သွမ့်ကူမျိုးဆက်သွေး ... ။
Vol. 46 Ch. 545
ပေတစ်သောင်းအတွင်း တိမ်တိုက်များ ပြန့်ကျဲနေပြီး နေရောင်ခြည်သည် ကမ္ဘာပေါ်သို့ ဖြာကျနေ၏။ အုံ့ဆိုင်းနေသော နွေဦးမိုးသည် ရုတ်တရက် တောက်ပသော အလင်းများ အစားထိုးလာသည်။
ဤသည်မှာ ကြောက်စရာကောင်းသော ဓားအလင်းဖြစ်၏။ အငွေ့အသက်သည် တောင် တစ်လုံးလို မြင့်တက်ကာ တိမ်ပင်လယ်ကို တုန်ခါသွားစေသည်။
လေစီးကြောင်းများက ထိုစွမ်းအားကို မခံနိုင်သောကြောင့် အော်ဟစ်မြည်တမ်းကြ၏။ အရိုင်းမြေကိုးပါး၌ပင် သူ့အရည်အချင်းသည် အထွတ်အထိပ်အဆင့် တပည့်များနှင့် ယှဉ်ပြိုင်ရန် လုံလောက်ပေလိမ့်မည်။
ကြည့်ရှုသူများ၏ ဝိညာဉ်များသည် ထိတ်လန့်တုန်လှုပ်သွားကြကာ အများစုမှာ အချိန်မရွေး ပြိုလဲသွားတော့မည်ကဲ့သို့ အသက်ရှူကြပ်သွားကြ၏။
သူတို့သည် ပြိုကျလာသော ဓားတောင်ကြီးရှေ့ရှိ ပုရွက်ဆိတ်များနှင့် တူနေသည်။
မသက်မသာဖြင့် အားကိုးရာမဲ့စွာ စိတ်ပျက်အားငယ်ကုန်၏။ ထိုစဉ်စုရီသည်လည်း ကျောက်စိမ်းရောင်ဝတ်ရုံနှင့် အနက်ရောင် ဆံပင်ရှည်များ လွင့်ပျံလာသည်။
“ ရွှပ် ... ။ ”
မလှုပ်မယှက် ညာလက်ကိုဖြန့်ကာ လေထဲပုတ်လိုက်၏။ ဗုဒ္ဓပန်းကောက်သည့် လက်ကဲ့သို့ ဓားအလင်းတစ်လက် ပျံထွက်လာသည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံ မြည်ဟည်းသွားကာ တိမ်ပင်လယ်ကြီး ဆုတ်ခွာ သွားပြီး ကြယ်များမြင်လိုက်ရ၏။
သွမ့်ကူဖန်း၏ အကန့်အသတ်မရှိသော ဓားချီသည် စုရီနှင့်သုံးပေအကွာတွင် ချက်ခြင်း ကွဲထွက်သွားသည်။
ကောင်းကင်ကို ထောက်ထားသော ထောက်တိုင်ကြီး ပြိုကျသကဲ့သို့ အဖျက်စွမ်းအင် လှိုင်းများ ပျံ့ကားလာ၏။
ကောင်းကင်မှ တောက်ပသော အလင်းရောင်သည် စုရီ၏ဝတ်ရုံအပေါ် လင်းလက်တောက်ပသွားစေသည်။
“ ဒါ ... ။ ”
သွမ့်ကူမိသားစု ကျွမ်းကျင်ပညာရှင်များ၏ စိတ်လှုပ်ရှားနေသော အပြုံးများ အေးခဲသွား၏။ စုရီသည် သာမာန်လူ မဟုတ်မှန်း သူတို့ ကောင်းကောင်းသိသည်။
သူ၏ အစွမ်းသတ္တိနှင့် ပတ်သတ်သော ပုံပြင်များသည် မဟာရှအတွင်း ပြန့်နှံ့နေပြီ ဖြစ်၏။
သွမ့်ကူဖန်းသည် ယခင်အတိုင်း ငြိမ်သက်နေပြီး မအံ့သြချေ။ သို့သော် အကြည့်များ ယခင်ကထက် ပိုမိုပြတ်သားလာ၏။
“ အထင်ကြီးစရာပါပဲ မင်းကိုသတ်ရမှာ နှမျောစရာကောင်းတယ် မဟုတ်ရင် အရက် သောက်ပြီး ငါတို့ဆွေးနွေးလို့ရတယ်။ ”
“ အရက်သောက်ပြီး စကားစမြည် ပြောနေစရာ မလိုပါဘူး ... မင်းမှာရှိသမျှကို ငါ့ကိုပြပါ မင်းရဲ့လက်ရှိစွမ်းအားက ငါ့ဓားကို ဆွဲခိုင်းဖို့ မလုံလောက်ဘူး။ ”
