သွမ့်ကူဟိုင် ... ။
Vol. 46 Ch. 547
ရှုခင်းသည် မူလက မြူခိုးများနှင့် မိုးရေများတဖွဲဖွဲ ရွာနေခဲ့သော်လည်း ချက်ချင်း ပျောက်ကွယ်သွားပြီဖြစ်၏။
နေရောင်ခြည်များက တောက်ပပြီး ဖြူစင်သောနွေဦးရောင်ခြည်ကဲ့သို့ ဖြာကျကာ လူတိုင်းအပေါ် အနွေးဓာတ်များ ပေးသည်။
တိုက်ပွဲမစတင်မီတွင် စုရီသည် သေခြင်းကိုရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာ သည်ဟု အများစုက ထင်ခဲ့ကြ၏။
နောက်ဆုံးတွင် သူ့ပြိုင်ဘက်မှာ ကြယ်အဆင့်(၇)နေရာ၌ ကောင်းကင်ကို စိန်ခေါ်သော သွမ့်ကူဖန်းပေပင်။
သို့သော် အမှားတစ်ခု ပြုလုပ်မိကြောင်း ရုတ်တရက် သိလိုက်ရသည်။ စုရီက တိုက်ပွဲကို ရပ်နားကာ လက်နှစ်ဖက်နောက်ပို့လျက်၊
“ ငါတို့ ဆက်ကြမလား ... ။ ”
-ဟု မေးမြန်းလိုက်၏။
သွမ့်ကူဖန်းက နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး၊
“ ငါသေခြင်းကို မကြောက်ဘူး ... ဆက်လုပ်ပါ ဒီဓားနဲ့ ငါသေသွားရင်တောင် နောင်တမရဘူး။ ”
-ဟု တုန့်ပြန်သည်။
စကားလုံးတိုင်းသည် ဓားတစ်လက်ကဲ့သို့ ပြတ်သားကာ ပဲ့တင်ထပ်နေ၏။
“ သေရမှာကို မကြောက်ဘဲ အသက်ရှင်နေတာလား ... ။ ”
စုရီက ပြုံးသည်။ တစ်ဖက်လူ၏ အရည်အချင်းသည် အရိုင်းမြေကိုးပါးရှိ ဘီလူးများထက် များစွာ ညံ့ဖျင်း၏။
“ ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”
သို့သော် ဓားနှလုံးသားသည် ထက်မြက်လွန်းချေသည်။ စုရီမှ လေထဲသို့ ညွှန်ပြလိုက်သည်။
သူ့အဝတ်အစားများ လွင့်ပျံလာကာ ရိုးရှင်းပြီးအဟုန်ပြင်းသော ဓားတစ်လက် ထွက်ပေါ်လာ၏။
“ ရွှပ် ... ။ ”
သဘာဝအတိုင်း နက်နဲသိမ်မွေ့ခြင်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်ခြင်း အစရှိသော အရာများ မပါရှိချေ။
သာမာန်အားဖြင့် ဓားသမားသည် ပြိုင်ဘက်ကို ချုံခိုတိုက်ခိုက်သည့်အခါတွင်သာ ဤကဲ့သို့သော ခွန်အားကို အသုံးပြုကြသည်။
ရည်ရွယ်ချက်သည် အငိုက်ဖမ်းကာ တစ်ချက်တည်းဖြင့်သတ်ရန် ဖြစ်၏။ သို့သော် ယခုမူ မတူချေ။
လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အငိုက်ဖမ်းထားခြင်း မရှိကြောင်း ထင်ရှားနေ ခဲ့သည်။ ကြင်နာမှု အလျင်းကင်း၏။
နှလုံးသား၊ ဓားရည်ရွယ်ချက်နှင့် ခွန်အားစသည့် အရာအားလုံးသည် ဖြုန်းတီးမှု မရှိဘဲ တိုက်ခိုက်မှုအတွင်း အပြည့်အဝ ပေါင်းစပ်ထားသည်။
