မင်းတို့မျိုးရိုးရဲ့ တစ်စုံတစ်ယောက်က သတ္တိရှိရင် ... စိန်ခေါ်ဖို့ အခွင့်အရေး ငါပေးမယ်။
Vol. 46 Ch. 543
ကျန်းယွင်ထောင် အနီးတွင် ကျင့်ကြံသူ ခုနစ်ဦးရှိပြီး အမျိုးသားငါးဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်သည်။
သူတို့၏ ခေါင်းဆောင်မှာ မီးတောက်နေသော ၀တ်စုံဝတ် လူရွယ် တစ်ဦးဖြစ်၏။
သူ့ပခုံးပေါ်တွင် ငွေရောင် စာကလေးတစ်ကောင် ရပ်နားနေသည်။ စုရီ၏ အကြည့်များ ရောက်ရှိသောအခါ ထိူလူရွယ်မှ ချက်ချင်း သတိပြုမိပြီး မော့ကြည့်လာ၏။
စုရီအမည်ကို ကြားသောအခါ လူတိုင်းသည်လည်း စကားစမြည်ပြောခြင်းကို ရပ်တန့်လျက် ကြည့်ရှုလာခဲ့ကြသည်။
ကျန်းယွင်ထောင်မှ မျက်နှာပျက်ယွင်းလျက်၊
“ တာအိုစု ... ဒါသွမ့်ကူမိသားစုရဲ့ ကျွမ်းကျင်သူတွေပဲ မင်း မြန်မြန်ထွက်သွားပါ။ ”
-ဟု သတိပေးလိုက်၏။
စုရီမှ ချက်ချင်းနားလည်သွားသည်။ ၎င်းတို့သည် ရှေးဟောင်းအင်အားစု ခုနစ်ခု အနက်မှ တစ်ခုဖြစ်၏။
စကြာဝဠာကျွန်းတွင် သွမ့်ကူယွင်ဟုခေါ်သော ရှေးခေတ် နတ်ဆိုး တစ်ကောင်ကို သူ သတ်ပစ်ခဲ့သည်။
ထိုစဉ်က သွမ့်ကူယွင်တွင် သွမ့်ကူဖန်းဟူသော အစ်ကိုတစ်ယောက်ရှိပြီး ရှေးခေတ် ဘီလူးများကြားတွင်ပင် ပြိုင်ဘက်ကင်း အရည်အချင်းရှိ၏။
လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး သူ့မျိုးဆက်တွင် အတောက်ပဆုံးသော ပါရမီရှင် ပေပင်။
သို့သော် ကျန်းယွင်ထောင်သည် အဘယ့်ကြောင့် ဤမျိုးနွယ်စုနှင့် ရှိနေသနည်း။ ထိုမေးခွန်းကို မမေးမြန်းခင် အလင်းတန်းများ သူ့ရှေ့ရောက်ရှိလာ၏။
“ ဝှစ် ... ။ ”
ဤသည်မှာ မီးတောက်နေသော ၀တ်စုံဝတ်လူရွယ်နှင့် သွမ့်ကူမိသားစုဝင်များ အားလုံးဖြစ်သည်။
စုရီတစ်ယောက် ဆုတ်ခွာမည့် အရိပ်အယောင် မပြသည်ကို မြင်လာသောအခါ ကျန်းယွင်ထောင်မှ သက်ပြင်းချလျက် ဆက်မပြောတော့ချေ။
“ စုရီ၊ မင်းမဟာရှကနေ ထွက်ပြေးပြီး ဒီမှာဘာလာလုပ်နေတာလဲ။ ”
စုရီက ပြန်မဖြေချေ။ ယင်းအစား ကျန်းယွင်ထောင်ထံ လှမ်းကြည့်ကာ၊
“ အကြီးအကဲကျန်း ငါမင်းနဲ့ စကားပြောချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ကျန်းယွင်ထောင်မှ ထိတ်လန့်စွာဖြင့် သွမ့်ကူမိသားစု၏ ခေါင်းဆောင်လူရွယ်ကို ပြန်ကြည့်၏။ ထိုလူရွယ်မှ ပြုံးလျက်၊
