ထူးခြားဂူကောင်သန့်စင်နည်း
Vol. 4 Ch. 48
"ဆရာအဆင်ပြေတယ်...စစ်ပွဲအတွင်း နတ်ဆိုးလက်ချက်ကြောင့် ဒဏ်ရာရသွားတာဆိုတော့ ပြန်လည်သက်သာလာဖို့ အချိန်နည်းနည်းလောက်လိုတယ်"
ယုဟွမ်းချွမ်က ပြုံး၍ပြောလိုက်သည်။
"ဆရာ...တောင်ပိုင်းရှင်းကျန်းဒေသရဲ့ လက်ရှိအခြေအနေက ဘယ်လိုနေလဲ"
လီယွမ်သည် ပြင်ပလောကရှိ သတင်းများကို ဂရုမစိုက်သည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ယိုဘုရင်သည် သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ပြသခဲ့ပြီးနောက် စန်းလန်ဘုရင်နှင့်လုံး၀ဆန့်ကျင့်ဘက်တွင် ရပ်တည်ပြီးကတည်းက စစ်ပွဲသည် အဆင့်တစ်ခုထိတိုးမြင့်သွားခဲ့ကာ အချိန်အတိုင်းအတာတစ်ခုထိ တစ်ဖက်နှင့်တစ်ဖက် မည်သို့မှမလုပ်ဆောင်နိုင်ခဲ့ကြပေ။
ယခုအချိန်ထိ နှစ်ဖက်လုံးရင်ဆိုင်တိုက်ခိုက်သည့် တိုက်ပွဲများတွင် အကြီးအကျယ်အောင်ပွဲရခြင်းနှင့် ရှုံးနိမ့်သွားခြင်းတို့ကို လီယွမ်တစ်ခါမှ မကြားရသေးပေ။
ဆိုလိုသည်မှာ စစ်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်မယ့် အဓိကသော့ချက်တစ်ခုမပေါ်ပေါက်သရွေ့ စစ်ပွဲကအချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေမှာဖြစ်သည်။သို့ဖြစ်ရာ ထိုအကြောင်းကို အလွန်အမင်းအာရုံစိုက်နေ၍ အကျိုးရှိလာမည်မဟုတ်ပေ။
"တိုက်ပွဲတွေကပြင်းထန်လာပေမဲ့ ကနဦးသွေးချောင်းစီးတိုက်ပွဲအချို့ပြီးတဲ့နောက်မှာ ကြီးကြီးမားမားတိုက်ပွဲတွေမရှိခဲ့ဘူး"
"နယ်မြေ၂ခုကြားမှာ အသာစီးရသွားတဲ့အခြေအနေက နည်းနည်းလောက်ပဲရှိတယ်"
"ဒီတိုက်ပွဲကြီးမှာ ငါ့လိုအဌမအဆင့်ဂူသူတော်စင်တွေတောင်မှ တိုက်ပွဲရလဒ်ကို မပြောင်းလဲပေးနိုင်တော့ဘူး"
"လက်ရှိအချိန်မှာ ကမ္ဘာကြီးရဲ့ချိန်ခွင်လျှာကို န၀မအဆင့်တွေက ချုပ်ကိုင်ထားခဲ့တယ်"
"ကောင်းပြီ...အပြင်လောကအကြောင်းပြောနေတာကို ခဏရပ်လိုက်ရအောင်...ဒါကမင်းစိုးရိမ်သင့်တဲ့အရာမဟုတ်ဘူး...မင်းလိုပါရမီရှင်လူငယ်တစ်ယောက်က ရှေ့တန်းမှာတိုက်ပွဲ၀င်စရာမလိုသေးဘူး"
ယုဟွမ်းချွမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လီယွမ်အား ကျိုးကုန်းဂူအသိုက်၏ အနာဂတ်ကျောရိုးအဖြစ် ယုဟွမ်းချွမ်က သတ်မှတ်လိုက်ပြီဖြစ်သည်။
"နားလည်ပါပြီ ဆရာ..."
