ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၆
Vol. 24 Ch. 325
ထိုစဉ် ဟွမ်ဝမ်အာမှ ပြောသည်။
“သခင်ကြီးချန် ၇ရက်ကြာပြီးရင် ကျွန်မဆီ ပြန်လာခဲ့ပါ။ ကျွန်မ ရှင့်ကို စိတ်ဝိဉာဉ်ပြောင်းလဲမြက်ပေးနိုင်တယ်”
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးအကြည့်များကို ချန်ကျဲ့ နားလည်ပါ၏။
သူမသည် ၇ရက်အကြာတွင် အဝီစိငရဲသို့ နောက်တစ်ကြိမ် ခရီးနှင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ပြင် မတန်တဆ တန်ကြေးဖြစ်သော စိတ်ဝိဉာဉ်ပြောင်းလဲမြက်ကိုပင် ကမ်းလှမ်းလိုက်သေးပေသည်။
လျှို့ဝှက်နက်နဲစွာသော “ခွင်း”စာလုံးကို စူးစမ်းလေ့လာခွင့်ရသည့်အပြင် ကောင်းကင်ရတနာ၊ မြေရတနာကိုလည်း ရယူနိုင်ဦးမည်။
ဒါကို ငြင်းလို့ကတော့ တကယ်ရူးနေလို့ပဲ ဖြစ်လိမ့်မယ်။
ဒီအမျိုးသမီးက နည်းနည်းရူးနှမ်းနေပေမဲ့ အသက်ရှူမှားလောက်အောင် လှပတယ်။
နန်ပါးထျန်းရဲ့ အန္တရာယ်ကို ကြောက်ရလို့ကြောင့်သာ မဟုတ်ရင် ငါ ဒီအမျိုးသမီးဆီကို မကြာမကြာ အလည်အပတ်လာဖြစ်လောက်တယ်။
ဒါက ငါက အရမ်း တိရစ္ဆာန်ဆန်လို့လည်း မဟုတ်ရပါဘူး။ ဒီတိုင်း နန်ပါးထျန်းရဲ့ဇနီးက အရမ်းတွေ ကမ်းလှမ်းနေလွန်းတာကြောင့်ပါပဲ။
ဆေးညွှန်းနဲ့ စိတ်ဝိဉာဉ်ပြောင်းလဲမြက်တဲ့– အဲဒါတွေကို ကမ်းလှမ်းနေမှတော့ ငါ့ဘက်က ဘာများ မကျေနပ်စရာရှိနိုင်ပါ့မလဲ။
ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ဟွမ်ဝမ်အာကို သတ်ဖြတ်ရန် မရွေးချယ်ခဲ့ခြင်းအတွက် စိတ်သက်သာရာရမိသွားရသည်။ သို့မဟုတ်ပါက သူ၏ဆုံးရှုံးမှုမှာ အလွန်ကြီးမားပေလိမ့်မည်။
ချန်ကျဲ့ တွေးတောနေစဉ် ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်လျက် တခစ်ခစ်ရယ်မောလာ၏။
“အဲဒီတော့ ရှင် အခု လှုပ်ရှားနိုင်ပြီလား”
“အင်း ရပြီ”
ဟွမ်ဝမ်အာမှ ပြောသည်။
“ဒါဆိုရင် ကျေးဇူးပြုပြီး သခင်ကြီးချန်၊ ကျွန်မကို အဝတ်ကူဝတ်ပေးပါဦး။ ကျွန်မ လှုပ်ရှားဖို့ ခက်ခဲနေသေးလို့”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“သခင်မကို ခစားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”