“ ငါ့ကို ခန့်မှန်းခွင့်ပြုပါ ... တာအိုစု၊ ဝမ်ရှင်းကျောက်အကြောင်း မင်းသိချင်နေတာ မဟုတ်လား။ ”
-ဟု ပြောကြားလိုက်သည်။
စုရီတစ်ယောက် မျက်ခုံးပင့်လျက် အကြည့်များ အေးစက်ကာ အလင်းရောင်များ တောက်ပလာချေပြီ။
အကြည့်ခံရသည့် မီးတောက်နေသော ၀တ်စုံဝတ်လူရွယ်ခမျာ အပြုံးများအေးခဲသွားပြီး အရေပြားပေါ်တွင် ဓားဖြင့် အမွှန်းခံရသကဲ့သို့ နာကျင်မှု ခံစားလာရ၏။
မကြုံစဖူးသော ထိတ်လန့် တုန်လှုပ်ဖွယ်အန္တရာယ်များ သူ့နှလုံးသားထဲ တိုးဝင်လာတော့သည်။
“ တာအိုစု စိတ်မပူပါနဲ့ ... ရှင်းကျောက်အန္တရာယ်ကင်းပါတယ်။ ”
ကျန်းယွင်ထောင်က ဘေးမှနေပြီး အမြန်အဖြေပေးလိုက်၏။
“ သေချာလား ... ။”
“ ငါ့ဘဝနဲ့ ကျိန်တွယ်ပြီး ပြောနိုင်ပါတယ်။ ”
“ ကောင်းပြီ ... ။”
စုရီမှ ခေါင်းညိတ်သည်။ သို့မှသာ မီးတောက်နေသော ၀တ်ရုံထားသည့် လူရွယ် ခမျာ သက်ရောက်မှုများ ချက်ချင်း ပျောက်ကွယ်သွား၏။
အရိုးထိတိုင် အေးစက်နေသည့် အကျပ်အတည်းသည် အရိပ်အမြွက်မျှပင် မကျန်တော့ချေ။
စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကာ စုရီကိုမျက်နှာမူစဉ် ပို၍ လေးနက်လာခဲ့၏။
“ မင်းတို့ အချင်းချင်းပြောပါ ... ။ ”
ထို့နောက် တခြားလူများကို ခေါ်လျက် အဝေးသို့ ဆုတ်ခွာလိုက်၏။ ကျန်းယွင်ထောင်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလေသည်။
“ တာအိုစု ... မင်းအခု သတိထားသင့်တယ် သွမ့်ကူမျိုးရိုးက မင်းကို လက်စားချေဖို့ ကြိုးစားနေတယ်။ ”
“ စိတ်မပူနဲ့ ... သူတို့လာပါစေ။ ”
“ ..... ။”
ကျန်းယွင်ထောင် နှလုံးသားထဲတွင် ရင်းနှီးသော ခံစားချက်တစ်ခု တိုးဝင်လာသည်။ ဤအရာသည် စုရီအပေါ် သူ၏အထင်အမြင်နှင့် လုံး၀ကိုက်ညီ၏။
မာနကြီးပြီး မထီမဲ့မြင်ပြုပုံ ပေါက်နေပုံရသော်လည်း သူ့အစွမ်းသတ္တိအပေါ် အကြွင်းမဲ့ယုံကြည်မှုကို ပြသနေသည်။
ထိုလူငယ်ကို စတွေ့စဉ် ဤအမူအကျင့်အပေါ် သည်းမခံနိုင်ခဲ့ချေ။ ပဋိပက္ခများပင် ဖြစ်ခဲ့ရသည်။ အဆုံးသတ်၌ ရှုံးနိမ့်ခဲ့ရ၏။ ခေါင်းယမ်းလျက် ထိုနာကျင်စရာ အမှတ်တရများကို လွင့်ပါးစေသည်။
“ တာအိုစု ... လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ မဟာရှတစ်ခုလုံး ပြောင်းလဲသွားပြီ မင်းထားခဲ့တဲ့အတိုင်း မဟုတ်တော့ဘူး ... ။ ”