"လီယွမ်...ထူးခြားဂူကောင်စာရင်းရဲ့ နံပါတ်၉နေရာမှာရှိတဲ့ဂူကောင်က ဘယ်လိုဂူကောင်လဲ"
ဟုဟွမ်းချွမ်က မေးမြန်းလိုက်သည်။
"အိပ်မက်ဂူကောင်ပါဆရာ...အိပ်မက်ဂူကောင်ကို ပင်မဂူကောင်အဖြစ်သန့်စင်ပြီးသွားလို့ရှိရင် ဂူသခင်ဟာတခြားသူတွေရဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်သလို အဲလူရဲ့အမှတ်တရတွေကိုလည်း ပိုးအိမ်တွေအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်"
"ကောင်းတယ်...ငါမင်းကိုသင်ကြားပေးမှာက အိပ်မက်ဂူကောင်ကို သန့်စင်ပေးနိုင်တဲ့နည်းလမ်းပဲ"
ယုဟွမ်းချွမ်က ခေါင်းညိတ်ပြလိုက်သည်။
သာမန်အခြေအနေတစ်ခုအရ ဂူသခင်သည် စတုတ္ထအဆင့်ဂူသခင်တစ်ယောက်ဖြစ်လာပြီးနောက် သူ၏ပင်မဂူကောင်ကို အစားထိုးရန်အတွက် ခက်ခဲသောကန့်သတ်ချက်များရှိသော်လည်း ထိုကန့်သတ်ချက်များသည် ထူးခြားဂူကောင်များနှင့် မသက်ဆိုင်ပေ။
ထူးခြားဂူကောင်သည် မရေမတွက်နိုင်သော ဂူသခင်များ တစ်သက်တာလုံးလိုက်လံရှာဖွေနေသောအရာဖြစ်ကာ ထူးခြားဂူကောင်မဟုတ်သော အခြားသောဂူကောင်များအပေါ် ဖိနှိပ်ချုပ်ချယ်နိုင်သော အားကောင်းသည့်အကျိုးသက်ရောက်မှုရှိသည်။
"ဆရာ့ရဲ့ကျေးဇူးတွေကို တပည့်ကအမြဲအမှတ်ရနေမှာပါ..."
ထူးခြားဂူကောင်ကို ကိုယ်တိုင်သန့်စင်နိုင်ရန် အလွန်ပင်ခက်ခဲလှပေသည်။လီယွမ်သည် နှစ်ပေါင်းများစွာ ဂူကောင်များကိုပေါင်းစပ်ခဲ့သော်လည်း ထိုအဖြစ်မှန်ကိုလက်ခံခဲ့ရသည်။
ကံကောင်းမှုကသူ့အားမျက်နှာသာမပေးပါက အနက်ရောင်အိုး၏အဆုံးမရှိသော ပေါင်းစပ်နိုင်စွမ်းကြောင့်ပင် ထူးခြားဂူကောင်ကို သူရရှိနိုင်မည်မဟုတ်ပေ။
သူသည် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို ပေါင်းစပ်နိုင်ခဲ့ခြင်းမှာ မတော်တဆသာဖြစ်ပြီး သူ၏ကံကောင်းမှုအလုံးစုံကို အသုံးပြုခဲ့ရသည်။
သို့သော် သူ့အားလမ်းပြပေးမည့်သူရှိပါက အခြေအနေများက ကွာခြားသွားမည်ဖြစ်သည်။
လီယွမ်သည် ရှုပ်ထွေးသောပေါင်းစပ်ရေးလုပ်ငန်းစဉ်ကို ကျော်လွှားကာ အဆုံးသတ်ရလဒ်ကို တိုက်ရိုက်ယူဆောင်နိုင်စွမ်းရှိသည်။သူသည် သာမန်ဂူသခင်များကဲ့သို့ ဂူကောင်ကိုပေါင်းစပ်ရာတွင် အချိန်များစွာကုန်ဆုံးစေမည်မဟုတ်ပေ။
အချို့အဆိပ်ရှိသောဂူကောင်များသည် ပြုစုပျိုးထောင်ရန်အတွက် လ၊နှစ် သို့မဟုတ် ဆယ်စုနှစ်နှင့်ချီလိုအပ်ပေသည်။
ထိုကာလအတွင်း ဂူသခင်များသည် အမှားလုပ်မိရန် အခွင့်အရေးမရှိကြပေ။
သို့သော် လီယွမ်ကသူတို့နှင့်မတူပေ။သူ့ထံတွင် မရေမတွက်နိုင်သော အခွင့်အရေးများစွာရှိပေသည်။
"ထူးခြားဂူကောင်တွေကို မွေးမြူဖို့အတွက်ဆိုရင် ကြီးမားတဲ့စိတ်ရှည်သည်းခံမှု၊ထူးကဲတဲ့ဇွဲလုံ့လနဲ့ ကောင်းမွန်တဲ့အရည်အချင်းတွေလိုအပ်တယ်"
"ဒါတောင်မှ အမှားတစ်ခုတောင် လုပ်လို့မရဘူး...အမှားလေးတစ်ခုက ပေါင်းစပ်ခြင်းဖြစ်စဉ်တစ်ခုလုံးကို ဆုံးရှုံးမှုဖြစ်စေနိုင်တယ်"
ယုဟွမ်းချွမ်၏လေသံက အလွန်ပင်ပြင်းထန်လာခဲ့သည်။
"တပည့် ငါပြောတာကိုသေချာလိုက်မှတ်..."
