ပြဿနာရှိလား။
Vol. 46 Ch. 542
အမှုန်အမွှားများနှင့် မီးခိုးများသည် လေထဲစိမ့်ဝင်နေသည်။ ဓားအဖျက်စွမ်းအားမှာ ချက်ချင်းပြန့်ကားသွား၏။
ကျယ်ပြောလှသော တွင်းနက်အလား ဖြောင့်စင်းပြီး ကြီးမားသော လျှိုမြောင်အသစ် တစ်ခု ထွက်ပေါ်လာသည်။ အဆုံးသည် အဝေးတွင်ရှိနေ၏။
ထိတ်လန့်စရာမြင်ကွင်းပေပင်။ ၎င်း၏စွမ်းအားသည် နတ်ဘုရားများနှင့် သရဲတစ္ဆေများပင် ကြောက်လန့်စေနိုင်၏။
ရွှမ်ကျစ်၏စိတ်များ လွတ်သွားပြီး သူ့နှလုံးသားများ တုန်ခါနေသည်။ စုရီသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ရောက်ရှိလာ ပြီးနောက် ဤမျှထိတ်လန့်စရာ ကောင်းမည်ဟု မထင်ထားချေ။
“ ဘယ်လိုလုပ် ... ဒီလောက်တောင် သန်မာနေရတာလဲ။ ”
အဝေးရှိ ၀တ်စုံနီဝတ် အဖိုးအိုက အံ့သြသွားလေသည်။ သူ့ဆံပင်များ ပွထနေပြီး သွေးများ ဖုံးလွှမ်းနေကာ ဒဏ်ရာမှာ ပြင်းထန်လှချေ၏။
သူ့အဖော် သုံးယောက်စလုံး ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခံခဲ့ရပြီး မြင်ရုံနှင့် နာကျင်စေသည်။
“ ပြေး ... ။ ”
“ ရွှပ် ... ။ ”
အဆုံးတွင် တပြိုင်နက်တည်း ထွက်ပြေးတော့သည်။ ကောင်းကင်တုန်ခါလျက် အဖျက်စွမ်းအားလှိုင်းများ လွင့်ပျံလာ၏။
“ ဘောင်း ... ။ ”
ဦးစွာ ရွှေပေတံကိုင်ထားသော အဘွားအိုခမျာ ထိုလှိုင်းအောက်တွင် ချက်ခြင်း ပေါက်ကွဲသေဆုံးသွားသည်။
“ ရွှမ်ကျစ် ... ရပ်မနေနဲ့၊ မြန်မြန်ပြေးပါ။ ”
လူပုလေးက ရွှမ်ကျစ်ထံ အော်ဟစ် အမိန့်ပေးနောက် သွေးအလင်းအဖြစ် ပြောင်းလဲ ထွက်ပြေးသွားလေသည်။
စုရီနဖူး၌ အပြာရောင်ဓားပျံတစ်လက် ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားလေသည်။ နတ်ဘုရားသတ်ဓားဖြစ်၏။
“ ခရစ် ... ။ ”
“ ဘုန်း ... ။ ”
ပေထောင်ချီဝေးသော အရပ်တွင် လေဟာနယ်တုန်ခါလျက် လူပုလေးပေါ်လာပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။
သူ့ဝိညာဉ်ပင် မလွတ်မြောက်ချေ။ ထိုမြင်ကွင်းကြောင့် ရွှမ်ကျစ်တစ်ယောက် မျက်နှာ ဖြူဖျော့သွားပြီး၊
“ သခင်လေး စုရီ ... သူတို့ ... ။ ”
-ဟု တောင်းပန်ရန် စကားစလိုက်၏။
သို့သော် သူမ စကားမဆုံးခင် ဘောင်းခနဲ မြည်သံနှင့်အတူ မုတ်ဆိတ်မွှေး အဘိုးအိုခမျာ ပေါက်ကွဲပျောက်ကွယ်သွား၏။
အဆုံး၌ အနီဝတ်အဖိုးအို တစ်ဦးတည်းသည်သာ ကျန်ရှိသည်။ ထို့ကြောင့် အဖိုးအိုခမျာ တိုက်ပွဲဝင်ဆန္ဒများ ပျက်ပြားလျက် ထွက်ပြေးရန်ပင် ဆန္ဒမရှိတော့ချေ။