“ ဟမ့် ... ။ ”
ပြေးစရာနေရာ မရှိသလို ပုန်းစရာ နေရာလည်း မရှိချေ။ သွမ့်ကူဖန်းမှ ရူးသွပ်စွာ လေထဲလှမ်းတက်သွား၏။
သေခြင်းကို မကြောက်သောကြောင့် သဘာဝအတိုင်း ရှောင်တိမ်းရန် မကြိုးစားချေ။ ကျင့်ကြံမှုကို အပြည့်အ၀ ထုတ်လွှတ်ကာ၊
“ ချိုးဖြတ် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
စုရီဓားသည် သူ့နှလုံးသားထဲရှိ အနှိုင်းမဲ့အစွမ်းထက်သော တောင့်တမှုကို လှုံ့ဆော်ပေးသည်။
နှလုံးသားသတ်သူသည် အရှိန်ဖြင့် ဓားတောင်ကြီးအလား ရွေ့လျားသွားတော့၏။ လမ်းတလျှောက် လေဟာနယ် ဝရုန်းသုန်းကား ဖြစ်စေပြီး ပြိုကျသွားစေသည်။
ထိုဓားသည် အလွန်အစွမ်းထက်ကာ ကောင်းကင်ကိုပိုင်းဖြတ်လျက် တောင်များနှင့် မြစ်များကို လောင်ကျွမ်းစေနိုင်၏။
“ ဝုန်း ... ။ ”
ကြည့်ရှုနေသူများသည် ၎င်းတို့၏ နှလုံးသားထဲ၌ နာကျင်မှုများ ခံစားလာရပြီး မျက်လုံးများမှိတ်လိုက်ရသည်။
ပြီးပြည့်စုံသော ဓားနှစ်လက် လေထဲတိုက်မိသွား၏။ ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲကာ ပြိုးပြက်လင်းလက်နေသော အလင်းမိုးများ ကျဆင်းလာသည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ကောင်းကင်နှင့် မြေကြီးကြား မီးရှူးမီးပန်းများကဲ့သို့ ဓားတောင်ကြီးခမျာ ဆက်တိုက် ပေါက်ကွဲသွား၏။
“ ထန် ... ။ ”
တစ်ဖက်တွင် စုရီဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ နှလုံးသတ်သူကို ထိမှန်သွား လေသည်။
“ ခရစ် ... ။ ”
“ ကလန် ... ။ ”
ပြင်းထန်သော စွမ်းအားကြောင့် လက်ချောင်းများကွဲကြေကာ လက်ကောက်ဝတ် ကျိုးကျသွား၏။ သို့တိုင် ဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်၍တိုးဝင်လာသည်။
“ မကောင်းတော့ဘူး။ ”
လက်ဗလာဖြင့် ကူကယ်ရာမဲ့နေသော သွမ့်ကူဖန်းကြောင့် သွမ့်ကူမျိုးနွယ်ဝင်များမှာ ကူညီရန် ပျံသန်းလာကြသည်။
သွမ့်ကူဖန်းသာလျှင် ထိတ်လန့်ခြင်းမရှိဘဲ ဓားကြိုးကို ကြည့်၏။ သို့သော် ထိုဓားကြိုးသည် လည်မျိုကိုထိချိန်၌ ပျက်ပြယ်သွားလေသည်။
သွမ့်ကူမျိုးရိုး အကြီးအကဲများအားလုံး လေထဲရပ်တန့်ကုန်၏။ သွမ့်ကူဖန်းတစ်ယောက် မျက်မှောင်ကြုတ်လျက် စုရီထံကြည့်ပြီး၊