ယုဟွမ်းချွမ်၏စကားကြောင့် လီယွမ်ကစတင်၍လေးနက်လာခဲ့သည်။
"မင်းရဲ့ဆရာက ငယ်ငယ်တုန်းကအရမ်းကိုမာနကြီးခဲ့တယ်...ဒါကြောင့်အိပ်မက်ဂူကောင်ကို သန့်စင်တဲ့အရေးကြီးတဲ့အဆင့်မှာ ကျရှုံးခဲ့ရပြီးတော့ ငါ့ရဲ့စိတ်စွမ်းအားကလည်း ကုသလို့မရနိုင်တဲ့ဒဏ်ရာကိုရရှိခဲ့တယ်"
"ဒါကြောင့် ငါ့ဘ၀မှာ န၀မအဆင့်ဂူဧကရာဇ်အဖြစ်ကို ရောက်ရှိနိုင်မှာမဟုတ်တော့ဘူး..."
ယုဟွမ်းချွမ်က ခါးသီးသောလေသံဖြင့်ပြောလိုက်သည်။
လီယွမ်က ယုဟွမ်းချွမ်၏အတွေ့အကြုံကို သေချာနားထောင်နေခဲ့သည်။ယုဟွမ်းချွမ်သည် သန့်စင်မှုလုပ်ငန်းစဉ်တွင် အောင်မြင်မှုရရှိရန်အလောတကြီးဖြစ်ခဲ့ကာ အိပ်မက်ဂူကောင်အား အသက်သွင်းရန်အတွက် လျှို့ဝှက်နည်းလမ်းအား အသက်သွင်းခဲ့သော်လည်း အဆုံးသတ်၌ တန်ပြန်ထိခိုက်မှုကိုခံစားခဲ့ရသည်။
ပြည့်စုံမှုမရှိသေးသော အိပ်မက်ဂူကောင်သည် သူ၏ဦးနှောက်အတွင်းသို့စိမ့်၀င်သွားခဲ့ကာ သူ၏စိတ်ဝိညာဉ်ပင်လယ်အား ထိခိုက်စေခဲ့သည်။ထိုအချိန်မှစတင်၍ သူ၏စိတ်စွမ်းအားသည် လုံး၀တိုးတက်မှုမရှိတော့ဘဲ န၀မအဆင့်သို့တက်လှမ်းရာလမ်းကြောင်းက ပိတ်ဆို့ခံလိုက်ရသည်။
"နှမြောစရာပဲ...ဆရာကသာပိုပြီးစိတ်ရှည်ရင် အောင်မြင်မှုရခဲ့လိမ့်မယ်"
လီယွမ်က စိတ်မသက်မသာဖြင့် သက်ပြင်းချမိလိုက်သည်။
"အမှန်ပဲ...ဒါပေမဲ့ ငါငယ်ငယ်တုံးက ငါဟာအရမ်းကိုမာနကြီးပြီးတော့ ကမ္ဘာပေါ်က အတော်ဆုံးပါရမီရှင်တစ်ယောက်လို ပြုမူခဲ့တယ်...နောက်ဆုံးမှာငါရဲ့မာနနဲ့စိတ်ကြီး၀င်မှုအတွက် ငါကိုယ်တိုင်ပေးဆပ်ခဲ့ရတာပဲ"
ယုဟွမ်းချွမ်က ၀မ်းနည်းနေသောလေသံဖြင့်ပြောလိုက်သည်။သူငယ်ငယ်တုံးကလုပ်ခဲ့မိသောအမှားက ယခုအခါပြန်ပြင်မရသော နောင်တဖြစ်လာခဲ့သည်။
ထိုအတွက်ကြောင့် လီယွမ်ကဲ့သို့သော ပါရမီရှင်လူငယ်တစ်ယောက်အဖို့ ယခုလိုစိတ်သဘောထားက အလွန်ပင်ရှားပါးကြောင်း ယုဟွမ်းချွမ်နားလည်ထားခြင်းဖြစ်သည်။ထိုလူငယ်သည် ဂူတာအို၌အထွတ်အထိပ်သို့ရောက်ရှိရန် မွေးဖွားလာခြင်းဖြစ်သည်။
ဂူတာအိုသည် သိုင်းတာအိုနှင့်ကွဲပြားပေသည်။သိုင်းတာအိုတွင် နားလည်နိုင်စွမ်းမြင့်မားသောစိတ်နှလုံးသား၊ကြံ့ခိုင်သောစိတ်ဓာတ်သန်မာမှုနှင့် သန်မာသောရန်သူများကိုပင် မကြောက်မရွှံရင်ဆိုင်ဝံ့သော သတ္တိကို အလေးပေးဖော်ပြထားသည်။
