← Chapters

ဂူအိမ်တည်ဆောက်ခြင်း

Vol. 4 Ch. 54

ဂူအိမ်တည်ဆောက်ခြင်း

Vol. 4 Ch. 54

လီယွမ်သည် ထိုမှတ်စုစာအုပ်ကိုကိုင်ကာ ဂရုတစိုက်ဖတ်ရှုလိုက်ရင်း အတွေးထဲ၌နစ်မြုပ်သွားခဲ့သည်။

သူသည် ဂူအိမ်အားတည်ဆောက်ရန်အတွက် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းထားပြီးဖြစ်သော်လည်း အမှန်တကယ်တွင် ပြီးပြည့်စုံသောဂူအိမ်တစ်ခုအား တည်ဆောက်ခြင်းက အလွန်အားစိုက်ထုတ်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ဂူအိမ်တစ်ခုသည် အရည်အသွေးမြင့်မားလေလေ ထိုဂူအိမ်အားတည်‌ဆောက်ရန် အချိန်ပိုယူရလေလေဖြစ်သည်။

"ဆရာ့ရဲ့ဂူအိမ်က တည်ဆောက်ပြီးစီးဖို့ ၁၂နှစ်အချိန်ယူခဲ့ရတယ်လို့ပြောတယ်...အချို့ဂူသခင်တွေဆို အနှစ်၃၀လောက်ကြာတယ်လို့ နမူနာတွေရှိဖူးတယ်"

"ဂူအိမ်ကိုတည်ဆောက်တဲ့နေရာမှာ ငါ့ရဲ့အချိန်တွေအများကြီးလျော့ချနိုင်တယ်...ဒါပေမဲ့ ခွန်းလွန်တောင်ကြားအခမ်းအနားမတိုင်ခင် ပြီးအောင်လုပ်ဖို့က စိန်ခေါ်မှုတစ်ခုပဲ"

လီယွမ်သည် ထိုမျှသောအခက်အခဲကို ဂရုမစိုက်ပေ။သူ၏လက်ရှိအခြေအနေအရ မည်သည့်အခက်အခဲကိုမဆို အောင်မြင်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။

"ဂူအိမ်ကိုတည်ဆောက်ဖို့အတွက် ရှောင်ကိုင်နဲ့ဝူမေ့ကို အူတိုင်အနေနဲ့အသုံးပြုလိုက်မယ်...အဆုံးသတ်ရလဒ်က ငါ့ကိုအံ့အားသင့်စေဖို့ ငါမျှော်လင့်ပါတယ်"

ယုဟွမ်းချွမ်၏ မှတ်စုများနှင့်ကိုယ်ပိုင်အတွေ့အကြုံများအရဆိုပါက ဂူအိမ်တစ်ခုအားတည်ဆောက်ပြီးစီးသည်နှင့် ဂူသခင်၏စိတ်စွမ်းအားကို များစွာတိုးတက်စေမည့်အပြင် ထူးခြားသောဝိညာဉ်ရတနာကို ထုတ်လုပ်ပေးနိုင်သော အားသာချက်ရှိပေသည်။

ဝိညာဉ်ရတနာဟုခေါ်သောအရာသည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀ရတနာများဖြစ်ကြသည်။

သို့သော် ထိုရတနာများကို ကောင်းကင်နှင့်မြေကြီးမှ သဘာ၀အတိုင်းမွေးထုတ်လိုက်ခြင်းမဟုတ်သောကြောင့် ထိုရတနာများကို ဝိညာဉ်ရတနာများအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

မတူညီသောဂူအိမ်အမျိုးမျိုးက ကွဲပြားခြားနားသော ဝိညာဉ်ရတနာများကို ထုတ်လုပ်ပေးနိုင်ပေသည်။

