ထူးဆန်းသော ခေါင်းလောင်းသံ ... ။
Vol. 46 Ch. 549
“ ဒေါင် ... ။ ”
စုရီက သူ့ဓားဖြင့် ကြေးဝါလှံကို ခုတ်ပယ်လိုက်သည်။ ခဏအတွင်းမှာပင် လှံနှင့် ဓားရိပ်များ ပြည့်နှက်သွားတော့၏။
“ ဝုန်း ... ။ ”
“ ဂျိန်း ... ။ ”
ပျက်စီးခြင်း ရောင်ဝါများ မုန်တိုင်းကဲ့သို့ ပြန့်ကားလာပြီး ကြောက်မက်ဖွယ်မိုးခြိမ်းသံများ ဖြစ်ပေါ်လာခဲ့သည်။
တစ်ဖက်တွင် သွမ့်ကူဟိုင်ကဲ့သို့ တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ၌ပင် စုရီသည် အသာစီးရမှုကို မဆုံးရှုံးခဲ့ချေ။
“ ဟမ့် ... ။ ”
တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စုရီရောင်ဝါသည်ပင် ပို၍သာ ပြင်းထန်လာ၏။ များမကြာခင် သွမ့်ကူဟိုင်ခန္ဓာကိုယ်ပေါ်၌ ပြတ်ရှရာများ ပေါ်လာခဲ့သည်။
“ ဒါက အရမ်းပြင်းတယ် ... ။ ”
ထိုရလာဒ်သည် သွမ့်ကူဖန်းကို ခါးသီးသွားစေ၏။ စုရီ၏ ဓားတာအိုသည် သူ့လက်လှမ်း မမှီနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ ဒီကောင် ဘယ်သူလဲ။ ”
တစ်ဆက်တည်းမှာပင် စုရီ၏ နောက်ခံအပေါ် သိချင်စိတ် ပျင်းပြလာတော့၏။ ချင်းယွင်မျှော်စင်မှ ပြုစုထားသော ကြယ်ပွင့် စာရင်းတွင် အသန်မာဆုံးဆယ်ဦးအနက် ရှစ်ဦးသည် ရှေးခေတ်အကြွင်းအကျန် ပါရမီရှင်များဖြစ်သည်။
ကျန်သုံးဦးသည် ပြင်ပကမ္ဘာမှ ဝင်ရောက်လာသော အင်အားစုများမှ ဖြစ်၏။ ယနေ့ခေတ်ပြိုင် လူငယ်များ တစ်ယောက်မှ မပါဝင်ချေ။ သို့သော် ယခု စုရီခွန်အားသည် ထိပ်ဆုံး(၃)ဦး အဆင့်ဝင်နေချေပြီ။
တစ်ဖက်တွင် သွမ့်ကူဟိုင်တစ်ယောက် ထိတ်လန့်မှု၊ မယုံကြည့်နိုင်မှု၊ ဒေါသနှင့် အမုန်း တရားများ ပေါက်ပွားလာသည်။
သတိထားကြည့်သော် သူ့မျက်ခုံး နှစ်ဖက်ကြား၌ ကြောက်ရွံ့မှုအရိပ်အမြွက်ပင် ရစ်သိုင်းနေပြီဖြစ်၏။
ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာပေါင်း ဆယ်ခုကျော် ရရှိနေချေပြီ။ ဒဏ်ရာတိုင်းသည် အချိန်တိုအတွင်း ကောင်းမွန်နိုင်ခြင်း မရှိချေ။
အထူးသဖြင့် ဓားရည်ရွယ်ချက်သည် ထိုဒဏ်ရာများ၌ မြဲမြံစွာ ဆက်၍တည်ရှိနေ၏။ ထို့ကြောင့် လှုပ်ရှားရာတွင် အနည်းငယ် အနှောက်အယှက် ဖြစ်လာစေသည်။
“ ရွှပ် ... ။
ရုတ်တရက် ဘယ်ဘက်လက်မောင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ အရေပြားနှင့် အသားများကို ပြတ်ရှကာ သွေးများစီးကျလာ၏။
အချိန်ကြာလာသည်နှင့်အမျှ သူ့အခြေအနေသည် ပိုဆိုးလာနေချေပြီ။ အဆုံး၌ အံကြိတ်ကာ၊
“ သက်ဝင် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
