂြိုလ်ပေါ်တွင် ဆိုလျှင်တော့ အလွန်အရွယ်အစား ကြီးမားသည်က အလွယ်တကူ ပစ်မှတ်ထားနိုင်သော ရွေ့လျားနေသည့် သက်ရှိပစ်မှတ်တစ်ခု ဖြစ်နေပေလိမ့်မည်။

မှန်ပေ၏။ သူ၏ ကာကွယ်ရေးသာ နူကလီးယားဗုံးတွေကို ခံနိုင်ရည်ရှိလောက်အောင် မြင့်မားမည်ဆိုလျှင်တော့ ၎င်းက မတူညီသော ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။

"ခန္ဓာကိုယ်အရွယ်အစားကိုသာ စိတ်ကြိုက်ပြောင်းလဲလို့ရခဲ့ရင် သိပ်ကောင်းလိမ့်မယ်။"

ဖန့်ရန်က အကူအညီမဲ့စွာဖြင့် တွေးတောမိ၏။ ကံမကောင်းစွာဖြင့် သူသည် ထိုကဲ့သို့ စွမ်းရည်ကို မပိုင်ဆိုင်သေးပေ။ ထိုကြောင့် သူသည် အရှည် သုံးရာနှစ်ဆယ် မီတာကျော်သော ခန္ဓာကိုယ်နှင့် သူဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ကို အပျက်အစီးများနှင့် ကျန်ခဲ့စေရုံသာ တတ်နိုင်သည်။

သွေးလိုင်းပြောင်းလဲမှုနှင့် ဆင့်ကဲဖြစ်စဉ်က သူ၏ အရွယ်အစားကို အလျား သုံးရာနှစ်ဆယ် မီတာနှင့် အချင်းကို ဆယ်မီတာအထိ ကြီးထွားလာစေခဲ့သည်။ ၎င်းသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော အရွယ်အစားဖြစ်ကာ လူသားများသည် သူ၏ ရှေ့မှောက်၌ ကြွက်တစ်ကောင်ထက်ပင် သေးငယ်၏။

သူသည် ဤဆင့်ကဲဖြစ်စဉ်ကနေ ကျွမ်းကျင်မှုရမှတ် ငါးဆယ်ခြောက်မှတ် ရရှိခဲ့ပြီး၊ ၎င်းကို ချက်ချင်း အသုံးပြုလိုက်သည်။

ပထမဦးစွာ သူသည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ အဆင့်မြှင့်တင်လိုက်ပြီးနောက် စွမ်းအင်ရောင်ခြည်ကို ပထမဆုံးအကြိမ် အဆင့်မြှင့်တင်လိုက်၏။

ဖန့်ရန်သည် တောအုပ်အလယ်တွင် ပါးပြင်းထောင်လျက်သား ရှိနေပြီး သူ၏ ဦးခေါင်းသည် တိမ်များကိုပင် ထိလုနီးပါး ဖြစ်နေသည်။

ကျွန်းတစ်ခုလုံး၏ ပုံရိပ်က သူ၏ မျက်လုံးများတွင် ထင်ဟပ်နေ၏။ သူသည် ကျွန်းတစ်ခုလုံးကို စစ်ဆေးပြီးနောက် အဆောက်အအုံများစွာကို သတိထားမိလိုက်သည်။

"လူသားတွေ ဒီလိုလူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာ အဆောင်အဦးတွေ ဘာလို့ ဆောက်ထားကြတာလဲ... ဒိုင်နိုဆောတွေ ပန်းခြံတစ်ခုကို တည်ဆောက်ခဲ့ကြပြီး။ အခု ဒိုင်နိုဆောတွေ လုံခြုံရေး ဧရိယာထဲက လွတ်လာကြတာလား"

ဖန့်ရန်သည် အနည်းငယ် တွေးတောမိလိုက်ကာ သူ၏ နှုတ်ခမ်းများက တုန်ယင်သွားခဲ့၏။

"ဒီလူတွေ သေလမ်း ရှာနေကြတာပဲ"

သူက ကျယ်လောင်စွာ စိတ်ထဲကနေ အော်ပြောလိုက်သည်။

အသံနှင့် ပတ်သတ်၍ သူ့မှာ သတင်းကောင်းတစ်ခုရှိ၏။ ၎င်းက သူ၏ သွေးလိုင်း ပြောင်းလဲမှုအပြီးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြောင်းလဲသွားပြီး လည်ချောင်းတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ပေါက်ရောက်လာခြင်း ဖြစ်သည်။ ၎င်းဖြင့် သူသည် စကားပြောနိုင်ခြင်း မရှိသော်လည်း အော်ဟစ်ဟိန်းဟောင်းဖို့အတွက်တော့ ပြဿနာမရှိပေ။

