← Chapters

နတ်ဆရာမ အန်းမူယာ

Vol. 4 Ch. 55

နတ်ဆရာမ အန်းမူယာ

Vol. 4 Ch. 55

ဒါယန်းပြည်ထောင်၏မြို့တော်...

ထျန်းအန်မြို့....

အစောပိုင်းနှစ်များတွင် သွေးထွက်သံယိုကပ်ဘေးအား ရင်ဆိုင်ကြုံတွေ့ရပြီးနောက် ညဇီးကွက်ဘုရင်သည် ညဇီးကွက်အစောင့်တပ်အားဦးစီး၍ မြို့‌စောင့်တပ်များနှင့်အတူ ထျန်းအန်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ထို့နောက် အနီးတဝိုက်ရှိနတ်ဆိုးများကို မောင်းထုတ်၍ အလယ်ပိုင်းပြည်နယ်အား ပြန်လည်စုစည်းရန် ဦးဆောင်ခဲ့သည်။

နန်းတော်အတွင်း၌...

စပါးအုံး၀တ်စုံအား ၀တ်ဆင်ထားသောလူငယ်သည် လက်နှင့်ခြေထောက်များကို ဝှေ့ယမ်းနေကာ ချွေးများအဆက်မပြတ်ထွက်နေခဲ့သည်။

တစ်ဖက်တွင် ကြေးဝါမျက်နှာဖုံးအား ၀တ်ဆင်ထား‌သော အရပ်ရှည်ရှည်နှင့်ထွားကြိုင်းသန်မာသော ညဇီးကွက်ဘုရင်သည် ပန်းပုရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ငြိမ်သက်စွာ ‌စောင့်ကြည့်နေခဲ့သည်။

အချိန်တချို့ကြာပြီးနောက်...

လူငယ်သည် လက်သီးအားခပ်တင်းတင်းဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှလေလှိုင်းများထွက်ပေါ်လာခဲ့ပြီး သူ၏အနီးတဝိုက်ခြံ၀င်းအတွင်းရှိ သစ်ပင်ကြီးများကို လှုပ်ယမ်းစေခဲ့သည်။

ထိုစပါးအုံး၀တ်စုံအား ၀တ်ဆင်ထားသောလူငယ်မှာ လီရှန်ချမှလွဲ၍ အခြားမဟုတ်ပေ။သူသည် တော်၀င်မိသားစု၏နောက်ဆုံးသွေးမျိုးဆက်ဖြစ်ကာ ညဇီးကွက်ဘုရင်က ခွန်းလွန်တောင်ကြားမှ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်သည်။သူသည် လက်ရှိတော်၀င်မိသားစု၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည်။

"အရှင်မင်းမြတ်က တကယ့်ကိုထူးခြားတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်...၇ရက်အတွင်း အရှင်က ချီစုစည်းခြင်းနယ်ပယ်ကိုရောက်ပြီးတော့ ကောင်းကင်တုန်ခါနတ်လက်သီးရဲ့ ပထမအဆင့်ကိုလည်း အောင်မြင်ခဲ့တယ်လေ"

ညဇီးကွက်ဘုရင်က ချီးကျူးလိုက်သည်။

"ငါတို့သဘောတူညီချက်အရဆိုရင် ခုချိန်မှာမင်းကငါ့ကို တခြားအရာတွေစပြီးသင်ပေးသင့်ပြီမဟုတ်လား"

လီချန်ရှက တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။

ခွန်းလွန်တောင်ကြားမှပြန်ရောက်လာပြီးနောက် လီချန်ရှသည် နတ်ဆိုးအားလုံးကိုသုတ်သင်ရန်၊ကမ္ဘာကြီးကို ဖရိုဖရဲအခြေအနေမှကယ်တင်ရန်နှင့် သူ၏အမေဖြစ်သူအတွက် လက်စားချေရန်မှတပါး အခြားအကြံအစည်မရှိပေ။

