← Chapters

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၄

Vol. 24 Ch. 329

ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_၄

Vol. 24 Ch. 329

ဤရေချိုးဆောင်တွင် ပေါင်းစည်းစီမံခန့်ခွဲနေရာဟူ၍ မရှိပေ။ ထို့ကြောင့် ဧည့်သည်သည် မိမိ၏အဝတ်များကို ဝါးခြင်းတောင်းတစ်ခုတွင် ထည့်၍ ‌မိမိ၏ရှေ့တွင် ချထားကာ စောင့်ကြည့်ရသည်။ သို့မဟုတ်ပါက အလွယ်တကူ ခိုးယူခံရနိုင်သည်။

ချန်ကျဲ့သည် ရေကန်အတွင်း စိမ်နေကာ ခန္ဓာကိုယ်ထက် စွဲထင်နေသည့် အမျိုးသမီးနံ့ကို ဆေးကြောသန့်စင်နေခဲ့သည်။

ထိုအချိန်အတွင်း ချန်ကျဲ့သည် ဒီနေ့ဖြစ်ပျက်ခဲ့သော အတော်လေး ထူးခြား‌ဆန်းကြယ်သည့် အဖြစ်အပျက်များကို ပြန်ပြောင်းစဉ်းစားရင်း မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်စေရန် ထိန်းချုပ်သည်။ သူသည် လျှို့ဝှက်သိုင်းကျမ်းကို ရှာဖွေရန် ထွက်လာခဲ့ရာမှ ရူးနှမ်း‌နေသည့် အလှလေးတစ်ဦး၏ ခဏတာ အတူအိပ်စက်ရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရသည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ဆေးညွှန်းကိုပင် ရရှိခဲ့သေး၏။

ဤအကြောင်းအရာများကို တခြားသူတစ်ဦးကို ပြောပြပါက မည်သူက ယုံကြည်နိုင်ပါမည်နည်း။

လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းဟုသာ ခံစားရပေလိမ့်မည်။

ချန်ကျဲ့သည် ရေစိမ်ရင်း အချိန်အတော်ကြာ စဉ်းစားနေခဲ့သော်ငြား ထိုအမျိုးသမီး၏စိတ်ထဲ မည်သည့်အရာများ တွေးတောနေသည်ကို စဉ်းစားမသိနိုင်ဘဲ ရှိနေခဲ့သည်။ သူမသည် ဒီတိုင်းကို အနည်းငယ် ပုံမှန်ဟုတ်မနေခြင်းဖြစ်၏။

သို့သော် ဆေးညွှန်းရရှိခဲ့ခြင်းသည် အစစ်အမှန်ဖြစ်ပြီး “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”ကိုလည်း ရရှိခဲ့သည်။

ဟားဟားဟား…

အလဟဿဖြစ်သွားရတဲ့ ခရီးစဉ်တော့ မဟုတ်ခဲ့ပါဘူးလေ။

မဆိုးဘူး။ မျန့်ရွှေစီရင်စုတစ်ခုလုံး ရှာဖွေနေကြတဲ့ သိုင်းကျမ်းက မမျှော်လင့်ဘဲ ငါ့လက်ထဲ ရောက်နေခဲ့ပြီ။

ထိုအတွေးဖြင့် ချန်ကျဲ့သည် အလိုအလျောက် ရေကို လက်ဖြင့် ယက်၍ ဆော့ကစားမိ၏။

အိုး~

ချန်ကျဲ့၏လက်လှုပ်ရှားမှုနှင့်အတူ ရေကန်အတွင်းရှိ ရေများ သူ့ထံ စုဝေးစီးဆင်းလာသည်ကို ခံစားမိသည်။ ထို့ပြင် နဂါးတစ်ကောင်၏ ညည်းသံကဲ့သို့ အသံမျိုးကိုပင် ကြားမိလိုက်ပေသည်။

ထိုအခါ ချန်ကျဲ့သည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို အသုံးပြုလိုက်ရာ သူ့ထံ ဦးတည်စုဝေးလာနေသည့် ရေများသည် ပို၍ လျင်မြန်စွာ စီးဆင်းလာခဲ့ပြီး ရေကန်တစ်ခုလုံးမှာ ရေဝဲဂယက်ကဲ့သို့ လှိုင်းထန်လာကာ ရေစီးကြောင်းများလည်း ပြင်းထန်လာခဲ့သည်။

ထိုစဉ် ဖြတ်လျှောက်သွားသည့် အလုပ်သမားတစ်ဦးသည် ၎င်းမြင်ကွင်းကို မြင်တွေ့သွားခဲ့သည်။

…

အလုပ်သမားမှာ မျက်လုံးအိမ်ကြီး ကျွတ်ကျလုမတတ်ပင်…

ဘုရားရေ!