၎င်းသည် အိုဗာကလော့ တုန်ခါမှုက ထုတ်လွှတ်နိုင်သည့် အသံကဲ့သို့ မဟုတ်ဘဲ ၎င်းသည် သာမာန်အော်ရုံသာ ဖြစ်၍ ၎င်းကို အသုံးပြု၍ တိုက်ခိုက်၍ မရပေ။

သူသည် တရွှီးရွှီးအော်မည် ဖူးသည်က လွဲ၍ အခြားကဲ့သို့ မအော်ဖူးသောကြောင့် ၎င်းက မည်သို့ရှိမည်ကိုတော့ သူမသိပေ။

ဖန့်ရန်သည် တွေးတောရင်း သူ၏ ပါးစပ်ကို ဖွင့်ဟကာ ဟိန်းဟောင်လိုက်သည်။

"ဂရားးး...."

နားကွဲလုမတတ် ဟိန်းဟောင်သံတစ်ခုက သူ၏ ပါးစပ်မှ ထွက်လာကာ မိုင်ဒါဇင်ချီပျံ့နှံ့သွားပြီး ငှက်များစွာကို ကြောက်လန့်တကြား ပျံသန်းသွားစေသည်။

ဖန့်ရန်က သူ့အသံနှင့် ပတ်သတ်၍ အလွန်စိတ်ကျေနပ်သွားသည်။ ၎င်းသည် T-Rex ဟိန်းသံနှင့် အနည်းငယ်ဆင်တူသော်လည်း ပိုလေးနက်ကာ ဂုဏ်သိက္ခာရှိပြီး ခန့်ညား၏။

သူ၏ ကျယ်လောင်သော သြဇာအာဏာအပြည့်နှင့် ဟိန်းဟောင်သံသည် သားရဲများစွာကို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။ ၎င်းသည် လီဇီနှင့် သူ့နောက်လိုက်နေကြသော လူတွေကိုလည်း သေလုနီးပါး ကြောက်လန့်သွားစေခဲ့၏။

လီဇီက ဖန့်ရန်နှင့် မီတာရာဂဏန်းအကွာလောက်တွင် ရှိနေခြင်း ဖြစ်သည်။ ထိုကြောင့် ဖန့်ရန်၏ ဟိန်းဟောင်သံ ပေါ်လာချိန်တွင် သူ၏ ခြေထောက်တွေက ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲတော့မလို ဖြစ်သွားခဲ့သည်။

လီဇီနှင့် အခြားလူတွေက ၎င်းတို့ရှေ့ရှိ သားရဲကြီးကို ကြောက်ရွံ့မှုများ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ရုတ်တရက် ထွက်ပေါ်လာသော ဤဟိန်းဟောင်သံသည် လူတိုင်းအား သေလုမတတ် ကြောက်လန့်စေခဲ့သည်။

ဤကဲ့သို့ နောက်ထပ်အကြိမ်အနည်းငယ် ဖြစ်ခဲ့မည်ဆိုလျှင် လူတိုင်းတွင် နှလုံးရောဂါ ရနိုင်ဖွယ်ရှိ၏။

"ဧရာမမြွေကြီးက လူတွေကြားနိုင်တဲ့ အသံနဲ့ အော်နိုင်တယ်"

လီဇီသည် ဧရာမမြွေကြီးနှင့် ပတ်သက်သော မိတ်ဆက်တစ်ခုကို အင်တာနက်ပေါ်တွင် ဖတ်ခဲ့ဖူးသည်။ ဧရာမမြွေကြီးသည် အသံနှင့် တိုက်ခိုက်တတ်သော်လည်း ၎င်း၏ တိုက်ခိုက်မှုသည် အသံတိတ်တိုက်ခိုက်မှုဖြစ်ကာ ၎င်းသည် လူတွေကြားနိုင်သော အသံနှင့် အော်ဟစ်ဟိန်းဟောင်လေ့မရှိပေ။

သူသည် ထိုမိတ်ဆက်တွင် ဧရာမမြွေကြီးက ဟိန်းဟောင်နိုင်သည့်အကြောင်းကို ဖတ်ခဲ့ရခြင်း မရှိသလို အခြားမှတ်တမ်းများတွင်လည်း ၎င်းအကြောင်း မြင်ခဲ့ရခြင်း မရှိပေ။

ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြချိန်တွင် ၎င်း၏ ရှေ့ဆက်ရွေ့လျားသွားခြင်းက လူတိုင်းကို စိတ်သက်သာရာရစေသည်။

ဖန့်ရန်သည် သူ့အနောက်က လိုက်လာနေသော လီဇီနှင့် အခြားလူတွေကို ဂရုမစိုက်ခဲ့ပေ။ သူသည် ပင်လယ်ထဲပြန်မဆင်းမှီ ဤကျွန်းပေါ်တွင် လှည့်လည်သွားလာကာ ဒိုင်နိုဆောအချို့ကို စားသောက်ရန် စဉ်းစားထားသည်။