ထို့နောက် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို စတင်၍ အဝတ်တစ်လွှာချင်းစီ အဝတ်ကူဝတ်ပေးသည်။ ထိုအချိန်၌ ဟွမ်ဝမ်အာသည် မျက်နှာကြက်ကို စူးစိုက်ကြည့်နေခဲ့ကာ ရုတ်တရက် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလာခဲ့သည်။
“ဟား ဟား…”
ချန်ကျဲ့ အံ့ဩသွားပြီး မေးလိုက်သည်။
“သခင်မ ဘာကို ရယ်နေတာပါလဲ”
ထိုအခါ ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို အလေးအနက်ကြည့်လာပြီး ပြောသည်။
“သခင်ကြီးချန် ကျွန်မတို့ ဒီနေ့အဖြစ်အပျက်တွေကို နန်ပါးထျန်းကို ပြောပြလိုက်ရင် အရမ်းစိတ်ဝင်စားဖို့ကောင်းမယ်လို့ မထင်မိဘူးလား”
ချန်ကျဲ့မှာ ချက်ချင်း နဖူးတွင် ချွေးစေးများ ထွက်လာရသည်။
သူ ထပ်ပြီး စိတ်ရူးဖောက်ဦးမလို့လား။
နန်ပါးထျန်းကို ပြောပြလိုက်ခြင်းသည် အရိုးချိုးခြေခံရပြီး အမှုန့်ကြိတ်ခံရသည့် ရလဒ်ဆီသို့သာ ဦးတည်စေလိမ့်မည်– အစအနပင် ကျန်ရစ်ခဲ့မည် မဟုတ်ပေ။
“သခင်မ ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့။ လုံးဝ စိတ်ဝင်စားဖို့မကောင်းနိုင်ပါဘူး”
ချန်ကျဲ့ သူမကို ဖျောင်းဖျရန် ကြိုးပမ်းလိုက်သည်။
သို့တိုင် ဟွမ်ဝမ်အာသည် ပြုံးလိုက်ပြီး ပြောလာ၏။
“သခင်ကြီးချန် အရမ်းစိတ်ဝင်စားဖို့ကောင်းမှာပါ။ ကျွန်မ သူ့ရဲ့ စိတ်ရူးဖောက်သွားမယ့်ပုံစံကိုတောင် စိတ်ကူးကြည့်နိုင်တယ်။ သူ ဒေါသအထွတ်အထိပ်ရောက်ပြီဆို ကျွန်မကို ညှဉ်းပန်းနှိပ်စက်ချင်လာလိမ့်မယ်။ ကျွန်မက အဆိပ်သောက်ပြီး သူ့ရှေ့မှာ သေလိုက်မယ်။ ကျွန်မရဲ့အလောင်းကို ကြည့်ရင်း သူ ဘာမှမတတ်နိုင်ဘဲ ဒေါသူပုန်ထလိမ့်မယ် ဟားဟား… အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ!”
“သခင်မ ခဏလေးနေပါဦး။ သူက သခင်မရဲ့အလောင်းကို သေချာပေါက် ညစ်ညမ်းစေပါလိမ့်မယ်။ ခွေးကိုတောင် ကျွေးလိုက်နိုင်ခြေရှိတယ်ဗျ။ သခင်မ ကျေးဇူးပြုပြီး ပြန်စဉ်းစားဆင်ခြင်ကြည့်ပါဦး!”
