ဇနီး : ယောက်ျား ကျွန်မ လုပ်နိုင်ပါတယ်_ ၅
Vol. 24 Ch. 330
သို့သော် ချန်ကျဲ့သည် အတင်းအဖျင်းများကို စိတ်မဝင်စားပေ။ တစ်ချက်ကြည့်ပြီးနောက် ကျော်သွားတတ်သူဖြစ်၏။ လူတိုင်း၌ မိမိတစ်ဦးတည်းသာ သိမ်းဆည်းထားလိုသည့် အတိတ်များ တည်ရှိကြသည် မဟုတ်ပါလော။
ချန်ကျဲ့ ကုန်ကျစရိတ် ပေးချေခဲ့သည်။ ကုန်ကျစရိတ်ကို တွက်ချက်နေစဉ်တွင် ဆိုင်ပိုင်ရှင်သည် သူ့ကို နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးပေးမည်ဟု အတင်းအကြပ်ပြောဆိုခဲ့သည်။ ချန်ကျဲ့လည်း အကြောင်းအရင်းကို မသိပါချေ။ သို့သော် အတင်းအကြပ် ပေးလာသည်ဖြစ်ရာ ငြင်းဆိုရန်လည်း မတတ်နိုင်ပေ။
ချန်ကျဲ့ မြင်းစီး၍ မြို့ထဲသို့ ပြန်ခဲ့သည်။
တောင်ဘက်လမ်းမှ အသီးအရွက်ဈေးလမ်းမကြီးရှိ သူ၏နေအိမ်သို့ ပြန်ခဲ့သည်တွင် အိမ်ရှေ့တွင် စုဝေးနေသည့် ငါးဖမ်းကုန်သည်အဖွဲ့သားလူငယ်တစ်စုကို ချန်ကျဲ့ မြင်တွေ့လိုက်ရ၏။
စုစုပေါင်း လူ၄၀၊ ၅၀ခန့် ရှိလိမ့်မည်။ ကနဦး၌ ချန်ကျဲ့သည် ပြဿနာတစ်စုံတစ်ရာဖြစ်နေသည်ဟု ထင်မှတ်၍ အပြေးသွားခဲ့သည်။ သို့သော် စူးယွင်ကျင်းနှင့် ကျိုးချူတို့ စကားပြောနေသည်အား မြင်တွေ့လိုက်ရသည်။
ချန်ကျဲ့ ပြန်ရောက်လာသည်ကို မြင်သောအခါ စူးယွင်ကျင်းမှ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ရုတ်ချည်း ခေါ်လာသည်။
“ယောက်ျား”
ချန်ကျဲ့ အနီးသို့ လျှောက်သွားပြီး မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ထိုအခါ စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ယောက်ျား၊ အစ်ကိုကျိုး ပြောတာ သူတို့က ကျွန်မတို့ကို အိမ်ကူပြောင်းပေးဖို့အတွက် လာခဲ့တာတဲ့”
ချန်ကျဲ့ ကျိုးချူကို လှည့်ကြည့်လိုက်သည်။ ကျိုးချူမှ ပြောသည်။
“ကျိုစစ်၊ ကျန်းချွမ်ရဲ့အိမ်တော်ကို မင်းအတွက် ပြင်ဆင်ထားပြီးနေပြီ။ အစေခံမိန်းကလေးတွေနဲ့ အစေခံတွေလည်း ဝယ်ထားပြီးပြီ။ မင်းတို့ ပြောင်းခဲ့ဖို့ပဲ ကျန်တော့တာ။ သူတို့အားလုံးက မင်းတို့ကို အိမ်ကူပြောင်းပေးဖို့ ရောက်လာကြတာပဲ”
ထိုအခါ ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်၍ ပြောလိုက်သည်။
“ရှင်မ ကိုယ် မင်းကို ပြောဖို့မေ့သွားတာ။ မွေးစားအဖေက ကိုယ်တို့အတွက် အိမ်ကြီးအိမ်ကောင်းတစ်လုံး ပေးလိုက်တယ်။ ကိုယ်တို့ အဲဒီအိမ်ကို ပြောင်းနေရမယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ယောက်ျား ဒီနေရာက…”
“အင်း မင်း ဒီမှာနေရတာကို အသားကျနေပြီဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ မင်းကို အခုချက်ချင်း အလွယ်တကူ ရှင်းပြလို့မရတဲ့ကိစ္စတွေ ရှိနေလို့ပါ”