ထာဝရအမှောင်ည ရောင်ဝါများဖြင့် ပလ္လင်တစ်လုံး လေထဲပျံထွက်လာတော့သည်။ ၎င်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရ၏။
“ မြင့်မြတ်သော လောင်မြိုက်ခြင်း တံဆိပ်။ ”
ဤသည်မှာ ဘိုးဘေးများ၏ အမွေခံရတနာတစ်ခု ဖြစ်သဖြင့် သွမ့်ကူဖန်းမှ မျက်မှောင်ကြုတ်သွားသည်။
လူများစွာသည်လည်း စိတ်လှုပ်ရှား ကုန်တော့၏။ ကောလာဟလသတင်းများအရ ဤပလ္လင်တော်ကို ဧကရာဇ်သွေးအနှစ်သာရဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။
၎င်းပေါ်တွင် ရေးဆွဲထားသော မြင်ကွင်းပုံစံများသည် ကောင်းကင်နတ်မိစ္ဆာ ယင်ကျောက်သားရဲ၏ မွေးရပ်မြေပေပင်။
“ စုရီ ... မင်းလိုလူက ငါ့မျိုးနွယ်စုရဲ့ အမွေအောက်မှာ သေခွင့်ရတာ ကြီးကျယ်တဲ့ ကံကြမ္မာပါပဲ။ ”
သွမ့်ကူဟိုင်မှ ဂုဏ်ယူစွာဖြင့် အော်ဟစ်ပြီး တံဆိပ်တစ်ခုကို ထုတ်ယူကာ ပြောကြားလိုက် လေသည်။ ဤသည်မှာ ဘိုးဘေးကိုယ်တိုင် သန့်စင်ပေးထားသည့် တံဆိပ်ပေပင်။
“ ဟမ့် ... ဒါက အမိန့်တစ်ခုပဲ ... မင်းလို သေခါနီးလူတစ်ယောက်က ဒါနဲ့လုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့ ဘယ်သူပြောလဲ။ ”
စုရီမှပြုံးလျက် ထိတ်လန့်ခြင်းမပြဘဲ အမှောင်နတ်ဓားကိုပြန်သိမ်းကာ လက်နှစ်ဖက် နောက်ပို့ထားလိုက်သည်။
ထိုအပြုအမူသည် လူအုပ်ကြီးကို အံ့အားသင့်သွားစေ၏။ စုရီသည် တားရန် ဆန္ဒ မရှိသလို ရှောင်တိမ်းရန်လည်း ဆန္ဒမရှိချေ။ တိုက်ပွဲပြီးဆုံးသကဲ့သို့ ကြည့်နေချေပြီ။
“ ဟမ့် ... ။ ”
ရုတ်တရက် တစ်ခုခုမှားနေမှန်း ခံစားမိကာ သွမ့်ကူဖန်းမှ တံဆိပ်ကိုချေမွလိုက်၏။ သို့သော် မအောင်မြင်ချေ။ ယင်းကြောင့် သူ့ကိုယ်သူ ပြန်၍ငုံ့ကြည့်လိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
ခန္ဓာကိုယ်အနှံ့ ပြတ်ရှရာများထံမှ တောက်ပသည့် အလင်းရောင်များ လူးလွန့်နေ သည်ကို မြင်လိုက်ရချေပြီ။ ဤသည်မှာ စုရီ၏ ဓားရည်ရွယ်ချက်များ ဖြစ်နေ၏။
“ မလုပ်နဲ့ ... ။ ”
ဤအခိုက်အတန့်တွင် သူသည် မြင့်မြတ်သော လောင်မြိုက်ခြင်း အဆောင်ကို အသက်သွင်းသော်လည်း မအောင်မြင်ရသည့် အကြောင်းရင်းထံ နားလည်လိုက်၏။
ဒဏ်ရာများတွင် ကျန်ရှိနေသော ဓားရည်ရွယ်ချက်များသည် တစ်ခုနှင့် တစ်ခု ပေါင်းစပ်ကာ သူ့လှုပ်ရှားမှုအပေါ် တားမြစ်သွားချေပြီ။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
ယင်းသည် သူ့ကျင့်ကြံမှုကို တခဏချင်း ချိတ်ပိတ်သွားခဲ့ပြီး လုံးဝမလှုပ်ရှားနိုင်တော့ချေ။ ထို့နောက် ခန္ဓာကိုယ်ကြီး အပိုင်းပိုင်းကွဲသွားကာ သွေးများပြန့်ကျဲသွားသည်။
