ပြန်လည်ပေါ်ထွက်လာသော မင်းသားလေး၏သဲလွန်စ
Vol. 4 Ch. 49
"မင်းမှာအဲလိုရည်ရွယ်ချက်ကောင်းတွေရှိနေတော့ ငါကျေနပ်မိပါတယ်..."
ယုဟွမ်းချွမ်သည် လီယွမ်၏စကားများကို ဟာသတစ်ခုသဖွယ်ယူဆ၍ အလေးအနက်မထားခဲ့ပေ။
"ဆရာ...အိပ်မက်ပိုးဂူကောင်ကိုသန့်စင်ဖို့ ကုန်ကြမ်းတွေရှိသေးလား"
လီယွမ်က မေးမြန်းလိုက်သည်။
"မရှိတော့ဘူး..."
ယုဟွမ်းချွမ်က ခေါင်းခါပြလိုက်သည်။
ထိုနှစ်တွင် သန့်စင်မှုကျရှုံးခဲ့ပြီးနောက် ယုဟွမ်းချွမ်သည် အိပ်မက်ပိုးဂူကောင်အား သန့်စင်ရာတွင် အသုံးပြုမည့်ပစ္စည်းအားလုံးကို ဖျက်ဆီးလိုက်ကာ ထပ်မံမစုဆောင်းတော့ပေ။
သူသည် ထိုကျရှုံးမှုမှ ရုန်းထွက်လာရန် အချိန်အတော်ကြာခဲ့ပေသည်။သို့သော် သူ၏ဘ၀ကိုအရှုံးပေးရန် ဆန္ဒမရှိသည့်အတွက်ကြောင့် သူသည်တပည့်များကို ခေါ်ယူစုဆောင်းခဲ့သည်။
သူသည် ငယ်ရွယ်သောပါရမီရှင်များ၏ ဘ၀တစ်သက်တာဆန္ဒကို ပြီးပြည့်စုံစေရန် အားထုတ်ပေးခဲ့သည်။
"ကုန်ကြမ်းတွေကို စုဆောင်းဖို့အချိန်နည်းနည်းလောက်ယူလိုက်ပါ...မင်းမှာအချိန်တွေအများကြီးရှိပါသေးတယ်"
လီဟွမ်ချွမ်းက အပြစ်မမြင်ဘဲ တိုက်တွန်းလိုက်သည်။
"နားလည်ပါပြီ..."
လီယွမ်ကလည်း အထွန့်မတက်ဘဲ လက်ခံလိုက်သည်။
"မင်းရဲ့ဆရာသွားရတော့မယ့်အချိန်ရောက်တော့မယ်...ဒီတိုက်ပွဲကနေ ငါပြန်မရောက်လာခဲ့ရင် မင်းဆဌမအဆင့်ဂူသခင်ဖြစ်လာတဲ့အခါကျ န၀မနန်းတော်ရဲ့အတွင်းစည်းကိုသွားပြီးတော့ မင်းရဲ့စီနီယာအစ်မကြီးကို သွားရှာဖို့မမေ့နဲ့"
ယုဟွမ်းချွမ်က တိုးတိုးလေးပြောလိုက်သည်။
"သူမက မင်းကိုဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ ခေါ်ဆောင်ပေးသွားလိမ့်မယ်"
"ဂူသခင်တစ်ယောက်အနေနဲ့ အဲ့ဒါကမင်းရဲ့ဘ၀ကိုပြောင်းလဲနိုင်မယ့်အခွင့်အရေးပဲ...မင်းဒါကို ဆုပ်ကိုင်ထားရမယ်"
လီယွမ်သည် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေအကြောင်းကို အမြဲလိုလိုပင်အမှတ်ရနေခဲ့သော်လည်း ယခုအချိန်တွင် န၀မနန်းတော်၏အတွင်းစည်းထဲသို့ မသွားချင်သေး၍ ထိုအကြောင်းကိုတစ်ခါမှ မပြောခဲ့ပေ။
ထိုကိစ္စအား သူသတိနှင့်ကိုင်တွယ်ရမည်ဖြစ်သည်။န၀မနန်းတော်၏အတွင်းစည်းထဲသို့ ရောက်သွားပါက သူသည်ပင်မဂူကောင်များစွာသန့်စင်ထားသည်ကို တွေ့မြင်နိုင်သူရှိကောင်းရှိနိုင်ပေသည်။