“ဒါဆိုလည်း ရှင်းပြဖို့မလိုပါဘူး။ အစ်မဟွားကို သွားပြောပြီးရင် ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ ကိုယ်စောင့်နေမယ်”
ထိုစဉ် ကျိုးချူမှ မေးသည်။
“ကျိုစစ် ဒီဗီရိုတွေကို သယ်မှာလား”
ချန်ကျဲ့မှ ပြောသည်။
“မင်းမေကြီးကို သယ်ရမယ်.. ငါက အိမ်အသစ်ဆီ ပြောင်းမှာကွ။ ပရိဘောဂအဟောင်းတွေကို ဘာလို့ လိုအပ်နေဦးမှာလဲ။ ရွှေ၊ငွေ လက်ဝတ်တန်ဆာတချို့ပဲ ယူသွားမယ်”
ထိုအခါ ကျိုးချူမှ ပြောသည်။
“ဒါဆိုရင်တော့ ခေါ်လာတဲ့သူ များသွားပြီပဲ”
ချန်ကျဲ့မှ ပြောသည်။
“ညီနောင်တွေကို အလဟဿ လာခဲ့ရတာမျိုး ဖြစ်ခွင့်မပြုနိုင်ဘူးပေါ့။ ဒီနေ့ နေ့လယ် ယန်မိသားစုစားသောက်ဆိုင်မှာ အိမ်အသစ်ပြောင်းရွှေ့တဲ့ အထိမ်းအမှတ်အနေနဲ့ ငါဒကာခံပါ့မယ် ဟားဟားဟား…”
ထိုအခါ အဖွဲ့သားအားလုံးသည် သဘောတူညီကြောင်း တုံ့ပြန်ကြသည်။
ထို့နောက် ချန်ကျဲ့မှ ကျိုးချူကို မေးသည်။
“သူတို့အားလုံးက ငါတို့လူတွေလား”
ကျိုးချူမှ ပြောသည်။
“အင်း သူတို့အားလုံးက ငါတို့လူတွေပဲ”
သူတို့ ဟိုဟိုသည်သည် အလုပ်များနေကြပြီး ခဏအကြာတွင် အဝေးမှ အော်ခေါ်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
“အစ်ကိုကျိုစစ်~”
ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ ချန်ရှောင်ဟူကို တွေ့လိုက်ရသည်။ ချန်ကျဲ့ ပြုံးရယ်လျက် ပြောသည်။
“မင်း နောက်ဆုံးတော့ ပြန်လာဖို့ သတိရပြီပဲ”
ရှောင်ဟူသည် အမြန်ပြေးလာပြီး စိတ်အားတက်ကြွကာ ကျွမ်းကျင်သူကဲ့သို့ အပြုအမူကို ပြသလာသည်။
ချန်ကျဲ့ မေးလိုက်သည်။
“နွဲ့ပျောင်းအရွတ်အဆင့်ကို ရောက်နေပြီလား”
ရှောင်ဟူမှ ပြောသည်။
“အစ်ကိုကျိုးရဲ့ ကြွက်သားပြေလျော့ဆေးလုံး ကျေးဇူးကြောင့်ပါ။ အစ်ကိုကျိုးကို ကျေးဇူးအများကြီးတင်ပါတယ်”
ထိုအခါ ကျိုးချူမှ ပြောသည်။
“ညီနောင် မင်း အလှည့်ကျော်ပြောနေပြီ”
ထိုသို့ပြောပြီးနောက် ကျိုးချူသည် ရှောင်ဟူဘက်သို့ လှည့်၍ ပြောသည်။
“ဦးလေးဖူနဲ့ နှစ်ရက်လောက်လေး အတူနေလိုက်တာ စွမ်းရည်တွေ အများကြီးတိုးတက်လာပြီပဲ”
ရှောင်ဟူမှ ပြောသည်။
“ဟားဟား ကျွန်တော် အတော်များများ လေ့လာသင်ယူခဲ့ရပါတယ်”
ချန်ကျဲ့မှ ပြောသည်။
“မင်းပြန်လာတာ အချိန်ကိုက်ပဲ။ မင်း အခုပြန်လာပြီဆိုတော့ မင်းရဲ့အစ်ကိုကြီးကို ကျားဖြူခန်းမကို စီမံခန့်ခွဲရေးမှာ ကူညီပေးပါဦး။ အခု ငါတို့က ဒီမှာအခြေကုပ်ရယူနေပြီ။ ကျိုးချူက နန်ရေကန်ဆားနယ်မြေကို ကိုင်တွယ်လိမ့်မယ်။ ရှောင်ဟူ မင်းက ယုံချန်လမ်းမနဲ့ အသီးအရွက်ဈေးလမ်းမကြီးကို ကိုင်တွယ်ပေးပါ။ ငါက အရာအားလုံးကို ကြီးကြပ်အုပ်ချုပ်မယ်။ ငါတို့သုံးယောက်အတူတူ ကောင်းကောင်းလုပ်ဆောင်ကြတာပေါ့”
“ကောင်းပြီ”
“ဟုတ်ကဲ့ပါ”