“ ငါ ... အရှုံးကို ကျေကျေနပ်နပ်ကြီး ဝန်ခံချင်ပါတယ် သခင်ငယ် ... ကျေးဇူးပြုပြီး ငါ့အသက်ကို နှမြောပါ။ ”
တုန်ယင်နေသော အော်ဟစ် တောင်းပန်သံသည် လေထဲပဲ့တင်ထပ်လာ၏။ လူသား မဆိုနှင့် ပုရွက်ဆိတ်သည်ပင် ရှင်သန်လိုသည်မှာ သဘာဝပေပင်။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်လက် တဖျပ်ဖျပ် တောက်လောင်ကာ အနီရောင်ဝတ်လုံ အဖိုးကြီး ဦးခေါင်း လေထဲပျံတက်သွားသည်။
သူ့မျက်နှာတစ်ပြင်လုံး ထိတ်လန့်တကြား အငွေ့အသက်များ ဖြစ်ပေါ်နေပြီး သေခြင်း၌ပင် ငြိမ်းအေးခြင်း မရှိခဲ့ချေ။
ကူယွမ်ရှင်း အပါအဝင် ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ(၅)ဦးလုံး သေဆုံးသွားပြီဖြစ်သည်။ ထိုအချိန်တွင် စုရီက ရပ်တန့်လျက် ရီရွှမ်ထံလှည့်ကြည့်ပြီး၊
“ မင်းမကျေနပ်သေးဘူးဆိုရင် မင်းရဲ့ခန္ဓာကိုယ်အတွင်းက အရင်းအမြစ်ကို ထုတ်ယူပြီးတာနဲ့ ... မရဏငရဲနန်းတော်ကို ငါတို့အတူတူ ခရီးထွက်ကြမယ်။ ”
-ဟု ပြောကြားလိုက်၏။
တိတ်ဆိတ်စွာရပ်နေသည့် ရီရွှမ်က စုရီစကားကြောင့် ဖော်မပြနိုင်သော နွေးထွေးမှု ခံစားလိုက်ရသည်။ သို့သော် သူက ခေါင်းခါလိုက်၏။
“ ယောက်ဖ ... အဲဒါ မလိုအပ်ပါဘူး ... သူတို့က မရဏငရဲနန်းတော်ဖြစ်ပြီး ... ငါက ငါပဲ ငါတို့ကြား ဆက်စပ်မှု မရှိတော့ဘူး။ ”
“ ကောင်းပြီ ... ဒါဆို မင်းမြန်မြန်လုပ်ပါ။ ”
ရီရွှမ်မှ အသက်ပြင်းပြင်းရှူလျက် သူ့ရုပ်အလောင်းထံ ပြန်ကြည့်လိုက်လေသည်။ သူ ချန်ထားခဲ့သော တံဆိပ်သည် ဆုတ်ယုတ်နေပြီ ဖြစ်၏။
ထို့နောက် တံဆိပ်ကို ဖယ်လိုက်ရာ ခန္ဓာကိုယ်ကြီးသည် သာမန်မျက်စိဖြင့် မြင်သော အရှိန်ဖြင့် ညှိုးနွမ်းသွားပြီး ပြာများအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားလေသည်။
အဆုံးတွင် လေထုအလယ် လွင့်မျောနေသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းတစ်ခုသာ ကျန်ရှိတော့၏။
ဤသည်မှာ ဧကရာဇ်မူလစွမ်းအား ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် သက်ပြင်းချလိုက်၏။
ဧကရာဇ်တစ်ပါးသည်ပင် လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်က လျှို့ဝှက်တံဆိပ်ကို အသုံးပြုခဲ့သော်မှ အချိန်တိုက်စားမှုအပေါ် မခံနိုင်ချေ။ ဧကရာဇ်ရင်းမြစ်သည်ပင် တိုက်စားမှုကြောင့် ပါးလျနေပြီဖြစ်၏။
“ ယောက်ဖ ... ငါ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီအရင်းအမြစ်သုံးပြီး အချိန်နည်းနည်းတော့ ယူရလိမ့်မယ် ဒါပေမယ့် သုံးလထက် မပိုပါဘူး ... ဒီအချိန်အတွင်းမှာ မင်းငါ့ကိုစောင့်ရှောက်ဖို့ ဒုက္ခပေးရလိမ့်မယ်။ ”