လီယွမ်သည် န၀မနန်းတော်၏အတွင်းစည်းထဲသို့မသွားမှီ ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေအတွင်းသို့ မ၀င်ရောက်မှီ သူ၏စိတ်စွမ်းအားကို နယ်မြေအဆင့်သို့ရောက်ရှိအောင် အရင်ဆုံးပြုလုပ်ရမည်ဖြစ်သည်။
"ဆရာ...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ထူးခြားဂူကောင်တွေ ရှိနိုင်သလား"
လီယွမ်က မေးမြန်းလိုက်သည်။
"ရှိတယ်...လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀က ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲမှာ ထူးခြားဂူကောင်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ဂူသခင်တစ်ယောက်ရှိခဲ့ဖူးတယ်...နောက်ပိုင်းမှာအဲဂူသခင်က ကောင်းကင်ကိုတောင် ရောက်ရှိသွားခဲ့တယ်လေ"
ယုဟွမ်းချွမ်က ပြုံး၍ပြောလိုက်သည်။
လီယွမ်က သူ၏နဖူးကိုပွတ်သပ်ရင်း ရေရွတ်မိလိုက်သည်။
"နှစ်ပေါင်း၁၀၀၀မှ တစ်ယောက်ပဲလား"
ဤဖြစ်နိုင်ခြေနှင့် သုညအကြားကွာခြားချက်သည် အဘယ်နည်း။
"ထူးခြားဂူကောင်တွေက သဘာ၀အတိုင်းဖြစ်တည်လာဖို့ အရမ်းကိုခဲယဉ်းတယ်...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေက ဂူအင်မော်တယ်ဉာဏ်အလင်းရခဲ့တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် ထူးခြားဂူကောင်နဲ့မရေမတွက်နိုင်တဲ့ ရှားပါးဂူကောင်တွေပေါက်ဖွားနိုင်တယ်"
ယုဟွမ်းချွမ်က ရှင်းပြလိုက်သည်။
ထိုအချိန်တွင် လီယွမ်၏စိတ်ထဲ၌ ရဲရင့်သောအတွေးတစ်ခုဖြစ်တည်လာခဲ့သည်။
သူသည် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲရှိ ဂူကောင်များကိုအသုံးပြုကာ ပေါင်းစပ်မှုများကိုလုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက မည်သို့ဖြစ်လာနိုင်မည်နည်း။
သူသည် ပင်မဂူကောင်တစ်ကောင်ကို ပေါင်းစပ်မှုအတွက် အခြေခံအနေဖြင့် အသုံးပြုရန်စဉ်းစားနေသည်မှာ ကြာလှပြီဖြစ်သည်။သို့သော် စားဖိုမှူးတစ်ယောက်အနေဖြင့် ဟင်းခတ်အမွှေးအကြိုင်များမရှိဘဲ အရသာရှိသောဟင်းတစ်ပွဲအား ချက်ပြုတ်ရန် မလွယ်ကူပေ။
"တပည့်နားလည်ပါပြီ..."
လီယွမ်သည် နောက်ထပ်မေးခွန်းများအား ဆက်၍မမေးမြန်းတော့ပေ။သူသည် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေသို့၀င်ရောက်ကာ ဂူကောင်များနှင့်အခွင့်အလမ်းများကို ရှာဖွေလိုသော်လည်း ယခုအချိန်တွင်ထိုဆန္ဒများကို သူ၏နှလုံးသားထဲ၌ သိမ်းဆည်းထားရမည်ဖြစ်သည်။
…