လီယွမ်သည် မှတ်စုစာအုပ်ကို အချိန်အတော်ကြာဖတ်ရှုခဲ့သော်လည်း ငါးရောင်ခြယ်မီးတောက်စပါးအုံးနှင့်ပင့်ကူဘုရင်မဂူကောင်တို့အား အူတိုင်အဖြစ်အသုံးပြုတည်ဆောက်ထားသော ဂူအိမ်မှထုတ်လုပ်သည့် ဝိညာဉ်ရတနာအကြောင်း ရှာမတွေ့ခဲ့ပေ။

"ရှားပါးဂူကောင်တွေရဲ့ ဂူအိမ်တွေအကြောင်းမှတ်တမ်းတင်ထားတာတွေ အများကြီးမရှိဘူး"

"ငါ့ရဲ့ဂူအိမ်တွေက ဝိညာဉ်ရတနာကောင်းတွေထုတ်လုပ်ပေးနိုင်ဖို့ ငါမျှော်လင့်နေမိပြီ...အဲ့အချိန်ကိုရောက်မှသာ အဲ့ဝိညာဉ်ရတာနာတွေကို အဆင့်မြင့်နတ်ဆိုးအလောင်းတွေနဲ့ လဲလှယ်လို့ရလာမှာပဲ"

ငွေကြေးဥစ္စာသည် လီယွမ်၏အကြီးမားဆုံးရန်သူပင်ဖြစ်သည်။

ဝိညာဉ်ရတနာများသည် ၎င်းတို့ကိုထုတ်လုပ်သောဂူအိမ်နှင့် အူတိုင်အဖြစ်အသုံးပြုထားသော ပင်မဂူကောင်၏သဘာ၀နှင့် အလွန်ပင်နီးစပ်ပေသည်။

ဥပမာအားဖြင့် ယုဟွမ်းချွမ်၏ပင်မဂူကောင်သည် ပုံရိပ်ယောင်လိပ်ပြာဂူကောင်ဖြစ်ကာ ၎င်း၏အဓိကလုပ်ဆောင်ချက်မှာ ပုံရိပ်ယောင်များကိုဖန်တီး၍ ရန်သူများအား ပုံရိပ်ယောင်အတွင်း၌ ပိတ်ဆို့ထားနိုင်ပေသည်။

၎င်းကို အူတိုင်အဖြစ်အသုံးပြုထားသော ဂူအိမ်မှနေ၍ ထုတ်လုပ်‌လိုက်သော ဝိညာဉ်ရတနာကို "နိုးထရေစင်"ဟုခေါ်သည်။ထိုရေစင်ကိုသောက်သုံးပြီးနောက် စိတ်စွမ်းအားကိုတိုးမြင့်ပေးကာ အချိန်တိုအတွင်းနားလည်ဘောပေါက်နိုင်စွမ်းအား တိုးမြင့်ပေးလေသည်။

နိုးထရေစင်သည် ဂူသခင်များအတွက် အသုံး၀င်ရုံတင်မက စစ်သည်တော်များအတွက်လည်း ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ထို့ကြောင့် နိုးထရေစင်ကို ဈေးကွက်အတွင်း၌ မြင့်မားသောဈေးနှုန်းဖြင့်ရောင်းချကြပေသည်။

"ငါ့ရဲ့ဂူအိမ်က ဘယ်လိုဝိညာဉ်ရတနာမျိုးကို ထုတ်ပေးနိုင်မလဲ သိချင်လိုက်တာ"

လီယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။

တကယ်လို့ ငါသာ နိုးထရေစင်လိုမျိုး အဖိုးတန်တဲ့ဝိညာဉ်ရတနာမျိုးကို ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် ဆင်းရဲ‌မွဲတေနေတဲ့ဘ၀‌ကနေ ရုန်းထွက်နိုင်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်...