“ ကောင်းပြီ ... ။ ”
သွမ့်ကူဖန်းမှ ခေါင်းညိတ်သည်။ ရောင်ဝါ ရုတ်တရက် တုန်ခါသွားကာ ခဏအကြာတွင် လေးလံပြီး အကန့်အသတ်မရှိသော တည်ရှိမှု အဖြစ် ပြောင်းလဲသွား၏။
ပေတစ်သောင်းမြင့်သော ဓားတောင်ကြီးသည် ဓားအလင်းအဖြစ်သို့ ထွက်ပေါ်လာသည်။
ထက်ရှမှုသည် တဖျပ်ဖျပ်ခတ်နေပြီး ကောင်းကင်ကို ဖြတ်ပိုင်းနိုင်လောက်အောင် ပြတ်သားနေ၏။
သူ့တစ်ကိုယ်လုံး တောက်ပလျက် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့နှံ့နေသော သတ်ရန် ရည်ရွယ်ချက်သည် ကြောက်စရာ ကောင်းချေပြီ။
“ မဆိုးဘူး ... ဒီဘက်ခေတ်မှာ မင်းလိုလူတစ်ယောက် ရှိလာတာ မယုံနိုင်စရာပဲ နှစ်တစ်ရာအတွင်း ဓားဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်။ ”
စုရီက မှတ်ချက်ပေးသည်။ သို့သော် အများအမြင်တွင် ဂျူနီယာတစ်ယောက်အပေါ် အကဲဖြတ်နေသော စီနီယာနှင့် တူနေ၏။
ယင်းသည် သွမ့်ကူမျိုးရိုး၏ ကျွမ်းကျင်သူများကို စိတ်မသက်မသာ ဖြစ်သွားစေသည်။
“ မင်း ... မျက်လုံးကောင်းတယ်။ ”
သွမ့်ကူဖန်းတစ်ယောက် အံ့အားသင့်သွားသည်။ သူ၏ လျှို့ဝှက်ချက်များ အားလုံးကို ဖွင့်ချခံရသလို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း သူ့နှလုံးသားသည် အနှိုင်းမဲ့ခိုင်မြဲသည်။ တစ်ဖက်လူ၏ လှည့်ကွက် မဟုတ်ဟု မည်သူပြောနိုင်မည်နည်း။
“ ဒါက ... မင်းရဲ့ဓားကိုဆွဲထုတ်ဖို့ လုံလောက်ပါ့မလား ငါမသိဘူး။ ”
စုရီမှ ပြုံးလိုက်သည်။
“ လုနီးပါးပဲ၊ ဒါပေမယ့် မလုံလောက်သေးဘူး။ ”
“ မေ့လိုက်ပါ ... ဒီကိစ္စနဲ့ပတ်သက်ပြီး ငါငြင်းခုံနေစရာ မရှိပါဘူး သဘာဝအတိုင်း ငါ့ခွန်အားကို အပြည့်အဝအသုံးချပြီး ညီငယ်ရဲ့ ဆုံးပါးသွားတဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးမယ်။ ”
စုရီ ဓားဆွဲသည်ဖြစ်စေ၊ မဆွဲသည်ဖြစ်စေ အရေးမကြီးတော့ချေ။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သတ်ရန်ဖြစ်သည်။
“ ရွှပ် ... ရွှပ် ... ။ ”
အဆုံးတွင် လေကိုနင်းလျက် ခုတ်ပိုင်းချလိုက်၏။ မီးရှူးမီးပန်းများကဲ့သို့ တောက်ပသော ဓားအလင်းများ လေထဲပေါ်လာသည်။
“ ကောင်းကင်ဘုံကိုးပါးမှ ပုံရိပ်ယောင်မီးအိမ်များ။ ”
ဓားအလင်းတိုင်းတွင် အတားအဆီးမရှိ ပြင်းထန်မှုများပါရှိ၏။ ကောင်းကင်ကြီး ပြိုပျက် သွားမည်ဟု သံသယ ဝင်လာသည်။
ထက်ရှသော ဓားရည်ရွယ်ချက်မှာ ကန့်သတ်ချက်ကျော်လွန်၍ ကြောက်မက်ဖွယ် ကောင်းတော့၏။
“ ဟမ့် ... ။ ”
စုရီက ညာဘက်လက်ချောင်းများကို လေထဲဆွဲလိုက်သည်။ သူ့ရှေ့သုံးပေအကွာတွင် ပေါက်ကွဲသွား၏။