ထို့နောက် အခြေအနေအားလုံးကို ရှင်းပြလာသည်။ လွန်ခဲ့သော နှစ်လမတိုင်မီက သွမ့်ကူဖန်းသည် တိမ်လွှာကောင်းကင် နန်းတော်ကို ရောက်လာခဲ့၏။
အကြီးအကဲ ဆယ့်ခြောက်ယောက်နှင့် နန်းတော်သခင်ကိုယ်တိုင် အရေးယူသော်မှ ရှုံးနိမ့်သွားသည်။
အဆုံးတွင် မဟာအကြီးအကဲ ကိုယ်တိုင် ထွက်လာ၏။ သူသည် ဝိညာဉ် ပေါင်းစည်းခြင်း အဆင့်၌ရှိကာ လှုပ်ရှားမှုပေါင်းရာဂဏန်းမျှ ဖလှယ်ပြီးနောက် ရှုံးနိမ့်သွားပြန်သည်။
ဤနည်းဖြင့် သွမ့်ကူဖန်း၏ အမည် ဂုဏ်သတင်းသည် အကြီးအကျယ်ပျံ့နှံ့သွားကာ ကြယ်ပွင့်အဆင့် (၇)နေရာကို ရရှိခဲ့၏။
ထို့နောက်တွင် တိမ်လွှာကောင်းကင် နန်းတော်သည် သွမ့်ကူမိသားစု လက်အောက်ခံ ဖြစ်လာတော့သည်။
အဆိုပါရလာဒ်အတွက် စုရီမှ မအံ့သြချေ။ ရွှေခေတ်တွင် တစ်ချိန်က အထွတ်အထိပ်အဆင့် ဂိုဏ်းလေးခုဖြစ်သော ကောင်းကင်ဓားဂိုဏ်း၊ တိမ်လွှာကောင်းကင်နန်းတော်၊ ချင်းရီတာအို ဂိုဏ်းနှင့် မဟာဇင် ဘုံကျောင်းတို့သည် ဒုတိယအဆင့်သို့ လျော့ကျသွား၏။
ကောင်ကင်ဓားဂိုဏ်းသည် ဓားတောင်တန်း၏ ရှကျန့်လင်းထံရှုံးနိမ့်ခဲ့သည်။ ချင်းရီတာအို ဂိုဏ်းသည် ထိုက်ကျိတာအို တောင်တန်း၏ တပည့်ကြီး ဟွာရှင်းရုံ၏ နှိမ်နင်းခြင်းခံရ၏။
မဟာဇင်ဘုံကျောင်းသည် မျိုးဆက်သစ်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည့် ‘ဝမ်းနည်းခြင်းသစ်ရွက်’ထံ လက်နက်ချသည်။
ထို့ကြောင့် သွမ့်ကူဖန်း၊ ရှကျန့်လင်း၊ ဟွာရှင်းရုံနှင့် ဝမ်းနည်းခြင်းသစ်ရွက်တို့သည် ချက်ချင်း ကျော်ကြားလာတော့၏။
၎င်းတို့အားလုံးသည် ကြယ်ပွင့်စာရင်းတွင် ထိပ်ဆုံးဆယ်ဦး၌ ရပ်တည်နိုင်သည်။ သို့သော်။
“ မိန်းကလေးရှင်းကျောက် အကြောင်း ပြောပြပါ။ ”
စုရီက ထိုသူများကို စိတ်မဝင်စားချေ။ သဘာဝအတိုင်း ဝမ်ရှင်းကျောက် အတွက်သာ အစိုးရိမ်ဆုံးဖြစ်သည်။
“ သွမ့်ကူဖန်းက စကြာဝဠာကျွန်းမှာ မင်းသတ်လိုက်တဲ့ သွမ့်ကူယွင်အတွက် မင်းကို စိန်ခေါ်ဖို့ စောင့်နေတယ်။ ”
စုရီမှ မျက်မှောင်ကြုတ်သွားသည်။
“ သူ ... မိန်းကလေးရှင်းကျောက်ရဲ့ အသက်ကို ခြိမ်းခြောက်နေတာလား။ ”
“ မဟုတ်ဘူး ... သခင်လေးသွမ့်ကူက တကယ့်ကို လေးစားစရာ ကောင်းလွန်းပါတယ် ပြတ်သားပြီး တိုက်ရိုက်ဆန်ပါတယ် ...