လူတိုင်း တိတ်ဆိတ်သွားကာ ထိတ်လန့်တုန်လှုပ်ပြီး မျက်ဝန်းများပြူးကျယ် ကုန်သည်။
ဤတိုက်ပွဲမစတင်မီတွင် ချင်းယာသည် သွမ့်ကူဟိုင်ပေါက်ကွဲပြီး အမှုန့်ဖြစ်စေလိုသည် ဟူသော တောင်းဆိုမှုအပေါ် ပြန်သတိရ လာကြ၏။
ကွင်းပြင်ရှိ သွမ့်ကူမျိုးနွယ်ဝင်များ အားလုံးသည် ဝမ်းနည်းခြင်းအရိပ်အယောင်များ ပြသလာကာ စိတ်ပျက်အားငယ်ကုန်သည်။
“ မိန်းကလေးရှင်းကျောက် သွားရအောင်။ ”
စုရီက လူတိုင်းကို လျစ်လျူရှုလျက် ဝှေ့ယမ်းကာ ဝမ်ရှင်းကျောက်၊ ချင်းယာနှင့် အင်မော်တယ်ဟန်ယန်ထံ လက်ပြလိုက်၏။
ဝမ်ရှင်းကျောက်က ချက်ချင်း လိုက်ပါလာသည်။ ထို့နောက် သူမ၏ ဆရာ အင်မော်တယ်ဟန်ယန်၊ ချင်းယာနှင့်အတူ စုရီနောက် လိုက်ပါသွားတော့၏။
ထိုအချိန်တွင် သွမ့်ကူဖန်းသည်လည်း တစ်ယောက်တည်း ထွက်ခွာသွားခဲ့လေသည်။
“ သခင်ငယ် ... ။ ”
သွမ့်ကူမျိုးနွယ်စုမှ လူတစ်ဦးက ထိုမြင်ကွင်းကိုမြင်ပြီး ဟန့်တားရန်ပြင်သည်။ သို့သော် သွမ့်ကူဖန်းမှ ဂရုမစိုက်သဖြင့် အံကြိတ်ကာ ကြည့်နေလိုက်ရ၏။
သွမ့်ကူဖန်းအသွင်သည် ဆံပင်များ ပွထလျက် စုတ်ပြဲနေသော အဝတ်အစားများ၌ သွေးများစိုရွှဲနေပြီး သက်မဲ့လူတစ်ယောက်လို လျှောက်လှမ်းသွားနေသည်။
အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းများ ပြည့်နှက်နေ၏။ နေဝင်ချိန် အောက်တွင် တဖြည်းဖြည်း ဝေးကွာကာ ပျောက်ကွယ်သွားတော့သည်။
***
“ ဓားရောင်ဝါ၊ ဓားရည်ရွယ်ချက်နဲ့ ကျင့်ကြံမှုတွေဟာ ဓားနှလုံးသားကို မလွန်ဆန် နိုင်ပါဘူး ဓားနှလုံးသားကို ပိုင်ဆိုင်ထားသရွေ့ သာမာန်လူတစ်ယောက်တောင် တနေ့မှာ အောင်မြင်လာပါလိမ့်မယ်။ ”
ဤသည်မှာ ‘ရေစက်များသည် ကျောက်ဆောင်အတွင်း စိမ့်ဝင်နိုင်၏’-ဟူသော အဓိပ္ပါယ်ပေပင်။ ဇွဲလုံ့လဖြင့် အောင်မြင်ခြင်းသို့ ရောက်နိုင်၏။
လူတစ်ယောက်၏ အရည်အချင်း မည်သို့ပင်ရှိစေကာမူ လုံ့လစိုက်ထုတ်နေသရွေ့ ပန်းတိုင်ကို ရောက်နိုင်မည်။
တောင်တန်း တစ်နေရာတွင် ပျက်စီးနေသောဘုံကျောင်းတစ်ခုတွင် မီးလျှံများ တောက်လောင်နေသည်။
စုရီသည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာလဲလျောင်းနေပြီး သူ့လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ အထက်ပါမှတ်ချက်မျိုး ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက်။
“ သွမ့်ကူဖန်းအတွက် ဒီတစ်ကြိမ် ပြင်းထန်တဲ့ထိုးနှက်ချက်ကြောင့် သူ့နှလုံးသား ယိမ်းယိုင်သွားရပြီ ...