"မှင်တံနဲ့စာရွက်တစ်ရွက်ယူလာခဲ့...အိပ်မက်ပိုးဂူကောင်ကို သန့်စင်တာနဲ့ပတ်သက်ပြီး ငါသိသမျှအရာအားလုံးကို မင်းဆီမျှဝေပေးခဲ့မယ်"
ယခင်က ယုဟွမ်းချွမ်သည် လီယွမ်အား ဤနည်းလမ်းကိုပေးအပ်ရန်အတွက် အချိန်ခဏလောက်စောင့်ဆိုင်းလိုခဲ့သည်။သို့သော်လည်း ယခုရရှိထားသောဒဏ်ရာကြောင့် သူ၏အခြေအနေက ပိုမိုဆိုးဝါးလာခဲ့ပါက ဤနည်းလမ်းကို မျှဝေမပေးနိုင်တော့မည့် အချိန်သို့ရောက်လာနိုင်သည်။
အဆုံးသတ်တွင် သူသည်နောင်တကို ရင်၀ယ်ပိုက်ကာ သေဆုံးရမည်ဖြစ်သည်။
လီယွမ်သည် ကောင်းမွန်စွာစွမ်းဆောင်နိုင်ရုံသာမက သူ၏စွမ်းဆောင်ရည်သည် အချိန်တိုင်းလိုလိုပင် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။သို့ဖြစ်ရာ သူ၏လက်ရှိတပည့်၃ယောက်အနက် လီယွမ်သည် အိပ်မက်ပိုးဂူကောင်ကိုသန့်စင်နိုင်ရန်အတွက် အလားအလာအရှိဆုံးဖြစ်သည်။
"ကျေးဇူးပြုပြီး သင်ကြားပေးပါဆရာ"
ထိုအချိန်တွင် လီယွမ်သည်တုံ့ဆိုင်းခြင်းမရှိဘဲ မှင်တံနှင့်စာရွက်ကိုထုတ်ယူကာ ဂရုတစိုက်နားထောင်နေခဲ့သည်။
ယုဟွမ်းချွမ်က မတ်တပ်ရပ်ကာ စတင်ရှင်းပြလိုက်သည်။
"အိပ်မက်ပိုးဂူကောင်ကို သန့်စင်တဲ့ရှေးဟောင်းနည်းလမ်းက ပျောက်ဆုံးနေတာကြာပြီ...ငါကိုယ်တိုင်တောင် မရေမတွက်နိုင်တဲ့ရှေးဟောင်းစာအုပ်တွေကို ရှာဖွေပြီး အသေးစိတ်အချက်အလက်တွေကို စုစည်းခဲ့ရတယ်...အဆုံးသတ်မှာ နှစ်ပေါင်း၃၀ကြာလေ့လာပြီးတဲ့နောက် စစ်မှန်တဲ့နည်းလမ်းတစ်ခုကို ရရှိခဲ့တယ်"
"ပထမအဆင့် - အိပ်မက်ပိုးဂူကောင်ရဲ့ အခြေခံအကျဆုံးဂူကောင်က တစ္ဆေဝိညာဉ်ဂူကောင်ပဲ"
"ဂူသခင်က တစ္ဆေဝိညာဉ်ဂူကောင်တွေ အမြောက်အများကို ပြင်ဆင်ထားရမှာဖြစ်ပြီး အဲဂူကောင်တွေကို တိမ်တိုက်ကြာစေ့၊ခရမ်းရောင်ပွင့်ချပ်၊အနီရောင်မှိုနဲ့အခြားဆေးဖက်၀င်အပင်တွေအများကြီး ကျွေးမွေးထားဖို့လိုအပ်တယ်"
"တစ်ခါတရံမှာ ဆေးပင်တစ်ခုတည်းကျွေးရမှာဖြစ်ပြီး နောက်တစ်ခေါက်မှာ ရောစပ်ထားတဲ့ဆေးကိုကျွေးရမယ်"
"အဲလိုနဲ့ အဆင့်ဆင့်ကျွေးမွေးပြီးတဲ့နောက်မှာ ဆန်းကြယ်ဂူကောင်အဖြစ် အဆင့်တက်သွားလိမ့်မယ်"