... ဒီလိုမှမဟုတ်ရင် ... ငါတို့ ခေါင်းဆောင်ကနေ တပည့်တွေအထိ အားလုံး သွမ့်ကူမျိုးရိုးဆီမှာ အညံ့ခံဖို့ တလိုတလား သဘောတူကြမှာ မဟုတ်ဘူး။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။
“ မိန်းကလေးရှင်းကျောက် နေကောင်းနေသရွေ့တော့ အဆင်ပြေပါတယ်။ ”
ထို့အပြင် မဟာရှမှ ထွက်ခွာခဲ့စဉ် သူမကိုယ်သူမ ကာကွယ်နိုင်ရန် ဧကရာဇ်တံဆိပ် ကောချင်ထံမှ ပြန်ယူကာ ပေးအပ်ထား၏။
အချိန်သည် ၎င်း၏စွမ်းအားများစွာကို တိုက်စားထားသော်လည်း သွမ့်ကူမျိုးရိုးအပေါ် ကြောက်ရွံ့စရာ မရှိချေ။
ကျန်းယွင်ထောင်တစ်ယောက် တုံ့ဆိုင်းသွားပြီး အဆုံးတွင် ထပ်မံပြောကြားရန် ဆုံးဖြတ်လိုက်သည်။
“ တာအိုစု ဖြစ်နိုင်ရင် ... ရှင်းကျောက်ကို ငါ့တို့နန်းတော်ကနေ အမြန်ဆုံး ခေါ်သွားပေးပါ။ ”
“ ဘာလို့လဲ ... ။ ”
“ သွမ့်ကူဖန်းက သူမကို ဓားစာခံ လုပ်ရမှာကိုရှက်ရွံ့ပေမယ့် ... သွမ်ကူမျိုးရိုးက အခြားလူတွေအတွက်တော့ အာမမခံနိုင်ဘူး ...
... သူတို့အားလုံးက ရှင်းကျောက်နဲ့ မင်းတို့ကြားမှာ ခင်မင် ရင်းနှီးမှုတစ်ခု ရှိတယ် ဆိုတာ သိထားကြတယ် ...
... လက်ရှိမှာ ရှင်းကျောက်ကို ဘယ်သူမှ မထိခိုက်စေပေမယ့် သူမရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲတမ်း စောင့်ကြည့်ပြီး ဂိုဏ်းအပြင်ဘက် ခြေလှမ်း တစ်ဝက်တောင် လှမ်းခွင့်မပေးဘူး ...