“ ဘာလို့ ... မသတ်တာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်များပွထလျက် သွေးများဖုံးလွှမ်းနေသည်။ ယင်းသည်သနားစရာမြင်ကွင်းမျိုး ဖြစ်သော်မှ မတ်တပ်ရပ်ကာ အနည်းငယ်မျှ မတုန်လှုပ်ချေ။
“ ဒါက ဘာများထူးလို့လဲ။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ ငါမင်းကို နောက်မှာ ... ပြန်လက်စားချေဖို့ ကြိုးစားမှာကို စိတ်မပူဘူးလား။ ”
“ ငါမျှော်လင့်ပါတယ် ... ။ ”
“ ကောင်းပြီ ... ဒီနေ့ရှုံးနိမ့်တာကို ငါဝန်ခံတယ် ငါ့ညီအတွက် လက်စားချေဖို့ကို လက်လျော့မှာတော့ မဟုတ်ဘူး။ ”
“ အဲဒီနေ့မှာ ... မင်းငါ့ကို ဓားဆွဲခိုင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”
ဤစကားသည် သွမ့်ကူဖန်းကို နာကျဉ်းသွားစေ၏။ ထိုအမှန်တရားသည် ရက်စက်လွန်းချေပြီ။
သူ့နှလုံးသားသည်သာ ခိုင်ခံ့မှု မရှိပါက ဤစကားဖြင့်ပင် ပြိုကျသွားနိုင်မည်။ စုရီက ဂရုမစိုက်ဘဲ လေထဲရှိ လူရိပ်များထံ မော့ကြည့်လိုက်တော့၏။
စုစုပေါင်း အမျိုးသား၊ အမျိုးသမီး (၇)ဦးရှိသည်။ ၎င်းတို့အားလုံးသည် အနိမ့်ဆုံး ဝိညာဉ်ပေါင်းစည်းခြင်း ကနဦးအဆင့်၌ရှိ၏။
ခေါင်းဆောင်သည် အဝါရောင် ဝတ်ဆင်ထားသည့် အထွတ်အထိပ် ဝိညာဉ် ပေါင်းစည်းခြင်း အဆင့်ပေပင်။
သွမ့်ကူဖန်းသည်လည်း လိုက်ပါ မော့ကြည့်လိုက်သည်။ အဖွဲ့ကိုဦးဆောင်သည့် အဝါရောင်ဝတ်လုံအဘိုးအိုကို မြင်သောအခါ မျက်မှောင်ကြုတ်တော့၏။
အဝါရောင် ၀တ်စုံဝတ်ထားသော အဘိုးအိုအမည်ကို သွမ့်ကူဟိုင်ဟုခေါ်ဆိုပြီး မိသားစု၌ ရာထူးကြီးမြင့်သည်။
သူ့ပတ်ဝန်းကျင်ရှိ အခြားသော (၆)ယောက်သည်လည်း မျိုးနွယ်၌အရေးပါသည့် ပုဂ္ဂိုလ်များဖြစ်နေ၏။
“ ဖန်းအာ၊ မင်းတကယ် ရှုံးသွားပြီလား။ ”
သွမ့်ကူဟိုင်မှ အံ့သြသွားသည်။
“ တိုက်ပွဲတစ်ခုမှာ အနိုင်နဲ့အရှုံးဆိုတာ သာမန်ပါပဲ ... အကြီးအကဲဟိုင် မင်းဘာလို့ ဒီကို ရောက်လာတာလဲ။ ”
“ မျိုးနွယ်ခေါင်းဆောင်က မင်းတစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေတယ် ... ဒါကြောင့် သူ ငါတို့ကို လွှတ်လိုက်တာပါ။ ”
တစ်ဖက်တွင် စုရီသည် စကားဝိုင်းကို နားထောင်ရန်ပျင်းသွားပြီး မြေပြင်ပေါ်ဆင်းကာ ဝမ်ရှင်းကျောက်ထံ လျှောက်လှမ်းသွား၏။