ပင်လယ်ထဲပြန်ဝင်သည့် အခါတွင်တော့ သူသည် နိုင်ငံအသီးသီး၏ ကမ်းရိုးတန်းများကို သွားရောက်ကာ ၎င်းတို့၏ အခြေအနေကို လေ့လာရန် စီစဉ်ထားသည်။

သူသည် လူသားတွေရဲ့ ကိုင်းဂျူး သားရဲတွေကို ပုံတူပွား ဖန်တီးခြင်းအကြောင်း သိရှိထားခဲ့ပြီ ဖြစ်သည်။ ထိုကြောင့် သူသည် ထိုစီမံကိန်းများရှိရာ ကမ်းရိုးတန်းတွေမှာ လှည့်လည်သွားလာပြီး ကိုင်းဂျူး သားရဲအတုတွေကို ဖန်တီးလေ့ရှိသည့် နေရာတွေကို ရှာဖွေရန်အတွက် စိတ်ကူးထား၏။

၎င်းသည် စနစ်အမှတ်များ စုဆောင်းရန် ကြာရှည်မည့် နှစ်တွေကို ချုံချပေးမည့် သူတွေးတောမိသော နည်းလမ်း ဖြစ်သည်။

ရှေ့ဆက်လက်သွားနေစဉ် သူ၏ အကြေးခွံအရောင်ဟာ ပြောင်းလဲလာခဲ့သည်။

အလွန်တောက်ပလွန်းသော အဖြူရောင်ခန္ဓာကိုယ်နှင့် အနီရောင် ဦးခေါင်းက သူ့ကို မွေးမြူရေး ကြက်တစ်ကောင်ကဲ့သို့ ခံစားရစေသောကြောင့် ဖန့်ရန်သည် သူ၏ အကြေးခွံအရောင်ကို ယခင်ကကဲ့သို့ အနက်ရောင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

တောအုပ်ထဲတွင် ရှေ့ဆက်သွားနေခဲ့သော ဖန့်ရန်က သူ၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန်နှင့် ဒိုင်နိုဆောတွေကို ရှာဖွေရန်အတွက် တုန်ခါမှုလှိုင်းတွေကို အသုံးပြုနေခဲ့သည်။

နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် သန်းတစ်ရာနှစ််ဆယ် လိုအပ်သောကြောင့် ယင်အခြေအနေအတိုင်း အမဲလိုက်မည်ဆိုလျှင် မည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။

...

ခဏအကြာတွင် ဖန့်ရန်သည် တောအုပ်၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင်တော့ မြက်ခင်းပြင်တစ်ခုက နေရာအနှံ့ဖြန့်ကျက်ထားပြီး ဘေးဘက်သုံးတန်အား သစ်ပင်များက ဝန်းရံထားကာ ညာဘက်တွင် လျှပ်စစ်ခြံစည်းရိုးနှင့် ဘိလပ်မြေလမ်းတစ်ခုရှိနေသည်။

မြက်ခင်းပြင်တွင်တော့ ဧရာမဒိုင်နိုဆောသုံးကောင်က မြက်တွေအား စားနေကြ၏။

"ဝိုး... ဒီပလိုဒေါကပ်စ်ပါလား"

ဧရာမဒိုင်နိုဆောသုံးကောင်ကို မြင်လိုက်ရသော ဖန့်ရန်သည် အနည်းငယ် အံ့အားသင့်သွား၏။ ၎င်းက အံ့အားသင့်ရုံသာ ဖြစ်သည်။ လူသားများအတွက် အလွန်ကြီးမားသော ဒီပလိုဒေါကပ်စ်သည် သူ့အတွက်တော့ စားသောက်ဖွယ်ရာပင် ဖြစ်သည်။

တစ်ကောင်လျှင် စနစ်အမှတ် ခြောက်သောင်းပေးနိုင်သော ဤဒိုင်နိုင်ဆော သုံးကောင်သည် သူ့အား ပျော်ရွှင်စေ၏။ ၎င်းတို့သည် T-Rex ထက်ပင် များစွာသာလွန်သည်။

ဤဒိုင်နိုဆောသုံးကောင်ကို စားသောက်ပြီးနောက် သူသည် စနစ်အမှတ် တစ်သိန်းရှစ်သောင်း ရရှိမည် ဖြစ်သည်။