"ဆန်းကြယ်ဂူကောင်ကိုရရှိပြီးရင် နောက်ထပ်အနက်ရောင်အိုးတစ်လုံးကိုပြင်ဆင်ပြီး ရှားပါးဂူကောင်၃ကောင် ထပ်မံပြုစုပျိုးထောင်ရမယ်"
“…”
"အရေးအကြီးဆုံးအဆင့်က အိပ်မက်အသွင်ပြောင်းခြင်း၉သွယ်လို့ ငါသတ်မှတ်ထားတယ်...အဲ့အဆင့်က ဥကပေါက်ခါစ ပိုးကောင်တွေကို ခူကောင်အဖြစ်ပြောင်းလဲဖို့၊ပြီးတော့ခူကောင်တွေက ဆောင်းခိုပြီးတော့ လိပ်ပြာအဖြစ်အသွင်ပြောင်းဖို့၊အဲလိပ်ပြာတွေက ဥတွေထပ်ဥပြီး ပိုးကောင်အသစ်တွေမွေးဖို့၊အဲလိုလုပ်ငန်းစဉ်ကို ၉ခါတိတိဖြတ်ကျော်ရမယ်"
"ပြောင်းလဲခြင်းတစ်ခုက ၃နှစ်ကြာတယ်...ဒီတော့ ပြောင်းလဲခြင်း၉သွယ်က ၂၇နှစ်ကြာမှာဖြစ်ပြီး အဲအဆင့်ကိုအမှန်တကယ်ဖြတ်ကျော်နိုင်သွားပြီဆိုရင်တော့ ထူးခြားဂူကောင်ဖြစ်တဲ့ အိပ်မက်ပိုးဂူကောင်ကို မင်းရရှိလာမှာဖြစ်တယ်"
ယုဟွမ်းချွမ်သည် သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးအား အသေးစိတ်ပြောပြနေခဲ့သည်။လီယွမ်သည် ထိုလုပ်ငန်းစဉ်အား အလွန်စိတ်၀င်စားခဲ့ကာ ထူးခြားဂူကောင်အား သန့်စင်ရာ၌ မည်မျှထိခက်ခဲသည်ကို ပထမဆုံးအကြိမ်သိရှိသွားခဲ့သည်။
ထိုအရာသည် ကောင်းကင်ပေါ်တက်ရသည်ထက် ခက်ခဲသည်ဟုဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။
ဂူသခင်တို့၏ ရှည်လျားလှသောသမိုင်းတလျှောက်တွင် ထူးခြားဂူကောင်အမျိုးအစား၃၃ခုသာ ရှိသည်ကိုကြည့်ခြင်းအားဖြင့် ထူးခြားဂူကောင်က မည်မျှရှားပါးကြောင်းသိရှိနိုင်သည်။ထို့ပြင်ထူးခြားဂူကောင်အများစုမှာ အမည်သာရှိကာ ၎င်း၏သန့်စင်ခြင်းနည်းလမ်းကို မသိကြပေ။
ထူးခြားဂူကောင်အချို့သည် သမိုင်းတွင်ခဏသာပေါ်ထွက်လာခဲ့ပြီး ဂူသခင်များက ထိုကဲ့သို့ဂူကောင်မျိုးကို ဒုတိယအကြိမ်သန့်စင်ရန် အလွန်ခက်ခဲပေလိမ့်မယ်။
"အရင်တုံးက မင်းဆရာဟာ အောင်မြင်မှုရရှိဖို့အတွက် အရမ်းကိုစိတ်လောသွားခဲ့တယ်...ဒါကြောင့် အိပ်မက်ပိုးဂူကောင်ကို ပြည့်စုံတဲ့အဆင့်ကိုရောက်တဲ့ထိမစောင့်နိုင်တော့ဘဲ ဆဌမအကြိမ်အသွင်ပြောင်းချိန်မှာ လျှို့ဝှက်နည်းစနစ်ကိုသုံးပြီး အိပ်မက်ပိုးဂူကောင်ကို သန့်စင်ဖို့လုပ်ဆောင်ခဲ့တယ်"