“ ရှင်းကျောက် ... သွားကြစို့။ ”
ဤအပြုအမူသည် သွမ့်ကူဟိုင်နှင့် အဖိုးကြီးများအဖွဲ့ကို ဒေါသထွက်သွားစေသည်။
“ ဟမ့် ... စုရီ မင်းထွက်သွားချင်လား ... နည်းလမ်းမရှိဘူး။ ”
သို့သော် စုရီမှ ဂရုမစိုက်ချေ။ ဝမ်ရှင်းကျောက်သည်သာ အနည်းငယ်မျှ ထိတ်လန့်နေ၏။
“ အစ်ကိုစု ... ချင်ယာကို ငါတို့နဲ့တူ ခေါ်သွားလို့ရမလား။ ”
“ သေချာတာပေါ့။ ”
နှစ်ယောက်သား စကားစမြည်ပြောလျက် လူတိုင်းအပေါ် လျစ်လျူရှုထားသဖြင့် လေထဲရှိ လူရိပ်များကို ဒေါသထွက်လာစေ၏။
“ ယွီလျူကျန်း ဘယ်မှာလဲ။ ”
အဆုံးတွင် သွမ့်ကူဟိုင်မှ အော်ဟစ်လိုက်သည်။ ဤသည်မှာ တိမ်လွှာ ကောင်းကင်နန်းတော်သခင် အမည်ဖြစ်၏။
“ ရှိပါတယ်။ ”
ယွီလျူကျန်းမှ တုန်လှုပ်စွာဖြင့် လှမ်းထွက်လာသည်။ သွမ့်ကူဟိုင်က အေးစက် လာပြီး၊
“ သူတို့က မင်းဂိုဏ်းရဲ့ တပည့်တွေ မဟုတ်လား။ ”
-ဟု မေးမြန်း၏။
“ ဟုတ်ပါတယ်။ ”
“ ဒါဆို သွားဖမ်းလာခဲ့ သစ္စာဖောက်တွေ တစ်ယောက်မှ မလွတ်စေနဲ့။ ”
“ ..... ။ ”
ဤအခြေအနေ၌ တိမ်လွှာကောင်းကင် နန်းတော်သခင်သည် မကြုံစဖူး စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုကို ခံစားလိုက်ရချေပြီ။
အကယ်၍သာ အမိန့်ကို မနာခံသော် သွမ့်ကူမျိုးရိုးအပေါ် စော်ကားခြင်းမည်ပေမည်။ အမိန့်ကိုယူသော် စုရီကို နှောက်ယှက်ခြင်း ဖြစ်စေ၏။
စုရီက မထိန်းနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာရပ်လိုက်သည်။ သို့သော် သူ စကားမပြောမီ သွမ့်ကူဖန်းမှ လေးနက်သော အမူအရာဖြင့်၊
“ အကြီးအကဲဟိုင် ... ဒီနေ့တိုက်ပွဲက ယွီလျူကျန်းနဲ့မဆိုင်ပါဘူး ပြီးတော့ ဒီတိုက်ပွဲမှာ ရန်ငြိုးတွေအားလုံးကို ရှင်းပစ်လိုက်ပြီ ....
... အနာဂတ်မှာ စုရီကို လက်စားချေချင်ရင်တောင် ငါ့နာမည်အောက် ကနေ စိန်ခေါ်မယ် သွမ့်ကူမျိုးရိုးနဲ့ မသက်ဆိုင်တော့ဘူး။ ”
-ဟု ရှင်းပြလိုက်၏။
“ ဖန်းအာ မင်းအရမ်းငယ်သေးတယ် ရန်သူကို ဘယ်လိုများ ကိုင်တွယ်ချင်နေရတာလဲ သူ မင်းညီကိုသတ်လိုက်တဲ့အတွက် သွမ့်ကူ မျိုးနွယ်နဲ့ သေတဲ့အထိ ရန်သူပဲ။ ”
“ အကြီးအကဲဟိုင် ... ငါ့ညီအတွက် အနာဂါတ်မှာ ငါလက်စားချေမယ်လို့ ... ကတိ ပေးထားပြီးသားပါ ဒါပေမယ့် မင်းငါ့ကို ဒီနေ့ မတရားတဲ့ အနေအထားမှာ ထားခဲ့ရင် ...