ယုဟွမ်းချွမ်ထွက်သွားပြီး ရက်အနည်းငယ်အကြာတွင် စန်းလန်နန်းတော်မှလူများရောက်လာကာ နောက်ထပ်နတ်ဆိုးအလောင်းများကို လာရောက်ပို့ဆောင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် လီလောချမ်လိုက်ပါမလာခဲ့ပေ။
သူသည် နတ်ဆိုးအလောင်းကိုယူဆောင်လာပေးသော တပ်မှူးကိုသာတွေ့ခဲ့ရသည်။
"အစ်ကို...ဒီနေ့မစ္စလီဘာလို့မလာတာလဲ သိခွင့်ရှိမလား"
"ဗိုလ်မှူးလီက အရှင့်ရဲ့အမိန့်ကြောင့် တခြားနေရာကိုသွားပါတယ်"
တပ်မှူးက ပြန်ဖြေလိုက်သည်။
"မကြာသေးခင်က ကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ခဲ့လို့လား"
လွန်ခဲ့သောရက်အနည်းငယ်က သူ၏ဆရာယုဟွမ်းချွမ်သည် ဒဏ်ရာရရှိလာခဲ့ပြီး သူ့အားထူးခြားဂူကောင်ဖြစ်သော အိပ်မက်ပိုးဂူကောင်အား သန့်စင်ရန်အတွက် လျှို့ဝှက်နည်းလမ်းအား သင်ကြားပေးခဲ့သည်။
ထိုအချိန်တွင် ကြီးကြီးမားမားတစ်စုံတစ်ရာ ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း လီယွမ်ရိပ်မိလိုက်သည်။
ယခုလီလောချမ် လိုက်ပါမလာခြင်းက သူ၏ခန့်မှန်းချက်အား ပိုမိုခိုင်မာစေခဲ့သည်။
ယခင်ကဆိုလျှင် နတ်ဆိုးအလောင်းများလာပေးသည့်အဖွဲ့ကို လီလောချမ်ကိုယ်တိုင်ဦးဆောင်၍ ရောက်လာလေ့ရှိသည်။သို့သော်ယခုအခါ လီလောချမ်ပါမလာသည့်အတွက် စစ်ပွဲကာလ၌ လွန်စွာအရေးကြီးသောအရာတစ်ခုဖြစ်လာတော့မည်ဟု လီယွမ်နားလည်လိုက်သည်။
"ဒါယန်းမင်းဆက်ရဲ့ တစ်ဦးတည်းသောရှင်ကျန်ရစ်သူ မင်းသားလေးက စစ်နတ်ဘုရားရဲ့ရတနာသိုက်နဲ့ပတ်သက်တဲ့ သဲလွန်စအချို့ကို ထုတ်ဖော်ပြသခဲ့တယ်လို့ ကောလဟာလတွေကြားခဲ့ရတယ်...ဒါ့ကြောင့်ကမ္ဘာပေါ်က အင်အားစုတွေက အဲ့အရာအတွက်တိုက်ပွဲ၀င်ဖို့ ပြင်ဆင်နေကြတယ်"
တပ်မှူးက ပြန်ဖြေလိုက်သည်။
"မင်းသားလေးက တကယ်ထွက်ပေါ်လာတာလား"
ထိုအရာသည် လီယွမ်၏နှလုံးသားကို လှုပ်ခါသွားစေနိုင်သော အကြောင်းအရာအနည်းငယ်ထဲမှ တစ်ခုပင်ဖြစ်သည်။
"ဒါကိုဘယ်သူသိနိုင်မှာလဲ...ငါတို့စိုးရိမ်ရမယ့်ကိစ္စလည်းမဟုတ်ပါဘူး"
တပ်မှူးက ပုခုံးတွန့်ပြကာ ပြောလိုက်သည်။
"ငါ့အမြင်အရဆိုရင် မင်းသားလေးကခုလိုအချိန်အကြာကြီး ပုန်းအောင်းနေမှာထက်စာရင် ထွက်လာလိုက်တာပိုကောင်းလိမ့်မယ်...လူသားတွေဘက်က ဘယ်သူကဖြစ်ဖြစ် စစ်နတ်ဘုရားရဲ့ရတနာသိုက်ကို ရခဲ့မယ်ဆိုရင် ဟောဒီစစ်ပွဲကြီးက အမြန်ဆုံးချုပ်ငြိမ်းသွားမှာလေ...ဒါကလူတိုင်းလိုချင်နေတဲ့အရာပဲ"
"စည်းစိမ်ချမ်းသာနဲ့ကြုံတွေ့လာရရင် လူတွေကဒုက္ခရောက်ကြ၊ဆုတ်ယုတ်လာကြရတယ်...နောက်ဆုံးမှာ ထျန်းယွမ်တိုက်ကြီးတောင် ပျက်စီးသွားရလိမ့်မယ်"