ထို့ပြင် သူ၏ဆန္ဒအတိုင်းလုပ်လိုပါက ခွန်အားရှိရန်လိုအပ်ပေသည်။

ညဇီးကွက်ဘုရင်၏လေသံ၌ ဂုဏ်ယူဝင့်ကြွားမှုများနှင့်ပြည့်နှံနေခဲ့သည်။

"ထျန်းယွမ်တိုက်ကြီးမှာ သိုင်းပညာကိုလူတိုင်းကလေးစားကြတယ်"

"ကွန်ဖြူးရှပ်အယူဝါဒဖြစ်စေ...ဗုဒ္ဓနဲ့တာအိုဝါဒဖြစ်စေ၊နတ်ဆိုးတွေရဲ့ဆင့်ကဲဖြစ်စဉ်တွေပဲဖြစ်စေ ဒါမှမဟုတ် ဂူတာအို၊အဆောင်တာအိုနဲ့ဖွဲ့စည်းခြင်းတာအိုတွေရဲ့ သေးငယ်တဲ့လမ်းစဉ်တွေဟာ သိုင်းပညာလောက်အစွမ်းမထက်ကြဘူး "

"သိုင်းပညာကို အဆင့်၉ဆင့်ခွဲခြားထားတယ်...ပထမအဆင့်-ခန္ဓာကိုယ်သန်မာခြင်း

ဒုတိယအဆင့် - ချီစုစည်းခြင်း

တတိယအဆင့် - ဝိညာဉ်စုစည်းခြင်း

စတုတ္ထအဆင့် - ပိုးအိမ်ဖောက်ထွက်ခြင်း

ပဉ္စမအဆင့် - လွတ်လပ်ခြင်း

ဆဌမအဆင့် - သခင်

သတ္တမအဆင့် - မဟာသခင်

အဌမအဆင့် - သူတော်စင်

န၀မအဆင့် - သိုင်းဧကရာဇ်"

"န၀မအဆင့်ရဲ့အထက်ကတော့ သိုင်းနတ်ဘုရားပဲဖြစ်တယ်..."

"အရင်တုံးကတော့ ထိုက်ဇူဧကရာဇ်ဟာ စစ်နတ်ဘုရားရဲ့ ရာဇပလ္လင်တော်ကို အမွေဆက်ခံပြီး ဒါယန်းပြည်ထောင်ကိုစောင့်ကြပ်ခဲ့တယ်...ဒါယန်းပြည်ထောင်ကို မျိုးနွယ်စုတိုင်းအခွန်ပေးဆောင်ရပြီး နတ်ဆိုးတွေဟာလည်း နယ်စပ်ကနေမောင်းထုတ်ခံရပြီးတော့ နှစ်ပေါင်း၁၀၀၀ကြာ ဒါယန်းပြည်‌ေထာင်အနားကိုမကပ်ခဲ့ကြဘူး"

ညဇီးကွက်ဘုရင်သည် လီချန်ရှအား ဒါယန်းပြည်ထောင်သမိုင်းကြောင်းနှင့် သိုင်းပညာဆိုင်ရာ အခြေခံဗဟုသုတများအကြောင်း စိတ်ရှည်စွာရှင်းပြခဲ့သည်။

"ဧကရာဇ်ထိုက်ဇူဟာ နတ်သိုင်းပညာ၃မျိုးဖြစ်တဲ့ ကောင်းကင်တုန်ခါနတ်လက်သီး၊ကောင်းကင်ဘုံဖြစ်စဉ်ဖြစ်တဲ့ အသင်္ချေဓားနဲ့ ‌ချီယွမ်ကောင်းကင်နဂါးနည်းစနစ်ကို တီထွင်ခဲ့တယ်"

"ကောင်းကင်တုန်ခါနတ်လက်သီးက အဲ့၃မျိုးထဲမှာ သင်ယူရအလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး သိုင်းပညာဖြစ်တယ်...ဧကရာဇ်က မတော်တဆဖြစ်ရပ်တွေကို ကာကွယ်တဲ့အနေနဲ့ အဲ့သိုင်းပညာကို ညဇီးကွက်အစောင့်တွေအတွက် ချန်ရစ်ပေးထားခဲ့တယ်"