ထိုအခါ ဟွမ်ဝမ်အာသည် ခပ်ဟဟ ရယ်မော၏။
“ကိစ္စမရှိဘူး။ ဗုဒ္ဓက ပြောတယ်၊ ခန္ဓာကိုယ်ဆိုတာက ပုပ်သိုးသွားမယ့် အရေပြားအိတ်ကြီးတစ်ခုအပြင် ဘာမှမပိုဘူးတဲ့။ သူ ဆန္ဒရှိသလို လုပ်ပါစေ”
“မဟုတ်သေးဘူး။ အဲဒီ ရဲတင်းခက်ထန်တဲ့ ဗုဒ္ဓကလည်း ရည်ရွယ်ချက်ကောင်းရှိတာ မဟုတ်ဘူး။ အမျိုးသားနဲ့ အမျိုးသမီးကြား သာယာပျော်မွေ့ခြင်းက အဝီစိငရဲလို့လည်း သူပြောခဲ့သေးတယ်။ ငါ သူ့ကို အလိုမပြည့်စေရဘူး။ အဲဒီတော့ ရေနံဆီနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင်ရော ဘယ်လိုလဲ”
“တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလျံတွေကြားမှာ နန်ပါးထျန်းရဲ့ ကြိမ်းမောင်းအော်ဟစ်သံတွေနဲ့ အမျက်ဒေါသကို စောင့်ကြည့်နားထောင်ရတာလည်း စိတ်ကြည်နူးစရာတစ်မျိုး ဖြစ်လိမ့်မှာပဲ ဟုတ်တယ်မလား”
“သခင်ကြီးချန် ရှင် ဘယ်လိုထင်လဲ”
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
ချန်ကျဲ့ အချိန်ခဏမျှ တွေးတောနေပြီးနောက်တွင် ပြောခဲ့သည်။
“သခင်မ…”
ထိုအခါ ဟွမ်ဝမ်အာသည် တစ်ဖန် ခေါင်းပြန်လှည့်သွားပြီး ပြောသည်။
“အာ… အရမ်း ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းမှာပဲနော်။ ဒါပေမဲ့ ရှင်လည်း သေရလိမ့်မယ်။ ကျွန်မ ရှင်သေတာကို တွေးကြည့်ရုံတောင် ခံနိုင်ရည်မရှိဘူး။ ကျွန်မ ဘယ်လိုလုပ်ရမလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“သခင်မ ကျွန်တော်တို့ နန်ပါးထျန်းကို ဘယ်တော့မှ မပြောပြဘဲထားမယ်ဆိုတဲ့ ရွေးချယ်မှုတစ်ခုရော မရှိနိုင်ဘူးလား”
“အဲဒါဆို ငါ ဘယ်လိုလုပ်ပြီး သူနာကျင်နေတဲ့မြင်ကွင်းကို မြင်တွေ့နိုင်ပြီး ပျော်မွေ့နိုင်ပါတော့မလဲ။ အဲဒီအကြံဉာဏ် မကောင်းဘူး”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်တို့ အချိန်တစ်ခုလောက် စောင့်ကြရင်ရော? စဉ်းစားကြည့်ပါ သခင်မ၊ သခင်မ အဝီစိငရဲဆီ ခရီးနှင်တိုင်းမှာ နန်ပါးထျန်းရဲ့ခေါင်းပေါ် အစိမ်းရောင်ဦးထုပ်ဆောင်းပေးတဲ့ ပုံရိပ်ကို စိတ်ကူးကြည့်လို့ရတယ်”
“အစိမ်းရောင်ဦးထုပ်? ဘာလို့ အစိမ်းရောင်လဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“သခင်မ လိပ်တစ်ကောင်လို့ပြောရင် ဘယ်အရောင်ကို စဉ်းစားမိလဲ”
“ကျွန်တော်တို့ အဝီစိငရဲဆီ ခရီးနှင်တိုင်းမှာ သခင်မရဲ့စိတ်ကူးထဲမှာ နန်ပါးထျန်းကို လိပ်တစ်ကောင်အဖြစ် ပြောင်းလဲပြီး မြင်ယောင်ကြည့်နိုင်တယ်။ အဲဒါက ဘယ်လောက်တောင် စိတ်ကျေနပ်ဖို့ကောင်းလိုက်မလဲ သခင်မ စဉ်းစားကြည့်။ အကြိမ်တိုင်းမှာ နန်ပါးထျန်းက ဘာကိုမှ သိမှာမဟုတ်ဘူး။ ရေကန်ထဲက ဘာမှမသိတဲ့ လိပ်တစ်ကောင်လိုမျိုး အဲဒီအစိမ်းရောင်အရိပ်နဲ့ ရှိနေရရှာမှာ။ အဲဒါက ဘယ်လောက်တောင် သနားစရာကောင်းလိုက်မလဲ…”
“ဟားဟား…”
ချန်ကျဲ့၏ထိုစကားတွင် ဟွမ်ဝမ်အာ၏ မျက်နှာထက်တွင် ရွှင်ပျသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“သူ့ကို ဘာမှမသိဘဲ ဖောက်ပြန်ခံရတဲ့သူတစ်ယောက် ဖြစ်စေမယ်– စိတ်ဝင်စားဖို့ကောင်းတယ် အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မျန့်ရွှေရဲ့ နံပါတ်တစ်ကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီအစောင့်အရှောက်ကြီး၁၃ဦးရဲ့ခေါင်းဆောင်ဖြစ်တဲ့ နန်ပါးထျန်းက ဖောက်ပြန်ခံရတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေမယ် ဟားဟား…. တွေးကြည့်ရုံနဲ့တင် အရမ်းပျော်ဖို့ကောင်းတယ်!”