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကြီး တောက်ပလျက် မျက်စိတစ်မှိတ် အတွင်းမှာပင် တာအိုအဖိုးကြီးခန္ဓာကိုယ်သည် ပြာမှုန်များအဖြစ်သို့ ပြိုကျသွားသည်။
တစ်ဆက်တည်းမှာပင် သူ့ဝိညာဉ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဧကရာဇ်မူလထံ ဝင်ရောက်၏။
“ ဝှစ် ... ။ ”
ဧကရာဇ်မူလမှာ တုန်ခါလျက် အဆုံး၌ ငြိမ်ကျသွားတော့သည်။ စုရီမှလက်ဆန့်တန်းပြီး ဖမ်းဆုပ်လိုက်၏။
ခဏမျှ စဉ်းစားလျက် တံဆိပ်ခတ်ကာ ပါးစပ်ထဲ မျိုချလိုက်သည်။ ဧကရာဇ်မူလသည် အလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဒါန်တမ်ရှိ ဝိညာဉ်နန်းတော်ထဲသို့ တိုးဝင်လာကာ ရွှမ်နင်ဘေးတွင် နေရာယူ၏။
သူတို့နှစ်ယောက်လုံးကို မိုပြာမျိုးစေ့၏ စွမ်းအားဖြင့် ချက်ချင်း လွှမ်းခြုံလိုက်ချေသည်။ ရွှမ်ကျစ်က ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ရပ်ကြည့်နေပြီး အံအားသင့်သွား၏။ သူမ မျက်နှာသည် နီမြန်းလျက်၊
“ သခင်လေးစုရီ ... အဲဒီလူက ငါတို့တည်ထောင်သူဘိုးဘေးရဲ့ အရင်းအမြစ်ကို သိမ်းယူဖို့ ဒီကိုလာခဲ့တဲ့ လူလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ သူက ရီရွှမ် ... မင်းတို့ မရဏငရဲနန်းတော်ရဲ့ ဘိုးဘေး အသူရာ ဧကရာဇ်ပဲ။ ”
“ သခင်လေးစုရီ၊ မင်းဟာသတွေ အရမ်းပြောတယ် ဒီအဘိုးကြီးက ဘယ်လိုလုပ် ငါ့ဘိုးဘေးဖြစ်နိုင်မှာလဲ။ ”
“ ငါဟာသတွေ ပြောနေတာ မဟုတ်ဘူး။ ”
ရွှမ်ကျစ်ခမျာ တိတ်ဆိတ်သွား၏။ ထိုအချိန်တွင် စုရီသည် မြေပြင်ကို ကိုယ်တိုင် ရှင်းလင်းရေး လုပ်ဆောင်နေရပြီ ဖြစ်သည်။
ရွှမ်ကျစ်က ထိုမြင်ကွင်းထံ ငေးမောနေလျက်ဖြင့် အသက်ပြင်းပြင်းရှူပြီး၊
“ သခင်လေးစုရီ ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါဖုံးကွယ် မပေးနိုင်တော့မှာကို ကြောက်မိတယ် ... မင်းနှုတ်ပိတ်ချင်ရင် အခုပဲလုပ်ပါ။ ”
“ ငါမင်းကို သတ်ချင်တယ်လို့ ဘယ်တုန်းက ပြောလဲ။ ”
စုရီက ပြန်မေးသည်။ ရွှမ်ကျစ်မှ အံ့အားသင့်သွား၏။
“ ဒီနေ့အဖြစ်အပျက်ရဲ့ အကျိုးဆက်ကို မင်းစိတ်မပူဘူးလား သခင်လေးစုရီ။ ”
“ မင်းရဲ့ မရဏငရဲနန်းတော်က လက်စားချေလိုတယ်ဆိုရင် ငါ့ဆီလာပါစေ ကြိုဆိုလိုက်မယ် နှုတ်ဆက်ပါတယ်။ ”
ထို့နောက် စုရီက ချက်ချင်း ထွက်ခွာသွားတော့သည်။ သွေးမြူများအတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သို့မှသာ မြေပြင်ရှိ အလောင်းများထံ ဝေ့ကြည့်ပြီး၊