"အသေင်္ချေဓားကိုတော့ မျိုးဆက်တိုင်းရဲ့ဧကရာဇ်တွေကသာ သင်ယူနိုင်မှာဖြစ်တယ်... ဧကရာဇ်ဟာ ထီးနန်းအမွေကိုဆက်ခံနိုင်ပြီးတော့ ဘိုးဘွားပိုင်မြေရဲ့ အနက်ပိုင်းကိုကိုယ်တိုင်သွားပြီး အမွေဆက်ခံကြရမယ်"

"ချီယွမ်ကောင်းကင်နဂါးနည်းစနစ်က မင်းဆက်ရဲ့ကံကြမ္မာကို စုဆောင်းဖို့အတွက် အထူးစီမံထားတဲ့ အစစ်အမှန်နည်းစနစ်တစ်ခုဖြစ်တယ်...ဒါဟာ သာမန်စစ်သည်တော်တွေနားလည်နိုင်တဲ့ နည်းစနစ်တစ်ခုတော့မဟုတ်ဘူး...ဒါပေမဲ့ ဒါယန်းပြည်ထောင်ကို ပြန်လည်အသက်သွင်းနိုင်မဲ့ အခြေခံနည်းစနစ်တစ်ခုဖြစ်တယ်"

“…”

ညဇီးကွက်ဘုရင်သည် စကားအများကြီးပြောပြီးနောက်တွင် လီချန်ရှအား ကောင်းကင်တုန်ခါနတ်လက်သီးကို အကြိမ်များစွာလေ့ကျင့်စေခဲ့သည်။

လီချန်ရှသည် အတွေးများနေပုံရ၍ ရဲ့ရှောင်ကပြုံး၍ပြောလိုက်သည်။

"အရှင်မင်းမြတ်က အရမ်းကိုထက်မြက်တဲ့အတွက်ကြောင့် မကြာခင်မှာဘဲ စတုတ္ထအဆင့် ပိုးအိမ်မှထွက်ခွာခြင်းကိုရောက်လာမှာပါ...အဲ့အချိန်ကျရင် ခွန်းလွန်တောင်ကြားထဲကို တဖန်ပြန်၀င်ရောက်ပြီးတော့ အခမ်းအနားကိုလုပ်ဆောင်ပြီး နဂါးသွေးကြောရဲ့အာရုံကို ထင်ရှားစေရမယ်"

"ကောင်းပြီ..."

လီချန်ရှက လေးလံသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နတ်ဆိုးများစားသောက်ခံ‌နေရချိန်တွင် မိခင်ဖြစ်သူ၏ စိတ်ပျက်အားငယ်သောအမူအရာနှင့် ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သောလူပေါင်းများစွာ၏ ဆင်းရဲဒုက္ခကိုခံစားမိချိန်တိုင်း သူ၏နှလုံးသားကနာကျင်နေခဲ့ရသည်။

သူ၏စိတ်နေစိတ်ထားကလည်း အစောပိုင်းတွင် စိတ်အားငယ်ခြင်း၊အားအင်ကင်းမဲ့ခြင်းနှင့်မိမိကိုယ်ကိုမယုံကြည်ဖြစ်နေခြင်းမှ ပြောင်းလဲလာခဲ့ကာ တစ်စုံတစ်ခုလုပ်သင့်နေပြီဟု ခံစားမိလာခဲ့သည်။

ရံဖန်ရံခါ သူ့ကိုယ်သူဟာသတစ်ခုသဖွယ် မြင်ယောင်လာမိသည်။

သူသည် တောင်ပေါ်ရွာလေးတစ်ခုကိုပင် ကောင်းကောင်းမကာကွယ်ခဲ့နိုင်သည့်အပြင် အမေဖြစ်သူကိုပင် မကယ်တင်နိုင်ခဲ့ပေသည်။သို့သော်လည်း ရက်အနည်းငယ်လေ့ကျင့်ပြီးနောက်တွင် ကြီးမားကျယ်ပြန့်သောတောင်တန်းများ၊မြစ်များပါဝင်သော ဒါယန်းပြည်ထောင်ကြီးနှင့် ဒါယန်းပြည်ထောင်အတွင်း နေထိုင်ကြသည့် လူပေါင်းဘီလီယံချီကို ကာကွယ်လိုနေခဲ့သည်။