"ကဲလောလောဆယ်...ဂူအိမ်ကိုအရင်တည်ဆောက်လိုက်ရအောင်...ရှောင်ကိုင်၊ဝူမေ့ ဒီကိုလာခဲ့ကြ"

လီယွမ်၏ခေါ်ဆိုသံအပြီးတွင် ရှောင်ကိုင်နှင့်ဝူမေ့တို့က ချက်ချင်းပြေးထွက်လာကြပြီး လီယွမ်၏ပုခုံးပေါ် ရောက်လာကြသည်။

"မင်းတို့နှစ်ယောက်ထဲက ဘယ်သူကဂူအိမ်ကို အရင်ဆုံးတည်ဆောက်ချင်လဲ..."

"ရွှီ...ရွှီ"

"ကီ...ကီ"

ရှောင်ကိုင်နှင့်ဝူမေ့တို့က ကြိုးစားလိုစိတ်ပြင်းပြကာ အလွန်‌ပျော်ရွှင်နေခဲ့ကြသည်။

"နေပါအုံး...မင်းတို့၂ယောက်လုံး တူတူလုပ်လို့မရဘူးလေ...အဲလိုဆိုမင်းတို့သခင်က ကြားထဲအညစ်ခံရလိမ့်မယ်"

လီယွမ်က သူ၏နဖူးကိုပွတ်သပ်ရင်းပြောလိုက်သည်။

သူသည် စိတ်စွမ်းအားအရာတွင် အစောပိုင်း နယ်မြေအဆင့်သို့ ရောက်ရှိလာသော်လည်း ဂူအိမ်ကိုတည်ဆောက်ရခြင်းက လွန်စွာအားစိုက်ထုတ်ရပေသည်။

"ဒီလိုလုပ်ကြ...မင်းတို့၂ယောက် စက္ကူ၊ကျောက်တုံး၊ကတ်ကြေးကစားကြ...အနိုင်ရတဲ့သူက ဂူအိမ်ကိုတည်ဆောက်ခွင့်ရမယ်...ရှုံးတဲ့သူက အငြင်းမပွားနဲ့"

"ပြီးတော့ ဒေါသလည်းမထွက်ကြနဲ့..."

လီယွမ်သည် ကလေးချော့သကဲ့သို့ ချော့မြူလိုက်သည်။

"ရွှီ...ရွှီ"

"ကီ...ကီ"

ရှောင်ကိုင်နှင့်ဝူမေ့တို့က ချက်ချင်းပင်သဘောတူလိုက်ကြသည်။

"ငါခုပဲ ၁၊၂၊၃ရေတော့မယ်နော်..."

"၁..."

"၂..."

"၃..."

"စတော့..."

‌လီယွမ်၏စကားအဆုံးတွင် ရှောင်ကိုင်၏မြွေအမြီးက တွန့်လိမ်ကာ လက်သီးပုံသဏ္ဍာန်ဖြစ်သွားခဲ့သည်။ဝူမေ့ကလည်း လက်သီးပုံသဏ္ဍာန်ရှိသော ပင့်ကူမျှင်အား ထွေးထုတ်လိုက်သည်။

"သရေပဲ...ထပ်ပြီးဆော့ရအောင်"

လီယွမ်က ကူကယ်ရာမဲ့နေသောလေသံဖြင့် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် ဂူကောင်လေး၂ကောင်က အခြားလှုပ်ရှားမှုတစ်ခုကို ပြိုင်တူလုပ်ဆောင်ခဲ့ကြသည်။

"ထပ်လုပ်ကြ..."

နောက်ထပ်တစ်ကြိမ်တွင်လည်း ဂူကောင်၂ကောင်က တူညီသောလှုပ်ရှားမှုကို ထုတ်ဖော်လိုက်ကြသည်။

ဤသို့ဖြင့် ထပ်တလဲလဲဆော့ပြီးသွားနောက်မှာပင် ဂူကောင်လေး၂ကောင်က တူညီသောပုံစံကိုပင် အမြဲထုတ်ဖော်နေခဲ့ကြသည်။

"နေပါအုံး...တစ်ခုခုတော့မှားနေပြီ"