ချန်ကျဲ့မှ ထပ်ပေါင်းပြောသည်။
“အမှန်ပါပဲ။ သူ့ကို ဘာမှမသိဘဲ ဖောက်ပြန်ခံရတဲ့ယောက်ျားဖြစ်စေမှာပါ– အဲ့လိုက ပိုပြီး စိတ်ဝင်စားဖို့မကောင်းဘူးလား”
ချန်ကျဲ့မှ ဆက်ပြောသည်။
“ကျွန်တော်တို့ လျှို့ဝှက်ချက်ကို ကြာကြာထိန်းသိမ်းထားလေ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလေပဲ! အချိန်ပိုကြာမြင့်လာတာနဲ့အမျှ ပိုပြီး ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းလာလိမ့်မယ်!”
ထိုအခါ ဟွမ်ဝမ်အာသည် ဉာဏ်အလင်းပွင့်သွားသည့်အလား ပြောလာသည်။
“ဟုတ်တယ်၊ လျှို့ဝှက်ချက်ကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ရင် ပိုပြီး ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းလာမှာ။ ဟားဟားဟား… ဒါဆို သူ့ကို လျှို့ဝှက်ထားရအောင်။ သူ့ကို ဘာမှမသိတဲ့အရူးကောင်လုပ်ပစ်မယ်။ သူ့ကို တစ်သက်လုံး ဖောက်ပြန်ခံရတဲ့ယောက်ျား ဖြစ်စေမယ် ဟားဟားဟား… သခင်ကြီးချန် ကျွန်မ ရှင့်ကို ပို ပိုပြီး သဘောကျလာပြီ”
ထို့နောက် ဟွမ်ဝမ်အာသည် ချန်ကျဲ့၏လည်တိုင်ကို သူမ၏လက်များဖြင့် ပွေ့ဖက်လိုက်သည်။
ချန်ကျဲ့လည်း ဘာပြောရမှန်း မသိလေသဖြင့် ပြုံးလျက်သာ သူ၏ရှေ့ရှိ ရူးနှမ်းနှမ်းအလှလေးကို ကြည့်လိုက်သည်။
ဤအမျိုးသမီးသည် အန္တရာယ်များလောက်အောင် ဆွဲဆောင်မှုရှိသည့်အပြင် သဘောထားလည်းကြီးမား၏။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးဖော်စပ်နည်းနဲ့ စိတ်ဝိဉာဉ်ပြောင်းလဲမြက်။
ချန်ကျဲ့သည် ဤရူးနှမ်းနှမ်း အမျိုးသမီးအား တည်ငြိမ်အောင် ထိန်းချုပ်နိုင်လိုက်ခြင်းအတွက် မိမိကိုယ်ကိုယ် အောင်နိုင်သူတစ်ယောက်လို ခံစားလိုက်ရသည်။
ထိုစဉ် ဟွမ်ဝမ်အာသည် ချန်ကျဲ့ကိုကြည့်၍ ပြောလာ၏။
“သခင်ကြီးချန် ကျွန်မက ရှင့်ရဲ့လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတယ်ဆိုတော့ ရှင့်စိတ်ထဲ ကျွန်မကို သတ်ပစ်သင့်တယ်လို့ တွေးနေလား”
ချန်ကျဲ့ ထိတ်လန့်သွားပြီး ခေါင်းချာချာလည်သွားရသည်။
သူ့ကို သတ်ရမယ်? ဟုတ်တယ်၊ ဒီအမျိုးသမီးက အန္တရာယ်များတယ်။ ငါ သူ့ကို သတ်လိုက်သင့်လား။
ဟွမ်ဝမ်အာသည် ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလာသည်။
“တကယ်တော့ ရှင် ကျွန်မကို သတ်လိုက်ရင်လည်း အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာပါ”
“သခင်ကြီးချန် ကျွန်မတို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားနည်းတစ်ခု ကစားကြရအောင်!”