ထိုအရာက အမှန်ပင်ရယ်ချင်ဖွယ်ကောင်းလှပေသည်။

လူငယ်သည် စိတ်ရှုပ်ထွေးနေသော်လည်း သူ၏လက်သီးချက်နှင့် ခြေကန်ချက်များက ရပ်တန့်မသွားခဲ့ပေ။သူ့စိတ်ထဲ‌တွင် လက်သီးနည်းစနစ်အကြောင်းကို အချိန်ပြည့်လေ့လာနေကာ အဆက်မပြတ်တိုးတက်လာခဲ့သည်။

ရဲ့ရှောင်က ထိုနေရာမှတိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

မကြာမှီ သူတို့သည်မျှော်စင်တစ်ခု‌ဆီသို့ ရောက်ရှိလာကြသည်။မျှော်စင်ပေါ်ရှိ ခမ်းနားထည်ဝါသော အခန်းတစ်ခုထဲ၌ အပြာရောင်၀တ်စုံအား ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးထိုင်နေခဲ့သည်။သူမသည် ဖြူစင်သောအသွင်အပြင်ရှိကာ အေးမြသောခံစားမှုကို ပေးစွမ်းနိုင်ပေသည်။

"နတ်ဆရာမ...မင်းရှင်းရှင်းလင်းလင်းမြင်နိုင်ပြီလား"

ရဲ့ရှောင်သည် နတ်ဆရာမနဲ့မနီးမဝေးတွင်ထိုင်၍ အဝေးကိုလှမ်းကြည့်လိုက်သည်။သူထိုင်နေသောနေရာမှနေ၍ ကြည့်လိုက်မည်ဆိုပါက လီချန်ရှသိုင်းပညာလေ့ကျင့်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

"ငါရှင်းရှင်းလင်းလင်းမမြင်နိုင်သေးဘူး..."

အမျိုးသမီးက ခေါင်းခါပြလိုက်သည်။

သူမသည် အာတိတ်ရေခဲပြင်မျိုးနွယ်စု၏ နတ်ဆရာမအန်းမူယာပင်ဖြစ်သည်။ညဇီးကွက်ဘုရင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သွေးထွက်သံယိုကပ်ဘေးအတွင်း သေဆုံးသွားခဲ့ရသော အမဖြစ်သူ၏ တစ်ဦးတည်းသောသားဖြစ်သူကို ရှာဖွေရာတွင် ကူညီရန်အတွက် သူမကိုဖိတ်ခေါ်ခဲ့သည်။

"သူ့ရဲ့သွေးရှိလား..."

အန်းမူယာက မေးလိုက်သည်။

ယခင်က အစ်မဖြစ်သူသည် မျိုးနွယ်စုအားကယ်တင်ရန်အတွက် တော်၀င်မိသားစုနှင့်လက်ဆက်ခဲ့ရသည်။ထိုအကြောင်းနှင့်ပတ်သက်၍ မျိုးနွယ်စုခေါင်းဆောင်က အမြဲအပြစ်ရှိသလို ခံစားနေရသည်။

အစ်မဖြစ်သူ၏ ယဇ်ပူဇော်ခြင်းကြောင့်သာမဟုတ်ပါက အာတိတ်ရေခဲပြင်မျိုးနွယ်စုသည် ဟိုးယခင်ကပင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ယခုအခါ မျိုးနွယ်စု၏အထွတ်အထိပ်တိုတမ်သည် ပြန်လည်ကောင်းမွန်လာကာ မျိုးနွယ်စုက အားကောင်းလာပြီဖြစ်သော်လည်း အစ်မဖြစ်သူက အိမ်ပြန်မလာနိုင်တော့ပေ။သူမ၏တစ်ဦးတည်းသော သွေးဆက်ကလည်း အပြင်လောကတွင်ပျောက်ဆုံးသွားခဲ့သည်။

ထို့ကြောင့် ညဇီးကွက်ဘုရင်ရောက်လာချိန်တွင် နတ်ဆရာမအသစ်ဖြစ်လာသော အန်းမူယာက တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူလိုက်ခြင်းဖြစ်သည်။

"ရှောင်လင်းအာ...မင်းအသက်ရှင်နေသေးတယ်မဟုတ်လား..."