လီယွမ်သည် တစ်စုံတစ်ခုအား သဘောပေါက်သွားခဲ့သည်။

သူတို့အားလုံးသည် သခင်တစ်ဦးတည်းမှ ပျိုးထောင်လာသည်ဖြစ်ရာ သူ၏အမိန့်ကိုလွန်ဆန်ရန် နည်းလမ်းမရှိပေ။

ရှောင်ကိုင်ဖြစ်စေ ဝူမေ့ဖြစ်စေ သူနှင့်သူမတို့အကြားရင်းနှီးမှုက နှလုံးသားနှင့်ပဲ့တင်ထပ်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။သူတို့၏နှလုံးသားနှင့်စိတ်ကူးစိတ်သန်းများသည် မျှဝေထားကြသည်ဖြစ်ရာ လက်ရှိအခြေအနေက ဖြစ်လာရခြင်းဖြစ်သည်။

"ကဲ...ငါပဲခြောက်ကပ်နေအောင် ညစ်ထုတ်ခံရတော့မယ်ထင်တယ်"

အနိုင်ရသူကို မဆုံးဖြတ်နိုင်တော့သည့်အတွက် ရှောင်ကိုင်နှင့်ဝူမေ့ကို တိုက်ခိုက်ခိုင်း၍မရနိုင်ပေ။ယင်းက ပြဿနာများကိုအလွယ်တကူဖြစ်စေနိုင်ကာ သူတို့အကြားတည်ဆောက်ထားသော ရင်းနှီးမှုနှင့်သဟဇာတဖြစ်မှုတို့အား ပျက်ပြားစေမည်သာဖြစ်သည်။

"ဒါဆို တရားမျှတဖို့က အရမ်းခက်ခဲတာပဲ"

လီယွမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"သူတို့အားလုံးကို ငါကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တယ်...ဒီအတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာကို ပိုမိုထက်မြက်အောင် လေ့ကျင့်တယ်လို့ပဲ မှတ်ရတော့မှာပေါ့...တိုးတက်မှုက အရမ်းနှေးကွေးနေရင်တောင်မှ ပြဿနာမရှိပါဘူး"

လီယွမ်က အမြန်ဆုံးတွေးတောလိုက်သည်။

(ပေါင်းစပ်ရန်ရွေးချယ်ထားသော ဂူကောင်များမှာ သာမန်အဆင့်အနီရောင်မြွေ၉၉ကောင်ဖြစ်သည်)

(ပေါင်းစပ်မှုစတင်ခြင်း)

(သင်သည် ပထမအဆင့် သေမျိုးဂူကောင် အနီ‌ရောင်စပါးအုံးပေါက်စ ၃၃ကောင်ကိုရရှိပါသည်။)

လီယွမ်သည် နဂါးပုံစံဂူကောင်နှင့်အချို့သောရတနာများကို အသုံးပြုကာ ငါးရောင်ခြယ်မီးတောက်စပါးအုံးကိုရရှိအောင် အဆင့်ဆင့်ပျိုးထောင်ပေးခဲ့သော်‌လည်း ရှောင်ကိုင်နှင့်အနီးစပ်ဆုံးတူညီသော အောက်ခြေအဆင့်ဂူကောင်မှာ အနီရောင်မီးတောက်စပါးအုံးပေါက်စဖြစ်သည်။

ဂူအိမ်ကိုတည်ဆောက်ရာတွင် အသုံးပြုမည့်ပင်မဂူကောင်နှင့် အောက်ခြေဂူကောင်တို့အကြား လုံလောက်သောရင်းနှီးမှကို တည်ဆောက်ထားမှသာ အောင်မြင်မှုနှုန်းတိုးမြင့်လာမည်ဖြစ်သည်။

"ထပ်လုပ်ရအောင်..."