တပ်မှူးသည် အလွန်မောပန်းနေပုံရကာ မကျေနပ်ချက်များကို ထုတ်ပြောနေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ လီယွမ်လည်း စကားတစ်ခွန်းမှမပြောနိုင်ခဲ့ပေ။သူကိုယ်တိုင်လည်း လက်ရှိအခြေအနေကို မပြောင်းလဲပေးနိုင်ပေ။
စစ်နတ်ဘုရား၏ရတနာသိုက်ကို ဖွင့်လှစ်လိုက်ခြင်းက စစ်နတ်ဘုရားအသစ်ပေါ်ထွက်လာမည်ဟု မဆိုလိုပေ။ယင်းအစား စစ်ပွဲအခြေအနေအား ပိုမိုပြင်းထန်ရှုပ်ထွေးလာစေမည်ဖြစ်သည်။
လီယွမ်သည် တပ်မှူးနှင့်ခဏလောက်စကားပြောပြီးနောက် စာရင်းတစ်ခုနှင့်အနက်ရောင်အိုးများစွာကို တပ်မှူးထံပေးလိုက်သည်။
"ဒါတွေက ဂူကောင်ကိုသန့်စင်တဲ့နေရာမှာ နောက်တစ်ဆင့်အတွက် လိုအပ်တဲ့ပစ္စည်းတွေစာရင်းပါ...ကျေးဇူးပြုပြီး မြန်မြန်လေးစုဆောင်းပေးပါ...ငါ့အတွက်တော်တော်လေးအရေးကြီးနေလို့ပါ"
"ပြီးတော့ ငါပေးဆောင်ရမယ့်ဂူကောင်တွေအားလုံးက ဒီအိုးတွေထဲမှာရှိတယ်...မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
လီယွမ်ပေးလိုက်သော စာရင်းထဲတွင် ထူးခြားဂူကောင်ဖြစ်သော အိပ်မက်ပိုးဂူကောင်ကို သန့်စင်ရန်လိုအပ်သော ပစ္စည်းများပါ၀င်ပေသည်။
လီယွမ်သည် နတ်ဆိုးအလောင်းအား လာရောက်ပို့ဆောင်သည့်အဖွဲ့ကို ပြန်လွှတ်လိုက်ပြီးနောက် သူ၏အခြေအနေကို စစ်ဆေးလိုက်သည်။
ဂူသခင် - လီယွမ်
အနက်ရောင်အိုး - (ပဉ္စမအဆင့် - ၁၀၃၁/၁၅၀၀)
နယ်ပယ် - (ပဉ္စမအဆင့်)
ဝိညာဉ်စွမ်းအား - (ပြီးပြည့်စုံသောပင်လယ်အဆင့်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)
ဂူအိမ် - မရှိ
"အချိန်တွေကုန်လာတာနဲ့အမျှ ငါ့ရဲ့စိတ်စွမ်းအားကလည်း နယ်မြေအဆင့်နဲ့တစ်လှမ်းပဲဝေးတော့တယ်...ငါဆဌမအဆင့်မရောက်ခင် ဒီအဆင့်ကိုရောက်ထားရမယ်..."
"အဲ့ဒါမှ န၀မနန်းတော်ရဲ့အတွင်းစည်းကိုသွားပြီးနောက် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေကို ၀င်ရောက်ဖို့အကောင်းဆုံးအချိန်ကိုရမယ်"
အခြေအနေများက ဖရိုဖရဲဖြစ်လာသည့်အတွက် လီယွမ်ကလည်းသူ၏စွမ်အားကို မြင့်တင်ရန် အရေးတကြီးဖြစ်လာခဲ့သည်။
…
မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်၀က်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်ခုသောညနေခင်းတွင် ဖေးလော့ချင်က သူ့ထံသို့ အလောတကြီးရောက်ရှိလာခဲ့သည်။
"အစ်ကိုကြီး ဘာတွေဖြစ်လာတာလဲ"
လီယွမ်က မေးလိုက်သည်။
"ဆရာတစ်ခုခုဖြစ်သွားတယ် လီယွမ်..."