လင်းအာသည် အာတိတ်ရေခဲပြင်မျိုးနွယ်စုမှ ကလေးများအားပေးသည့် ချစ်စနိုးနာမည်များဖြစ်ကြသည်။

အန်းမူယာသည် အဝေး၌လေ့ကျင့်နေသော လီချန်ရှကိုကြည့်ရင်း ရင်းနှီးမှုအနည်းငယ်မျှပင် မခံစားရပေ။သူမ၏ပင်ကိုယ်အသိစိတ်က ထိုကောင်လေးသည် အစ်မဖြစ်သူ၏ကလေးမဟုတ်ကြောင်း ပြောပြနေခဲ့သည်။

သို့သော် သတိထားကာ သွေးစစ်၍စမ်းသပ်ရမည်ဖြစ်သည်။ထိုကောင်လေးသည် အစ်မဖြစ်သူ၏ကလေးမဟုတ်လျှင်တောင်မှ ရှောင်လင်းအာကိုရှာဖွေရန်အတွက် တစ်ခုတည်းသောသဲလွန်စဖြစ်၍ လက်လွတ်မခံလိုပေ။

"ဒါက သူ့ရဲ့သွေးစက်ပဲ"

ညဇီးကွက်ဘုရင်အတွက် သာမန်လူတစ်ယောက်၏သွေးကိုရယူရန် လွယ်ကူလွန်းလှပေသည်။

သူသည် အလွန်သတိထားနေခဲ့သည်။ခွန်းလွန်တောင်ကြားအခမ်းအနားသည် အလွန်အရေးကြီးကာ ဘုရင်ခံများနှင့်နတ်ဆိုးများက စောင့်ကြည့်နေခဲ့ကြသည်။အကယ်၍ သူသာ နဂါးဧကရာဇ်၏သားတော်အစစ်မဟုတ်ဘဲ လူစားထိုးလာမိပါက ဒါယန်းတော်၀င်မိသားစုအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခုဖြစ်လာမှာ သေချာပေသည်။

အန်းမူယာသည် သွေးစက်ထည့်ထားသော ကျောက်စိမ်းပုလင်းကိုယူကာ အသေအချာစစ်ဆေးခဲ့သည်။

"ချီလင်မှော်...စစ်ဆေး"

သူမသည် လက်ဟန်အမူအရာများဖြင့် ချိတ်တံဆိပ်များကို ဆက်လက်လုပ်ဆောင်ခဲ့ကာ လျင်မြန်စွာပြောင်းလဲစေခဲ့သည်။ရေခဲပြာရောင် ချီလင်ပုံရိပ်ကလည်း သူမ၏မျက်ခုံး၂ခုကြားထွက်ပေါ်လာကာ အလင်းများကို ထုတ်လွှတ်ပေးနေခဲ့သည်။

ထိုအလင်းရောင်က ကျောက်စိမ်းပုလင်းထဲသို့ ကျရောက်သွားချိန်တွင် နတ်ဆရာမ၏စိတ်ထဲ၌ မှုန်ဝါးသောမြင်ကွင်းပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းထဲတွင် ညအမှောင်ထဲ၌ သွေးနှင့်အရိုးများကို လျှို့ဝှက်နည်းစနစ်ဖြင့် အသက်သွင်းကာ အစားထိုးနေသည့် ကလေး၂ယောက်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် အန်းမူယာက ချက်ချင်းနားလည်သွားခဲ့သည်။