(ပေါင်းစပ်ရန်ရွေးချယ်ထားသော ဂူကောင်များမှာ သာမန်အဆင့်‌နွေဦးမြက်၉၉ခုဖြစ်သည်)

(ပေါင်းစပ်မှုစတင်ခြင်း)

(သင်သည် ပထမအဆင့် သေမျိုးဂူကောင် ဝိညာဉ်ပင့်ကူ ၃၃ကောင်ကိုရရှိပါသည်။)

ဝိညာဉ်ပင့်ကူ‌ဂူကောင်သည်လည်း ပင့်ကူဘုရင်မဂူကောင်နှင့် အတန်းအစားတူညီကာ သွေးချင်းဆက်နွယ်မှုအားကောင်းသော အနိမ့်တန်းဂူကောင်ဖြစ်သည်။

"စကြရအောင်..."

လီယွမ်သည် ဝါးရုံတောငယ်ကို ချဲ့ထွင်ပြီးနောက်တွင် အသစ်ဖွင့်လှစ်ထားသောနေရာဆီသို့ ရှောင်ကိုင်နှင့်ဝူမေ့တို့အားခေါ်ဆောင်သွားခဲ့သည်။သူသည် ထိုနေရာကိုပိတ်ဆို့၍ တစ်ယောက်တည်း၀င်ရုံစာ အပေါက်လေးသာလုပ်ဆောင်ထားပေသည်။

ဤနေရာတွင် ဂူအိမ်အား ယာယီအနေဖြင့်ထားရှိရန် သင့်တော်ပေသည်။

လီယွမ်သည် တင်ပလ္လင်ခွေထိုင်ချလိုက်ကာ သူမ၏မျက်လုံးကိုမှိတ်ထားလိုက်သည်။ထို့နောက် သူ၏စိတ်စွမ်းအားကိုစုစည်းကာ ရှောင်ကိုင်နှင့်ဝူမေ့တို့နှင့်အတူ နှလုံးသားချင်းပဲ့တင်ထပ်သော အဆင့်သို့၀င်ရောက်လိုက်သည်။

မကြာမှီ လီယွမ်က အံ့ဩဖွယ်ကောင်းသော ဝိညာဉ်လောကထဲ တိုး၀င်သွားသလိုခံစားလိုက်ရသည်။

လီယွမ်အား အံ့ဩစေသည်မှာ တစ်ကြိမ်တည်းတွင် ဝိညာဉ်လောက၂ခု တပြိုင်နက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ထိုသို့တပြိုင်နက်တည်းလုပ်ဆောင်ခြင်းက သူ၏စိတ်စွမ်းအားကို လျင်မြန်စွာကုန်ဆုံးစေခဲ့ပြီး အလွန်ကြိုးစားအားထုတ်ရပေသည်။

ဂူအိမ်အားတည်ဆောက်ရာတွင် ပထမအဆင့်မှာ ပင်မဂူကောင်နှင့်လက်အောက်ခံဂူကောင်များအကြား ဆက်သွယ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရန်ဖြစ်သည်။

ထိုသို့ဖြင့် ဂူကောင်အားလုံး၏အတွေးကို ပေါင်းစည်းပြီးမှသာ ဂူအိမ်ကိုအစပြုနိုင်မည်ဖြစ်သည်။

"ဂူအိမ်"အားတည်ဆောက်ခြင်းက အိမ်တစ်လုံးကိုတည်ဆောက်ခြင်းနှင့် မခြားလှပေ။ရှေးခေတ်မှဆင်းသက်လာသော ဂူသခင်များသည် အစောပိုင်းအဆင့်မှာကပင် သူတို့၏ဂူကောင်များအားလုံးကို သူတို့၏မိသားစု၀င်များလို သဘောထားခဲ့ကြသည်။

မိသားစု၀င်များကသာ တစ်အိမ်တည်း၌ နေထိုင်နိုင်ပေသည်။

အချိန်များစွာကြာပြီးနောက်...