ယခင်တိုက်ပွဲများ၌ ကြောက်ရွှံခြင်းလုံး၀မရှိခဲ့သော ဖေးလော့ချင်သည် ယခုတစ်ကြိမ်တွင်မူ အသံအနည်းငယ်တုန်ခါနေခဲ့သည်။
"ဆရာက နတ်ဆိုးရဲ့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်...သူ့ရဲ့ပင်မဂူကောင်က နတ်ဆိုးရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်သွားရတယ်....န၀မနန်းတော်သခင်က အချိန်မှီမကယ်တင်နိုင်ခဲ့ရင် ဆရာအသက်ရှင်မှာမဟုတ်ဘူး"
"အခြေအနေက အဲလောက်တောင်လား"
လီယွမ်က အံ့ဩသွားခဲ့သလို သူစိုးရိမ်သည့်အတိုင်းဖြစ်လာ၍ ပိုမိုလေးနက်လာခဲ့သည်။
"ဆရာရဲ့လက်ရှိအခြေအနေအရဆိုရင် အသက်ကိုကယ်နိုင်လိုက်ပေမဲ့ ဆက်ပြီးကျင့်ကြံလို့မရတော့ဘူး...ဆိုလိုချင်တာက ဆရာဟာဂူတာအိုကို ဆက်လက်လျှောက်လှမ်းလို့မရတော့ဘူး"
ဖေးလော့ချင်က သက်ပြင်းချမိလိုက်သည်။
တစ်ချိန်က အထွတ်အထိပ်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုအပ်တော့သူအဖို့ ယခုလိုနိမ့်ကျသောနေရာအထိ ပြုတ်ကျလာခြင်းသည် လက်ခံရန်အလွန်ခက်ခဲကာ သေသည်ထက်တောင်ပိုမိုဆိုးရွားမည်ဖြစ်သည်။
"ဆရာက အခုဘယ်မှာလဲ"
လီယွမ်က မေးလိုက်သည်။
"န၀မနန်းတော်ရဲ့ အတွင်းစည်းထဲမှာရှိတယ်...စီနီယာအစ်မကြီးက အခြေအနေကိုစောင့်ကြည့်နေပြီး ဆရာသတိရလာမှ ငါတို့ကိုလာတွေ့ခိုင်းတယ်"
ဖေးလော့ချင်က ပြောလိုက်သည်။
"တိုက်ပွဲကဒီလောက်အဆင့်ကိုတောင်ရောက်နေပြီဘဲ...ဒါတောင်မှ မင်းသားလေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက တိုးတက်မှုရှိမလာဘူးလား"
လီယွမ်က ထိုကိစ္စကိုအာရုံစိုက်နေခဲ့သည်။
"မတိုးတက်ဘူး...လွန်ခဲ့တဲ့နှစ်၀က်လောက်က ခွန်းလွန်လေဟာနယ်နဂါးသွေးကြောထဲမှာ မင်းသားလေးကိုတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကအတုအယောင်လို့ပဲ ငါကယူဆထားတယ်"
ဖေးလော့ချင်က ခေါင်းခါပြလိုက်သည်။
"ကြည့်ရတာတစ်ယောက်ယောက်က ဒီလိုဖြစ်လာအောင်လို့ တမင်တကာရည်ရွယ်ပြီးတော့ သတင်းလွှင့်လိုက်တာပဲဖြစ်ရမယ်"
"အဲလိုမဟုတ်ရင် အဲ့ဒီဒေသကို သွားရောက်ရှာဖွေတဲ့ မရေမတွက်နိုင်တဲ့လူတွေထဲမှာ ညဇီးကွက်ဘုရင်တောင် ပါလာမှာမဟုတ်ဘူး...ဒါပေမဲ့ ညဇီးကွက်ဘုရင်တောင်မှ မင်းသားလေးရဲ့ခြေရာလက်ရာကို ရှာမတွေ့ခဲ့ဘူး"
ဖေးလော့ချင်သည် ပြောရင်းဆိုရင်း သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။
"ဒါပေမဲ့ စစ်နတ်ဘုရားရဲ့ရတနာသိုက်နဲ့ပတ်သက်လာရင် အဲ့ဒါနဲ့ပတ်သက်တဲ့သတင်းက အတုဖြစ်နေရင်တောင်မှ ဘယ်သူကမှနောက်ဆုတ်ဖို့ဆန္ဒရှိကြမှာမဟုတ်ဘူး...သူတို့တွေသေတဲ့အထိ တိုက်ကြလိမ့်မယ်"
"အမှန်ပဲ..."
လီယွမ်က သက်ပြင်းချမိလိုက်သည်။
ဖေးလော့ချင်က ဒေါသတကြီးကျိန်ဆဲလိုက်သည်။
"ဒီလောဘကြီးတဲ့ခွေးကောင်တွေကို ငါကိုယ်တိုင်သာနင်းခြေလိုက်ချင်တော့တယ်...တခြားသူရဲ့ဘိုးဘေးအမွေကို သူတို့ကဘာလို့လိုချင်နေရတာလဲ"
"ငါသာ ဒါယန်းမင်းသားလေးဆိုရင် တစ်သက်လုံးပုန်းရှောင်နေလိုက်မယ်...ပြီးတော့ ဘယ်သူမှအနိုင်မယူနိုင်တဲ့အဆင့်ထိရောက်အောင် တိတ်တိတ်လေးကျင့်ကြံထားပြီးတော့ စစ်နတ်ဘုရားရဲ့ရတနာကိုရယူမယ်"
…