“ ဝုန်း ... ။ ”
ဟိုဘက်သည်ဘက် ကောင်းကင်ကြီး ရုတ်တရက် ပြိုကျသွားလေသည်။ ဤခဏတွင် လွင့်မျောနေသော မီးအိမ်များသည် ညှိုးနွမ်းကုန်တော့၏။
သွမ့်ကူဖန်းအကြည့်များ စူးရှလာသည်။ ခဏအကြာတွင် ရှားရှားပါးပါး လေးနက်မှု၏ အရိပ်အမြွက်ကို ထုတ်ဖော်ခဲ့၏။
ဤကဲ့သို့သော ပြိုင်ဘက်မျိုးသည် မကြုံစဖူးချေ။ နှလုံးသတ်သူသည် တုန်ခါလျက် အလင်းရောင်များ လက်လာ၏။
“ ကြယ်တံတား ... ။ ”
နောက်တစ်ကြိမ် တိုက်ခိုက်သည်။ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ဓားချီများ ကောင်းကင်အမိုးခုံးကိုဖြတ်ကာ ကြယ်ရောင် တံတားတစ်စင်းကဲ့သို့ကျဆင်းလာ၏။
ကောင်းကင်တခွင် လင်းထိန်ကာ မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများ ဖြန့်ကျက်ထားသည်။
စုရီပတ်လည်ရှိ လေဟာနယ်ကို ကန့်သတ်ကာ တုနှိုင်းမရသော သတ်ခြင်းကို ပြပေမည်။
“ ကောင်းတယ်။ ”
ပြိုင်ဘက်ကို ချီးမွမ်းပြီးနောက် စုရီသည် လေထဲသို့ လှမ်းတက်ခဲ့၏။ အဝတ်အစားများ တဖျပ်ဖျပ်ခတ်လျက် သူ့လက်တွင် အလင်းများ တောက်ပလာသည်။
“ ထောင်း ... ထောင်း ... ။ ”
ကောင်းကင်ကိုဖြတ်၍ အရပ်မျက်နှာ ဆယ်ပါးသို့ ဆန့်တန်းနေသော ကြယ်သံကြိုးနှင့် တံတားသည် တို့ဟူးအလားပြတ်ကျသွား၏။
များမကြာမီ ကြယ်သံကြိုးများသည် အမြစ်မရှိသော သစ်ပင်ကဲ့သို့ စွမ်းအင်ရင်းမြစ် ဆုံးရှုံးပြီး လှုပ်ရမ်းကုန်သည်။
ထို့နောက် လှိုင်းလုံးကြီးများအဖြစ် လွင့်စင်သွားကာ ကောင်းကင်တခွင် တုန်ခါသွား စေတော့၏။
စုရီ၏ တိုက်ခိုက်မှုမှာ အထူး ပြင်းထန်ခြင်းမရှိသော်လည်း သွမ့်ကူဖန်းကို မျက်လုံးပြူးစေသည်။
ထိုဓားသည် မှန်ကန်သော ပမာဏဖြင့် အားနည်းသောနေရာကို တိကျစွာ တိုက်ခိုက် ခဲ့ခြင်း ပေပင်။
တိုက်ခိုက်မှုတစ်ခုကို ဖော်ဆောင်သည့် အခါတိုင်း အားနည်းချက်နှင့် အားသာချက်များ ဖြစ်ပေါ်လာတတ်၏။ ဓားဧကရာဇ်များပင်လျှင် ထိုအတွင်းမှ မလွတ်မြောက်နိုင်သေးချေ။
သို့သော် လူအများစုသည် ထိုအားနည်းချက်များ ရှိသည့်နေရာကို ပိုင်းခြား သိမြင်နိုင်စွမ်း မရှိကြသောကြောင့် လုံလောက်ပေသည်။
စုရီမှာမူ အားနည်းချက်များ ပေါ်ပေါက်လာမည့် အချိန်ကို ကြိုတင်သိနေ၏။ ယင်းကြောင့် တိုက်ခိုက်မှုများကို လွယ်ကူစွာ ဖျက်ဆီးနိုင်ခြင်း ဖြစ်လေသည်။
ထိုသို့အောင်မြင်ရန် လူတစ်ယောက်၏ ဓားတာအိုအသိသည် မည်မျှ ကြောက်စရာ ကောင်းနေမည်ကို မသိနိုင်ချေ။