ဝိညာဉ်လောကနယ်ပယ်၌ ပြောင်းလဲခြင်းအချို့ရှိလာခဲ့သည်။ရှောင်ကိုင်၏ လောကငယ်လေးက တဖြည်းဖြည်းဖြင့်စတင်စုစည်းလာကာ အကောင်အထည်ဖော်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်...

လက်တွေ့ကမ္ဘာ၌ မီးတောက်စပါးအုံးမြွေလေးများသည် သူတို့၏ကိုယ်ပိုင်အသိုက်အား စတင်တည်ဆောက်လာခဲ့ကြသည်။

သာမန်မျက်စိဖြင့် မြင်တွေ့ရန်မဖြစ်နိုင်သောအရာများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အရာ၀တ္ထုတစ်ခုက ထွက်ပေါ်လာခဲ့ကာ မီးတောက်စပါးအုံးလေးများကလည်း တဖြည်းဖြည်းပိုမိုထွက်ပေါ်လာပြီး တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ပါဝင်လာကြသည်။

ဗလာဖြစ်နေသော မြေဆီလွှာအပေါ်၌ ဖုန်မှုန့်များတဖြည်းဖြည်းစုပုံလာမှသာ ရလဒ်ကောင်းအချို့အား တွေ့မြင်နိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ဝိညာဉ်ပင့်ကူလေးများက စတင်၍အသိုက်ဆောက်လာခဲ့သည်။အသိုက်နှစ်ခုလုံးသည် အပေါက်များနှင့်ပြည့်နေကာ မြေအောက်ထဲထိ အဆက်မပြတ်တိုးချဲ့လျက်ရှိသည်။

လီယွမ်သည်လည်း ထိုလုပ်ငန်းစဉ်၌ တဖြည်းဖြည်းနစ်မြုပ်သွားခဲ့သည်။

…

အချိန်မည်မျှ ကုန်သွားမှန်းမသိ...

လီယွမ်သည် ရုတ်တရက်နိုးထလာခဲ့ကာ သူ၏စိတ်စွမ်းအားကုန်ဆုံးမှုကြောင့် အလွန်အား‌နည်းနေပြီး အိပ်ချင်စိတ်ကို ခံစားနေခဲ့ရသည်။

အနီးကပ်ကြည့်လိုက်ပါက သူ၏ဘယ်နှင့်ညာတွင် ဂူအိမ်များသည် တစ်ပေအမြင့်ခန့်ရောက်ရှိနေပြီဖြစ်သည်။ထိုဂူအိမ်များအား တည်ဆောက်ရေးလုပ်ရာတွင် ပါ၀င်ကူညီနေသော ဂူကောင်အရေအတွက်ကလည်း ၈၀ခန့်ရှိနေပြီဖြစ်သည်။

လီယွမ်သည် သူနှင့်မနီးမဝေးတွင်ရှိနေသော အချိန်သတ်မှတ်သည့် ကိရိယာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"၃ရက်ရှိပြီပေါ့..."

တစ်နည်းအားဖြင့်ဆိုရသော် အရွယ်အစား၁ပေခန့်ရှိသော ဂူအိမ်တစ်လုံးအားတည်ဆောက်ရန်အတွက် ဂူကောင်ဒါဇင်ပေါင်းများစွာ၏အကူအညီကို ယူထားသည်တောင်မှ ၃ရက်နှင့်၃ညတိတိ အချိန်ယူခဲ့ရပေသည်။

တကယ်ခက်ခဲတာပဲ...အဓိကပြဿနာကတော့ ငါရှေ့ဆက်တိုးလေလေ ဂူကောင်တွေပိုများလာလေဖြစ်ပြီး စိတ်စွမ်းအားသုံးစွဲမှုကလည်း ပိုများလာလိမ့်မယ်...

ဝူမေ့နှင့်ရှောင်ကိုင်တို့သည်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် သူ၏ပုခုံးပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

"ဒါကတော်တော်ကြီးမားတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...အချိန်ယူပြီး ဖြေးဖြေးချင်းလုပ်ရမယ်"

…

All Chapters