အလုပ်သမားသည် ရေအောက်စီးကြောင်း တည်ရှိနေသည့်အလား ကသောင်းကနင်းဖြစ်နေသည့် ရေကန်အခြေအနေကို မြင်တွေ့သွားခဲ့သည်။ အလုပ်သမားသည် လုံးဝ အံ့ဩထိတ်လန့်လျက် မျက်လုံးအပြူးသားဖြင့် ကြည့်နေ၏။

ချန်ကျဲ့ကို နောက်တစ်ကြိမ်ကြည့်လိုက်သော် ချန်ကျဲ့၏လက်မှ ရေဝဲဂယက်တစ်ခု ဖန်တီးနေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ဘေးပတ်လည်ရှိ ရေများကို ဆွဲဆောင်စုယူ၍ ရေဝဲဂယက်၏ လည်နှုန်းသည် ပို၍လျင်မြန်လာကာ နောက်ဆုံး‌တွင်တော့ ရေကန်ထဲမှ ဖြစ်တည်လာသည့် လေဆင်နှာမောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“နဂါးအားမာန်!”

ချန်ကျဲ့ လက်ဖဝါးပင့်မြှောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ယန်ချွမ်ကျင့်စဉ်မှ အတွင်းအားသည် အရိုင်းဆန်စွာ ထွက်ပေါ်လာခဲ့သည်မှာ မီတာဝက်အထိ ဆန်တက်‌လာသည့် လေဆင်နှာမောင်းအလားပင်။

ထို့နောက် လက်တစ်ဖျစ်အဝှေ့တွင် ပြန့်ကျဲပျောက်ကွယ်သွား၏။

ဖြန်း!

ရေသည် မျက်နှာပြင်သို့ ရိုက်ခတ်နေခဲ့ပြီး မရေမတွက်နိုင်အောင်သော အကြိမ်ရေအမြောက်အများ ရိုက်ခတ်ပြီးနောက်၌ ရေကန်သည် လှိုင်းဒဏ်များကြား ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ပျံ့နှံ့ရိုက်ခတ်သွားသည့် ရေများကို ကြည့်၍ ချန်ကျဲ့ ခေါင်းခါရမ်းလိုက်သည်။ “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”သည် အင်အားကြီးမားသော်ငြား သတ်မှတ်အဆင့်ရှိ၏။ ၎င်းသတ်မှတ်အဆင့်သည် မနိမ့်ပါးပေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိမှသာလျှင် ၎င်းစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်လိမ့်မည်။

သံမဏိအရိုးအဆင့်ဖြင့် အသုံးပြုပါက မိမိ၏စွမ်းအား မကုန်ခမ်းသွားမီ အချိန်အတွင်း နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားကို တစ်ဝက်ခန့်မျှကိုသာ ထုတ်နိုင်လိုက်သည်။ ချန်ကျဲ့၏ ယန်ချွမ်ကျင့်စဉ်ဖြင့် ထုတ်လွှတ်လိုက်သော စွမ်းအင်မှာ ကုန်ခမ်းလုနီးပါးပင်။

နဂါးနိုင်လက်ဝါးသိုင်းသည် အကုန်အကျများသည့် ကားတစ်စီးနှင့် ဆင်တူပေသည်။

စွမ်းအားကြီးမားသော်ငြား လောင်စာအသုံးများ၏။

သို့သော် သူ၏ ကိုယ်ပိုင်လောင်စာသိုလှောင်ရုံမှာ အလွန်သေးငယ်နေကြောင်း ရှင်းလင်း၏။ တစ်ပတ်အပြည့်အဝ စွမ်းအားအသက်သွင်းရန် မလုံလောက်ပေ။

သို့သော် နဂါးနိုင်လက်ဝါးသိုင်းသည် “သံမဏိလက်ဝါးသိုင်း”နှင့် အနည်းငယ် ဆင်တူ‌သည်။ နှစ်ခုစလုံးသည် အင်အားကြီးမား‌သည့် ချဉ်းကပ်မှုကို အသုံးပြုကြသည်။ သို့ဖြစ်ရာ “နဂါးနိုင်လက်ဝါးသိုင်း”၏ နိယာမအပေါ် အခြေခံ၍ “သံမဏိလက်ဝါးသိုင်း”ကို အသုံးပြုရန် ကြိုးစားကြည့်နိုင်ပေသည်။