... တစ်နေ့ ငါမျိုးနွယ်စု ခေါင်းဆောင်ရာထူးကို ရယူနိုင်တဲ့အခါ ဒီကိစ္စကို မေ့ပစ်လိုက်မှာမဟုတ်ဘူး။ ”
သွမ့်ကူဖန်းမှ အံကြိတ်လျက် ခြိမ်းခြောက်လိုက်သည်။ သို့တိုင် သွမ့်ကူဟိုင်မှ ဂရုမစိုက်ဘဲ၊
“ ဒါဆိုဒီအကြောင်း မင်းခေါင်းဆောင် ဖြစ်လာတဲ့တနေ့ ပြောကြရအောင် ဒီနေ့တော့ သူသေရမယ်။ ”
-ဟု တုန့်ပြန်၏။
“ အရှက်မရှိ ... ။ ”
စကားဝိုင်းကို နားထောင်နေသော ချင်းယာက ဒေါသတကြီးအော်ဟစ်သည်။ စုရီမှ ပြုံးလိုက်ပြီး၊
“ သူ့ခေါင်းကို ငါဖြတ်ပေးမယ် မင်းဘောလုံးလို ကန်ချင်လား။ ”
-ဟု မေးမြန်း၏။
“ အစ်ကိုစု၊ ဒီလိုအရှက်မရှိတဲ့ အဘိုးကြီးခေါင်းကိုကန်ရတာမျိုး ငါ မကြိုက်ဘူး မြန်မြန်ပေါက်ကွဲပြီး အမှုန့်လုပ်ပစ်လိုက်။ ”
ချင်းယာမှ ရွံ့စရာတစ်ခုခုကို မြင်တွေ့သွားသကဲ့သို့ အေးစက်စွာ ပြန်ဖြေ လေသည်။
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်၏။ သူတို့ဘေးမှနေပြီး ဝမ်ရှင်းကျောက်တစ်ယောက် အနည်းငယ် စိုးထိတ်သွားသည်။
တစ်ဖက်လူများသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် (၇)ဦးဖြစ်၏။ နောက်ခံအုတ်မြစ်အရ ယနေ့ခေတ် အဖိုးကြီးများပင် မယှဉ်နိုင်ချေ။
ချင်းယာသည် အနည်းငယ် အထိန်းအကွပ်မဲ့နေပြီး စုရီသည် စိတ်မြန်၏။ ထိုစဉ် စုရီသည် စကားဆုံးသည်နှင့် လေထဲ လှမ်းတက်သွားသည်။
“ မင်းတို့ တာဝန်ယူလိုက် ... ဖန်းအာမှာဒဏ်ရာရထားတယ် ... ငါဂရုစိုက် လိုက်မယ်။ ”
သွမ့်ကူဟိုင်က သွမ့်ကူဖန်းအနား ဆက်သက်ကာ စောင့်ကြည့်လိုက်တော့သည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ (၆)ဦးမှ စုရီလမ်းကို ပိတ်ဆို့လိုက်၏။
ရောင်ဝါများ ပွင့်လျက် အချင်းချင်း ပေါင်းစကပ်ကာ လေဟာနယ်ကို ပိတ်ဆို့ချေပြီ။ တစ်ဖက်လူ ထွက်ပြေးမည်ကို စိုးရိမ်၏။
“ သတ် ... ။ ”
အဆုံးတွင် (၆)ယောက်သား စုပေါင်းတိုက်ခိုက်မှုတစ်ခုကို စုရီထံ ပစ်ထုတ် လိုက်တော့သည်။ ထိုမြင်ကွင်းသည် ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတိုင်းကို စိတ်ပျက်အားငယ်စေရန် လုံလောက်၏။
“ ရွှပ် ... ။ ”
ထိုစည် စုရီသည်လည်း ဓားကို ဆွဲထုတ်ကာခုတ်ချပစ်လိုက်သည်။ ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ပါးလွှာပြီး နက်မှောင်သော ဓားတစ်လက်ပေါ်လာ၏။
၎င်းနှင့်အတူ ကြမ်းကြုတ်သော ငှက်တစ်ကောင်ပုံရိပ် လိုက်ပါလာသည်ကို အဝေးမှပင် ဝိုးတဝါးမြင်လိုက်ရချေပြီ။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
အနက်ရောင် ဓားအလင်းသည် ပေါင်းစပ်ရောင်ဝါကို ဖြိုခွင်းလျက် ပြိုင်ဘက် (၆)ဦး၏ တိုက်ခိုက်မှုအပေါ် ဟန့်တားကာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာစေတော့၏။
***