ကျိုးချူနှင့် ရှောင်ဟူတို့သည် ချန်ကျဲ့၏စကားများမှ စိတ်အားထက်သန်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ချန်ကျဲ့မှ ဆက်ပြောသည်။
“ဒါပေမဲ့ အခုအချိန်မှာ အရေးအကြီးဆုံးက ယုံကြည်ရတဲ့ မဟာမိတ်တွေ တည်ထောင်ဖို့ပဲ။ မဟာမိတ်မရှိရင် အလုပ်မဖြစ်နိုင်ဘူး”
ကျိုးချူမှ ပြောသည်။
“ကျိုစစ် ငါတို့မှာ ငါတို့ရဲ့ဘက်တော်သားအဖြစ် လူ၁၅၀ကျော် ရပြီးနေပြီ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဒီလူတွေ အများစုက လေမှာ ယိမ်းနေတဲ့ ကျူပင်တွေလိုပဲ။ တကယ်တမ်း သစ္စာရှိတဲ့သူတွေက နည်းပါးတယ်။ အဲဒါကြောင့် ငါတို့ သတိထားရမယ်”
“အဲဒီတော့ ငါတို့ အဆင့်နှစ်ဆင့် လုပ်ဆောင်မယ်။ ရှောင်ဟူ မင်းက ရှန်းထောင်ရွာက လူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားပါ။ ငါတို့ချန်ထားခဲ့တဲ့ ညီနောင်တွေထဲမှာ ဘယ်သူတွေက အလားအလာရှိလဲဆိုတာ ကြည့်ပြီးတော့ သူတို့မှာ အရည်အချင်းရှိတယ်ဆိုရင် သူတို့ကို မြန်မြန် အလုပ်ခန့်အပ်နိုင်တယ်။ သူတို့ရဲ့ကျင့်ကြံမှုအတွက် ဆေးဝါးဝယ်ယူဖို့လည်း ငွေကြေးသုံးစွဲနိုင်တယ်”
“ဒုတိယအနေနဲ့ ကျိုးချူ၊ မင်းက ငါတို့ဆီ ဝင်ရောက်လာတဲ့သူတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ပါ။ ငါတို့အပေါ် အမှန်တကယ် သစ္စာရှိတဲ့သူတွေကို ကြိုးစားရွေးချယ်ပြီး ရာထူးတိုးပေးပါ”
“ခိုင်မာစွဲမြဲတဲ့ သစ္စာရှိလက်အောက်ငယ်သားတွေ မရှိရင် ငါတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူး”
ထိုအခါ ကျိုးချူနှင့် ရှောင်ဟူတို့နှစ်ဦးသည် လက်သီးယှက်အရိုအသေပြုလျက် ပြန်လည်တုံ့ပြန်ကြသည်။
“ဟုတ်ကဲ့”
ကျိုးချူသည် ချန်ကျဲ့အား အမြဲလိုလို ကျိုစစ်ဟု ခေါ်ဝေါ်လေ့ရှိသော်ငြား သူသည် ချန်ကျဲ့အတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း သိရှိနားလည်သည်။ သူ၏ လက်အောက်ငယ်သားတစ်ဦးအဖြစ် မိမိ၏နေရာကို ကောင်းစွာ သိရှိနားလည်သည်။
ယခုအချိန်တွင်လည်း သူ၏အခန်းကဏ္ဍကို လျော်ကန်စွာ ပြုမူလုပ်ဆောင်ပေသည်။
အရာအားလုံးကို စီစဉ်ချထားပြီးနောက် တတိယသခင်မလေးသည် စူးယွင်ကျင်းနှင့်အတူ စကားပြောရင်း အပြင်ထွက်လာသည်။
“ငါနားလည်ပြီ။ ကျန်းချွမ်အိမ်တော်ရှိတဲ့နေရာကို ငါသိတယ်။ လမ်းတစ်လမ်းပဲ ခြားတာပါ။ အစ်မ အချိန်ရှိတဲ့အခါ အလည်လာခဲ့ပါ့မယ်”
“မင်းကိုယ်မင်းကြည့်ပါဦး၊ အိမ်ကြီးအိမ်ကောင်းကို ပြောင်းပြီး ပိုကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်ရမှာကို လမ်းတစ်လမ်းလေး ခြားတာကြောင့်နဲ့ ငိုနေသေးတယ်”
တတိယသခင်မလေးဟွားသည် ပြုံးရယ်လျက် စူးယွင်ကျင်းကို ပြောနေသည်။