တော်၀င်မိသားစု၏ သွေးထွက်သံယိုကပ်ဘေးကြောင့် အစ်မဖြစ်သူသည် ရှောင်လင်းအာကိုကယ်တင်ရန်အတွက် ရှောင်လင်းအာ၏သွေးနဲ့အရိုးတို့ကို လျှို့ဝှက်နည်းစနစ်ဖြင့် အခြားကလေးတစ်ယောက်ထံသို့ အစားသွင်းကာ နတ်ဆိုးများထံမှ ကွယ်ဝှက်ထားခဲ့သည်။

အဲ့ဒါဆိုရင် ငါ့ရှေ့ကမင်းသားလေးက အတုဆိုပေမဲ့ ရှောင်လင်းအာကလည်း ကပ်ဘေးကနေလွတ်မြောက်ပြီး ကမ္ဘာပေါ်မှာ ရှင်ကျန်ရစ်ခဲ့လိမ့်မယ်...

"ဘ၀ကအလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတာပဲ...လင်းအာအရမ်းကိုခံစားခဲ့ရလိမ့်မယ်...အဒေါ့်ကိုစောင့်နေပါလင်းအာ...အဒေါ်မင်းကိုလာရှာမယ်"

အစ်မကြီး၏ကလေးဖြစ်သူ အသက်ရှင်နေသေးကြောင်း ကြားသိလိုက်ရသည့်အတွက် အန်းမူယာ၏လေးလံနေသောစိတ်က အတန်ငယ်ပေါ့ပါးသွားခဲ့သည်။

"နတ်ဆရာမ...ဘာတွေဖြစ်နေတာလဲ"

ရဲ့ရှောင်၏အေးစက်စက်လေသံက အန်းမူယာအား လက်တွေ့ဘ၀ဆီသို့ ပြန်ရောက်လာစေခဲ့သည်။

ညဇီးကွက်ဘုရင်၏အကြည့်သည် ပူလောင်သောနေမင်းနှင့်တူကာ ဖိနှိပ်ချုပ်ချယ်နေသောခံစားချက်က အလွန်အားကောင်းနေသည့်အတွက်ကြောင့် အန်းမူယာကထိတ်လန့်သွားပြီး အမှန်တရားကိုထုတ်ပြောချင်စိတ်ဖြစ်လာခဲ့သည်။

သို့သော် သူမ၏စိတ်ထဲမှ အတွေးတစ်ခုခုန်ထွက်လာချိန်တွင် သူမ၏လည်ချောင်းထဲမှ ထွက်အံ့ဆဲဆဲစကားက ရပ်တန့်သွားခဲ့သည်။

"ငါသာ အမှန်အတိုင်းပြောလိုက်ရင် လင်းအာရဲ့နေရာမှာ အစားထိုးထားတဲ့မင်းသားလေးက သေချာပေါက်သေရလိမ့်မယ်...သူ့ရဲ့မိဘအရင်းတွေက လင်းအာရဲ့အရိုးတွေကိုအစားထိုးခိုင်းတဲ့အချိန် သူကအရမ်းကိုငယ်လွန်းပြီး အပြစ်ကင်းတယ်"

"ဒါ့အပြင် ဒီလုပ်ဆောင်ချက်ကြောင့် သူကလင်းအာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်...ခုချိန်မှာ အကျိုးဆက်အားလုံးကို သူခံနိုင်ဖို့က အရမ်းကိုရက်စက်လွန်းတယ်"

ကံကြမ္မာကိုယ်တိုင်က ငါတို့အားလုံးကို လှည့်စားနေခဲ့တာပဲ...

မင်းသားလေးအတုရော အစစ်ရောက အသက်ရှင်နေသေးတယ်လို့ ဘယ်သူကမှမျှော်လင့်ထားမှာမဟုတ်ဘူး...ဒီအခြေအနေက တော်တော်လေးအကျပ်ရိုက်စရာကောင်းတယ်...

အန်းမူယာက စိတ်တည်ငြိမ်သွားခဲ့ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။

"ညဇီးကွက်ဘုရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါတို့မသိနိုင်တဲ့အရာတွေရှိတယ်...ဒါကိုသေချာစဉ်းစားရလိမ့်မယ်"

…

All Chapters