"အဲတုံးက ငါ့ရဲ့ပန်းတိုင်ကိုရောက်ရှိဖို့ ဘယ်လောက်လိုသေးလဲဆိုတာကို ငါသေချာမသိသေးဘဲ အလောတကြီးလက်တွေ့စမ်းသပ်မိခဲ့တယ်...ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် အိပ်မက်ပိုးဂူကောင်က အပြည့်အ၀ကြီးထွားပြီးနောက် ဂူသခင်ရဲ့ပင်မဂူကောင်အနေနဲ့ သန့်စင်ချင်တယ်ဆိုရင် အနည်းဆုံးအသွင်ကူးပြောင်းမှု၉ကြိမ်ကို ပြီးမြောက်ရလိမ့်မယ်"
ယုဟွမ်းချွမ်သည် သူ၏ဘ၀တလျှောက်လုံး လေ့လာခဲ့သော အသိပညာများအားလုံးကို ထိန်ချန်ထားခြင်းမရှိဘဲ လီယွမ်ထံသို့အကုန်လုံးလွဲပြောင်းပေးခဲ့သည်။
"တပည့်တစ်ယောက်အနေနဲ့ ဆရာ့ကိုစိတ်ပျက်စေမယ့်အလုပ်မျိုး မလုပ်ပါဘူး"
လီယွမ်သည် ဤတာ၀န်၏လေးလံမှုကိုခံစားမိခဲ့ပေသည်။ဤသည်မှာ ယုဟွမ်းချွမ်၏တသက်တာ မျှော်လင့်ချက်လည်းဖြစ်သည်။
ယုဟွမ်းချွမ်က စိတ်သက်သာရာရစွာပြုံး၍ပြောလိုက်သည်။
"မင်းအောင်မြင်မှာပါ...သေချာစဉ်းစားကြည့်မယ်ဆိုရင် မင်းနဲ့ငါနဲ့တွေ့တာ ဒါနဲ့ဆိုတတိယအကြိမ်ပဲ...ဆရာနဲ့တပည့်ကြားမှာ ခင်မင်ရင်းနှီးမှုသိပ်မရှိသေးဘူး...ငါမင်းကိုအများကြီးမပေးခဲ့သလို မင်းဆီကလည်းဘာမှပြန်မတောင်းဆိုပါဘူး..."
"ဒါကတော့ မလိုလားအပ်တဲ့ စိတ်ခံစားချက်တစ်ခုပါဘဲ...ဒီဟာကငါမအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုသာဖြစ်လို့ မင်းကိုယ်မင်းအရမ်းကြီးဖိအားပေးနေစရာမလိုပါဘူး"
"တစ်နေ့မှာ မင်းအောင်မြင်သွားခဲ့လို့ရှိရင် အိပ်မက်ပိုးဂူကောင်ကို မင်းဆရာရဲ့အုတ်ဂူရှေ့ကို ခဏလောက်ယူလာပေးပါ...အဲ့ဒါဆိုရင် တမလွန်ကိုသွားတဲ့ခရီးမှာ ငါနောင်တရစရာမရှိတော့ဘူး"
"ဆရာ...အဲလောက်ထိအဆိုးမြင်နေစရာမလိုပါဘူး...ဆရာရှိနေတုံး ငါအိပ်မက်ပိုးဂူကောင်ကို အောင်အောင်မြင်မြင်သန့်စင်ပြမယ်"
လီယွမ်က ပြောလိုက်သည်။
လီယွမ်အဖို့ ထူးခြားဂူကောင်ကို မည်သို့မည်ပုံသန့်စင်ရမည်ဖြစ်ကြောင်း သိရှိပြီးနောက်တွင် အရာအားလုံးကလွယ်ကူသွားပြီဖြစ်သည်။သူ့အတွက် ဦးတည်ချက်ရရှိပြီဖြစ်ရာ လက်ကျန်လုပ်ငန်းစဉ်တစ်ခုလုံးအတွက် လှည့်ကွက်အနည်းငယ်ထပ်ပေါင်းထည့်ရုံဖြင့် အောင်မြင်တော့မည်ဖြစ်သည်။
…