စူးယွင်ကျင်းကိုယ်တိုင်လည်း သူမ ဘာကြောင့် ငိုချင်နေရသည်ကို မသိပါချေ။
ထိုအချိန်တွင် ချန်ကျဲ့လည်း တတိယသခင်မလေးဟွားနှင့် စကားပြောရန် ချဉ်းကပ်သွားလိုက်သည်။
တတိယသခင်မလေးဟွားမှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။
“မင်း ယွင်ကျင်းကို ကောင်းကောင်းဆက်ဆံနော်။ ဒီကောင်မလေးရဲ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပြီး အခုထိ ကောင်းမွန်တဲ့ဘဝကို မနေထိုင်ရသေးဘူး။ မင်းကြည့်လေ၊ အိမ်အသစ်ပြောင်းတာလေးကတောင် သူ့ကို ဒီလိုမျိုး မျက်ရည်ကျငိုကြွေးစေနိုင်တယ်”
ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်း၏ လက်ကို နူးညံ့စွာ ဆွဲကိုင်လိုက်ပြီး ပြောသည်။
“အစ်မဟွားပြောတာ မှန်ပါတယ်။ အို ဒါနဲ့ အစ်မဟွား လမ်းတစ်လမ်းပဲ ခြားတာမို့လို့ အချိန်ရတဲ့အခါ ကျွန်တော်တို့ဆီ အလည်လာခဲ့ပါဗျ”
“ကောင်းပါပြီ”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်က ကျွန်တော်တို့ အိမ်ဘေးမှာ တို့ဟူးဆိုင်တစ်ဆိုင် ဖွင့်ပေးလိုက်ရင်ရော အစ်မဟွား ဘယ်လိုသဘောရလဲ”
ချန်ကျဲ့၏ အကြံဉာဏ်သည် ကောင်းမွန်သည်။ တတိယသခင်မလေးဟွားသည် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်သည်– သူတို့၏အိမ်အနီးတွင် တို့ဟူးဆိုင်ဖွင့်လိုက်ပါက ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးကို သက်တော်စောင့်ခန့်အပ်လိုက်ခြင်းပင် မဟုတ်ပါလော။
တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။
“ထားလိုက်ပါ။ အဲဒီနေရာမှာဆို တို့ဟူးပူတင်းက ရောင်းကောင်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ငါ ဒီမှာနေရတာ အသားကျနေပြီ”
ချန်ကျဲ့မှ ပြောသည်။
“ဒါဆိုလည်း ကျွန်တော် ဖိအားမပေးတော့ပါဘူး တတိယသခင်မလေးဟွား။ ကျွန်တော်တို့ အရင် သွားနှင့်လိုက်ပါဦးမယ်။ အချိန်ရတဲ့အခါ အလည်လာခဲ့ပါ”
တတိယသခင်မလေးဟွားမှ ရယ်မော၏။
“ကောင်းပါပြီ။ ငါ မင်းတို့ရဲ့အိမ်အကြီးကြီးကို ကြည့်ဖို့ လာခဲ့ပါ့မယ်”
ထို့နောက် ချန်ကျဲ့သည် လူအုပ်ကြီးကို ဦးဆောင်၍ ကျန်းချွမ်အိမ်တော်သို့ ဦးတည်ထွက်ခွာခဲ့သည်။
ရွေ့ရွေ့သည် ဤသို့အိမ်ကြီးမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ခြံဝင်းထဲတွင် ရေကန်အကြီးကြီးပင် ပါရှိသေး၏။
အရမ်းကျယ်တာပဲ။
သူမသည် ခြံဝင်းတစ်ခုလုံးကို ရွှင်မြူးစွာ ပတ်ပြေးနေခဲ့သည်။
ထိုအချိန်၌ ချန်ကျဲ့သည် သူ့နောက်လိုက်လာသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို ကြည့်နေသည်။ ဖန်းရှစ်ကျုံး၏ စည်းမျဉ်းများအရ ထိုသို့အိမ်ကြီးမျိုးတွင် အစောင့်ဦးရေ အယောက်၄၀ ထားရှိခွင့်ပြုသည်။ လစာကိုမူ အိမ်ရှင်ကသာ ပေးဆောင်ရပေသည်။