... ဒါကြောင့် မင်းမှာ နည်းလမ်းရှိရင် ရှင်းကျောက်ကို မင်းနဲ့အတူ ခေါ်သွားပေးပါ မင်းမလုပ်နိုင်ရင် နောက်မှလာခေါ်ပါ ဘာမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့။ ”
“ ငါက သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ မင်းထင်နေတာလား။ ”
စုရီက ခပ်ဖွဖွပြုံးကာ မေးလိုက်သည်။ ကျန်းယွင်ထောင်ခမျာ ချက်ခြင်း အဆင်မပြေ သလို ခံစားလိုက်ရပြီး၊
“ ဒီအဘိုးကြီးအမြင်အရ သွမ့်ကူမိသားစုလို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခုနဲ့ ဆက်ဆံရာမှာ သတိထားတာ အကောင်းဆုံးလို့ ထင်ပါတယ်။ ”
-ဟု တုန့်ပြန်၏။
“ လုံလောက်ပြီ ... အခု ဒီကို မင်းတို့ ဘာလာလုပ်တာလဲ။ ”
စုရီမှ စိတ်မဝင်စားတော့ချေ။ ထို့ကြောင့် အကြောင်းရင်းထံ မေးမြန်းလိုက်သည်။
“ မကြာသေးမီ မရဏငရဲနန်းတော်က သရဲဒိုမိန်းကနေ ကြီးမားတဲ့ကံကြမ္မာကို ရှာတွေ့ ခဲ့ကြောင်း ကောလာဟလတွေ ...
... ထွက်ပေါ်လာခဲ့တယ် ဒါကြောင့် ငါ့ကိုလိုက်ပို့ပေးဖို့ သွမ့်ကူမျိုးရိုးက တောင်းဆို လာလို့ပါ။ ”
“ ဒါဆိုရင်တော့ မင်းတို့ လက်ဗလာနဲ့ ပြန်ရလိမ့်မယ်။ ”
ကျန်းယွင်ထောင်မှ အံ့အားသင့်သွားပြီး မည်သည့်အဓိပ္ပါယ်ဆိုလိုကြောင်း မေးမြန်းရန် ပြင်လိုက်၏။ ထိုစဉ် မီးလျှံ၀တ်စုံနှင့် လူရွယ်က ချဉ်းကပ်လာသည်။
“ မင်းတို့နှစ်ယောက် စကားစမြည် ပြောပြီးပြီလား။ ”
“ မင်း ငါနဲ့ကိစ္စရှိလား။ ”
စုရီက မျက်မှောင်ကြုတ်လျက် ပြန်မေးသည်။ မီးလျှံဝတ်စုံနှင့် လူရွယ်မှ အသက်ပြင်းပြင်းရှူလျက်၊
“ ငါ့မျိုးရိုးရဲ့ သွမ့်ကူဖန်းက မင်းကိုစောင့်နေတယ် ... မင်းသူ့ကို သတ္တိရှိရှိ ရင်ဆိုင်နေသရွေ့ ရလဒ်ဘယ်လိုပဲ ဖြစ်နေပါစေ ငါတို့မိသားစုနဲ့ ... မင်းကြားက ရန်ငြိုးတွေ အဆုံးသတ်သွားလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ငါ တိမ်လွှာကောင်းကင်နန်းတော်ကို သွားမှာပါ မင်းတို့မျိုးရိုးရဲ့ တစ်စုံတစ်ယောက်က သတ္တိရှိရင် စိန်ခေါ်ဖို့ အခွင့်အရေးပေးမယ်။ ”
စုရီစကားကြောင့် မီးလျှံ၀တ်စုံနှင့် လူရွယ်ခမျာ ချက်ချင်းအေးခဲသွားသည်။ စုရီမှ လျစ်လျူလျက် လက်နှစ်ဖက်နောက်ပို့ကာ ထွက်ခွာသွားတော့၏။
မီးလျှံဝတ်စုံနှင့် လူရွယ်က စုရီပုံရိပ် ပျောက်ကွယ်သွားသည်အထိ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။ အဆုံးတွင်၊
“ စုရီ ... ဒီစကားကို ငါ့မျိုးရိုးဆီ အခုပဲပို့လိုက်မယ် မင်းစကားကို ပြန်မပြင်ဖို့ မျှော်လင့်ပါတယ်။ ”
-ဟု ညည်းတွားလိုက်တော့၏။
***