ဤသည်မှာ ကျွမ်းကျင်သူထံမှ လမ်းညွှန်ပြသမှုကို ရှာဖွေနေသည့် ကိုရင်တစ်ဦးကဲ့သို့ ခံစားရ၏။

အရာအားလုံးကို အပြည့်အဝ တူညီသည့်ပုံစံအတိုင်း မသင်ယူနိုင်သည့်တိုင် ၎င်းသိုင်းကျမ်းနှစ်ခုအတွင်း တူညီမှုများရှိသည်။ နဂါးနိုင်လက်ဝါးသိုင်းနှင့် သံမဏိလက်ဝါးသိုင်းတို့၏ တူညီမှုကို ပေါင်းစည်းနိုင်ခဲ့လျှင် သံမဏိလက်ဝါးသိုင်းသည် မတူညီသော အဆင့်တစ်ခုသို့ တက်လှမ်းသွားပေလိမ့်မည်။

ထိုအခါ မူရင်းသိုင်းကျမ်းထက် ပို၍ ထူးခြားထူးချွန်သွားပေလိမ့်မည်။

နဂါးနိုင်လက်ဝါးသိုင်းကို ချန်ကျဲ့ သင်ယူနိုင်သည်။ သို့သော် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ရဲရဲတင်းတင်း လူရှေ့တွင် အသုံးမပြုနိုင်ပေ။

သို့သော် သင်ယူပြီးလျှင် အသက်နုတ်တိုက်ကွက်အဖြစ် အသုံးပြုနိုင်သည်။ သေရေးရှင်ရေးအခြေအနေတွင် မိမိဘက်မှ အသာစီးရယူနိုင်စေမည့် အောင်နိုင်မှု၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်လိမ့်မည်။

ထိုသို့အတွေးများနေသဖြင့် ချန်ကျဲ့သည် သူ၏အပြုအမူများမှာ အလုပ်သမားကို အံ့ဩစေခဲ့ကြောင်း သတိမထားမိပေ။

အလုပ်သမားသည် ဆိုင်ပိုင်ရှင်ကို ရှာရန် အပြေးထွက်သွား၏။

“သူဌေး သူဌေး ဒီကိုတစ်ချက်လာကြည့်ပါဦး”

“ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ”

“အဲဒီလူ အဲဒီလူက ရေတွေကို ဒီလိုမျိုးလိမ့်တက်သွားအောင် လုပ်လိုက်တယ်။ ပြီးတော့ မြေ‌အောက်၃ပေလောက်က ဘန်းခနဲ ပေါက်ကွဲသွားတာ အရမ်းကြောက်ဖို့ကောင်းတာပဲ။ ရေကန်ထဲက ရေတွေကလည်း ဗွက် ဗွက် ဗွက်နဲ့ ဆူပွက်ကုန်တော့မယ့်အတိုင်းပဲ!”

အလုပ်သမားသည် လက်ဟန်ခြေဟန်ဖြင့် ဖော်ပြပြောဆို၏။

ဆိုင်ပိုင်ရှင်မှာ နားမလည်နိုင်ဘဲ ကြောင်အနေခဲ့သည်။

“အဲဒါက လုပ်ကြံဖန်တီးလို့ ရတဲ့အရာမဟုတ်ဘူး။ သူဌေး တစ်ချက်လောက် သွားကြည့်ပါဦး”

ဆိုင်ပိုင်ရှင်သည်လည်း အလုပ်သမားနောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။

ထိုအခါ ရေကန်ကို သက်သောင့်‌သက်သာ ကျောမှီထိုင်နေသည့် ချန်ကျဲ့ကို မြင်တွေ့လိုက်ရသည်။ ချန်ကျဲ့မှ ဆိုင်ပိုင်ရှင်ကို ပြောလိုက်သည်။

“ကိစ္စရှိလို့လားဗျ”

“မရှိ မရှိပါဘူး။ ရေအပူချိန်က ဧည့်သည်အတွက် အဆင်ပြေရဲ့လားဆိုတာ လာစစ်ဆေးကြည့်တာပါ”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

“အနေတော်ပါပဲ”

ထို့နောက် ဆိုင်ပိုင်ရှင်မှ ပြောသည်။

“တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါဗျ”