“ ဒီညစ်ပတ်တဲ့ အဖိုးကြီးက တကယ်ပဲ ဘိုးဘေးအသူရာ ဧကရာဇ်လား။ ”
-ဟု ညည်းတွားလိုက်တော့သည်။
တစ်ချိန်က စကားစမြည်များ ပြောဆိုသောအခါ အသူရာဧကရာဇ်အကြောင်း စုရီကို ပြောပြဖူး၏။
တစ်ဖက်လူသည်လည်း သူမ အသက်ကို လွှတ်ပေးရခြင်း အကြောင်းရင်းမှာ မြွေတစ္ဆေ မျိုးနွယ်ဝင်တစ်ဦးနှင့် ပတ်သတ်ကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။
ယင်းသည် အသူရာဧကရာဇ်ဟု ထင်ခဲ့သော်လည်း မြွေတစ္ဆေမြွေမျိုးရိုး၏ ဧကရီ ဖြစ်နေခဲ့သည်။ ထိုစဉ်က ဂရုမစိုက်ခဲ့ချေ။
ယခုမူ သူမ မြင်လိုက်ရသော မြင်ကွင်းများအရ ကောက်ချက်အနည်းငယ် ချမိစေသည်။
ဆိုလိုသည်မှာ စုရီသည် ဧကရီနှင့် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မြွေတစ္ဆေ မျိုးရိုးဖြင့် နီးကပ်စွာ ဆက်နွှယ်နေကြောင်း သက်သေပြနေသည်။
တစ်ချိန်တည်းမှာပင် စုရီသည် အမှောင်နတ်မိစ္ဆာတောင်တန်းမှ ထွက်ခွာလာ ပြီးနောက် နယ်နိမိတ်လမ်းကြောင်းထံ ရှာဖွေနေခဲ့သည်။
အမွှေးတိုင် တစ်ချောင်းမျှ လောင်ကျွမ်းချိန်ကုန်ဆုံးသွားပြီးနောက် စုရီမှ ရုတ်တရက် ရပ်တန့်လိုက်၏။
သူ့ရှေ့တွင် ညှိုးနွမ်း၊ ပျက်စီးနေသော ဒေသကြီးရှိနေသည်။ ယင်းသည် သရဲဒိုမိန်း၏ ရှေ့ဘက်ဆုံးဒေသကြီးဖြစ်၏။
ဖရိုဖရဲစွမ်းအင်လှိုင်းများ လေထဲ လွင့်မျောလျက် နဝမမြောက် ကြယ်အပျက်အစီး နယ်မြေနှင့် ခပ်ဆင်ဆင်တူနေသည်။
လေထုအလယ် ဥက္ကာပျံအပိုင်းအစများ လွင့်မျောနေ၏။ ထိုဥက္ကာပျံအပိုင်းအစများသည် တောင်တစ်လုံး အရွယ်အစား ရှိသည်။ မရဏ ကမ္ဘာသို့ သွားသော ဥမင်လမ်းဖြစ်၏။
ထိုလမ်းပြိုကျသွားပြီးနောက် ဥက္ကာပျံ အပိုင်းအစများအဖြစ် ကျန်ရစ်ခဲ့ခြင်း ပေပင်။ စုရီမှ တိတ်ဆိတ်စွာ စစ်ဆေးပြီးနောက် လှည့်ထွက်လာခဲ့သည်။
သူ့ကျင့်ကြံမှု ဝိညာဉ်တာအိုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ဤအာကာသဥမင်ကို ပြုပြင်နိုင်ပေမည်။
ထို့ကြောင့် လက်ရှိတွင် တည်နေရာကို မှတ်သားထားရန်သာလို၏။ ဤကာလအတွင်း ဒြပ်စင်ငါးပါးတာအို၊ ယင်နှင့်ယန်၊လေနှင့် မိုးကြိုးကို ပေါင်းစည်းရပေမည်။
စုရွှမ်ကြွယ်ဘဝတွင် ငရဲဘုံကိုးပါးဓားမှ ရရှိသောဉာဏ်အလင်းအရ ‘အဓိပတိနန်းတော်’ နှင့် ‘စကြာဝဠာဖြစ်စဉ်’ဟူသော တာအိုနှစ်ပါးကို ဖန်တီးရန် ကြံရွယ်ထား၏။