သို့သော် သွမ့်ကူဖန်းတစ်ယောက် ရွှင်မြူးလာ၏။ ပြိုင်ဘက်မှ ပိုမိုသန်မာလာ သည်နှင့်အမျှ သူ့တိုက်ပွဲဝင်ဆန္ဒများမှာ ပို၍ တောက်လောင်လာမည်ဖြစ်သည်။
“ ရွှပ် ... ။ ”
ထို့ကြောင့် သူ့ဓားကို နောက်တစ်ကြိမ် လွှဲလိုက်သောအခါ ဓားတောင်ကြီးတစ်လုံးလို ပြေးထွက်သွား၏။
ကောင်းကင်လှုပ်ခါလျက် တိမ်လွှာများ ဘက်ပေါင်းစုံမှ ပြိုကျကုန်သည်။ စုရီမှ ရှောင်ရန် မကြိုးစားချေ။
“ ဟမ့် ... ။ ”
အသက်တရှိုက်စာအတွင်း နှစ်ဦးသား အကြိမ်တစ်ရာကျော် ထိပ်တိုက်တွေ့ဆုံကြ၏။ ကောင်းကင်တခွင် ဓားရည်ရွယ်ချက်များ တဟုန်းဟုန်းတောက်နေသည်။
တုနှိုင်းမရသော ဓားချီသည်လည်း သဲသဲမဲမဲ ရွာကျနေ၏။ ဤအဆင့် တိုက်ပွဲသည် ခြွင်းချက် မရှိ ပြင်းထန်၏။
သွမ့်ကူဖန်းဓားသည် ကောင်းကင်မှ ဆင်းသက်သော ဓားတောင်ကဲ့သို့ ဖြစ်သည်။ တိုက်ခိုက်မှုတိုင်း ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေ၏။
ပြိုင်ဘက်များသည် မခန့်မှန်းနိုင် လောက်အောင် မြင့်မြတ်သော ဓားတောင်ကြီး ရွေ့လျားလာသကဲ့သို့ ခံစားရမည်ဖြစ်သည်။
ဤသည်မှာ ကြယ်ပွင့်အဆင့်၏ သတ္တမမြောက် ပါရမီရှင်တစ်ဦး စွမ်းအားပေပင်။ သို့သော် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စုရီ၏ ခုခံနိုင်စွမ်းသည် ပိုတည်ငြိမ်လာသည်ကို တွေ့ရှိလိုက်ရသဖြင့် လူတိုင်း အံ့သြသွားကြသည်။
အစမှအဆုံးတိုင် လက်ဗလာဖြင့် ချေဖျက်နေပြီး လှုပ်ရှားမှုတိုင်း ကြီးမားသော စွမ်းအားများပါရှိသည်။ သွမ့်ကူဖန်း လှုပ်ရှားသမျှ ပေါ့ပေါ့ပါးပါး ချေမှုန်းသွား၏။
စုရီကို ရန်လိုသော သွမ့်ကူမျိုးရိုးမှ ကျွမ်းကျင်သူများပင်လျှင် သူတို့၏သခင်ငယ် အလွန်ကြောက်စရာကောင်းသော ရန်သူနှင့် ကြုံတွေ့နေရကြောင်း ဝန်ခံနိုင်သည်။
အဆုံးတွင် မည်သူအနိုင်ရပါစေ ဤတိုက်ပွဲသည် သမိုင်းတစ်လျှောက်လုံးတွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် အကြီးကျယ်ဆုံး တိုက်ပွဲအဖြစ် သမိုင်းတွင်ပေလိမ့်မည်။
ထိုမြင်ကွင်းကို တိမ်လွှာကောင်းကင် နန်းတော်သခင်က အဝေးမှ ကြည့်နေသည်။ သူ့ကိုယ်သူ အသက်ကြီးသွားကြောင်း သိမြင်လာကာ သက်ပြင်းချ လိုက်၏။
သွမ့်ကူဖန်းနှင့် သုံးကြိမ်တိုင်တိုင် တိုက်ဖူးကာ သုံးကြိမ်လုံး ခေါင်းမဖော်နိုင်ချေ။ ထို့ကြောင့် ဤပွဲကို ကြည့်သောအခါတွင် တောင့်တမှု မရှိတော့ချေ။
ရှုံးနိမ့်ခြင်း၊ ဆိတ်သုဉ်းခြင်းနှင့် ကြေကွဲခြင်းသာရှိ၏။ ကွာဟချက်များသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားသည်။
ဤသည်မှာ မျိုးဆက်ဟောင်း ကျင့်ကြံသူများအတွက် ရင်ဆိုင်ရမည့် ရက်စက် ကြမ်းကြုတ်သော အမှန်တရားပေပင်။