ချန်ကျဲ့ ဟွမ်ဝမ်အာကို လှည့်ကြည့်လိုက်သည်။
“ကျွန်တော်တို့ မကစားလို့ ရမလား”
“ကစားရအောင်! ကစားရအောင်ပါ!”
ဟွမ်ဝမ်အာသည် မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ ကလူ၏မြှူ၏ဖြင့် ပြောနေခဲ့သည်။ ချန်ကျဲ့မှာ နာကျင်ခံစားနေရသည့် မျက်နှာအမူအရာဖြင့်သာ ပြန်ပြောလိုက်ရသည်။
“ဘာကစားနည်းများလဲ”
“ဒီလိုပါ၊ ကစားနည်းရဲ့နာမည်က ‘ကျွန်မကို သတ်မလား၊ မသတ်ဘူးလား’တဲ့”
“အခု ကျွန်မက ရှင့်ရဲ့လျှို့ဝှက်ချက်အားလုံးကို သိထားတယ်။ ကျွန်မ ထုတ်ပြောလိုက်ရင် ရှင်တော့ အဆုံးသတ်ပြီပဲ။ ဒီနေ့ ရှင်ဒီနေရာကနေ ထွက်သွားတာနဲ့ ကျွန်မက ကျွန်မတို့ကြားက ကိစ္စတွေကို စာရေးချပြီး တစ်နေရာရာမှာ ဖွက်ထားလိုက်မယ်။ ရှင် ကျွန်မကို သတ်လိုက်တဲ့အခါ စာက နန်ပါးထျန်းဆီကို ရောက်သွားလိမ့်မယ်”
“ဒါပေါ့၊ ကျွန်မက ဘာမှ ချမရေးဘဲနဲ့ ရှင့်ကို လှည့်စားနေတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလိုဆို ကျွန်မကို သတ်လိုက်ရင် ရှေ့လျှောက် ပူပန်စရာတွေကို ဖြေရှင်းပြီးသားဖြစ်သွားပြီး ကျွန်မက ရှင့်ရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်မှာကိုလည်း စိုးရိမ်ဖို့ မလိုအပ်တော့ဘူး။ ဘယ်လိုလဲ အဲဒါလည်း အတော်လေး ဆွဲဆောင်မှုရှိတယ်မလား”
“အဲဒီတော့ အခု ကျွန်မကို သတ်မယ်၊ မသတ်ဘူးဆိုတဲ့ ရွေးချယ်ခွင့်က ရှင့်လက်ထဲ ပြန်ရောက်သွားပြီ ဟားဟား~”
ဟွမ်ဝမ်အာသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးထူးစွာ ရယ်မောနေ၏။ သူမသည် ဤကစားပွဲကို အလွန်တရာ စိတ်ဝင်စားပျော်ရွှင်နေပေသည်။
ထို့နောက် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို ကြည့်လိုက်ပြီး ပြောသည်။
“ခင်ဗျားက တကယ် ရူးနှမ်းနေတဲ့မိန်းမပဲ”
“ဟားဟား ရူးနှမ်းနေတဲ့မိန်းမတဲ့လား? ကျွန်မ သဘောကျတယ်~”
“အဲဒီတော့ ကစားပွဲကို စတင်လိုက်ကြတော့မလား”