ထိုတာအိုနှစ်ပါးသည် ဤကမ္ဘာပေါ်တွင် မရှိသော နိယာမအသစ်နှစ်ပါး ဖြစ်လေသည်။ ၎င်းတို့ကို ပေါင်းစည်းခြင်းဖြင့် ‘စကြာဝဠာမူလ’ (ခေါ်) ‘ကမ္ဘာဦးတာအို’ကို ဖန်တီးနိုင်ချေ၏။
ယင်းသည် ကမ္ဘာသစ်တစ်ခုကို ဖန်ဆင်းခြင်းဖြစ်သည်။ ယင်နှင့်ယန်တို့သည် ကောင်းကင်နှင့် မြေကြီးဖြစ်ကာ ဒြပ်စင်ငါးပါးမှာ စွမ်းအင်ရင်းမြစ်ဖြစ်၏။ ဤနည်းဖြင့် လေနှင့် မိုးကြိုးသည် သက်ရှိကို ပေးစွမ်းမည်။
သို့သော် ထိုအဆင့်ရောက်ရှိလာရန် ကမ္ဘာဦးတာအိုခေါ် လျှို့ဝှက်ဆန်းကြယ်သော နိယာမကို ဦးစွာနားလည်ထားရန်လို၏။
“ ငါ ... ဆေးအိုးကိုးပါး မြို့တော်ကိုသွားပြီး ခဏလောက် ကျင့်ကြံသင့်ပြီ။ ”
တဆက်တည်းမှာပင် အမှောင်နတ်ဓားကို ကောင်းကင်ပြာဓားဖြင့် ပေါင်းစည်းရန် အလျင် လိုနေပြီဖြစ်သည်။
မဟုတ်သော် လက်ရှိကျင့်ကြံမှုဖြင့် အသုံးဝင်တော့မည် မဟုတ်ချေ။ များမကြာမီ အဝေးမှ တောက်ပနေသော သရဲဒိုမိန်း ထွက်ပေါက်ကို မြင်လိုက်ရ၏။
သရဲဒိုမိန်း အပြင်ဘက်တွင် အတွင်းသို့ ဝင်ရောက်လိုသူများ ထိုအနား၌စုစည်းနေသည်။ သူတို့သည် အုပ်စုငယ်များအဖြစ် စုဖွဲ့နေပြီး အလွန် အသက်ဝင် လှုပ်ရှားလှ၏။
စုရီက သူတို့အားလုံးအပေါ် လျစ်လျူရှုလျက်ဖြင့် ထွက်ခွာတော့မည့် အချိန်၌ ရင်းနှီးသောရုပ်သွင်ကို သတိပြုမိလာ၏။
ပိန်သွယ်နေသော လူကြီးတစ်ယောက် အဖွဲ့တစ်ခုအတွင်း စကားစမြည်ပြောဆိုလျက် အနားယူနေခြင်းဖြစ်လေသည်။
ဤသည်မှာ ကျန်းယွင်ထောင်ဖြစ်၏။ တိမ်လွှာကောင်းကင်နန်းတော်၏ အကြီးအကဲ ကျန်း ဖြစ်ချေပြီ။ ထို့ကြောင့် ဝမ်ရှင်းကျောက်ကို သတိရသွားကာ မေးမြန်းရန်ပြင်လိုက်သည်။
ဤကာလအတွင်း မဟာရှ၏ ချိန်ခွင်လျှာသည် သိသိသာသာ ပြောင်းလဲနေပြီ ဖြစ်၏။
ရှေးဟောင်း အကြွင်းအကျန်ဂိုဏ်းကြီး ခုနစ်ခုနှင့် အခြားကမ္ဘာ့မှ ဂိုဏ်းကြီး သုံးခုသည် ကြီးမားသောအာဏာကို ပိုင်စိုးထားချေပြီ။
တိမ်လွှာကောင်းကင်နန်းတော်၊ ကောင်းကင်ဓားဂိုဏ်း၊ ချင်းရီတာအိုဂိုဏ်းနှင့် မဟာဇင်ဘုံကျောင်းတို့ကဲ့သို့ ယခင်ထိပ်တန်း ဂိုဏ်းလေးဂိုဏ်းသည် ဒုတိယအဆင့်ထိ လျှော့ကျသွားခဲ့၏။
ထို့ကြောင့် ဤသက်ရောက်မှုသည် ဝမ်ရှင်းကျောက်အပေါ် များစွာဖြစ်ထွန်းနိုင် ပေမည်။
“ တာအိုစု ... မင်းဒီကနေ မြန်မြန်ထွက်သွားပါ။ ”
ရုတ်တရက် ကျန်းယွင်ထောင်မှ တစ်စုံတစ်ရာကို ခံစားမိသွားကာ လှည့်ကြည့်ပြီး စိုးရိမ်တကြီး သတိပေးလာတော့၏။
ထိုစကားကြောင့် စုရီတစ်ယောက် အံ့ဩသွားကာ ကျန်းယွင်ထောင် ဘေးနားရှိ လူအများထံ အကြည့်ရောက်သွားသည်။
( ဟမ့် ... ဒီလူတွေနဲ့ ပြဿနာရှိနေလား။ )
***