တစ်ဖက်တွင် မျိုးဆက်သစ်များသည် သိမ်ငယ်စိတ်များ ဝင်လာသည်။ ရွှေခေတ်သည် နီးကပ်လာပြီ ဖြစ်၏။
လူတိုင်းသည် နဂါးတံခါးကို ခုန်ကျော်ရန် အခွင့်အလမ်းရှိနေချေ၍သာလျှင် သက်သာရာ ရခြင်းဖြစ်သည်။
“ အခုချိန်ကစပြီး ... ငါ့ရဲ့ရှင်သန်မှုကို ဂရုမစိုက်ဘဲ တိုက်ပွဲဝင်မယ် ... မင်းကိုသတ်ဖို့ နည်းလမ်းတိုင်း အသုံးချမယ် ... သတိထားပါ တာအိုမိတ်ဆွေ။ ”
သွမ့်ကူဖန်း၏ စကားလုံးတိုင်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ပဲ့တင်ထပ် နေ၏။ လူအုပ်ကြီး အမူအရာ ပြောင်းသွားသည်။
ကြာရှည်စွာ မအောင်မြင်သောတိုက်စစ် ဆင်နွှဲပြီးနောက် သွမ့်ကူဖန်းသည် သူ့အသက်ကို စွန့်တော့မည်ကို သဘောပေါက်ချေ၏။
သွမ့်ကူမိသားစုမှ ကျွမ်းကျင်သူများ နှလုံးသားတင်းကျပ်ကုန်သည်။ သွမ့်ကူဖန်း ကဲ့သို့ တစ်စုံတစ်ယောက်သည် စုရီကို ဖြုတ်ချရန် ပျက်ကွက်လိမ့်မည်ဟု မထင်ထားချေ။ အရေးအကြီးဆုံးမှာ စုရီသည် ယခုချိန်ထိ ဓားမဆွဲသေးခြင်းဖြစ်၏။
“ ခရစ် ... ။ ”
သွမ့်ကူဖန်း ခန္ဓာကိုယ်အတွင်းမှ အရိုး ပွတ်တိုက် အက်ကွဲသံများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ပျံ့နှံ့သွား၏။
လေဟာနယ် တုန်ခါလျက် သေစေနိုင်သောခြိမ်းခြောက်မှုကို ခံစားလာရ လေသည်။ သူ့ဝန်းကျင်တစ်ခုလုံး အနက်ရောင် မြူများ ပြည့်လျှံလာပြီး ထာဝရအမှောင်ည အတွင်းသို့ သက်ဆင်းသွား၏။
ဤသည်မှာ သွမ့်ကူမျိုးဆက်၏ ကောင်းကင်နတ်မိစ္ဆာသွေးကို အသက်သွင်းခြင်း ပေပင်။
သွမ်ကူမိသားစုသည် ဧကရာဇ်အဆင့် အင်အားစုဖြစ်၏။ ဘိုးဘေးမှာ ကောင်းကင် နတ်မိစ္ဆာ တောင်နှင့်ပင်လယ်သားရဲ ယင်ကျောက်ဖြစ်သည်။
ယင်းကျောက်သည် နတ်သားရဲများနှင့် ယှဉ်နိုင်သော ရက်စက်သည့် သတ္တဝါဖြစ်သည်။ မွေးရာပါစွမ်းအားသည် ထာဝရအမှောင်ညကို ထိန်းချုပ်ခြင်းဖြစ်၏။
“ ယင်ကျောက် မျိုးဆက်သွေးလား ... မဆန်းပါဘူး ထာဝရအမှောင်ညရဲ့ စွမ်းအားက အရိုင်းနယ်မြေကိုးပါးမှာတောင် ရှားတယ်။ ”
စုရီမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ယင်ကျောက်သည် မွေးရာပါနတ်သားရဲများကို ယှဉ်နိုင်ချေ၏။
သို့သော် သွမ့်ကူဖန်းသည် သွေးသန့်စင်ခြင်းမရှိချေ။ ထိုစဉ် ဓားတစ်လက် ကောင်းကင်မှ ကျဆင်းလာတော့သည်။
“ ဟမ့် ... ။ ”
ထာဝရအမှောင်ထုသည် ကန့်လန့်ကာနှင့်တူချေ၏။ အလင်းများကို ဝါးမြိုပစ်သကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံး ထာဝရ အမှောင်ထဲ ထိုးကျသွားလေသည်။
***