... ဒါပေမယ့် ဒီပြဿနာကို သူကျော်လွှားနိုင်ရင်တော့ အသွင်ကူးပြောင်းမှု တစ်ခု ကြုံလာရမှာပါ။ ”
“ အစ်ကိုစုရီ ... ကြိုးစားမှုနဲ့ အရည်အချင်း ဘယ်ဟာက ပိုအရေးကြီးသလဲ ။ ”
ချင်းယာမှ မေးသည်။
“ ကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူ အများစုကတော့ အရည်အချင်းတစ်ခုတည်းကို မီခိုအားထားတာမျိုး မလုပ်ကြပါဘူး ...
... မင်းမှာ အရည်အချင်းအပေါ် အားကိုးလွန်းရင် ကျင့်ကြံမှုပိတ်ဆို့သွားနိုင်တယ် ပြီးတော့ ကျင့်ကြံခြင်းမှာ ဖြစ်နိုင်ချေတွေနဲ့ ပြည့်နှက်နေတယ် ...
... မင်းက မွေးရာပါ အရည်အချင်းမရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဆိုရင်တောင် ကြိုးစား နေသရွေ့ အနာဂါမှာ တဖြည်းဖြည်း မြင့်တက်လာနိုင်တယ် ...
... ဒီကမ္ဘာကြီးဟာ အခွင့်အလမ်းနဲ့ ကံကြမ္မာကို ဘယ်တော့မှ မတွန့်တိုနေပါဘူး မင်းရဲ့မွေးရာပါ အရည်အချင်းတွေကို ပြောင်းလဲပေးနိုင်တဲ့ ...
... အံ့ဖွယ်ဆေးစွမ်းတွေနဲ့ ရတနာတွေ အများကြီးရှိတယ် ... ဒါတွေအားလုံးဟာ မင်းရဲ့ ကြိုးစား အားထုတ်မှုကြောင့်သာ ရလာနိုင်ပါတယ်။ ”
ဝမ်ရှင်းကျောက်နှင့် အင်မော်တယ် ဟန်ယန်တို့ နှစ်ယောက်စလုံး ဤစကားကြောင့် အလွန်စိတ်လှုပ်ရှားလာခဲ့ကြသည်။
“ နားလည်ပြီ အစ်ကိုစုရီ ... မင်းကြိုးစားနေသမျှ ... ကာလတစ်လျှောက်လုံး အရာအားလုံးပြောင်းလဲဖို့ အခွင့်အရေး ရလာလိမ့်မယ် ...
... အရည်အချင်းက ကောင်းကင်ကို အံတုနေရင်တောင် မင်းအလုပ် မကြိုးစားရင် အချည်းနှီးပဲ ဟုတ်တယ် မဟုတ်လား။ ”
“ အမှန်ပဲ ... ။ ”
စုရီက ဝိုင်သောက်လျက် တိတ်ဆိတ် သွားတော့သည်။ အချိန်များသည် တရွေ့ရွေ့ ကုန်လွန်လာနေ၏။
တောင်တန်းကြီးတစ်ခုလုံး ညဉ့်နက်လာသည်နှင့်အမျှ သားရဲများ ရံဖန်ရံခါ ဟောက်သံများသာ ကြားလာရတော့သည်။
ရုတ်တရက် စုရီက မျက်ခုံးပင့်လိုက်ပြီး ပျက်စီးနေသောဘုံကျောင်း အပြင်ဘက်ဆီသို့ မျှော်ကြည့်လိုက်လေသည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
လေနှင့်အတူ ခေါင်းလောင်းသံကို ကြားလိုက်ရ၏။ ထိုအသံသည် ကျက်သရေရှိပြီး ငြိမ့်ညောင်းနေသည်။
( ဒီခေါင်းလောင်းသံက ဘယ်လိုလုပ် မိုးပြာတိုက်ကြီးမှာ ပေါ်လာရတာလဲ။ )
စုရီက အသံကို ခွဲခြားမှတ်မိနေသဖြင့် အံ့အားသင့်သွားပြီးနောက် မယုံကြည်နိုင်စွာနှင့် ချက်ချင်းထရပ်ကာ၊
“ မင်းတို့အားလုံး ဒီကနေစောင့်ပါ ... ငါလမ်းလျှောက်ထွက်လိုက်ဦးမယ်။ ”
-ဟု ဆိုလျက် ယို့ယွင်းနေသော ဘုံကျောင်းဝန်းထံမှ လှမ်းထွက်လာခဲ့သည်။
***