ဒီပလိုဒေါကပ်စ်သုံးကောင်သည် ဖန့်ရန်၏ သစ်တောထဲမှ ထွက်လာခြင်းကို မြင်လိုက်ကြရပြီးနောက် ခဏမျှကြောင်ငေးသွားခဲ့ပြီး ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးကြသည်။ သို့သော် ၎င်းတို့သည် လွတ်မြောက်နိုင်ခြင်း မရှိဘဲ မိုးကြိုးဒိုမိန်၏ လျှပ်စီးဖြင့် ရိုက်ခတ်ခြင်းခံလိုက်ရပြီး နေရာမှာတင် သေဆုံးသွားကြသည်။

မိုးကြိုးဒိုမိန်ကို အသုံးပြုပြီးနောက် ဖန့်ရန်သည် ဒီပလိုဒေါကပ်စ် သုံးကောင်ဆီသို့ ချည်းကပ်သွားကာ စားသောက်ခြင်း အမှုပြုခဲ့၏။ ထိုနောက် သူသည် ရှေ့ဆက် ရွေ့လျားလိုက်သည်။

ဟူးးး... ဟူးးး...

ငါးမိနစ်ခန့်ကြာပြီးနောက် လီဇီနှင့် အခြားလူတွေ တောအုပ်ထဲက ထွက်လာနိုင်ကြသည်။ လူတိုင်း၏ ရင်ဘက်သည် နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး လူတိုင်းက ပြင်းထန်စွာ အသက်ရှူနေကြ၏။

"ဧရာမမြွေကြီး သွားတာအရမ်းမြန်တယ်"

လေကို အသည်းအသန် ရှူသွင်းရင်း လော်ယန်က အော်ပြောလိုက်သည်။

"ငါတို့တွေ သူ့ကို မှီအောင်မလိုက်နိုင်တော့ဘူး"

လူတိုင်း၏ လည်ချောင်းဟာ အလွန်ခြောက်သွေ့နေပြီး ခွေးသေများကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်နေကြသည်။

ဤအနေရာတွင် လူဆယ့်နှစ်ယောက်သာ ရှိနေပြီး အခြားသူများက အနောက်တွင် ကျန်ရစ်ခဲ့၏။

"ရိုလီ ဒီနေရာက လူတွေရှိတဲ့နေရာနဲ့ ဘယ်လောက်ဝေးသေးလဲ"

လီဇီက သူ့နောက်တွင် ရှိနေသည့် ယာဉ်မောင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။ သူ၏ စကားကို ကြားပြီးနောက် ယာဉ်မောင်းသည် လီဇီ အနားသို့ လျှောက်လာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ခဏအကြာတွင် ယာဉ်မောင်း၏ မျက်လုံးများ တောက်ပသွားသည်။

"သိပ်မဝေးတော့ဘူး။ ဒီနားမှာ ကွတ်ကဲရေးစင်တာရှိတယ်။ အဲဒီမှာ လုံခြုံရေးဝန်ထမ်းတွေ ရှိလိမ့်မယ်။ အဲဒီကို သွားကြရအောင်"

ယာဉ်မောင်းက ထိုစကားများကို တဆက်တည်း ပြောချလိုက်ပြီး၊ အခြားလူတွေ၏ တုံပြန်မှုကိုပင် မစောင့်တော့ဘဲ ဘယ်ဘက်ခြမ်းသို့ ဦးတည်ပြေးသွားတော့သည်။

လီဇီက ဧရာမမြွေကြီး ထွက်ခွာသွားသော ဦးတည်ရာသို့ တစ်ချက်ကြည့်လိုက်သည်။ ၎င်းကြောင့် ဖြစ်ပေါ်လာခဲ့သော ကျယ်ဝန်းသည့်လမ်းက ၎င်းဖြတ်သန်းသွားကြောင်း ဖော်ပြနေခဲ့သော သက်သေဖြစ်သည်။

လီဇီသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း၊ နောက်ဆုံးတွင် အံ့ကြိတ်ကာ ယာဉ်မောင်းနောက် ပြေးလိုက်သွားလိုက်သည်။

(နောက်ထွက်လာတဲ့ စာစဉ်တိုင်းကလည်း ၁၀ ပိုင်းပဲ ပါမှာပါ။ ၁လ ၂အုပ်ထွက်ပါတယ်။ ကျွန်တော် မွေးနေ့ ၂၂ ရက်နေ့တိုင်းမှာ ထွက်သမျှ စာအုပ်တိုင်းကို ၃၀၀ နဲ့ ထားခိုင်းလိုက်ပါမယ်။ ကော်ဖီဖိုး ၁၅၀၀ တောင် မရှိပါဘူးနော် စျေးကြီးတယ်လို့ မထင်ကြပါနဲ။ ၁ပိုင်းပြီးဖို့ ၂နာရီခွဲလောက် သီသန့်အချိန်ပေးရပါတယ်။ ဖတ်ရူပေးကြသူတိုင်း ကျေးဇူးပါ။)

.....

All Chapters