“အို ဟုတ်သား၊ ခင်ဗျားတို့ဆီမှာ အဆင့်မြင့်အခန်းရှိလား။ ကျွန်တော် တစ်ခန်းသုံးချင်လို့”

ဆိုင်ပိုင်ရှင်မှ ပြန်ပြောသည်။

“ရှိပါတယ် ရှိပါတယ်”

ထို့နောက် ဆိုင်ပိုင်ရှင်သည် အခန်းပြင်ဆင်ရန်အတွက် ရေချိုးခန်းထဲမှ ရုတ်ချည်း ထွက်ခွာသွားခဲ့သည်။ ထို့နောက် ပြော၏။

“ကဲ ဘာမှလည်းမရှိပါလား”

အလုပ်သမားမှ ပြောသည်။

“ခုနက တကယ်ကြီး အဲဒီလိုဖြစ်နေတာပါ”

ဆိုင်ပိုင်ရှင်မှ ပြောသည်။

“ရှူး အဲဒီအကြောင်းကို မေ့လိုက်တော့။ အဲဒီဧည့်သည်ကိုကြည့်ရတာ သိုင်းလောကသူရဲကောင်းတစ်ယောက်ဖြစ်မယ့်ပုံပဲ။ သိုင်းပညာတော်လောက်တယ်။ အပြစ်မပြုမိတာ အကောင်းဆုံးပဲ”

“သူ့ကို သေချာ ဝန်ဆောင်မှုပေး။ နည်းနည်းလေးမှ လျစ်လျူမရှုမိစေနဲ့”

“ဟုတ်ကဲ့ပါ သူဌေး”

အလုပ်သမားမှ ပြန်ပြောသည်။

“ကောင်းပြီ၊ လုပ်စရာရှိတာ ပြန်သွားလုပ်တော့”

ဆိုင်ပိုင်ရှင်မှ ညွှန်ကြား၏။

အဝတ်အစားများ ဝတ်ဆင်ပြီးနောက် ချန်ကျဲ့သည် တစ်ရေးအိပ်ရန် အပေါ်ထပ်သို့ တက်ခဲ့သည်။

ဒီနေ့က တကယ့်ကို ပင်ပန်းတဲ့နေ့‌တစ်နေ့ပဲ။ ရေချိုးရတာ သက်သောင့်သက်သာရှိလို့ တော်သေးတယ်။

သို့ဖြင့် ညတာသည် ဆိတ်ငြိမ်စွာ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့မနက်တွင် ချန်ကျဲ့သည် စနစ်၏ သတင်းအချက်အလက်များ ရောက်ရှိခြင်းနှင့်အတူ အိပ်ရာနိုးလာခဲ့သည်။

အချက်အလက်အသစ်များတွင် အထူးတလည် အရေးကြီးသည့်အချက် မပါဝင်သော်ငြား အချက်တစ်ချက်ကိုတော့ ချန်ကျဲ့ စိတ်ဝင်စားမိသည်။ ၎င်းအချက်သည် သူဖုန်းစားအိုကြီးနှင့် ဆရာတော်ကျီရှန်းတို့ သိကျွမ်းခဲ့ကြသည့်အကြောင်းကို ပြောပြထားခြင်းဖြစ်သည်။ သူတို့နှစ်ဦး ငယ်ရွယ်စဉ်က အော်မေဂိုဏ်းသည် အရေးကိစ္စတချို့ကို ဖြေရှင်းရန် တောင်ပေါ်မှ ဆင်းခဲ့ကြပြီး သတင်းအချက်အလက် စုံစမ်းရန်အတွက် သူဖုန်းစားဂိုဏ်းကို ချဉ်းကပ်ခဲ့သည်။ ထိုအချိန်က ဂိုဏ်းနှစ်ဂိုဏ်းမှ ဆုံတွေ့ခဲ့ကြသူနှစ်ဦးမှာ သူဖုန်းစားအိုကြီးနှင့် ဆရာတော်ကျီရှန်းတို့ ဖြစ်၏။

ထို့နောက် ဆရာတော်ကျီရှန်းသည် ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး အော်မေဂိုဏ်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ထိုအချိန်၌ သူမ သွားရောက်ရန် ပထမဆုံးတွေးတောမိသည့်နေရာမှာ မျန့်ရွှေစီရင်စုဖြစ်ခဲ့သည်။ ထိုနေရာတွင် ဇာတ်လမ်းတချို့ ရှိခဲ့ပေသည်။

All Chapters